News @ M-Media

Tag: Bangladesh

  • ဘင်္ဂလားဒေ့ရှ်တွင် ဂျပန်နိုင်ငံသားတစ်ဦး အသတ်ခံရ

    ဘင်္ဂလားဒေ့ရှ်တွင် ဂျပန်နိုင်ငံသားတစ်ဦး အသတ်ခံရ

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    bang

    – ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမြောက်ပိုင်း ရန်ဂ်ပူးရ်ခရိုင်တွင် ယမန်နေ့က ဂျပ်နိုင်ငံသားတစ်ဦးအား မျက်နှာဖုံးစွပ်ထားသည့် လူ ၃ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး တစ်ပတ်အတွင်း အသတ်ခံရသည့် ဒုတိယမြောက် နိုင်ငံခြားသားလည်းဖြစ်သည်။

    သေဆုံးသွားသူမှာ အသက် ၆၅ နှစ်အရွယ်ရှိ ကူနီယို ဟိုရှီဆိုသူဖြစ်ပြီး လူသုံးဦးက ဆိုင်ကယ်ဖြင့်လာရောက်ကာ ပစ္စတိုဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စအတွက် လူ ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း အီတလီနိုင်ငံသား ဆီဆာရီ တာဗဲလ်လာမှာ ဒါကာမြို့ရှိ သံတမန်ရပ်ကွက်တွင် အပြေးလေ့ကျင့်ခန်း လုပ်နေစဉ် ထိုကဲ့သို့ သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရသည်။

    ယခုအဖြစ်အပျက်ကြောင့် နိုင်ငံတွင်းရှိ နိုင်ငံခြားသားလူ့အဖွဲ့အစည်းအတွင်း စိုးရိမ်မှုများမြင့်တက်လာပြီး ဘင်္ဂလားဒေ့ရှ်ရှိ နိုင်ငံခြားသံရုံးများမှာ ၎င်းတို့ နိုင်ငံသားများအတွက် ခရီးသွား သတိပေးချက်များ ထုတ်ပြန်ထားသည်။ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများကလည်း ယမန်နေ့တွင် အဆင့်မြင့်အရာရှိများ အရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး နိုင်ငံခြားသံတမန်များနှင့် နိုင်ငံခြားသားများ၏ အိမ်များ အလုပ်များတွင် လုံခြုံရေး တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

    Ref: Aljazeera

  • ဘင်္ဂလားဒေ့ရှ်ရှိ သမိုင်းဝင် ဗလီဝတ်ကျောင်းတော်တစ်လုံး ချက်ခြင်းပြုပြင်ရန် လိုအပ်နေ

    ဘင်္ဂလားဒေ့ရှ်ရှိ သမိုင်းဝင် ဗလီဝတ်ကျောင်းတော်တစ်လုံး ချက်ခြင်းပြုပြင်ရန် လိုအပ်နေ

    သြဂုတ် ၃၀၊ ၂၀၁၅
    M-Media

    bang

    – အာဏာပိုင်းများ၏ လစ်လျူရှုမှုကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ နှစ်ပေါင်း ၄၀၆ နှစ် သက်တမ်းရှိသော ရှေးဟောင်းသမိုင်းဝင် ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ ပြိုကျပျက်ဆီးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

    အတီယာဟု အမည်ရသည့် ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး နိုင်ငံအလယ်ပိုင်း တန်ဂါအီလ်ပြည်နယ်၊ ဒါလ်ဒူအာမြို့ရှိ လူဟာဂျန်မြစ်ကမ်းနံဘေးတွင် ၁၆၀၉ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဗလီဝတ်ကျောင်းတော်ကို မဂိုဘုရင် ဂျဟန်ဂီရ်းက လက်ဆောင်အဖြစ် တည်ဆောက်ပေးခြင်းဖြစ်သည်။

    “ဒါဟာ ကျွန်တော်တို့ရဲ့ သမိုင်းအမွေအနှစ်ပါ။ ဒေသတွင်းပြည်သူတွေဟာ၊ ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့နဲ့အတူ ဒီနေရာကို ကာကွယ်ဖို့အတွက် လှုပ်ရှားမှုတွေလုပ်ဖို့ စနေပါပြီ။ ဒါပေမယ့် ရှေးဟောင်းသမိုင်းဌာနက ကျွန်တော်တို့ကို စိတ်ပျက်စေပါတယ်” ဟု
    ဗလီဝတ်ကျောင်းတော်အရေး ဆောင်ရွက်နေသူ မိုဟာမက် ဘာဘူလူဇာမန်က ပြောကြားခဲ့သည်။

