News @ M-Media

Tag: boxing

  • ပက်ကွီအိုထက် မေ၀ယ်သာနှင့်သာ ထိုးရန် အမီးရ်ခန်း စိတ်ဝင်စားနေ

    ပက်ကွီအိုထက် မေ၀ယ်သာနှင့်သာ ထိုးရန် အမီးရ်ခန်း စိတ်ဝင်စားနေ

    ဇွန် ၂၆၊ ၂၀၁၅
    M-Media

    khan

    – ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုနှင့် ဒူဘိုင်း၌ ထိုးသတ်မည်ဆိုသည့်သတင်းမှာ မဟုတ်မမှန်ဘဲ မိမိနေဖြင့် မေ၀ယ်သာနှင့် ထိုးသတ်ရန်သာ ပို၍ စိတ်ဝင်စားသည်ဟု ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းက ပြောကြားလိုက်သည်။

    မေလက အလ်ဂီရီကို အမှတ်ဖြင့် အနိုင်ရခဲ့သည့် ခန်းမှာ နောက်ဆုံး ၅ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး ယခုနှစ်ကုန်ပိုင်းတွင် နောက်ဆုံးပွဲ ထိုးသတ်မည်ဟု ကြေညာထားသည့် မေ၀ယ်သာနှင့် ထိုးသတ်ရန် ဆန္ဒရှိနေသည်။

    သို့သော်လည်း ပက်ကွီအိုနှင့် ထိုးသတ်ရန် စီစဉ်နေသည်ဟု သတင်းများလည်း ထွက်ပေါ်နေပြီး ခန်းက ငြင်းဆိုခဲ့ကာ ပုခုံးဒဏ်ရာရထားသည့် ပက်ကွီအိုနှင့် ထိုးသတ်နိုင်ရေးမှာ ကြာအုံးမည်ဟုဆိုသည်။

    “တကယ်လို့ မန်နီက နေပြန်ကောင်းပြီး ပြန်ထိုးချင်တယ်ဆိုရင် ဒီပွဲဟာ ဖြစ်လာမှာပါ။ ဒါပေမယ့် အခုလောလောဆယ် ကျွန်တော် စိတ်ဝင်စားတဲ့ တစ်ခုတည်းသောပွဲက မဝေယ်သာနဲ့ပါပဲ။ (ပက်ကွီအိုနဲ့ ထိုးတော့မယ်ဆိုတာ) အားလုံးဟာ ကောလဟာလတွေပါ။ ဒူဘိုင်းမှာထိုးဖို့ မန်နီနဲ့ စကားပြောတာမျိုး မရှိပါဘူး။ ဒါ့ကြောင့် ဒါဟာ မမှန်ပါဘူး။ ဒီမှာကြည့်။ တကယ်လို့ မန်နီက ထိုးချင်ရင် ကျွန်တော်တို့ ထိုးနိုင်ပါတယ်။ သူနဲ့ သူ့အဖွဲ့တွေကို ကျွန်တော် အရင်က ကမ်းလှမ်းဖူးပါတယ်။။ ဒါပေမယ့် သူတို့က လက်မခံပါဘူး” ဟု The National သို့ ခန်းက ပြောကြားခဲ့သည်။

    မေ၀ယ်သာကမူ ၎င်း၏ နောက်ထပ်ပြိုင်ဘက်မှာ အမီးရ်ခန်းမဟုတ်ဘဲ အန်ဒရီဘာတိုနှင့် ကရင်မ်မေဖီးလ်ဒ်တို့ထဲမှ တစ်ဦးဖြစ်မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောကြားခဲ့သည်။

    ခန်းကမူ မေ၀ယ်သာမှာ ၎င်းအား ရှောင်နေသည်ဟု ဆိုသည်။

    “ကျွန်တော်ထိုးချင်တဲ့ပွဲအတွက် ဖလွိုက်က ကျွန်တော့်ကို ရှောင်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ၀ယ်သာဝိတ်တန်းမှာ ကျွန်တော့်ကိုယ်ကျွန်တော် သက်သေပြခဲ့ပြီးပါပြီ။ ဒါ့ကြောင့် ဘာထပ်လုပ်ရမလဲဆိုတာ ကျွန်တော် မသိတော့ပါဘူး”

