News @ M-Media

Tag: boxing

  • အလ်ဂီရီကိုနိုင်ခဲ့သည့် အမီးရ်ခန်း မေ၀ယ်သာနှင့်ထိုးရန် မျက်စပစ်

    အလ်ဂီရီကိုနိုင်ခဲ့သည့် အမီးရ်ခန်း မေ၀ယ်သာနှင့်ထိုးရန် မျက်စပစ်

    မေ ၃၀၊ ၂၀၁၅
    M-Media

    amir

    – ယနေ့နံနက်က နယူးယောက်တွင် ထိုးသတ်ခဲ့သည့် ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းနှင့် အမေရိကန် နာမည်ကြီး လက်ဝှေ့သမား ခရစ် အလ်ဂီရီတို့၏ပွဲတွင် အမီးရ်ခန်းက အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

    ပြီးခဲသည့် ၇ လ ပက်ကွီအိုနှင့်ပွဲတွင်တွင် ၆ ကြိမ်တိုင်တိုင် အလဲထိုးခြင်းခံခဲ့ရကာ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့သည့် အလ်ဂီရီမှာ ပထမ ၆ ချီခန့်တွင် ခန်းအား အသာစီးဖြင့် ထိုးသတ်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ခန်း၏ လက်သီးချက်များကို အလူးအလဲ ခံခဲ့ရသည်။

    ၁၂ ချီပြီးနောက် မည်သူမှ အလဲမထိုးနိုင်ခဲ့သောကြောင့် အမှတ်ဖြင့် ဆုံးဖြတ်ခဲ့ရာ ဒိုင်လူကြီး ၃ ဦးစလုံးက အမီးရ်ခန်းအား အနိုင်ပေးခဲ့သည်။

    “ကျွန်တော်တို့တစ်သင်းလုံး ဖလွိုက်မေ၀ယ်သာနဲ့ ထိုးချင်နေပါတယ်။ ဒါပေမယ့် တစ်ခုခုအတွက် ခင်ဗျားဟာ အချိန်အတော်ကြာ မျှော်လင့်နေတဲ့အခါ အဲဒါက နှောင့်နှေးတတ်ပါတယ်” ဟု ခန်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ယခုပွဲတွင် အမှားများ လုပ်ခဲ့မိသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ အလ်ဂီရီကမူ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်အတွက် စိတ်ပျက်မိပြီး မိမိ၏ ထိုးချက်တော်တော်များများမှာ အမီးရ်ခန်း၏ ခန္ဓာယ်ကိုယ်ကို ထိခဲ့သည်ဟု ပြောကြားခဲ့သည်။

    အမီးရ်ခန်းမှာ မိမိအနေဖြင့် အလ်ဂီရီအား အနိုင်ရပါက မေ၀ယ်သာနှင့် ထိုးသတ်ရန် မျှော်လင့်မိသည်ဟု စောစောပိုင်းက ပြောကြားခဲ့ဖူးသည်။

    Ref: Dailymail

  • မနက်ဖြန်ပွဲအတွက် အာရုံစိုက်ထားသည်ဟု အမီရ်းခန်းဆို

    မနက်ဖြန်ပွဲအတွက် အာရုံစိုက်ထားသည်ဟု အမီရ်းခန်းဆို

    မေ ၂၈၊ ၂၀၁၅
    M-Media

    kha

    – မေ၀ယ်သာနှင့် ထိုးသတ်ရေး ပြောဆိုမှုများထက် မနက်ဖြန်တွင် ထိုးသတ်မည့် ခရစ် အလ်ဂီရီနှင့် ပွဲကိုသာ အာရုံစိုက်ထားသည်ဟု ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းက ပြောကြားလိုက်သည်။