    ထိုဗလီဝတ်ကျောင်းတော်၏ ဘေး၌ ၁၅၀၈ ခုနှစ်က အစ္စလာမ်သာသနာ ဟောကြားဖြန့်ချီရန် တပည့်ပေါင်း ၄၉ ဦးနှင့် ကက်ရှ်မီးယားမှ လာရောက်ခဲ့သည့် ဟာဇရသ် ရှာဟန်ရှား၏ ဂူဗိမာန်လည်း တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထင်ကရ သမိုင်းဝင်နေရာလည်းဖြစ်သည်။

    အဆိုပါဗလီဝတ်ကျောင်းတော်တွင် ဘင်္ဂါလီ အနုပညာလက်ရာများ ထင်ဟပ်နေပြီး ၉ ပေခန့်ရှိသည့် ဗလီဝတ်ကျောင်းတော်နံရံကို နီညိုရောင် အပြောက်အမွှမ်းများဖြင့် ချယ်သထားသည်။ သို့သော်လည်း ယခုအချိန်တွင် အဆိုပါလက်ရာများမှာ မှေးမှိန်လာခဲ့ပြီး၊ ဆေးရောင်များမှာလည်း ပျက်ပြယ်လာခဲ့ကာ အချို့မှာ ပျက်စီးယိုယွင်းနေပြီဖြစ်သည်။

    “အပြောက်အမွှမ်းတွေက ပေါက်ပြဲနေပါပြီ။ ဆင်ယင်ချသထားမှုတွေဟာလည်း ပြိုကျနေပြီး ခေါင်မိုးက မိုးမလုံတော့ပါဘူး” ဟု အတီယာဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်သူ ဖာရစ် အဟ်မဒ်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ရာစုနှစ်များအတွင်း အဆိုပါ ဗလီဝတ်ကျောင်းတော်ကို အကြိမ်များစွာ ပြန်လည်ပြင်ဆင်ခဲ့သည်။ ၁၈၀၀ ခုနှစ် မြေငလျင်တွင် ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့သော ထိုဗလီဝတ်ကျောင်းတော်ကို ၁၈၃၇ ခုနှစ်တွင် ဒေလီမြို့ရှိ မွတ်စလင်ကုန်သည်အမျိုးသမီး ရိုရှန် ခါတွန်က ပြန်လည်ပြုပြင်ခဲ့သည်။

    ၁၉၇၈ ခုနှစ်တွင် ဗလီဝတ်ကျောင်းတော်မှာ ဘင်္ဂလားဒေ့ရှ် ရှေးဟောင်းသမိုင်းဆိုင်ရာဌာန၏ တာဝန်ယူမှု လက်အောက်သို့ ရောက်ရှိခဲ့ပြီး ၂၀၀၀ပြည့်နှစ်နှင့် ၂၀၀၉ ခုနှစ်များတွင် အမြန်ပြင်ဆင်ရန် လိုအပ်နေသော တစ်စိတ်တစ်ပိုင်းကို ပြင်ဆင်ခဲ့ဟု ဗလီဝတ်ကျောင်းတော်အား ထိန်းသိမ်းစောင့်ရှောက်နေသည့် မိုနီရူလ် ဟက်က ပြောကြားခဲ့သည်။

    “အစီရင်ခံစာ ပို့ပြီးတဲ့နောက်မှာ ရှေးဟောင်းသမိုင်းဌာနက အကြီးတန်းတာဝန်ရှိသူတွေ ပြီးခဲ့တဲ့ ၆ လလောက်က လာရောက်ခဲ့ပြီး အဆောက်အဦးကို စစ်ဆေးခဲ့ပါတယ်။ ပြီးတော့ ဒီနှစ်အတွင်းမှာ ပြင်ဆင်ရေးလုပ်ငန်းစမယ်လို့ အသေအချာ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဘာလှုပ်ရှားမှုမှ မရှိသေးပါဘူး” ဟု ဟက်က ထပ်လောင်းပြောကြားခဲ့သည်။

    လူဦးရေ ၁၄၄ သန်းရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် တတိယမြောက် အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံလည်းဖြစ်သည်။

