News @ M-Media

Tag: China

  • အငြင်းပွားပိုင်နက်မှ တပ်များရုပ်သိမ်းရန် အိန္ဒိကို တရုတ် ထပ်မံသတိပေး

    အငြင်းပွားပိုင်နက်မှ တပ်များရုပ်သိမ်းရန် အိန္ဒိကို တရုတ် ထပ်မံသတိပေး

    ဇူလိုင် ၁၈၊ ၂၀၁၇
    M-Media

    – နှစ်နိုင်ငံတင်းမာမှုများကို ရှောင်ရှားလိုပါက ဟိမ၀န္တာတောင်တန်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသော ဒေသတွင် ချထားသည့် တပ်ဖွဲ့များကို ပြန်ရုပ်သိမ်းရန် တရုတ် အိန္ဒိယကို ထပ်မံ တိုက်တွန်းလိုက်သည်။

    တရုတ်၊ အိန္ဒိယနှင့် ဘူတန်တို့ ၃ နိုင်ငံဆုံရာ ဒွတ်ကလန် ကုန်းပြင်မြင့်နှင့် ပတ်သက်၍ ဘူတန်နှင့် တရုတ်တို့မှာ ပိုင်ဆိုင်မှု အငြင်းပွားနေပြီး အိန္ဒိယကမူ ဘူတန်ပိုင်နက်ဖြစ်သည်ဟု ပြောကြားထားသည်။

    အဆိုပါကုန်းပြင်မြင့်တွင် တရုတ်အဖွဲ့များက ဇွန်လ ၁၆ ရက်နေ့တွင် လမ်းတစ်ခု စတင်ဖောက်လုပ်သည့်အချိန် ဘူတန်က အိန္ဒိယကို အကူအညီတောင်းရာမှ ထိုနယ်စပ်သို့ အိန္ဒိယတပ်များ ရောက်လာပြီးနောက် တရုတ်နှင့် အိန္ဒိယတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

    ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ လူကန်က နယ်စပ်တွင် ရောက်နေသည့် ၎င်းတို့၏တပ်များကို ရုပ်သိမ်းရန် အိန္ဒိယကို တိုက်တွန်းခဲ့သည်။

    “အိန္ဒိယအနေနဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပြီး၊ တရားမ၀င် နယ်ကျော်လာတဲ့ အိန္ဒိယတပ်တွေ အိန္ဒိယဖက် ချက်ခြင်းပြန်ဆုတ်ပေးဖို့ ကျွန်တော်တို့ အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ” ဟု လူကန်က ပြောကြားခဲ့ကာ ပိုင်နက်အငြင်းပွားမှုအတွက် ဆွေးနွေးမှုမလုပ်ခင် အိန္ဒိယတပ်ဖွဲ့များအနေဖြင့် လုံးဝ ဆုတ်ပေးရမည်ဟုလည်း ဆိုသည်။

    အိန္ဒိယကမူ တရုတ်က ဖောက်လုပ်နေသည့် အဆိုပါလမ်းမှာ နိုင်ငံမြောက်ပိုင်း ပြည်နယ် ၇ ခုနှင့် ချိတ်ဆက်နေသည့် ဒေသသို့ ၀င်ရောက်ခွင့်ရမည် ဖြစ်သောကြောင့် လုံခြုံရေးကို ဆိုးဆိုးဝါးဝါး စိုးရိမ်စရာဖြစ်သည်ဟု သတိပေးခဲ့သည်။

    တရုတ်မှာ ဒွတ်ကလန် ကုန်းပြင်မြင့်နှင့် ကပ်နေသည့် တိဘက်တွင် တနင်္လာနေ့က ၁၁ နာရီကြာ ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး၊ အိန္ဒိယ၏လုပ်ရပ်ကို တုန့်ပြန်သောအနေဖြင့် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ တိဘက်ရှိ ကိုင်လက်ရှိတောင်ကို ရောက်ရှိနိုင်သော တောင်ကြားလမ်းကို ပိတ်ပစ်ခဲ့သည်။

    Ref: RT

  • တရုတ်ဒီမိုကရေစီအရေးလှုပ်ရှားသူ နိုဘယ်ဆုရှင် လျူရှောင်ဘို၏ ဈာပနကို အကျဉ်းရုံး ကျင်းပ

