News @ M-Media

Category: အာရွ-ပဖိဖိတ္

  • ကမ္ဘာတစ်ပတ် တစ်နာရီသာကြာမည့် ပစ္စည်းပေးပို့မှုစနစ်သုံးရန် Alibaba က စဥ်းစားနေ

    ကမ္ဘာတစ်ပတ် တစ်နာရီသာကြာမည့် ပစ္စည်းပေးပို့မှုစနစ်သုံးရန် Alibaba က စဥ်းစားနေ

    ဧပြီ ၆၊ ၂၀၂၄

    M-Media 


    -ကမ္ဘာတစ်ခုလုံးကို တစ်နာရီအတွင်း ပစ္စည်းပေးပို့နိုင်မယ့် နည်းလမ်းမျိုးကို ရှာဖွေအသုံးပြုဖို့ ကြိုးစားနေတယ်လို့ နာမည်ကြီး တရုတ်အွန်လိုင်း စျေးဆိုင် Alibaba က အတည်ပြု ပြောကြားလိုက်ပါတယ်။ 

    ဒုံးပျံကို အခြေပြုတဲ့စနစ်မျိုးဖြစ်ပြီး ဘေဂျင်းအခြေစိုက် အာကာသကုမ္ပဏီ Epoch Space နဲ့ ပူးပေါင်းလုပ်ဆောင်နေကြောင်း တရုတ်ဆိုရှယ်မီဒီယာ WeChat မှာ Alibaba က ကြေငြာခဲ့ပါတယ်။ 

    အွန်လိုင်းစျေးဆိုင်နယ်ပယ်မှာ စိုးမိုးနိုင်ဖို့အတွက် Alibaba ဟာ ကမ္ဘာတစ်၀ှမ်း ၅ ရက်နဲ့အရောက် ပစ္စည်းပေးပို့မှုစနစ်ကို လက်ရှိမှာ အသုံးပြုနေပါတယ်။ 

    အထူးသဖြင့် စျေးကွက်ကြီးမားတဲ့ ဂျာမနီ၊ ပြင်သစ်၊ ပေါ်တူဂီ၊ ဆော်ဒီ၊ မက္ကဆီကိုနဲ့ အမေရိကန်တို့မှာ ဖြစ်ပါတယ်။ 

    စိတ်ကူး 

    ကမ္ဘာတစ်၀ှမ်း ဒုံးပျံနဲ့ ၂၄ နာရီအတွင်း ပစ္စည်းပေးပို့မယ့်စနစ်ဟာ လက်ရှိမှာ စိတ်ကူးအဆင့်သာ ရှိပါသေးတယ်။

    ဆိုရှယ်မီဒီယာမှာ Epoch Space က တင်ထားတဲ့ နမူနာ ဗီဒီယိုအရဆိုရင် ဒီစနစ်ကို Yuanxingzhe 1 လို့အမည်ပေးထားတဲ့ ဒုံးပျံနဲ့ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ 

    လောင်စာအရည်ကို အသုံးပြုမယ့် အဲဒီဒုံးပျံဟာ အကြိမ်ကြိမ် ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပစ္စည်းကတော့ မက်ထရစ်တန် ၁၀ တန်လောက်အထိ တင်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ 

    Yuanxingzhe 1 ဒုံးပျံကို လက်တွေ့ စမ်းသပ်ပျံသန်းမှုမျိုး မလုပ်ရသေးပါဘူး။ Alibaba တာ၀န်ရှိသူတွေက ဒီစနစ်ကို အသုံးပြုဖို့ စဥ်းစားနေတယ်လို့ တရုတ်မီဒီယာ SCMP ကို အတည်ပြုခဲ့ပါတယ်။ 

    အလုပ်ဖြစ်ပါ့မလား 

    ဆိုရှယ်မီဒီယာမှာ တက်လာတဲ့ Epoch Space ရဲ့ ဒုံးပျံအခြေပြု ပစ္စည်းပေးပို့မှုစနစ်မှာ ကုန်ကျစားရိတ် ဘယ်လောက်ရှိမလဲဆိုတာ ဖော်ပြထားခြင်း မရှိပါဘူး။

    အမေရိကန် အာကာသကုမ္ပဏီ SpaceX က လက်ရှိ အာကာသထဲ ဒုံးပျံနဲ့ ပစ္စည်းပေးပို့မှုနစ်မှာ ၈၃၁ ကီလိုဂရမ် (တစ်တန်မရှိတရှိ) အလေးချိန်အတွက် ပို့ခ ဒေါ်လာ ၅ သန်း ပေးရပါတယ်။ 