    Ref: Onislam

  • ရခိုင့်တပ်မတော်ကို ဘင်္ဂလားဒေ့ရှ်က ဘာ့ကြောင့်တိုက်တာလဲ

    သြဂုတ် ၂၉ ၊ ၂၀၁၅
    M-Media
    BGB3
    – ရခိုင့်တပ်မတော် AA နှင့် ဘင်္ဂလားဒေ့ရှ် ဒေသတွင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံမှ ခွဲထွက်ရေးအဖွဲ့ AA အပေါ် စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ဝေးလံခေါင်ဖျားသည့် တောင်ကုန်းများမှာ ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံမှ ခွဲထွက်ရေး အုပ်စုပေါင်းစုံ၏ ခြေချရာဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်ကမှ ဖွဲ့စည်းခဲ့ကာ ရခိုင်ပြည်နယ် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သည့် ရခိုင့်တပ်မတော်လည်း ထိုအထဲတွင် ပါဝင်သည်။ ထိုအဖွဲ့မှာ ရဲတပ်ဖွဲ့အားနည်းသော နယ်စပ်တစ်လျှောက် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့များအတွက် ပြဿနာတစ်ခုဖြစ်နေသည်မှာ ကြာမြင့်ပြီဖြစ်သည်။

    ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့၏ ထိုကဲ့သို့ စီးနင်းတိုက်ခိုက်မှုက ရခိုင့်တပ်မတော်မှ ဘန်ဒါဘန်ပြည်နယ် သန်ချီမြို့တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့အား တိုက်ခိုက်ပြီးနောက်ပိုင်း ဖြစ်လာခြင်းဖြစ်သည်။ သြဂုတ်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း ၉ နာရီခွဲခန့်အချိန်တွင် ရခိုင့်တပ်မတော်မှ အဖွဲ့ဝင်များက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ BGB အဖွဲ့တစ်ခု စစ်သားအချို့နှင့်အတူ ရေယာဉ်ဖြင့်  ပတ္တရောင်လှည့်နေစဉ် တိုက်ခိုက်ခဲ့သည်။

    ထိုတိုက်ခိုက်မှုကို တုန့်ပြန်သည့်အနေဖြင့် ဘင်္ဂလာဒေ့ရှ်က စစ်သားများနှင့် တိုက်လေယာဉ်တစ်စီး အပါအ၀င် စစ်အင်အားကို ချက်ခြင်းဖြည့်တင်းခဲ့သည်ဟု BGB တပ်ဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဗိုလ်ချုပ်ကြီး အဇစ်က ပြောကြားခဲ့သည်။ ရခိုင့်တပ်မတော်၏ တိုက်ခိုက်မှုမှာ ညနေ ၃ နာရီအထိ ကြာမြင့်ခဲ့သည်။

    ခွဲထွက်ရေးသမားများ ဆုတ်ခွာသွားသောအခါ BGB နှင့် စစ်တပ်တို့ ပူးပေါင်း၍ ၎င်းတို့အပေါ် စစ်ဆင်ရေး ဆင်နွှဲခဲ့သည်ဟု အဇစ်က ဆိုပြီး၊ ရခိုင့်တပ်မတော်မှာ ဘန်ဒါဘန်ရှိ ဝေးလံခေါင်သီသော နယ်စပ်တောအုပ်အတွင်း နေထိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် BGB နှင့် စစ်သားများကိုလည်း ထပ်မံပေါင်းထည့်သွားမည်ဟု အဇစ်က ထပ်လောင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ အဲဒီကို တပ်ဖွဲ့တွေ ထပ်ပို့နေပါတယ်။ ပြီးတော့ မနက်ဖြန် (ကြာသာပတေးနေ့)မှာ သူတို့အားလုံးကို ရှင်းလင်းဖို့ အမြစ်ဖြုတ်စစ်ဆင်ရေး ဆောင်ရွက်သွားပါမယ်” ဟု အဇစ်က The Daily Star သို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။

    ထို့ပြင် ဘင်္ဂလားဒေ့ရှ်အနေဖြင့် မြန်မာစစ်တပ်အား ဒါကာမြို့ မြန်မာသံရုံးမှတစ်ဆင့် ဆက်သွယ်အကြောင်းကြားထားပြီး ခွဲထွက်ရေးသမားများ မလွတ်မြောက်စေရန်အတွက် နယ်စပ်အားပိတ်ထားရန် တောင်းဆိုခဲ့သည်ဟု သူက ဆိုသည်။