    Ref: Dailymail

  • မေ၀ယ်သာ၏ နောက်ထပ်ပြိုင်ဘက်မှာ အမီးရ်ခန်းမဟုတ်

    မေ၀ယ်သာ၏ နောက်ထပ်ပြိုင်ဘက်မှာ အမီးရ်ခန်းမဟုတ်

    ဇွန် ၂၂၊ ၂၀၁၅
    M-Media

    mayweather

    – အမေရိကန်လက်ဝှေ့ကျော် ဖလွိုက်မေ၀ယ်သာက ၎င်း၏ နောက်ထပ် ပြိုင်ဘက်မှာ အန်ဒရီ ဘာတို သို့မဟုတ် ကရင်မ် မေဖီးလ်တို့ထဲမှ တစ်ဦးဦး ဖြစ်မည်ဟု ပြောကြားလိုက်ပြီး ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်း၏ မေ၀ယ်သာနှင့် ထိုးသတ်ရေး မျှော်လင့်ချက်မှာ ပျက်သုဉ်းသွားခဲ့ရသည်။

    ပက်ကွီအိုအား အမှတ်ဖြင့် အနိုင်ရပြီးနောက်ပိုင်း မေ၀ယ်သာက ၎င်းမှာ ယခုနှစ်နှောင်းပိုင်းတွင် နောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်မည်ဟု ပြာကြားခဲ့ပြီး ၎င်း၏ ပြိုင်ဘက်မှာ မည်သူဖြစ်မည်နည်းဆိုသည့် ကောလဟာလများ ထွက်ပေါ်ခဲ့သည်။

    အမီးရ်ခန်းမှာ မေ၀ယ်သာအား ထပ်တလဲလဲစိန်ခေါ်ထာပြီး ခရစ် အလ်ဂီရီအား ပြီးခဲ့သည့်လက အမှတ်ဖြင့် အနိုင်ရခဲ့သည့်နောက်တွင် မေ၀ယ်သာ၏ နောက်ထပ်ပြိုင်ဘက်မှာ ၎င်းပင် ဖြစ်လိမ့်မည်ဟု ထင်ကြေးပေးခဲ့ကြသည်။

    သို့သော်လည်း စက်တင်ဘာတွင် မည်သူနှင့် ထိုးသတ်မည်နည်းဟု ESPN က မေ၀ယ်သားအား ယမန်နေ့က မေးမြန်းခဲ့ရာတွင် ၎င်းက “အန်ဒရီ ဘာတို ဒါမှမဟုတ် ကရင်မ်မေဖီးလ်နဲ့ စက်တင်ဘာမှာ ထိုးသတ်မှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။ အမှန်တစ်ကယ်ပြောခြင်း ဟုတ်မဟုတ် ထပ်မံမေးမြန်းခဲ့ရာ ၎င်းက လုံးဝဖြစ်မည်ဟု ဆိုသည်။

    စနေနေ့က လက်ဝှေ့ပွဲတစ်ခုအပြီးတွင်လည်း မေ၀ယ်သာက အမီးရ်ခန်းနှင့် ထိုးသတ်မှုမှာ မဖြစ်နိုင်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    အန်ဒရီဘာတိုမှာ ဟေတီ-အမေရိကန်ဖြစ်ပြီး အသက် ၃၁ နှစ်အရွယ်ရှိကာ WBA တွင် အဆင့် ၁ နေရာကို ရယူထားသည်။ ထို့ပြင် ယခင် ၀ယ်သာဝိတ်ချန်ပီယံ ၂ ကြိမ်လည်း ဖြစ်ခဲ့ဖူးသည်။

    အသက် ၃၄ နှစ်အရွယ် အမေရိကန် လက်ဝှေ့သမား ကရင်မ် ရရှီးဒ် မေဖီးလ်မှာ ၀ယ်သာဝိတ်တန်းတွင် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဖြစ်ပြီး နောက်ဆုံး ၃ ပွဲတွင် ၂ ပွဲရှုံးနိမ့်ထားသည်။