    ပို့ခ စျေးအလွန်များနိုင်တာကြောင့် Alibaba ရဲ့ စိတ်ကူးဟာ အောင်မြင်နိုင်မှာမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ 

    ဒရုန်းတွေနဲ့ ပစ္စည်းပို့နိုင်ရေး ဆောင်ရွက်မယ်လို့ ၂၀၁၃ ခုနှစ်မှာ ပြောကြားခဲ့ပေမယ့် ၁၀ စုနှစ်တစ်ခုကြာတဲ့အထိ အကောင်အထည်မဖော်နိုင်သေးတဲ့ အမေရိကန် နာမည်ကြီး အွန်လိုင်းစျေးဆိုင် Amazon ရဲ့ စိတ်ကူးကိုလည်း ပညာရှင်တွေက ထောက်ပြခဲ့ပါတယ်။ 

    Ref: Interesting Engineering 

  • မလေးရှားကို အရူးကွက်နင်းရောက်လာတဲ့ အစ္စရေးနိုင်ငံသားနဲ့ နောက်ဆက်တွဲ ဂရက်

    မလေးရှားကို အရူးကွက်နင်းရောက်လာတဲ့ အစ္စရေးနိုင်ငံသားနဲ့ နောက်ဆက်တွဲ ဂရက်

    ဧပြီ ၂၊ ၂၀၂၄

    M-Media 


    – နိုင်ငံအတွင်း ပြင်သစ်နိုင်ငံကူးလက်မှတ်နဲ့ လိမ်လည်၀င်ရောက်လာတဲ့ အစ္စရေးနိုင်ငံသား ကိစ္စနဲ့ ဆက်စပ်ပြီး လူ ၃ ဦး မလေးရှားရဲတပ်ဖွဲ့က ထမ်မံဖမ်းဆီးလိုက်ပါတယ်။ 

    အဲဒီအစ္စရေးနိုင်ငံသားဟာ အသက် ၃၆ နှစ်အရွယ် ရှာလုန် အဗီတန်ဆိုသူပါ။ သူဆီမှာ ပစ္စတို ၆ လက်နဲ့ ကျည်ဆံ ၂၀၀ ကိုလည်း မလေးရှား ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။ 

    မလေးရှားဟာ အစ္စရေးနိုင်ငံသားတွေကို ပြည်၀င်ခွင့်မပေးပါဘူး။ ပြင်သစ်နိုင်ငံကူးလက်မှတ်နဲ့ ယူအေအီးကနေ လိမ်လည်၀င်ရောက်လာတဲ့ အဗီတန်ဟာ အစ္စရေးသူလျှိုဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို မလေးရှားရဲတပ်ဖွဲ့က မငြင်းပါဘူး။ 

    အဗီတန်ကို လက်နက်ရောင်းချရာမှာပါ၀င်တဲ့ လူ ၃ ဦးကိုလည်း မလေးရှားရဲတပ်ဖွဲ့က မတ်လ ၃၀ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအထဲက ၂ ဦးဟာ လင်မယားတွေပါ။ 

    အဗီတန်ကတော့ မိသားစုကိစ္စနဲ့ မကျေနပ်တဲ့ လူတစ်ယောက်ကို သတ်ဖို့ မလေးရှားထဲ၀င်လာတာလို့ ထွက်ဆိုထားပါတယ်။ 

    ဒီထွက်ဆိုချက်ကို အပြည့်အ၀ မယုံကြည်ဘူးလို့ မလေးရှားရဲတပ်ဖွဲ့က ဆိုပါတယ်။ 

    ၀ါဒဖြန့် 

    ဒီဖမ်းဆီးမှုအပြီးမှာ အစ္စရေးမီဒီယာတွေဖက်က အဗီတန်နဲ့ ပတ်သက်ပြီး ၀ါဒဖြန့်မှုတွေ ပေါ်ထွက်လာပါတယ်။ 

    အစ္စရေးသတင်းဌာနတစ်ခုဖြစ်တဲ့ Time of Israel က အဗီတန်ဟာ တလ်အဗီးအခြေစိုက် ဂျူးလူဆိုးဂိုဏ်း Musli Brothers က အဖွဲ့၀င်ဖြစ်ပြီး၊ အစ္စရေးထောက်လှမ်းရေး မိုဆာ့ဒ်ရဲ့သူလျှို မဟုတ်ဘူးလို့ ဖော်ပြပါတယ်။ 