    တရုတ်ဒီမိုကရေစီအရေးလှုပ်ရှားသူ နိုဘယ်ဆုရှင် လျူရှောင်ဘို၏ ဈာပနကို အကျဉ်းရုံး ကျင်းပ

    ဇူလိုင် ၁၅၊ ၂၀၁၇
    M-Media

    လျူ၏ ဇနီးနှင့် ဆွေမျိုးများက ဂါရ၀ပြုနေစဉ်

    – အသည်းကင်ဆာရောဂါဖြင့် အင်္ဂါနေ့က ကွယ်လွန်သွားခဲ့သည့် တရုတ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လျူရှောင်ဘို၏ ဈာပနကို ယမန်နေ့က အကျဉ်းရုံးကျင်းပခဲ့ပြီး မီးသင်္ဂြီုဟ်ခဲ့သည်ဟု သိရသည်။

    နိုင်ငံ အရှေ့မြောက်ပိုင်း ရှန်းယန်မြို့တွင် ပြုလုပ်ခဲ့သည့် ဈာပနအခမ်းအနားသို့ လျူ၏ မိသားစုဝင်များနှင့် မိတ်ဆွေအနည်းငယ်သာ တက်ရောက်ခွင့်ရခဲ့ပြီး၊ မြူနီစီပယ် တာဝန်ရှိသူ ဇန် ချွင်ယန်က မိသားစု၏ ဆန္ဒ၊ ဒေသဓလေ့ထုံးစံများအတိုင်း လျူ၏ ရုပ်အလောင်းအား မီးသင်္ဂြီုဟ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    သုဿာန်ဇရပ်၌ အဖြူရောင်ပန်းများဖြင့် ၀န်းရံထားသော လျူ၏ ရုပ်လောင်းအရှေ့တွင် ဇနီး လျူရှားနှင့် သူမ၏မောင်၊ လျူရှောင်ဘို၏ ညီနှင့် လျူ၏ သူငယ်ချင်းများ ဂါရ၀ပြုနေသည့် ဓာတ်ပုံတစ်ပုံကို တရုတ်အစိုးရက ထုတ်ပြန်ခဲ့သည်။ ဈာပနအခမ်းအနားတွင် မိုးဇက်၏ Requiem သီချင်းအား ဖွင့်လှစ်ပေးခဲ့သည့်ဟ ဇန်ချွင်ယန်က ထည့်သွင်းပြောဆိုခဲ့သည်။

    ၁၉၈၉ ခုနှစ် Tiananmen ရင်ပြင်တွင် ဖြစ်ပွားခဲ့သည့် နာမည်ကျော် ဒီမိုကရေစီအရေး ဆန္ဒပြမှုနောက်ပိုင်း ထင်ရှားသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူ ဖြစ်လာသော လျူရှောင်ဘိုကို တရုတ်အစိုးရက ၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးကာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့သည်။

    အကျဉ်းထောင်ထဲတွင် အသည်းကင်ဆာရောဂါ ခံစားနေရသည့် လျူအား နိုင်ငံရပ်ခြားတွင် ဆေးကုခွင့်ပေးရန် တောင်းဆိုမှုများကို လစ်လျူရှုခဲ့သောကြောင့် တရုတ်အစိုးရမှာ နိုင်ငံတကာ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

    လျူ၏ဇနီး လျူရှားကိုလည်း မည်သည့်အပြစ်မှမရှိဘဲ တရုတ်အစိုးရက နှစ်များစွာ နေအိမ်အကျယ်ချုပ် ချထားသည်။

    Ref: Aljzeera

     

  • တရုတ်အစိုးရ၏ နှိပ်ကွပ်မှုခံရသူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘို ကွယ်လွန်

    တရုတ်အစိုးရ၏ နှိပ်ကွပ်မှုခံရသူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘို ကွယ်လွန်

    ဇူလိုင် ၁၃၊ ၂၀၁၇
    M-Media

    ဆေးရုံတွင်တွေ့ရသည့် လျူရှောင်ဘို

    – တရုတ်နိုင်ငံမှ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် တရုတ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည့် လျူရှောင်ဘိုမှာ ကွယ်လွန်သွားခဲ့ပြီဟု တရုတ်အာဏာပိုင်များက ကြေငြာလိုက်သည်။

