News @ M-Media

Tag: anti_Muslim_in_Myanmar

  • အစ္စလာမ်သာသနာကို တိရိစ္ဆာန်ဝါဒဟု စော်ကားသည့် ကိစ္စ အစ္စလာမ်အဖွဲ့ကြီးမှ သမ္မတထံ တိုင်စာပို့

    နိုဝင်ဘာ- ၁၈ ၂၀၁၃
    M-Media
    KK

    မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် တရားဝင်လာရောက်ခဲ့သော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ေ၇းအဖွဲ့( အိုအိုင်စိ) အား ကန့်ကွက် ဆန္ဒပြသူ အချို့မှ ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ကာ စော်ကားရေးသား ပြောဆို ထုတ်ဖော်မှုများပြုခဲ့ကြသည့် အပေါ် တည်ဆဲ တရားဥပဒေများအရ အမြန်ဆုံးအရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှာ နိုင်ငံတော် သမ္မတ သို့ လိပ်မူပြီး တိုင်ကြားစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။

    အဆိုပါ တိုင်ကြားစာတွင် ဆန္ဒပြသူများမှ အစ္စလာမ်ကို စော်ကားပုတ်ခတ်ထားသော “သားဖောက်နှုန်းမြန်အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ” လူသတ်ဝါဒ၊ မုဒိမ်းကျင့်ဝါဒ ကို လက်ကိုင်ပြုထားသည့် ရှရီးယား(အစ္စလာမ့်ဥပဒေ) အလိုမရှိ။” စသည့် စာသားများကို ဖော်ပြထားပြီး အဆိုပါစွပ်စွဲ ပုတ်ခတ်စော်ကားမှုများမှာ ဖွဲ့စည်းပုံအခြေခံဥပေဒ၊ ပြစ်မှုဆိုင်ရာ ဥပဒေ( ရာဇသတ်ကြီး ) ပြဌာန်းချက်များနှင့် ဆန့်ကျင်နေပြီး အထူးသဖြင့် ကမ္ဘာတဝှမ်းမှ လူမျိုးပေါင်းစုံ ကိုးကွယ်ရာ ကမ္ဘာ့ဘာသာကြီးတစ်ခုကို “တိရိစ္ဆာန်ဝါဒ”ဟု ပုတ်ခတ်စော်ကားခြင်းမှာ ဘာသာဝင်များ၏ စိတ်ကိုနာကျည်းစေရန်  တမင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် အဖွဲ့ကြီးအနေဖြင့် လုံးဝ(လုံးဝ) လက်မခံဟု ထည့်သွင်းရေးသားထားပြီး အဆိုပါ စော်ကား ပုတ်ခတ်မှုကို လုပ်ဆောင်ခဲ့သည့် လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း အားလုံးကို တရားဥပဒေအရ အမြန်ဆုံး အရေးယူပေးရန် တောင်းဆိုထားသည်။

    statement3

    statement2

    statement1

    sittwe 2013

  • တူရကီ နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံသို့ ၂ ရက်ကြာခရီးစဉ် ဒီနေ့စတင်မည်။

    နိုဝင်ဘာ-၁၄ ၂၀၁၃
    M-Media

    Turkish FM Davutoglu

    ကမ္ဘာပေါ်တွင် နှိပ်စက်ညှင်းပမ်းမှု အခံရဆုံး လူသားများအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည့် ရိုဟင်ဂျာ မွတ်စလင်များ၏ အခြေအနေအား အလေးထား လေ့လာရန် တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu  မှာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဟု သိရသည်။

    ကြာသာပတေးနေ့(ယနေ့)တွင် လာရောက်မည်ဖြစ်ပြီး နှစ်ရက်တာကြာမြင့်မည့် အဆိုပါ ခရီးစဉ်တွင် မြန်မာနိုင်ငံရှိ မွတ်စလင်လူနည်းစုများ၏ ဒုက္ခများကို အလေးထား ကြည့်ရှုသွားမည်ဖြစ်သည်။