    Musli Brothers ဂိုဏ်းဟာ အာအန် ဟာယာဆိုသူ ဦးဆောင်တဲ့ အခြား ဂျူးလူဆိုးဂိုဏ်းတစ်ခုနဲ့ လပေါင်းများစွာကြာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်လို့လည်း အစ္စရေးပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ 

    မလေးရှားရောက်နေတဲ့ ဟာယာကို သတ်ဖို့အတွက် အဗီတန်ဟာ မလေးရှားကိုရောက်လာတာလို့လည်း အစ္စရေးမီဒီယာတွေက ဆိုပါတယ်။ 

    ၂၀၁၈ ခုနှစ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပါလက်စတိုင်း သိပ္ပံပညာရှင်တစ်ယောက် သတ်ဖြတ်ခံရဖူးပါ။ လူနှစ်ဦးက ဆိုင်ကယ်နဲ့ ပစ်သတ်သွားတာဖြစ်ပြီး အစ္စရေးထောက်လှမ်းရေး မိုဆာ့ဒ်ရဲ့လက်ချက်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    Ref: The Straits Times, Reuters  

  • ဘော်နီယိုကျွန်းတွင် အင်ဒို-မလေး-ဘရူနိုင်း ၃ နိုင်ငံပတ် အမြန်ရထားလမ်းဖောက်ရန် စီစဥ်

    ဘော်နီယိုကျွန်းတွင် အင်ဒို-မလေး-ဘရူနိုင်း ၃ နိုင်ငံပတ် အမြန်ရထားလမ်းဖောက်ရန် စီစဥ်

    မတ် ၃၁၊ ၂၀၂၄

    M-Media


    -အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်း ၃ နိုင်ငံရဲ့ ပိုင်နက်တွေရှိတဲ့ ဘော်နီယိုကျွန်းမှာ ကီလိုမီတာ ၁၆၂၀ ရှည်လျားမယ့် အမြန်ရထားလမ်း စီမံကိန်းတစ်ခုကို မကြာခင် အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။ 

    ဘရူနိုင်းအခြေစိုက် ကုမ္ပဏီ Brunergy Utama Sdn Bhd က ဒီစီမံကိန်းကို ဦးစီးမှာဖြစ်ပြီး အဆင့် ၂ ခုနဲ့ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ 

    ပထမအဆင့်ဟာ ဘောနီယိုကျွန်းရဲ့ အရှေ့အနောက် ကမ်းရိုးတမ်းကို ဆက်သွယ်မှာပါ။ အင်ဒိုနီးရှားနိုင်ငံ အနောက် ကလီမန်တန်ပြည်နယ် ပွန်တီယာနက်မြို့က စတင်ကာ မလေးရှားနိုင်ငံ ဆာဘားပြည်နယ်က စီးပွားရေးအချက်အခြားဖြစ်တဲ့ ကိုတာကင်နာဘာလူမြို့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။  

    ဒုတိယအဆင့် လမ်းပိုင်းဟာ ကျွန်းရဲ့ မြောက်ပိုင်းကနေ အရှေ့ပိုင်းကို ဆက်သွယ်မှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ ကလီမန်တန် ပြည်နယ်က အချက်အခြာကျတဲ့ ဆာမာရင်ဒါမြို့၊  အင်ဒိုနီးရှားရဲ့မြို့တော်သစ် ဖြစ်လာမယ့် နူဆန်ထရာနဲ့ စတဲ့ မြို့တွေနဲ့ ဆက်သွယ်ပေးမှာပါ။ 

    ရထားလိုင်းဟာ တစ်နာရီကို ၃၀၀ ကနေ ၃၅၀ ကီလိုမီတာအထိ ခုတ်မောင်းနိုင်မှာဖြစ်ပါတယ်။ ဒီရထားလိုင်းစီမံကိန်းမှာ ဘူတာကြီး ၄ ခုအပါအ၀င် စုစုပေါင်း ဘူတာ ၂၈ ခု ပါ၀င်မှာ ဖြစ်ပါတယ်။ 

    ရထားလိုင်းကို Trans Borneo Railway လို့ အမည်ပေးမှာဖြစ်ပြီး ၃ နိုင်ငံ ခရီးလမ်းအကွာအ၀ေးကို ချုံ့နိုင်ဖို့ ရည်ရွယ်တည်ဆောက်မှာ ဖြစ်ပါတယ်။ 