    လျူမှာ နိုင်ငံအရှေ့မြောက်ပိုင်း ရှန်းယန်မြို့တွင် အသည်းကင်ဆာ နောက်ဆုံးအဆင့်ဖြင့် ဆေးကုသမှုခံယူနေရသူဖြစ်ပြီး ရှန်းယန် ဥပဒေရေးရာဗျူရိုက လျူ၏ ကိုယ်တွင်းအင်္ဂါများ မလုပ်မလုပ်တော့ဘဲ ၎င်းအား ကယ်တင်ရန် ကြိုးစားမှုမှာ မအောင်မြင်ခဲ့သည်ဟု ၎င်းတို့၏ ၀ဘ်စာမျက်နှာ၌ ယနေ့တွင် ဖော်ပြခဲ့သည်။

    အသက် ၆၁ နှစ်အရွယ်ရှိ လျူမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် တောင်းဆိုလွှာ ရေးသားမှုကို ကူညီခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ‘အစိုးရကို ပုန်ကန်ရန် လှုံ့ဆော်မှု’ ဖြင့် ထောင်ဒဏ် ၁၁ နှစ် ကျခံခဲ့ရသည်။ အသည်းကင်ဆာ နောက်ဆုံးအဆင့် ဖြစ်နေကြောင်းကို ပြီးခဲ့သည့် မေလတွင်မှ သိရှိခဲ့ရခြင်းဖြစ်သည်။

    လျူမှာ ၂၀၁၀ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့ပြီး ဆုတက်မယူနိုင်သည့် ၎င်း၏နေရာကို ထိုင်ခုံအလွတ် ထားရှိခဲ့သည်။ ရောဂါဆိုးရွားလာမှုကြောင့် လျူကို ထောင်မှနေ၍ ရှန်းယန်ရှိ ဆေးရုံကို မကြာသေးမီကမှ ပြောင်းရွှေ့ခဲ့သည်။

    လျူ၏ ကျန်းမာရေးအခြေအနေမှာ ဆိုးရွာသောကြောင့် နိုင်ငံရပ်ခြားတွင် ဆေးကုသခွင့်ပြုရန် နိုင်ငံတကာ၏ တောင်းဆိုမှုအား တရုတ်က လက်မခံဘဲ ပယ်ချခဲ့သည်။

    Ref: Aljazeera

  • တရုတ်၏ ပထမဆုံး ပြည်ပစစ်စခန်းအတွက် တပ်ဖွဲ့ဝင်များ ထွက်ခွာ

    တရုတ်၏ ပထမဆုံး ပြည်ပစစ်စခန်းအတွက် တပ်ဖွဲ့ဝင်များ ထွက်ခွာ

    ဇူလိုင် ၁၂၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံ၏ ပထမဆုံး စစ်အခြေစိုက်စခန်းအတွက် တပ်ဖွဲ့ဝင်များမှာ စစ်သင်္ဘောဖြင့် အာဖရိကဦးချိုဒေသ ဒီဘောက်တီနိုင်သို့ စတင်ထွက်ခွာသွားခဲ့ပြီဟု သိရသည်။

    ဒီဘောက်တီတွင် ၂၀၂၆ ခုနှစ်အထိ တပ်ဖွဲ့ဝင်တစ်သောင်း တည်ရှိရန် တရုတ်က သဘောတူညီချက် ရရှိထားသည်ဟု The Diplomat မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ တရုတ်တပ်ဖွဲ့များကို တင်ဆောင်သွားသော သင်္ဘောမှာ ယမန်နေ့က နိုင်ငံတောင်ပိုင်း ဇန်ဂျန်းမြို့မှ ထွက်ခွာသွားခြင်း ဖြစ်သည်။

    အိန္ဒိယသမုဒ္ဒရာ၏ အနောက်မြောက်ဖက်တွင် ရှိနေသည့် ဒီဘောက်တီနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာတို့ ပါဝင်သည့် တရုတ်၏ ပုလဲကုံး စစ်ဖက်ဆိုင်ရာ မဟာမိတ်ဗျူဟာ၏ နောက်ထပ်အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာမည်ကို အိန္ဒိယ စိုးရိမ်မှုများ ရှိနေသည်။