    “သူတို့ဘက်က နယ်စပ်ကိုပိတ်ထားဖို့ မြန်မာစစ်တပ်ကို ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်။ ဒါမှ သူတို့ (မြန်မာစစ်တပ်) က စစ်ဆင်ရေးအတွင်းမှာ ခွဲထွက်ရေးသမားတွေကို အရေးယူနိုင်မှာပါ” ဟု အဇစ်က ပြောကြားခဲ့ပြီး မြန်မာစိုးရကလည်း အကူအညီအားလုံးပေးမည်ဟု ဘင်္ဂလားဒေ့ရှ်ကို အသေအချာပြောခဲ့သည်ဟု ဆိုသည်။

    ဗုဒ္ဓဟူးနေ့ညဘက်မှ ကြာသာပတေးနေ့မနက် အချိန်ကြား ရန်ဂါမာတီခရိုင်တွင် ပြုလုပ်ခဲ့သော စီးနင်းတိုက်ခိုက်မှုတွင် ရခိုင့်တပ်မတော်မှ အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်စစ်တပ်က ပြောကြားခဲ့သည်။

    အမှတ် ၃၀၅ လက်နက်ကြီး တပ်မဟာမှ ဗိုလ်ချုပ် တက်စ်လင်းမ်ကမူ ရခိုင့်တပ်မတော် ယူနီဖောင်းများ၊ လက်တော့များ၊ ဒစ်ဂျစ်တယ် ကင်မရာများ၊ မော်တော်ဆိုင်ကယ်များနှင့် မြင်းနှစ်ကောင်တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု bdnews24 သို့ ပေးပို့သော အီးမေးလ်တွင် ဖော်ပြခဲ့သည်။ သူပုန်များဘက်မှ ၈ ယောက်မှ အယောက် ၂၀ အကြားမှာ ဒဏ်ရရရှိခဲ့သည်ဟု ကနဦး မျက်မြင်သက်သေများ၏ ပြောကြားမှုများအရ သိရသည်။

    ရခိုင့်တပ်မတော်ကမူ အခြေအနေ တစ်ရပ်လုံးမှာ နားလည်မှုလွဲမှားခြင်းမှ ဖြစ်လာသည့်ကိစ္စဖြစ်ပြီး BGB အရာရှိများကို အပြစ်တင်ခဲ့သည်။ ရခိုင့်တပ်မတော်မှ လွန်းရွှေကမူ BGB တပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ရာတွင် မိမိတို့မှာ ဘင်္ဂလားဒေ့ရှ်၏ ရန်သူ မဟုတ်ကြောင်း ရခိုင့်တပ်မတော်မှ အဖွဲ့ဝင်များက ရှင်းပြသော်လည်း BGB တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် ကနဦးတိုက်ပွဲ ဖြစ်ပွား ရခြင်းဖြစ်သည်ဟု Dhaka Tribune မှ အဒီလ် ဆက်ဟာဝပ်ကို ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့အိမ်နီးချင်းတွေနဲ့ ဒီလိုတိုက်ပွဲမျိုးဖြစ်ဖို့ ကျွန်တော်တို့မှာ ပေါ်လစီမရှိပါဘူး။ ဒါပေမယ့် ဒါကတော့ ကြောက်စရာကောင်းတဲ့ နားလည်မှု လွဲခြင်းဖြစ်ပြီး၊ ၀မ်းနည်းဖို့ကောင်းတဲ့ အဖြစ်အပျက်ပါပဲ။ ကျွန်တော်တို့ဘက်ကတော့ ဒါကို ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားသွားပါမယ်” ဟု လွန်းရွှေက ထပ်လောင်းပြောကြားခဲ့သည်။

    xxxxxxxxxxxxxxxxxxxxx
    The Diplomat မှ ဆောင်ပါးရှင် Prashanth Parameswaran ၏ Why Did Bangladesh Just Launch a Raid Against Myanmar Separatists? ဆောင်းပါးကို လေးမောင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • ဘင်္ဂလားဒေ့ရှ်ရှိ ဘုန်းကြီးကျောင်းမှ မွတ်စလင်များဝါဖြေရန် အစားအသောက်များ လှူဒါန်း

    ဘင်္ဂလားဒေ့ရှ်ရှိ ဘုန်းကြီးကျောင်းမှ မွတ်စလင်များဝါဖြေရန် အစားအသောက်များ လှူဒါန်း