    Ref: The Borneo Post 

  • နေအစစ်ထက် ၇ ဆပိုပြီး စွမ်းအင်ထုတ်နိုင်တဲ့ တောင်ကိုရီးယားက နေအတု

    နေအစစ်ထက် ၇ ဆပိုပြီး စွမ်းအင်ထုတ်နိုင်တဲ့ တောင်ကိုရီးယားက နေအတု

    မတ် ၃၀၊ ၂၀၂၄

    M-Media 


    -တောင်ကိုရီးယား စွမ်းအင်၀န်ကြီးဌာနက ဖန်တီးထားတဲ့ နျူဓာတ်ပေါင်းဖိုတစ်ခုဟာ နေထက် ၇ ဆပိုတဲ့ အပူရှိန်ကို ထုတ်လုပ်နိုင်ခဲ့ပြီး သမိုင်းသစ်တစ်ခု ရေးနိုင်ခဲ့ပါတယ်။ 

    KSTAR လို့ အမည်ပေးထားတဲ့ အဲဒီဓာတ်ပေါင်းဖိုကို နေအတုလို့လည်း ခေါ်ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၄ ခုနှစ် ဖေဖော်၀ါရီလအတွင်း အပူချိန်စမ်းသတ်ထုတ်လွှတ်မှုမှာ ဒီစံချိန်သစ် ရခဲ့တာဖြစ်ပါတယ်။ 

    အပူချိန် ဒီဂရီဆဲလ်ဆီးယက်စ် သန်းပေါင်း ၁၀၀ ကို ၄၈ စက္ကန့်အထိ ထုတ်လွှတ်နိုင်ခဲ့ပါတယ်။ နေက အများဆုံးထုတ်လွှတ်ပေးတဲ့ အပူချိန်က ဒီဂရီဆဲလ်ဆီးယက်စ် ၁၅ သန်းသာ ရှိပါတယ်။ 

    KSTAR ဟာ နေထပ် ၇ ဆပိုတဲ့ စွမ်းအင်ကို ထုတ်ပေးနိုင်တာပါ။ နေရဲ့ အဓိက ပါ၀င်ပစ္စည်းဖြစ်တဲ့ ပလာစမာ (plasma) တွေ တည်ငြိမ်တဲ့ အခြေအနေမျိုးရှိတဲ့ H-mode ကို စက္ကန့် ၁၀၀ အထိ ထိန်းထားနိုင်ခဲ့ပါတယ်။ 

    ၂၀၂၁ ခုနှစ်တုန်းကလည်း KSTAR ဓာတ်ပေါင်းဖို့ဟာ စံချိန်တစ်ခု ရရှိခဲ့ပါတယ်။ အပူချိန် ဒီဂရီဆဲလ်စီးယက်စ် ၁ သန်း ထုတ်လွှတ်နိုင်ပြီး၊ H-mode ကို စက္ကန့် ၃၀ အထိ ရရှိခဲ့တာပါ။ 

    နေအတုဆိုတာ ဘာလဲ

    နေရဲ့ အပူချိန်နဲ့ စွမ်းအင်ထုတ်တဲ့ နည်းစနစ်အတိုင်း တုပပြီး ဖန်တီးထားတဲ့ ဓာတ်ပေါင်းဖိုတွေကို နေအတုလို့ တင်စားခေါ်၀ေါ်ကြတာ ဖြစ်ပါတယ်။ 

    အက်တမ်တွေ တစ်ခုနဲ့တစ်ခု အရှိန်နဲ့တိုက်ပြီး ပေါင်းစည်းသွားတဲ့အခါ ကြီးမားတဲ့စွမ်းအင်ထွက်လာပြီး ဒါကို Fusion လုပ်ငန်းစဥ်လို့ ခေါ်ပါတယ်။ နေတွေနဲ့ ကြယ်တွေဟာ အဆက်မပြတ်ဖြစ်နေတဲ့ Fusion လုပ်ငန်းစဥ်ကြောင့် အလင်း၊ အပူချိန်နဲ့ စွမ်းအင်တွေကို ထုတ်ပေးနိုင်တာ ဖြစ်ပါတယ်။ 

    လူသားတွေကလည်း Fusion ဓာတ်ပေါင်းဖိုကြီးတွေ တည်ဆောက်ကာ ကာဘွန်ထုတ်လွှတ်မှုကင်းတဲ့ သုံးမကုန်စွမ်းအင်တွေ ရရှိအောင် ကြိုးစားလာကြပါတယ်။

    တောင်ကိုရီးယားက KSTAR ဟာ ဒီကြိုးပမ်းမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ 