    Ref: Dailymail

  • ဟဲဗီးဝိတ်ချန်ပီယံလုပွဲကြီးကို အာဆင်နယ်အသင်း၏ အီမရိတ်တွင် ကျင်းပမည်

    ဟဲဗီးဝိတ်ချန်ပီယံလုပွဲကြီးကို အာဆင်နယ်အသင်း၏ အီမရိတ်တွင် ကျင်းပမည်

    ဇွန် ၁၆၊ ၂၀၁၅
    M-Media

    eimarate

    – ယူးကရိန်းနိုင်ငံသား လက်ရှိ ဟဲဗီးဝိတ်ချန်ပီယံ ၀လာဒီမီရ် ကလစ်ရှ်ကိုနှင့် စိန်ခေါ်သူ ဗြိတိန်လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီတို့၏ ချန်ပီယံလုပွဲကြီးကို အာဆင်နယ်အသင်း၏ အီမရိတ်ကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဟု ပွဲစီစဉ်သူ ဖရန့်ဝါရန်က ပြောကြားလိုက်သည်။

    ၎င်းတို့၏ ပွဲအား ပြုလုပ်ရန်အတွက် ချယ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းနှင့် အာဆင်နယ်၏ အီမရိတ်ကွင်းတို့ကို စောစောပိုင်းက လျာထားသော်လည်း ချယ်ဆီးက နှုတ်ထွက်သွားသောကြောင့် အီမရိတ်တွင် ကျင်းပခွင့်ရခဲ့ခြင်း ဖြစ်သည်။

    ထိုးသတ်မည့်ရက်အတွက် ကလစ်ရှ်ကို၏အသင်းမှာ ဂျာမနီနိုင်ငံတွင် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ၀ါရန်ကမူ စက်တင်ဘာ ၅ ရက် စနေနေ့တွင် ကျင်းပမည်ဟု ပြောကြားခဲ့သည်။

    ထိုနေ့မှာ အင်္ဂလန်၏ နိုင်ငံတကာပွဲကစားမည့် သီတင်းပတ်ဖြစ်သောကြောင့် ပရီမီးယားလိဂ်ပြိုင်ပွဲ အနားပေးမည့်ရက်နှင့်လည်း သွားရောက်တိုက်ဆိုင်နေသည်။ ထိုးသတ်ပွဲအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီး ကလစ်ရှ်ကိုကမူ ၀င်ငွေ ၈၀ ရာခိုင်နှုန်း ရရှိဖွယ်ရှိနေသည်။

    အဆိုပါထိုးသတ်ပွဲ ဖြစ်လာပါက ဗြိတိန်တွင် ၂၂ နှစ်အတွင်း အကြီးဆုံး ဟီဗီးဝိတ်ထိုးသတ်ပွဲကြီး ဖြစ်လာမည်ဖြစ်သည်။

    Ref: Dailymail

  • ဟဲဗီဝိတ်ချန်ပီယံလုပွဲကြီးကို ချယ်ဆီးကွင်းတွင် ကျင်းပရန် ရှိနေ

    ဟဲဗီဝိတ်ချန်ပီယံလုပွဲကြီးကို ချယ်ဆီးကွင်းတွင် ကျင်းပရန် ရှိနေ

    ဇွန် ၁၁၊ ၂၀၁၅
    M-Media

    tyson
    ပုံ – တိုင်ဆန်ဖျူရီ (ညာ) ကို ပြိုင်ဘက်တစ်ဦးနှင့်အတူ တွေ့ရစဉ်

    – ဟဲဗီးဝိတ် လက်ရှိချိန်ပီယံ ၀လာဒီမီရ် ကလစ်ရှ်ကိုနှင့် တိုင်ဆန်ဖျူရီတို့၏ ချန်ပီယံလုပွဲကြီးကို ချယ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ကျင်းပရန် ချယ်ဆီးတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    အဆိုပါပြိုင်ပွဲကို ယခုနှစ် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာတွင် ထိုးသတ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီး အကယ်၍ စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ထိုးသတ်ဖြစ်ပါက ချယ်ဆီးနည်းပြ မော်ရင်ဟိုအတွက် ခေါင်းကိုက်စရာ ဖြစ်လာမည်ဖြစ်သည်။

    ပြိုင်ပွဲကျင်းပရန်နေရာအတွက် အာဆင်နယ်အသင်း၏ အီမရိတ်ကွင်းမှာလည်း လျာထားမှုတွင် ရှိနေပြီး အကယ် အဆိုပါထိုးသတ်ပွဲ အင်္ဂလန်မြေပေါ်၌ ဖြစ်လာခဲ့ပါက ၂၂ နှစ်အတွင်း ဗြိတိန်တွင် အကြီးဆုံး ဟဲဗီးဝိတ် ထိုးသတ်ပွဲကြီးလည်း ဖြစ်လာမည်ဖြစ်သည်။