    Davutoglu  မှာ ရခိုင်ရှိ ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များအကြား အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက တူရကီဝန်ကြီးချုပ်၏ ဇနီးဖြစ်သူနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။

    ထိုအကြမ်းဖက်မှုများကြောင့် လူအများအပြားသေဆုံးခဲ့ပြီး သိန်းနှင့်ချီ၍ နေရပ်စွန့်ခွာခဲ့ရသည်။ ကုလသမဂ္ဂ၏ အဆိုအရ ၂၀၁၂ နှစ်ကုန်ပိုင်းတွင်ပင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင် ၁၂၅၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရသည်ဟု သိရသည်။

    ညှင်းပမ်းနှိပ်စက်မှုများနှင့် ရင်ဆိုင်နေရသည့် ရိုဟင်ဂျာမွတ်စလင်များအား မြန်မာအစိုးရက ခိုးဝင်လာသူများဟု အမည်တပ်ထားပြီး နိုင်ငံသား သို့မဟုတ် တိုင်းရင်းသားလူမျိုး တစ်မျိုးအဖြစ်လည်း အသိအမှတ်ပြုထားခြင်းမရှိပေ။ ရိုဟင်ဂျာများ၏ နောက်ဆုံး အခြေအနေများကို OIC အဖွဲ့က ဖွဲ့စည်းပေးထားသည့် ရိုဟင်ဂျာဆက်သွယ်ရေးအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့က ဆောက်ရွက်ပေးမည်ဖြစ်ပြီး အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် အင်ဒိုနီးရှား၊ ဂျီဘောက်တီ၊ ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်နှင့် တူရကီနိုင်ငံတို့ ပါဝင်ကြသည်။

    Ref: worldbulletin

    ဓါတ်ပုံအညွှန်း- နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက တူရကီဝန်ကြီးချုပ်၏ ဇနီးဖြစ်သူပါဝင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က ပုံရိပ်အချို့

  • ရမည်းသင်းမြို့ ကထိန်ပွဲတော်တွင် ဗုဒ္ဓဘာသာ မဟုတ်သူများ ဈေးမရောင်းရဟု သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေး သံဃာတော်များမှ ကန့်ကွက်

    နိုဝင်ဘာ ၄၊ ၂၀၁၃
    M-Media
    ဇာဏီ

     

    1385624_164377993761141_712381687_n

    ရမည်းသင်း ။         ။       ရမည်းသင်းမြို့တွင် မကြာခင်ပြုလုပ်မည့် စုပေါင်း ဘုံကထိန်ပွဲတော်တွင် ဘာသာခြားများအား ဈေးဆိုင်ခန်းများ မရောင်းချရန်အတွက် ရမည်းသင်းမြို့နယ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေး သံဃာတော်များ အဖွဲ့မှနေ၍ မြို့လုံး ကျွတ် ဘုံကထိန်အဖွဲ့သို့ ပေးစာပို့ တားမြစ်ထားကြောင်း သိရသည်။

    အဆိုပါစာတွင် နိုဝင်ဘာ ၆-ရက်နေ့မှ ၁၂-ရက်နေ့အထိ ကျင်းပမည့် ၃၉-နှစ်မြောက် မြို့လုံးကျွတ် မဟာဘုံ ကထိန်ပွဲတော်သည် ဗုဒ္ဓဘာသာဝင် များ၏ ပွဲတော်ဖြစ်သည့် အတွက် ဆိုင်ခန်းရောင်းချခြင်း၊ ဈေးရောင်းချခြင်းတို့၏ အကျိုးအမြတ်သည်လည်း ဗုဒ္ဓ ဘာသာဝင်များနှင့် သက်ဆိုင်ပြီး ဘာသာခြားများ၏ ပွဲတော် မဟုတ်သည့်အတွက် ဘာသာခြားများ၏ စီးပွားရေးအရ ဂုတ်သွေးစုပ် အမြတ်ထုတ်ယူခြင်းကို အမျိုးဘာသာ သာသနာကို ချစ်ခင်မြတ်နိုးသူတိုင်း မခံယူသင့်ကြောင်းနှင့် ဘုရားပွဲတော် ဈေးဆိုင်ခန်းများအား ဘာသာခြားများကို မရောင်းချရန်၊ ဗုဒ္ဓဘာသာဝင်များ နာမည်ခံကာ ဆိုင်ခန်းများ ၀ယ်ယူရောင်းချခြင်းအား စိစစ်ရန်တို့ကို ညွှန်ကြားထားပြီး ဘာသာခြားများအား လက်ခံရောင်းချခြင်း၊ အမည်ခံကာရောင်းချခြင်းတို့ကို ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ သာသနာတော် စောင့်ရှောက်ရေးအဖွဲ့ သံဃာတော်များမှ လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်း ပါရှိသည်။

