News @ M-Media
Tag: featured
  • ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အမှတ်တရ စာစဉ် အခမ်းအနားတွင် အခမဲ့ဝေမည်။
    ဇန်နဝါရီ ၁၉ ၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနားကို (၂၀-၁-၂၀၁၃)ရက်နေ့၊ညနေ(၃း၀၀)နာရီမှာ ရန်ကုန်မြို့၊ဆိပ်ကမ်းသာ လမ်းရှိ The Strand Hotelမှာ စည်းကားသိုက်မြိုက်စွာကျင်းမှာဖြစ်ပါတယ် ။ ဆရာ ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင် ရေးခဲ့တဲ့ စံပယ်ကြူ ပန်ချင်သူကောက်မြဲ စာအုပ် အမှတ်တရ စာစဉ် ကို အခမ်းနား တက်ရောက်လာသူများကို အခမ်းအနားမှာ ဝေငှမှာဖြစ်ပါတယ်။ ဦးရာဇတ်ပုံ အထိမ်းအမှတ် ရင်ထိုးလဲ မေတ္တာလက်ဆောင်ပေးမည် သိရပါတယ်။ အခမ်းအနားမှာ Skynet ရုပ်မြင်သံကြားမှ လာရောက် ရိုက်ကူးမှာ ဖြစ်ပါတယ်။ စန္ဒယား မောင်လှအေး အဖွဲ့နဲ့ တေးသံရှင် ရန်ပိုင်စိုး၊ ခင်ညွန့်ရည်၊ စိုးစန္ဒာထွန်းစတဲ့ အဆိုတော်များက အမျိုးသားရေး တေးသီချင်းများ သီဆို ဧည့်ခံမှာ ဖြစ်ပါတယ်။ ကိုသူရ ရိုက်ကူးတဲ့ ဗီဒီယို(၁၀)မိနစ်စာခန့် ဇာတ်လမ်းတိုလည်း ပြသမယ်လို့ သိရပါတယ်။ အဆိုပါ အမှတ်တရ စာစဉ်တွင် အောက်ဖော်ပြကဏ္ဍများပါဝင်မည် ဖြစ်ကြောင်းလဲ သိရှိရပါတယ်။
    sapal kyu lin
    • – ဗိုလ်ချုပ်အောင်ဆန်း၏အတ္ထုပ္ပတ္တိအကျဉ်း
    • – သခင်မြ၏အတ္ထုပ္ပတ္တိအကျဉ်း
    • – ဒီးဒုတ်ဦးဘချို၏အတ္ထုပ္ပတ္တိအကျဉ်း
    • – ဦးရာဇတ်၏အတ္ထုပ္ပတ္တိအကျဉ်း
    • – မန်းဘခိုင်၏အတ္ထုပ္ပတ္တိအကျဉ်း
    • – မိုင်းပွန်စောဘွားကြီးစပ်စံထွန်း၏အတ္ထုပ္ပတ္တိအကျဉ်း
    • – ဦးဘ၀င်း၏အတ္ထုပ္ပတ္တိအကျဉ်း
    • – ဦးအုန်းမောင်၏အတ္ထုပ္ပတ္တိအကျဉ်း
    • – ရဲဘော်ကိုထွေး၏အတ္ထုပ္ပတ္တိအကျဉ်း
    • – လူထုဒေါ်အမာ၏အမှာ
    • – စာရေးသူ(၀မ်းအိုဝမ်း-ကျော်ဝင်းမောင်)၏အမှာ စံပယ်ကြူလျှင် ပန်ချင်သူကောက်မြဲ
    • – ဆရာကြီးဦးရာဇတ်၏ထူးခြားတဲ့ဝိသေသများ
    • – ပါဠိနဲ့အင်္ဂလိပ်ဘာသာမှာစွယ်စုံတော်သူ
    • – ဗုဒ္ဓဘာသာမှာ ၀င်ဆန့်တဲ့သူ
    • – နေရှင်နယ်ကျောင်းဆရာ
    • – တို့ကျောင်းက ငြိမ်းချမ်းရိပ်သာ
    • – လွတ်လပ်ရေးရချင်လျှင် အင်္ဂလိပ်စာသင်
    • – နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်မွေးပေးသူ
    • – ဘုရားမရှိခိုးလျှင် ကြိမ်စာပဲ
    • – လူမှုရေးတာဝန်တွေကိုလည်း တာဝန်ယူခဲ့ခြင်း
    • – ပြောင်မြောက်တဲ့ နိုင်ငံရေးအမြင်
    • – ကျောင်းသားအရေးတော်ပုံမှ ပြည်သူ့အရေးတော်ပုံ
    • – ဂျပန်အကျဉ်းသမား
    • – တိုင်းပြည်အတွက် သေချင်သေပါစေတဲ့
    • – မန္တလေးခရိုင် ဖဆပလဥက္ကဋ္ဌအတွက် သံဃာတော်များက ဆန္ဒပေးခြင်း
    • – အစ္စလာမ့်လမ်းစဉ်နဲ့အညီ
    • – သံဃာတော်၊ဆရာတော်များရဲ့ ဆန္ဒနဲ့အညီ ၀န်ကြီးဖြစ်လာခြင်း
    • – ပြည်မြို့မှ အတုယူစရာတစ်ခု
    • – သမိုင်းအစဉ်အလာရှိခဲ့တဲ့ ဗမာမွတ်စ်လင်မ်များ
    • – ထမ်းပိုးနှစ်ထပ်အောက်က မျိုးနွယ်
    • – စံပြ ဆရာကြီး ဦးရာဇတ်
    • – အစ္စလာမ့်အ၀တ်အစားရယ်လို့မရှိ