    ထိုပွဲအတွက် စီစဉ်နေသူများ၏ အဆိုအရ ချယ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပိုအလားအလာရှိသော နေရာဖြစ်နေသည်ဟု ဆိုသည်။

    ထိုးသတ်မည့်အချိန်မှာ ချန်ပီယံလိဂ်အုပ်စုပွဲများ ကစားမည့်အချိန် ဖြစ်နေပြီး ချယ်ဆီးအသင်းကမူ မြက်ခင်းကိုဖုံးကာ ပြိုင်ပွဲကျင်းပခြင်းဖြင့် မည်သည့် သက်ရောက်မှုရှိလာနိုင်သည်ကို လေ့ကျင့်ရေးကွင်းတွင် စမ်းသပ်နေသည်ဟု ရင်းမြစ်တစ်ခုမှ ပြောကြားခဲ့သည်။

    ယူကရိန်းနိုင်ငံသား ကလစ်ရှ်ကိုမှာ WBO၊ WBA နှင့် IBF ချန်ပီယံဘွဲ့များကို ဆွတ်ခူးထားပြီးအိုင်ယာလန်နိုင်ငံသား ဖျူရီမှာ အဓိကစိန်ခေါ်သူ ဖြစ်သည်။ ပွဲဖြစ်မြောက်ရေးအတွက် ၎င်းတို့ ၂ ဦးကြား ဆွေးနွေးမှုမှာလည်း နှေးကွေးနေသည်။

    Ref: Dailymail

  • လက်ဝှေ့ကျော်မေ၀ယ်သာ The Best Ever ဆု ရရှိ

    လက်ဝှေ့ကျော်မေ၀ယ်သာ The Best Ever ဆု ရရှိ

    ဇွန် ၈၊ ၂၀၁၅
    M-Media

    may

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ကာလ်ဗာမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် Spike TV’s Guys Choice ဆုပေးပွဲတွင် လက်ဝှေ့ကျော် ဖလွိုက် မေ၀ယ်သာမှာ The Best Ever (ထာဝရအကောင်းဆုံး) ဆုကို ရရှိခဲ့သည်ဟု သိရသည်။

    WBC၊ WBO နှင့် WBA ၀ယ်သာဝိတ်ချန်ပီယံဘွဲ့များကို ဆွတ်ခူးရရှိထားပြီး ယခုအချိန်အထိ ရှုံးပွဲမရှိသည့် မေ၀ယ်သာအား ဂုဏ်ပြုသည့် အဆိုပါဆုကို ရုပ်ရှင်သရုပ်ဆောင် ရောဘတ် ဒီနီရိုက ပေးအပ်ခဲ့ခြင်းဖြစ်သည်။

    Spike ရုပ်သံလိုင်းမှာ ၂၀၀၇ ခုနှစ်မှစ၍ ပေးအပ်ချီးမြှင့်သည့် အဆိုပါဆုပေးပွဲ အခမ်းအနားတွင် ဆုပေါင်း ၁၁ ဆု ပါဝင်ခဲ့ပြီး ပရိတ်သတ်များ၊ ရုပ်သံကြည့်ရှုသူများ၏ မဲဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။

    ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကွီအိုအား အနိုင်ရရှိပြီးနောက် မေ၀ယ်သာက မိမိမှာ နောက်ဆုံးပွဲအဖြစ် ယခုနှစ် စက်တင်ဘာလတွင် ထိုးသတ်သွားမည်ဟု ကြေညာခဲ့သည်။

    ဗြိတိန်နာမည်ကြီး လက်ဝှေ့သမား အမီးရ်ခန်းကမူ မေ၀ယ်သာ၏ နောက်ဆုံးပြိုင်ဘက် ဖြစ်ချင်နေပြီး ထိုးသတ်ရန်လည်း အသင့်ရှိနေသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ပြောကြားခဲ့သည်။ ၎င်းနှစ်ဦး ထိုးသတ်ခွင့်ရမလားဆိုသည့်မှာ လာမည့် သီတင်း ၂ ပတ်အတွင်း အဖြေပေါ်လာဖွယ် ရှိနေသည်။

    Ref: Dialymail