    ၎င်းကိစ္စနှင့်ပတ်သက်၍ ရမည်းသင်းမြို့ခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ “အဲ့ဒီ စာရွက်တော့ ထွက်လာတယ်ဗျ။ ဘုံကထိန် ကျင်းပရေးအဖွဲ့ကို လိပ်မူပြီး ပို့ပေးပေမယ့် မိတ္ထူကို ရမည်းသင်းမြို့မှာရှိတဲ့ မြို့နယ်သံဃာ နာယကအဖွဲ့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်သာသနာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ကို ပို့ထားတာ တွေ့ရတယ်။ အဲဒီလို ထုတ်ပြန်တာက ဒီနှစ်မှ မဟုတ်ပါဘူး။ မနှစ်ကလည်း ဒီလိုပဲ ထုတ်ပြန်ခဲ့တယ်။ မွတ်စလင်မ်တွေ ပွဲတော်မှာ ဈေးဆိုင်ခန်းဝယ်လို့ မရတဲ့အတွက် ပွဲတော်ကနေ ဆိုင်ခန်းဝယ်မရောင်းပါဘူး။ ကိုယ့်အရင်ရှိထားတဲ့ ဆိုင်ခန်းတွေကတော့ ရောင်းနေကြပါတယ်။ ဒီနှစ်လည်း ဒီလို ရောင်းချသွားကြမှာပါ။”လို့ M-Media အား ဖြေကြားခဲ့ပါတယ်။

    ဓါတ်ပုံရှင်းလင်းချက်- ရှမ်းပြည်နယ် အင်းလေး၊ဖောင်တော်ဦး ဘုရားပွဲအတွင်း ကြေညာချက် တခုကို တွေ့ရစဉ် (ဓါတ်ပုံ DVB)

  • မျိုးစောင့်တရားမေးခွန်း တက္ကသိုလ် ပထမနှစ် စာမေးပွဲမေးခွန်းတွင်မေး

    မျိုးစောင့်တရားမေးခွန်း တက္ကသိုလ် ပထမနှစ် စာမေးပွဲမေးခွန်းတွင်မေး

    အောက်တိုဘာ ၂၆၊ ၂၀၁၃
    M-Media
    K K

    ရန်ကုန်   ။        ။     ယခုရက်ပိုင်းအတွင်း ပြုလုပ်နေသည့် အဝေးသင် တက္ကသိုလ်စာမေးပွဲများတွင် မေးသည့် မေးခွန်းလွှာများ၌ မျိုးစောင့်တရားကို မေးခွန်းထည့်မေး ထားသည်ဟု သိရှိရသည်။

    အဝေးသင်တက္ကသိုလ် ပထမနှစ် ၀ိဇ္ဖာတန်း မေးခွန်းများ၌ ‘အမျိုးနှင့် အမျိုးစောင့်တရား’စကားပြေတွင် မြန်မာအမျိုးသမီးများအား မည်ကဲ့သို့ ဆုံးမထားသနည်း’ ဟူသည့်မေးခွန်းအား ထည့်သွင်း မေးမြန်းထားခြင်းမှာ ယခင်အခြေအနေမျိုးတွင် သာမန် စာမေးပွဲ မေးခွန်းပုံစံသာ မထူးခြားသော်လည်း ယခုကဲ့သို့ ဘာသာရေး၊ လူမျိုးရေး၊ အမျိုးစောင့်တရားဆိုသည်များ ရှုပ်ထွေးနေသည့် ကာလတွင် ဤကဲ့သို့ ထည့်သွင်း မေးမြန်းခြင်းသည် တက္ကသိုလ်ကျောင်းများတွင်လည်း ခွဲခြားမှုများ ရှိနေသည်မှာ မလွဲဖြစ်သည်ဟု ပြောဆိုလာကြပါတယ်။