    ခန်းမှာ မေ၀ယ်သာအား ထိုးသတ်ရန် ကြိုးစားနေသည်မှာ ၂ နှစ်ခန့် ရှိသွားပြီဖြစ်ပြီး ပက်ကွီအိုအား အနိုင်ရရှိပြီးနောက် ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားသည့် မေ၀ယ်သာ၏ နောက်ထပ်ပြိုင်ဘက်မှာ ခန်းသာဖြစ်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြသည်။

    ကမ္ဘာ့ချန်ပီယံ နှစ်ကြိမ်ဖြစ်ခဲ့ဖူးသည့် ၎င်းကမူ မိမိအနေဖြင့် နယူးယောက်တွင် ထိုးသတ်မည့် မနက်ဖြန်ပွဲအတွက်သာ အာရုံစိုက်ထားသည်ဟု ဆိုသည်။

    “ခရစ် အလ်ဂီရီနှင့်ပွဲအပေါ်မှာ ကျွန်တော် အာရုံစိုက်ထားပါတယ်။ ဒီပွဲကို ကျွန်တော် ကျော်မကြည့်ချင်ပါဘူး။ ဒီပွဲဟာ ကျွန်တော့်အတွက် ခက်ခဲမယ့်ပွဲပါ။ အရင်ကပွဲတွေကို ကြည့်လိုက်ရင် ကျွန်တော်ဟာ ဒီလိုအမှားမျိုး လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ ဒီပွဲကို ကျော်ကြည့်မှာ မဟုတ်ပါဘူး။ ကျွန်တော်ဘယ်သွားသွား လူတွေက “မေ၀ယ်သာနဲ့ဘယ်လိုလဲ” “ပက်ကွီအိုနဲ့ရော” လို့ မေးကြပါတယ်။ သူတို့ကို ကျွန်တော် ကြည့်နေတာမဟုတ်ပါဘူ” ဟု အမီးရ်ခန်းက ပြောကြားခဲ့သည်။

    ပက်ကွီအိုမှာ အလ်ဂီရီအား အနိုင်ရရှိပြီးနောက် မေ၀ယ်သာနှင့် ထိုးသတ်ခွင့်ရခဲ့ပြီး အမီးရ်ခန်းကလည်း မိမိအနေဖြင့် အလ်ဂီရီအား ကျော်ဖြတ်နိုင်ပါက မေ၀ယ်သာနှင့် ထိုးသတ်နိုင်ရန် မျှော်လင့်နေသည်ဟု စောစောပိုင်းက ပြောကြားထားသည်။

    သို့သော်လည်း မိမိအနေဖြင့် မေ၀ယ်သာနှင့် ပက်ကွီအိုတို့၏ အဖွဲ့များနှင့် စကားပြောဆိုထားခြင်း မရှိကြောင်း၊ မေ၀ယ်သာနှင့်ပွဲမှာ ဘယ်တော့မှ ဖြစ်မလာနိုင်သည်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ခန်းက ထပ်လောင်းပြောကြားခဲ့သည်။

    မေ၀ယ်သာကမူ ၎င်းအနေဖြင့် စက်တင်ဘာလတွင် ကစားသမားဘ၀ နောက်ဆုံးပွဲကို ထိုးသတ်သွားမည်ဟု ပက်ကွီအိုနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Dialymail

  • အလ်ဂီရီကိုအနိုင်ရလျှင် မေ၀ယ်သာနှင့် ထိုးနိုင်မည်ဟု အမီရ်းခန်းပြော

    အလ်ဂီရီကိုအနိုင်ရလျှင် မေ၀ယ်သာနှင့် ထိုးနိုင်မည်ဟု အမီရ်းခန်းပြော

    မေ ၂၄၊ ၂၀၁၅
    M-Media

    amir

    – လာမည့် သောကြာနေ့တွင် နယူးယောက်၌ ထိုးသတ်မည့် အလ်ဂီရီနှင့်ပွဲတွင် အနိုင်ရရှိပါက မိမိအနေဖြင့် မေ၀ယ်သာဖြင့် ထိုးသတ်ရန် အခွင့်အရေးရရှိမည်ဟု ယုံကြည်ကြောင်း ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်းက ပြောကြားလိုက်သည်။