    • – (၁၉၄၁)ခုနှစ်၊မေလ(၄)ရက်၊ယင်းတော်မြို့၌ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာဗမာမွတ်စ်လင်မ်ကွန်ဖရင့်(ဒုတိယ)တွင် ဆရာကြီးဦးရာဇတ် မိန့်ကြားခဲ့သော သဘာပတိမိန့်ခွန်း
  • ဘယ်ခေတ်မှ မရှိဘူးသည့် ပုံစံမျိုးဖြင့် ကရင်ပြည်သူများ နိုင်ငံသား အခွင့်အရေး ချိုးဖောက်ခံနေရ
    ဇန်နဝါရီ ၁၂၊ ၂၀၁၃
    M-Media
    နေသစ်ထွန်း
    ဒီမိုကရေစီစနစ်သစ်သို့ တက်လှမ်းနေသော မြန်မာနိုင်ငံတွင်  နိုင်ငံသားအခွင့်အရေး  လူ့အခွင့်အရေး ယခင်က ထက် ပိုမို ရရှိလာသည့် အချိန်ကာလဖြစ်သော်လည်း ကရင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များသည် ခေတ်အဆက် ဆက်ကပင် မရှိခဲ့သည့် ပုံစံမျိုးဖြင့် နိုင်ငံသားအခွင့်အရေး ၊ လူ့အခွင့်အရေး တို့ ချိုးဖောက်ခံနေ ရသည့်အပြင် ဈေးကွက်စီးပွားရေး စနစ် နှင့်အညီ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားခွင့်မရှိ ပိတ်ပင်ခံရသည်။
    ဘာသာ၊ သာသနာကိုကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် ဘုန်းကြီးတစ်ချို့သည် ကရင်လူမျိုး ဗုဒ္ဓဘာသာဝင်များ၏ နိုင်ငံသားအခွင့်အရေး၊ ကိုချိုးဖောက် လာကြသလို နိုင်ငံတော်မှ ကျင့်သုံးနေသော ဈေးကွက် စီးပွားရေးစနစ်ကိုပင် ကျင့်သုံးခွင့်မရှိအောင် လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားမှုကို တားမြစ် လာကြသည်။
    pahan
    ဘာသာမ တူသူများနှင့် စီးပွားရေး၊ လူမှုရေး အရ ဆက်ဆံခြင်းမပြုရန် ၊ အိမ်ခြေရောင်းဝယ်ခြင်းမပြုရန် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာ တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ၁၀.၉.၂၀၁၂ နေ့တွင် စည်းကမ်းချက် လေးချက်ပါသော ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီး အမှတ်(၈၁) ဂလိုဘယ်ပို့စ် ဂျာနယ်မှ ယင်းသတင်းကို အောက်တိုဘာ (၁၉)ရက်နေ့၊ ၂၀၁၂ နေ့တွင် မျက်နှာ ဖုံး သတင်းအဖြစ် ဖေါ်ပြခဲ့သည်။
    ဘားအံမြို့ မဲဘောင် ကျောင်း တိုက်တွင် ၁.၁၂.၂၀၁၂ ပြုလုပ်သော ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က အစည်း အဝေးမှ  ခွင့်ပြုလာလ ကုန်ဆုံး ပြီး ပြစ်ဒဏ်ပေးမည့် ကာလ ရောက်ရှိလာ၍ ဗုဒ္ဓဘာသာဝင်များထံ သတိပေးနှိုးဆော်လွှာ ထုတ်ပြန်ခဲ့သည်။ ယင်းသတိပေးနှိုးဆော်လွှာတွင် ဘာသာခြားဆိုင်များသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀  ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည် ဟု ဖော်ပြထားသည်။
    Pa Aan_ Kayin_State
    ဘာသာခြားဆိုင်မျာသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀ ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည်
    မဲဘောင်ကျောင်းတိုက်၏ ထုတ်ပြန်ချက်ကြောင့် ကရင်လူမျိုး ဗုဒ္ဓဘာသာများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁) နိုင်ငံတော်အခြေခံမူများ အပိုဒ် (၃၅) တွင်ပြဌာန်းထားသော ဈေးကွက် စီးပွားရေးစနစ်ကို လွတ်လပ်စွာ ကျင့်သုံးနိုင်ရန် အခက်အခဲဖြစ်လာခဲ့သည်။