    တက္ကသိုလ်ပထမနှစ် ၀ိဇ္ဇာတန်း ကျောင်းသား တစ်ယောက်က “ကျွန်တော်တို့ ကျောင်းမှာ မွတ်စလင်မ်ဆို အနည်းနဲ့အများ ခွဲခြားမှုလေးတွေ တော့ရှိနေတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေကလည်း မသိလိုက် မသိဘာသာ နေခဲ့ကြတာပါ။

    ဒါပေမယ့် ဒီမေးခွန်းကို ကျွန်တော် ကိုယ်တိုင် မကိုင်ရခင် သိပ္ပံသမားတွေဖြေရတော့လည်း မေးခွန်းမှာ ဒီအကြောင်းအရာ ပါသွားတယ်။ သူငယ်ချင်းက ပြောပြလို့သိရ တာ။ အခုတော့ ကျွန်တော်ကိုယ်တိုင်ဖြေတဲ့ စာမေးပွဲမှာ ဒီမေးခွန်းက ပါလာတယ်။ တကယ်ဆို ဆရာတွေ ဒီမေးခွန်း မမေးသင့်ဘူး။တမင်သက်သက်ထည့်မေးတာလို့ပဲ မြင်တယ်။ ကျောင်းသားတွေအချင်းချင်းမှာ ခွဲခြားမှုတွေ ရှိနေရင်တောင် ဆရာ၊ ဆရာမတွေ ပါမောက္ခတွေက ဒါကို ဆင်ခြင်သင့်တာပါ။ အခုတော့ တမင်သက်သက်ကို လုပ်နေတယ်လို့ ခံစားရတယ်။ ကျောင်းတက်ရတာတောင် စိတ်ပျက်တယ်။”လို့ M-Media ကို ပြောပါတယ်။

    အဆိုပါ လူမျိုး ဘာသာ ခွဲခြားမှုများဟာ မူလတန်း၊ အလယ်တန်း၊ အထက်ကျောင်းများသာမက တက္ကသိုလ်အဆင့်ထိပါ ပြုလုပ်မှုများ ရှိနေသောကြောင့် ဤကဲ့သို့သာ ဆက်လက်လုပ်ဆောင်နေပါက ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးလည်း မျှော်မှန်းရန် မသင့်ကြောင်း အဆိုပါ ကျောင်းသားမှပင် ပြောခဲ့ပြန်ပါတယ်။