    တရုတ်မှာ ဒီဘောက်တီတွင် ပြီးခဲ့သည့် နှစ်ကတည်းက စစ်အခြေစိုက်စခန်းကို ဆောက်လုပ်နေခြင်းဖြစ်ပြီး ယီမင်နှင့် ဆိုမာလီယာ ကမ်းလွန်တွင် ဆောင်ရွက်နေသည့် ငြိမ်းချမ်းမှုထိန်းသိမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်နေသော တရုတ်စစ်သင်္ဘောများအား ထောက်ပံ့ပေးရန် အသုံးပြုမည်ဖြစ်သည်။

    တရုတ်နိုင်ငံက အဆိုပါ စခန်းကို ပို့ဆောင်ရေးအတွက်သာ အသုံးပြုမည်ဟု ပြောကြားထားသော်လည်း ထိုစခန်းမှာ တရုတ်၏ ပထမဆုံး ပြည်စစ်အခြေစိုက်စခန်း ဖြစ်လာမည်ဖြစ်သည်။ သို့သော်လည်း မည်သည့်အချိန်တွင် စတင်လည်ပတ်မည်ဆိုသည်ကို သိရှိရခြင်း မရှိသေးပေ။

    Ref: Aljazeera

  • ဟောင်ကောင်၏ ပြည်မကြီးမခွဲထွက်ရန် ကြိုးစားမှုကို တရုတ်သမ္မတ ပြင်းပြင်းထန်ထန် သတိပေး

    ဟောင်ကောင်၏ ပြည်မကြီးမခွဲထွက်ရန် ကြိုးစားမှုကို တရုတ်သမ္မတ ပြင်းပြင်းထန်ထန် သတိပေး

    ဇူလိုင် ၁၊ ၂၀၁၇
    M-Media

    – တရုတ်ပြည်မကြီးမှ ခွဲထွက်ရေး မည်သည့်လှုပ်ရှားမှုကိုမှ သည်းခံမည်မဟုတ်ဘဲ ထိုသို့ ဆောင်ရွက်ခြင်းမှာ စည်းဖောက်ခြင်းဖြစ်သည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ဟောင်ကောင်အား ယနေ့တွင် သတိပေးလိုက်သည်။

    ဟောင်ကောင်ကို ဗြိတိန်က တရုတ်လက်ထဲသို့ ပြန်လည်အပ်နှံသည့် နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ဟောင်ကောင်ခေါင်းဆောင်သစ် ကာရီလမ် ကျမ်းသစ္စာကျိန်ဆိုသော အခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ‘ဟောင်ကောင်လွတ်လပ်ရေး’ ကြိုးပမ်းမှုများကို ဟောင်ကောင်အစိုးရက နှိမ်နှင်းသင့်သည်ဟုလည်း ဆိုသည်။

    “တရုတ်နိုင်ငံရဲ့ အချုပ်အခြာနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့၊ ဗဟိုအစိုးရကို စိန်ခေါ်မယ့်၊ ပြည်မကြီးကို ပူးသတ်မယ့်၊ အဖျက်သဘောဆောင်တဲ့ လုပ်ရပ်တွေ ဆောင်ရွက်ဖို့ ဟောင်ကောင်ကို အသုံးချမယ့် ဘယ်လို ကြိုးပမ်းမှုမျိုးမဆို စည်းဖောက်တဲ့လုပ်ရပ်ဖြစ်ပြီး လုံးဝ ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

    ဟောင်ကောင်တွင် ယနေ့ပြုလုပ်ခဲ့သည့် ခေါင်းဆောင်သစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို လုံခြုံရေးထူထပ်စွာဖြင့် ဆောင်ရွက်ခဲ့သော်လည်း အခမ်းအနားကျင်းပသည့် နေရာအနီးတွင် လွတ်လပ်ရေး လိုလားသူများနှင့် တရုတ်လိုလားသူ ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

    ဟောင်ကောင်ပြည်သူများမှာ ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံမှ လွတ်လပ်ရေးယူကာ ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေရေး ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

    ရှီကျင့်ဖျင်ကမူ ဟောင်ကောင်က လက်ရရှိနေသော လွတ်လပ်မှုမှာ မည်သည့်အချိန်ခါနှင့်မှ မတူကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

    Ref: BBC