    အမီရ်းခန်မှာ မေ၀ယ်သာနှင့် ထိုးသတ်ရန် ၂ နှစ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ပက်ကွီအိုအား အနိုင်ရရှိခဲ့ပြီးနောက် မေ၀ယ်သာက လာမည့်စက်တင်ဘာလတွင် ၎င်း၏ နောက်ဆုံးပွဲကို ထိုးသတ်သွားမည်ဟု ပြောကြားထားသောကြောင့် အမီရ်းခန်းက နောက်ဆုံးအခွင့်အရေးအဖြစ် မျှော်လင့်နေသည်။

    အယ်ဂီရီမှာ လွန်ခဲ့သည့် ၇ လက ပက်ကွီအိုနှင့် ထိုးသတ်ရာတွင် ရှုံးနိမ့်ခဲ့သူဖြစ်သည်။

    “အလ်ဂီရီနဲ့ပွဲမှာ ကျွန်တော် ဂရုစိုက်ရပါမယ်။ ဒါပေမယ့် သူ့ကို ကျွန်တော်နိုင်ရင် မေ၀ယ်သာနဲ့ ထိုးဖို့ ဖြစ်သွားမှာပါ။ အလ်ဂီရီကို ထိုးပြီး ပက်ကွီအိုက မေ၀ယ်သာနဲ့ ထိုးခဲ့ပါတယ်။ ကမ္ဘာကြီးက ဒီပွဲကို ကြည့်ချင်ပါတယ်။ ဒါပေမယ့် အလ်ဂီရီကသာ ပက်ကွီအိုကို မေ၀ယ်သာဆီ ပို့ပေးခဲ့တာပါ” ဟု ခန်းက ပြောကြားခဲ့သည်။

    ထို့ပြင် ကမ္ဘာကြီးက ကြည့်ချင်နေသည့် စိတ်လှုပ်ရှားစရာ ထိုးသတ်မှုကို မေ၀ယ်သာနှင့်ပွဲတွင် မိမိက ပေးနိုင်မည်ဟု အမီရ်းခန်းက ယုံကြည်နေပြီး ပက်ကွီအိုနှင့်မူ ထိုးသွားမည်မဟုတ်ဟု ဆိုသည်။

    “ပက်ကွီအိုနဲ့ မေ၀ယ်သာတို့ပွဲကို ကျွန်တော်သွားကြည့်ပါတယ်။ ပြီးတော့ ကျွန်တော်ဘယ်သွားသွား လူတွေက ကျွန်တော်ဟာ မေ၀ယ်သာနဲ့ ထိုးသင့်တယ်လို့ ပြောကြပါတယ်။ မေ၀ယ်သာရဲ့ ပရိတ်သတ်တွေတောင်မှ မန်နီ(ပက်ကွီအို)ထက် ကျွန်တော်က မေ၀ယ်သာကို ပိုပြီး ဒုက္ခပေးနိုင်တယ်လို့ ပြောကြပါတယ်”

    အမီရ်းခန်းမှာ နောက်ဆုံးပွဲအဖြစ် အမေရိကန်ဘောက်ဆာသမား ဒီဗွန် အလက်ဇန်းဒါနှင့် ထိုးသတ်ခဲ့ပြီး အမှတ်ဖြင့် အနိုင်ရခဲ့သည်။

    Ref: Dailymail

  • ယခုနှစ်အတွင်း ၀င်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် မေ၀ယ်သာနှင့် ပက်ကွီအိုဦးဆောင်

    ယခုနှစ်အတွင်း ၀င်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် မေ၀ယ်သာနှင့် ပက်ကွီအိုဦးဆောင်