  • ဟမ္မူရာဘီထက် လက်စောင်းထက်သော မြန်မာပြည်မှ ပုဂ္ဂိုလ်များ

    ဟမ္မူရာဘီထက် လက်စောင်းထက်သော မြန်မာပြည်မှ ပုဂ္ဂိုလ်များ

    အောက်တိုဘာ ၁၂၊ ၂၀၁၃
    M-Media
    ဆောင်းပါးရှင် – ဝေယံ

    HAMMURABI CODE
    HAMMURABI CODE

    ရှေးနှစ်ပေါင်း (၃၅၀၀) ကျော်ခန့်က ဘေဘီလုံဘုရင် ဟမ္မူရာဘီ၏ ကိုဓဥပဒေ အကြောင်းကို သမိုင်းတွင် ဖတ်ဖူးကြပေမည်။ လူသားသမိုင်းတွင် ပထမဦးဆုံး ရေးဆွဲ ခဲ့သော အဆိုပါဥပဒေတွင် မျက်လုံးတစ်လုံး အစား မျက်လုံးတစ်လုံး အလျော်ပေးရမည်။သွားတစ်ချောင်းအစား သွားတစ်ချောင် အလျော်ပေးရမည်ဟု  ပြဌာန်းခဲ့သည်။ (eye for eye , tooth for tooth) အကြမ်းမဖက် မူဝါဒအား အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သော အိန္ဒိယ နိုင်ငံ၏ ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ မှ အကယ်၍ မျက်လုံးတစ်လုံး အစား မျက်လုံးတစ်လုံး အလျော် ပေးနေရပါက ကမ္ဘာပေါ်ရှိ လူသားတိုင်းမျက်လုံးတစ်လုံးဘဲ ကျန်ရှိနေမည်ဟု သတိပေး ဟောပြောခဲ့ဖူး သည်။
    လူ့သမိုင်းတွင် လူသားများသည် အလွန်တရာအရုပ်ဆိုးအကျဉ်းတန်သောခေတ် သမိုင်းများကို ဖြတ်သန်းခဲ့ကြရသကဲ့သို့ လူမှုရေး၊ စီးပွားရး၊ နိုင်ငံရေးရာများ တော်လှန် ပြောင်းလဲခဲ့ရသည့် ခေတ်ကာလများကိုလည်းဖြတ်သန်းခဲ့ကြရသည်။ ထိုကဲ့သို့လူသားတို့ဖြတ်သန်းခဲ့ရသည့် ခေတ်သမိုင်းအဖြစ်အပျက်များ အတွင်းမှ ကောင်းဆိုးများ အား သင်ခန်းစာ ယူကာ လက်ရှိလူသားများအနေဖြင့် အသိဥာဏ်မြင့်မားပြီး ငြိမ်းချမ်းသာယာသော လူမှုအသိုင်းအ၀ိုင်းတစ်ခုအား  ကြိုးစားတည်ဆောက်နေကြရသည်။ သို့မဟုတ်ပါက မိမိတို့သည် အနာဂါတ်မျိုးဆက်များ၏ သမိုင်းတရားခံများအဖြစ်ပြစ်တင်ပြောဆိုခြင်းကိုခံရပေမည်။
    မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပျက်နေသော အကြမ်းဖက်မှုများအား အနုလုံ ပတိလုံ လေ့လာကြည့်ပါက မြန်မာနိုင်ငံအတွင်း အသိဥာဏ်နုံခြာပြီး ဆင်ခြင်တုံတရား အားနည်းသော လူ့အသိုင်းအ၀ိုင်းတစ်ခု အခိုင်အမာ ရှိနေပြီဆိုသည်ကို သိရှိလာရပေမည်။ ၂၀၁၂-ခု ဇွန်လ အတွင်း အကြမ်းဖက်မှုကြီး စတင်ဖြစ်ပွားရာ ရခိုင်ပြည်နယ် ရှိ လူ့အဖွဲ့အစည်းအားလေ့လာကြည့်မည်ဆိုပါက ဤအကြမ်းဖက်မှု၏ အခြေခံ အကြောင်းအရာများအား ခြုံငုံသုံးသပ်နိုင်ပေမည်။

    လူဦးရေ (၄) သန်းနီးပါးခန့်ရှိသော ရခိုင်ပြည်နယ်အတွင်း (၂-သန်းခွဲ) နီးပါးသော လူဦးရေမှာ ရခိုင်လူမျိုးဗုဒ္ဓဘာသာဝင်များဖြစ်ကြပါသည်။ ၈၀% သော ရခိုင်လူမျိုးများ သည် တောနေလူတန်းစားများဖြစ်ကြသည်။ ရခိုင်ပြည်နယ်ရှိ မြို.နယ်တစ်ခုတွင် ပျမ်းမျှအားဖြင့် အထက်တန်းကျောင်း(၃)ကျောင်း အလယ်တန်း ကျောင်း(၈)ကျောင်း၊ မူလတန်းကျောင်း(၁၅၀) ကျောင်းသာရှိပါသည်။ ထို့ကြောင့်ရခိုင်ပြည်နယ်သည် တိုင်းနယ် ပြည်နယ် (၁၄) ခုတွင် ပညာရေး၊စီးပွားရေး၊ လူမှုဆက်ဆံရေး အလွန်တရာမှ အားနည်းသော ပြည်နယ်တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ဤလူ့အဖွဲ့အစည်းသည် စီးပွားရေး နှင့်ဘာသာရေးအား အကြောင်းပြပြီး သွေးထိုး လှုံ့ဆော်ရန် အလွန်လွယ်ကူ နေပါသည်။ ရခိုင်လူမျိုးများ၏ အထွေထွေအားနည်းချက်အား အသုံးချပြီး ရခိုင်ခေါင်းဆောင်ဆိုသူများမှ နိုင်ငံရေး၊စီးပွားရေး အမြတ်ထုတ်နေသည်မှာ တနေ့တခြား ပေါ်လွှင်ထင်ရှားလာနေပါသည်။