    ဇူလိုင် ၇၊ ၂၀၁၅
    M-Media

    bg

    – ဘင်္ဂလားဒေ့ရှ်ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ခုမှာ ရမ်ဇာန်ဥပုသ်လအတွင်း ဆင်းရဲသည့် ရာနှင့်ချီသော မွတ်စလင်များကို အစားအသောက်များ လှူဒါန်းခဲ့ကြပြီး တောင်အာရှနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်ရှိ ဘာသာတရားများအကြား သဟာဇတဖြစ်မှု၏ ဥပမာတစ်ခုလည်း ဖြစ်လာခဲ့သည်။

    မြို့တော် ဒါကာရှိ ဒါမာရာဂျိက ကျောင်းတိုက်မှ ထိုကဲ့သို့ လှူဒါန်းခြင်းဖြစ်ပြီး အဖ်သာရ်ခေါ် ၀ါလွှတ်ချိန်ဝါဖြေကြမည့် မွတ်စလင်များအား နေ့စဉ် အစားသောက်အထုတ်များကို ထိုကျောင်းတိုက်မှ စတင်ဖြန့်ဝေသည့်အချိန်ကတည်းက ဆိုရှယ်မီဒီယာများတွင် အလျင်အမြန် ပြန့်နှံ့လာခဲ့သည်။

    “လူသားထုကို အလုပ်အကျွေးပြုတာဟာ ခြွင်းချက်မဲ့ ဘာသာတရားဖြစ်တယ်လို့ ဗုဒ္ဓဘာသာက ဘုန်းကြီးတို့ကို သွန်သင်ပါတယ်။ သူတို့ရဲ့ ဥပုသ်ကို ဖြေဖို့အတွက် သင့်လျော်တဲ့အစားအသောက် ၀ယ်ဖို့ မတတ်နိုင်တဲ့ ဆင်းရဲတဲ့ မွတ်စလင်တွေကို ဘုန်းကြီးတို့က လှူဒါန်းတာပါ” ဟု အဆိုပါ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် Suddhananda Mahathero က AFP သတင်းဌာနသို့
    ပြောကြားခဲ့သည်။

    ယမန်နေ့ ညနေပိုင်းက AFP မှ သွားရောက်ကြည့်ရှုရာတွင် ဒါကာရှိ ဘာဆာဘို ပတ်ဝန်းကျင်၌ တည်ရှိသော အဆိုပါဘုန်းကြီးကျောင်း၏ ဂိတ်ပေါက်ဝတွင် မွတ်စလင် ၃၀၀ ခန့်မှာ အစ်ဖ်သာရ်အတွက် အစားသောက်များကို လက်ခံရယူရန် စောင့်ဆိုင်းနေကြသည်ကို တွေ့ခဲ့ရသည်။

    “မေတ္တာတရား၊ ဖေးမကူညီမှုနဲ့ လှူဒါန်းတဲ့ အစားအသောက်ကို ကျွန်မ စားလို့ရပါတယ်” ဟု အသက် ၇၀ အရွယ်ရှိ အဖွားအို အမီနာခါတွန်က ပြောကြားခဲ့ပြီး အဆိုပါဘုန်းကြီးကျောင်းသို့ ရောက်ရန် ခရီးဝေးမှ လမ်းလျှောက်လာရသည်ဟု ဆိုသည်။

    ရဟန်းပျိုတစ်ပါးက တိုကင်များ ပေးဝေနေစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း အစီအစဉ်တကျဖြစ်စေရန် ကူညီပေးခဲ့သည်။

    “ဘာသာတရား မတူညီဘူးဆိုတာကို ထည့်မတွက်ဘဲ ဥပုသ်သီလဆောက်တည်တဲ့ အိမ်နီးချင်းအပေါ်မှာ လေးစားမှုနဲ့ မေတ္တာတရားကို ပြသရင်း ဒါဟာ ဘာသာရေး သဟဇာတဖြစ်မှုရဲ့ ရင်သပ်ရှုမောစရာ ဥပမာပါပဲ” ဟု ရဲတဖွဲ့ဝင် အာဆဒ် အူဇာမန်က ပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သန်း ၁၆၀ သော လူဦးရေတွင် အစ္စလာမ်ဘာသာဝင်များမှာ ၉၀ ရာခိုင်နှုန်းရှိပြီး ဗုဒ္ဓဘာသာဝင်မှာ အနည်းငယ်သောပမာဏသာ ရှိကာ မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် နိုင်ငံအရှေ့တောင်ပိုင်းတွင် အများစု နေထိုင်ကြသည်။