    တောင်ကိုရီးယား၊ တရုတ်၊ အမေရိကန်၊ ဥရောပနဲ့ ရုရှားတို့အပါအ၀င် ကမ္ဘာနိုင်ငံတော်တော်များများ ပူးပေါင်းကာ ကုန်ဒေါ်လာ ၂၁ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ နေအတု ITER တစ်ခုကိုလည်း လက်ရှိမှာ ဖန်တီးနေပါတယ်။ 

    Ref: Interesting Engineering 

  • မိုးမရွာ၍ အခက်တွေ့နေသည့် တရုတ်နိုင်ငံမှ ရေအားလျှပ်စစ် စီမံကိန်းကြီးများ

    မိုးမရွာ၍ အခက်တွေ့နေသည့် တရုတ်နိုင်ငံမှ ရေအားလျှပ်စစ် စီမံကိန်းကြီးများ

    မတ် ၂၇၊ ၂၀၂၄ 

    M-Media 


    (တရုတ်နိုင်ငံမှ ဧရာမဆည်တစ်ခု)

    -တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ မိုးခေါင်မှုကြောင့် မြစ်ရေတွေလျော့နည်းလာတဲ့အတွက် ဧရာမဆည်တွေက ရေအားလျှပ်စစ် စီမံကိန်းတွေ လည်ပတ်ဖို့ အခက်တွေ့နေပါတယ်။ 

    ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းကစတင်ပြီး တရုတ်မှာ မိုးခေါင်ရေရှားမှု စတင်ခဲ့တာပါ။ ဧရာမဆည်တွေကနေ ရေအားလျှပ်စစ်ထုတ်ဖို့ အားခဲထားတဲ့ တရုတ်အစိုးရဟာ မိုးခေါင်မှုကြောင့် ကျောက်မီးသွေး လျှပ်စစ်စက်ရုံတွေကို ပြန်လည်မှီခိုလာခဲ့ရပါတယ်။ 

    တရုတ်နိုင်ငံတစ်၀ှမ်း ရေအားလျှပ်စစ် စီမံကိန်းတွေကနေ ထုတ်လုပ်နိုင်မယ့် လျှပ်စစ်ပမာဏဟာ ၂၀၁၉ ခုနှစ်မှာ ကီလို၀ပ် ၃၅၈ သန်း ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ၄၂၂ သန်းအထိ မြင့်တက်လာခဲ့ပါတယ်။ 

    ဒါပေမယ့် အမှန်တကယ် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှုမှာတော့ ပြီးခဲ့တဲ့ ၄ နှစ်ကထက်ယှဥ်ရင် ၁ ရာခိုင်နှုန်း လျှော့ကျသွားပါတယ်။ 

    ရေအားလျှပ်စစ်ထုတ်လုပ်မှု ကျဆင်းလာတာကြောင့် နေစွမ်းအင်နဲ့ လေစွမ်းအင်သုံး လျှပ်စစ်စီမံကိန်းတွေကို တရုတ်က ပိုမို အကောင်အထည် ဖော်လာပါတယ်။ 

    ဧရာမ ဆည်များ 

    တရုတ်နိုင်ငံရဲ့ ရေအားလျှပ်စစ်ထုတ်လုပ်မှုဟာ ယန်ဇီမြစ်နဲ့ မြစ်လက်တက်တွေရှိတဲ့ နိုင်ငံအနောက်တောင်ပိုင်းက ဧရာမဆည်တွေအပေါ်မှာ အဓိက အခြေတည်ပါတယ်။ 

    အဲဒီဒေသမှာ မိုးရာသီဖြစ်တဲ့ ဇွန်လကနေ သြဂုတ်လအထိ မိုးရေချိန်တော်တော်များများ ရရှိလေ့ရှိပြီး၊ မတ်လကနေ မေလအတွင်းမှာ နွေဦးပေါက်ကာလမှာ မိုးအနည်းငယ် ရွာလေ့ရှိပါတယ်။

    ၂၀၂၂ ခုနှစ် အလယ်ပိုင်းကစတင်ကာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာ မိုးခေါင်မှု စတင်ခဲ့ပြီး မိုးရွာသွန်းမှု ၅၀ ရာခိုင်နှုန်းအထိ လျော့ကျသွားပါတယ်။ 

    အခုနှစ်မှာတော့ ပုံမှန်အတိုင်း မိုးပြန်ရွာမယ်လို့ အာဏာပိုင်တွေက မျှော်မှန်းထားပါတယ်။ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာရင်တော့ တရုတ်နိုင်ငံဟာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေကို ပိုမို အကောင်အထည်ဖော်ရတော့မှာ ဖြစ်ပါတယ်။ 

    Reuters