    ၂၈.၀၉.၂၀၁၃ နေ့တွင်စတင်ဖြစ်ပွားခဲ့သော သံတွဲမြို့အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှဦးဝင်းမြိုင်၏ အင်တာဗျူး တစ်ခု တွင် ရခိုင်ပြည်နယ်နှင့် ပြည်မအတွင်းဖြစ်ပွားခဲ့သော မွတ်ဆလင်များအပေါ် အကြမ်းဖက် မီရှို့၊ လူသတ်မှု အားလုံးသည် မွတ်စလင်မ်များမှ အစပြုခဲ့ခြင်းဖြစ်သည်ဟု ဆင်ခြင်တုံတရားမဲ့၊ လူ့ဂုဏ်သိက္ခာမဲ့စွာ ပြောဆိုခဲ့သည်။ ဦးဝင်းမြိုင်ကဲ့သို့ တခြားရခိုင်ခေါင်းဆောင်းများ အနေဖြင့်လည်း ဤကဲ့သို့ အရှက်သိက္ခာ ကင်းမဲ့သော စကားများ အား လူထုရှေ့ရောက်အောင် ပြောဆိုရဲသည်မှာ အလွန် အံ့သြဖွယ်ရာ ဖြစ်ပါသည်။ ၎င်း တို့အနေဖြင့် ပညာမဲ့အသိုင်းအ၀ိုင်း ရှေ့မှောက်တွင် ယာယီ သူရဲကောင်းဖြစ်လာ နိုင်သော်လည်း ပြသနာတစ်ခုအား ရှုထောင့်စုံမှ လေ့လာသုံးသပ်တတ်သော အသိဥာဏ်ရင့်ကျက်သည့် လူ့အသိုင်းအ၀ိုင်းရှေ့မှောက်တွင် အဆိုပါပုဂ္ဂိုလ်များအား လူ့အသိဥာဏ်မဖွံ့ဖြိုးသေးသော လူသားများအဖြစ် ထင်မြင်ယူ ဆကြပေမည်။