    မေ ၂၂၊ ၂၀၁၅
    M-Media

    ေေ

    – ၂၀၁၅ ခုနှစ် ကမ္ဘာတစ်ဝှမ်း တစ်နှစ်တာဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းကို ESPN က ထုတ်ပြန်ခဲ့ရာ ထိပ်တန်းလှက်ဝှေ့ကျော်များဖြစ်သည့် မေ၀ယ်သာနှင့် ပက်ကွီအိုတို့က ဦးဆောင်နေသည်ဟု သိရသည်။

    မေ၀ယ်သာမှာ ယခုနှစ်အတွင်း စုစုပေါင်း ၀င်ငွေ ပေါင် ၁၆၁ သန်းရှိနေပြီး ပက်ကွီအိုအား အနိုင်ရရှိခဲ့သည့်ပွဲ၌ တစ်မိနစ်တွင် ၃.၈၆ သန်း ၀င်ငွေရှိခဲ့သည်။ ထိုပမာဏမှာ လီယွန်နယ်မက်ဆီ၏ ၂၀၁၅ ၀င်ငွေထက် လေးဆခွဲ ပိုမြင့်နေသည်။

    ပက်ကွီအို၏ ၀င်ငွေမှာ ပေါင် ၉၆.၅ သန်းရှိပြီး ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒို၏ ၀င်ငွေထက် ၃ ဆနီးပါး မြင့်နေသည်။ ဘောလုံးလောကတွင် ၀င်ငွေအမြင့်ဆုံးဖြစ်သည့် မက်ဆီနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့မှာ ပေါင် ၃၆.၂၃ သန်းနှင့် ၃၂.၃ သန်းတို့ဖြင့် အဆင့်သုံးနှင့် အဆင့်လေး နေရာတွင်ရှိနေသည်။

    ထိုစာရင်းတွင် ကစားသမားများ၏ လခနှင့် ဆုကြေးငွေများကိုသာ ထည့်တွက်ထားခြင်းဖြစ်ပြီး ကြော်ငြာဝင်ငွေများ၊ ရုပ်ပုံအသုံးပြုကြေးများ၊ စပွန်ဆာကြေးများနှင့် အခြားသော ၀င်ငွေများ မပါဝင်ပေ။

    ဖော်မြူလာဝမ်းမှ ပြိုင်ကားသမား ဆီဘက်စတီယန် ဗက်တဲလ်နှင့် ဖာနန်ဒိုအလွန်ဆိုတို့မှာ ယခုနှစ်အတွင်း ၀င်ငွေအကောင်းဆုံး အဆိုပါစာရင်းတွင် အဆင့် ၅ နှင့် အဆင့် ၆ နေရာတို့တွင် အသီးသီးရှိနေသည်။

    ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်မှာ ပေါင် ၂၂.၆ သန်းဖြင့် အဆင့် ၇ နေရာတွင် ရှိနေပြီး အဆင့် ၁၀ အတွင်းဝင်ခဲ့သည်။ မန်ယူအသင်းတိုက်စစ်မှူး ၀ိန်းရူနီကမူ အဆင့် ၁၂ သာ ချိတ်ခဲ့သည်။

    Ref: Dailymail

  • ပက်ကွီအိုမှာ သရဲဘောကြောင်သူဟု မေ၀ယ်သာခနဲ့

    ပက်ကွီအိုမှာ သရဲဘောကြောင်သူဟု မေ၀ယ်သာခနဲ့

    မေ ၈၊ ၂၀၁၅
    M-Media

    meayweather

    – ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီအိုဟာ သူရဲဘောကြောင်သူတစ်ဦးဖြစ်ပြီး သူနဲ့ နောက်တစ်ခေါက် ထပ်ထိုးမယ်ဆိုတဲ့ သတင်းတွေဟာလည်း မဟုတ်ဘူးလို့ အမေရိကန် နာမည်ကြီးလက်ဝှေ့ကျော် မေ၀ယ်သာက ပြောလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်မှာ ထိုးခဲ့တဲ့ ရာစုနှစ်ရဲ့အကောင်ဆုံးပွဲမှာ ပက်ကွီအိုကို မေ၀ယ်သာတစ်ယောက် အမှတ်နဲ့ အနိုင်ရခဲ့ပြီး လက်ဝှေ့သက်တမ်းတစ်လျှောက် ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