    အဆိုပါ ဘုန်းကြီးကျောင်း၏ အစားအသောက်များ ဝေငှလှူဒါန်းးခြင်းအတွက် မွတ်စလင်များကလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြပြီး ရွှေဝါရောင်သင်္ကန်းနှင့် ဘုန်းတော်ကြီးများ အစားအသောက် မျှဝေပေးနေသော ဓာတ်ပုံများကိုလည်း ဖြန့်ဝေခဲ့ကြသည်။

    “ဒီလိုဆောင်ရွက်မှုကို ကျွန်တော် တကယ့်ကို နှစ်သက်မိပြီး ကိုယ်တော်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ မစ္စတာ နူရ် ဟူစိန်က ပြောကြားခဲ့သည်။

    ဒါမာရာဂျိက ဘုန်းကြီးကျောင်းကို ၁၉၄၉ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မိဘမဲ့ ကလေး ၇၀၀ ကျော်ကို ပြုစုစောင့်ရှောက်ထားက ပညာလည်းသင်ပေးထားသည်။

    Ref: straitstimes

  • အလ်ကိုင်းဒါး သံသယရှိသူ ၁၂ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

    အလ်ကိုင်းဒါး သံသယရှိသူ ၁၂ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

    ဇူလိုင် ၃၊ ၂၀၁၅
    M-Media

    bg

    – ဘာသာရေးအစွန်းရောက်မှုကို ဝေဖန်သည့် ဘလော့ဂါနှစ်ဦးကို သတ်ဖြတ်မှုအတွက် တာဝန်ယူသည့် အိန္ဒိယတိုက်ငယ် အလ်ကိုင်းဒါးအဖွဲ့ AQIS မှ အကြီးအကဲတစ်ဦးအပါအ၀င် စစ်သွေးကြွဟု သံသယရှိသူ ၁၂ ဦးကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့များမှ ဖမ်းဆီးလိုက်သည်။

    ၎င်းတို့ ၁၂ ဦးအား ဇူလိုင် ၁ ရက်နေ့က မြို့တော်ဒါကာရှိ သီးခြားနေရာများအား စီးနင်းစဉ် ဖမ်းဆီးမီးခဲ့ခြင်းဖြစ်သည်ဟု အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ဖြစ်သော Rapid Action Battalion မှ လက်ထောက်ဒါရိုက်တာဖြစ်သူ မက်ဆူဒူ အလမ်က ပြောကြားခဲ့သည်။

    ဖမ်းဆီးခံရသူများတွင် AQIS ၏ ဘင်္ဂလားဒေ့ရှ် စီမံခန့်ခွဲရေးမှူး မိုင်နူလ်အစ္စလာမ်နှင့် ၎င်း၏ ထိပ်တန်းအကြံပေး ဇာဖာရ်အေမင်တို့ ပါဝင်ခဲ့သည်။

    “ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ၊ ဗုံးလုပ်တဲ့ ပစ္စည်းတွေ၊ ချွန်ထက်တဲ့ လက်နက်တွေနဲ့ လေ့ကျင့်ရေး လမ်းညွှန်စာအုပ်တွေကိုပါ သူတို့ဆီက သိမ်းဆည်းရမိပါတယ်” ဟု အလမ်က ပြောကြားခဲ့သည်။

    AQIS မှာ တောင်အာရှတွင် စစ်သွေးကြွလှုပ်ရှားမှုများ ဆောင်ရွက်ရန်အတွက် အလ်ကိုင်းအဖွဲ့ခွဲလည်း ဖြစ်သည်။

    ဘာသာရေးအစွန်းရောက်မှုကို အွန်လိုင်းမှ ဝေဖန်သူ ၃ ဦးမှာ ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ်အတွင်း တောခုတ်ဓားကိုင်ဆောင် တိုက်ခိုက်သူများ၏ ခေါင်းဖြတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ AQIS က အမေရိကန်-ဘင်္ဂလားဒေ့ရှ် ဘလော့ဂါတစ်ဦးအပါအ၀င် ထိုတိုက်ခိုက်မှုထဲမှ ၂ ခုကို တာဝန်ယူခဲ့သည်။

    မေလကလည်း ဘင်္ဂလားဒေ့ရှ်မှာ ကိုကာကိုလာကုမ္ပဏီခွဲမှ အိုတီမန်နေဂျာ တစ်ဦးအပါအ၀င် IS အဖွဲ့ဝင်ဟု သံသယရှိသူ ၃ ဦးကို ဖမ်းဆီးခဲ့သည်။

    Ref: Reuters