    ကမ္ဘာပ်ါရှိမည်သည့်လူ့အသိုင်းအ၀ိုင်းတွင်မဆို လူပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦး ကြားပြစ်မှုဆိုင်ရာ ပြသနာ ကြီးငယ်များ ရှိနိုင်ပါသည်။ ဘာသာ လူမျိုးပေါင်းစုံ အတူတကွ နေထိုင်သော လူ့အသိုင်းအ၀ိုင်းတစ်ခုအတွင်း ဘာသာတူခြင်းသော်လည်းကောင်း၊ ဘာသာမတူခြင်းသော်လည်းကောင်း ပြသနာရှိနိုင်သည်မှာလည်း သဘာဝတရားပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသော ပြစ်မှုဆိုင်ရာပြသနာများအတွင်း မွတ်ဆလင်တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တစ်ဦးအား ကျူးလွန်မိသော ပြစ်မှုတစ်ခုအားရွေးထုတ်ပြီး မွတ်စလင်မ်များအား အကြမ်းဖက်၊မီးရှိုး၊လူသတ် နေကြသည်ကို အပြစ်မမြင်သည့်အပြင် မွတ်စလင်မ် အသိုင်းအ၀ိုင်းတစ်ခုလုံးအား အပြစ်တင်နေကြသူများသည် ပုံမှန်အသိဥာဏ်ရှိသောလူသားများ ဟုတ်မဟုတ် ဦးနှောက်အထူးကု ပါရဂူ များဖြင့် စမ်းသပ်စစ်ဆေးသင့်ပေသည်။ ပြစ်မှုကျူးလွန်သူ မွတ်စလင်မ်တစ်ဦးအား တရားဥပဒေအရ အပြစ်ပေးခြင်းသည် မွတ်စလင်မ်အသိုင်းအ၀ိုင်းအနေဖြင့် မည်သို့မှ အပြစ်ဆိုဖွယ်မရှိပေ။ သို့သော် မြန်မာမွတ်စလင်မ် အသိုင်းအ၀ိုင်းတစ်ခုလုံးအပေါ်တရားမ၀င်သီးသန့် ပြဌာန်းထားသော မွတ်စလင်မ်တစ်ဦးနှင့်ဗုဒ္ဓဘာသာဝင်တစ်ဦးပတိပက္ခဖြစ်ပါက ပတ်ဝန်းကျင်ရှိမွတ်ဆလင်များနှင့် ၎င်းတို့ပိုင်ပစ္စည်းများ မီးရှို့၊ ဖျက်ဆီး၊သတ်ဖြတ်နိုင်သည် ဟူသော ဥပဒေသည် လွန်ခဲ့သော နှစ်ပေါင်း (၃၅၀၀) ကျော်ခန့်ကဘေဘီလုံနိုင်ငံမှ လူထုအားပြဌာန်းခဲ့သော ဥပဒေထက် ပိုဆိုးနေပါသည်။ ကိုးကွယ်ရာဘာသာတရား မရှိသေးသော ထိုခေတ်လူသားများရေးဆွဲခဲ့သောဥပဒေတွင် သူတပါး သွားတစ်ချောင်းအား ရိုက်ချိုးခဲ့သူသည် မိမိသွားတစ်ချောင်း ရိုက်ချိုးခံရပေမည်။ မြန်မာနိုင်ငံတွင် မွတ်စလင်မ်တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ သွားတစ်ချောင်းအား ရိုက်ချိုးခဲ့ပါက ထိုပြစ်မှုအားကျူးလွန် ခဲ့သော မွတ်စလင်မ်၏ သွားအားလုံး ရိုက်ချိုးခံ ရသည့်အပြင် မွတ်စလင်မ်အသိုင်းအ၀ိုင်းတစ်ခုလုံး၏ သွားများလည်းရိုက်ချိုးခံနေရပါသည်။

    ဤ ဥပဒေအား မြန်မာနိုင်ငံအတွင်း မေတ္တာတရား ကြီးမားသော ဘာသာဝင် လူပုဂ္ဂိုလ် တစ်စုမှ လူထုရှေ့မှောက်တွင် တရားဝင် ထောက်ခံအတည်ပြုထားသော ဥပဒေဖြစ်ပါသည်။ တနည်းဆိုရသော် ရှေ့နှစ်ပေါင်း (၃၅၀၀)ကျော်ခန့်က တည်ရှိခဲ့ သာ ဘာသာမဲ့လူ့အသိုင်းအ၀ိုင်းတစ်ခုထက် အသိဥာဏ်နိမ့်ကျနေသော၊ လူသားမပီသသော ဘာသာရှိလူ့အသိုင်းအ၀ိုင်းတစ်ခု မြန်မာနိုင်ငံအတွင်း အခိုင်အမာရှိနေပါ သည်။ ထိုလူ့အသိုင်းအ၀ိုင်းရှိ ခေါင်းဆောင်များသည် ဟမ္မူရာဘီထက် ပိုလက်ဇောင်းထက် နေကြောင်းတွေ့မြင်နေရသည်မှာ မြန်မာနိုင်ငံအနာဂါတ်အတွက်
    အလွန်တရာရင်လေးစရာ ဖြစ်နေပါသည်။