    နောက်ပိုင်းမှာ ပက်ကွီအိုက သူဟာ လေ့ကျင့်စဉ်အတွင်းမှာ ပုခုံးဒဏ်ရာရရှိခဲ့ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အောင်မြင်စွာခွဲစိတ်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် မေ၀ယ်သာကတော့ ဒီလို ဒဏ်ရာရှိတယ်လို့ ထုတ်ဖော်ပြောကြားမှုအပြီးမှာ ပက်ကွီအိုအပေါ်ထားရှိတဲ့ လေးစားမှုတွေ ပျောက်သွားခဲ့ပြီလို့ ဆိုပါတယ်။

    စနေနေ့မှာ ထုတ်လွှင့်ဖို့ရှိတဲ့ Showtime အစီအစဉ်နဲ့ အင်တာဗျူးမှာ မေ၀ယ်သာက ပက်ကွီအိုဟာ ဆင်ခြေတွေပေးနေတယ်လို့ ခနဲ့ခဲ့ပါတယ်။

    “သူက သိပ်မြန်တယ်။ ဘယ်ဘက်လက်ကလည်း မြန်တယ်။ ညာဘက်လက်ကလည်း မြန်တယ်။ နှစ်ဘက်စလုံးနဲ့ မြန်ဆန်ပြီး ပြင်းထန်တဲ့ လက်သီးတွေ ပစ်သွင်းခဲ့တယ်။ အရေးမပါတာတွေကို ကျွန်တော်လက်မခံပါဘူး။ ပရိတ်သတ်ကိုလည်း လက်မခံစေချင်ပါဘူး။ သူရှုံးခဲ့တယ်။ သူရှုံးတယ်ဆိုတာလည်း သူသိတယ်။ ဒါမျိုးတွေ ဖြစ်လာတဲ့နောက် သူ့ကို လေးစားမှုတွေ ပျောက်ဆုံးသွားပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

    လက်ဝှေ့ပွဲပြီးသွားတဲ့အချိန်တုန်းက မေ၀ယ်သာဟာ သူ့အနေနဲ့ ပက်ကွီအိုဒဏ်ရာတွေ ပျောက်သွားရင် နောက်တစ်ပွဲထပ်ထိုးဖို့ စီစဉ်မယ်လို့ ESPN က ရုပ်သံကြေညာသူတစ်ဦးကို မက်ဆေ့ခ်ျ ပေးပို့ခဲ့ပါတယ်။

    ဒါပေမယ့် မေ၀ယ်သာက စက်တင်ဘာမှာဖြစ်မယ့် သူ့ရဲ့နောက်ဆုံးထိုးပွဲဟာ ပက်ကွီအိုနဲ့ မဟုတ်ဘူးလို့ ပြန်ပြောခဲ့ပါတယ်။

    “သူ့နဲ့ နောက်တစ်ခေါက်ထပ်ထိုးမယ်လို့ ကျွန်တော် စတီဖင် အေ စမစ်ကို မက်ဆေ့ပို့ခဲ့တာလား။ အခု ကျွန်တော် စိတ်ပြောင်းသွားပါပြီ။ ဒီအချိန်မှာ လုံးဝပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ သူက အမှတ်နဲ့ အရှုံးသမားဖြစ်ပြီး သရဲဘောကြောင်သူတစ်ဦး ဖြစ်လို့ပါပဲ။ တကယ်လို့ ခင်ဗျားရှုံးရင် အရှုံးကိုလက်ခံလိုက်။ “မေ၀ယ်သာရေ… မင်းကတော့ ပိုကောင်းတဲ့ လက်ဝှေ့သမား”လို့ ပြောလိုက်” ဒါပါပဲ”

    Ref: Dialymail