    “ ဘာသာခြားတွေနဲ့ စီးပွားရေး မလုပ်ဖို့ တခါမှ တားမြစ်တာ မကြုံဖူးဘူး။  ဒီလိုကြေညာလိုက်တော့ မွတ်စလင် တွေကို လည်းဈေးမရောင်းရဲ ၊ မွတ်စလင်တွေဆီကလည်း ဈေးမ၀ယ်ရဲ ဘူး။ ဒဏ်ရိုက်ခံထိမှာ စိုးတယ် ” ဟု ဘားအံမြို့ရှိ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါသည်။
    ယင်းသို့ ထုတ်ပြန်ချက်ကြောင့် ဘားအံမြို့၊ လှိုင်းဘွဲ့ ၊ ကော့ကရိတ်၊ ကျုံဒိုး မြို့များတွင် အရောင်းအ၀ယ် သိသိသာသာ ကျဆင်းခဲ့ရပြီး ကျေးလက်နေ ကရင်လူမျိုးများ မြို့တက်ဈေးဝယ်မှု နည်းပါးခဲ့ရသည်။
    “မြ၀တီလမ်းမှာ အဖမ်းအဆီးရှိတာရော၊ မွတ်စလင်နဲ့ ဈေးရောင်းဝယ်လုပ်ရင် ဒဏ်ရိုက်မယ်လို့ ကြေငြာလိုက်တာရော ၊အဲဒါတွေကြောင့် ဈေးရောင်းဝယ်မကောင်းဘူး” ဟု ကျုံဒိုးမြို့ရှိ ဈေးသည် တစ်ဦး က ပြောပါ သည်။
    နိုင်ငံတော် အစိုးရသည် ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု ၊ စီးပွားရေး လုပ်ကိုင်မှု များနှင့် ပတ်သက်၍ ဘာသာ၊ လူမျိုးမခွဲခြားပဲ နိုင်ငံသားတိုင်း တူညီသော အခွင့်အရေးရရှိစေရမည် ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) အပိုဒ် ၃၄၉ အပိုဒ်ခွဲ (ဂ)နှင့် (ဃ) တွင် ပြဌာန်းထားသော်လည်း ကရင်လူမျိုး ဗုဒ္ဓ ဘာသာဝင် အချို့ သည် မိမိလိုအပ်သော ပစ္စည်းများကို ဘာသာခြားထံမှ ၀ယ်ယူရန် ကြောက်ရွံ့ နေကြသည်။
    “ဘာသာခြားဆီက ဈေးဝယ်ရင် ဒဏ်ငွေရိုက်မယ်ဆိုတော့ ရဲကပဲရိုက်မလား၊ ဘုန်းကြီးကပဲရိုက်မလား တော့ အသေအချာမ သိဘူး။ ဒါပေမယ့် ဘာသာခြားဆီမှာတော့ ဈေးမ၀ယ်ရဲဘူး” ဟု နဘူးရွာမှာ ကရင်အမျိုးသမီး ကြီးက ပြောပါသည်။
    ဤသို့သော ဘာသာရေးပဋိပက္ခဖြစ်ပွားစေရန် လှုံဆော်မှုများကြောင့် ကရင်ပြည်နယ် ငြိမ်းချမ်းရေး ထိခိုက်လာ မည်ကို ကရင်ပြည်သူများ အထူးစိုးရိမ်နေကြသည်။
    “ကျွန်တော်တို့ ကရင်ပြည်နယ် ဟာ လွတ်လပ်ရေး နောက်ပိုင်း ကတည်းက မငြိမ်းချမ်းခဲ့တာ ဆယ်စုနှစ်နဲ့ ချီကြာခဲ့ပါပြီ။ အခု ကေအန်ယူနဲ့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့လို့ အရင်ကနဲ့ မတူပဲ ငြိမ်းချမ်းလာ ခဲ့ပါတယ်။ ကျွန်တော် တို့တတွေ ၀မ်းသာနေခဲ့ကြပါတယ်။ ဒါပေမယ့် ဒီငြိမ်းချမ်းရေးရရုံရှိသေး ဘာသာ၊ သာသနာ ကာ ကွယ်ရေးလို့ ဆိုပြီး တည်ငြိမ်မှု ပျက်ပြားအောင် အစ္စလာမ် ဘာသာကို တိုက်ခိုက် တဲ့ စာရွက်တွေ၊ ဒီဗွီဒီ အခွေ တွေ ပျံ့နှံလာခဲ့ပါတယ်။ ဘာသာရေး မှိုင်းတိုက်တာတွေ များပြားလာခဲ့ပါတယ်။ ဒီကနေ ဘာသာဝင်တွေ အ ချင်းချင်း နားလည်မှု လွဲပြီး ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာမှာ စိုးပါတယ်” ရန်ကုန်မြို့သို့ ရောက်ရှိနေသူ ကရင်လူငယ် ကျောင်းသားတစ်ဦးက ပြောပါသည်။
    ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးစနစ် ကိုလည်းကောင်း၊ နိုင်ငံသား အခွင့် အရေး ကို လည်းကောင်း ကို မြန်မာနိုင်ငံအနှံ အပြားက လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံတို့  ယခင် ကထက် ရရှိခံစားနေကြ သော်လည်း ဘာသာရေး မုန်းတီးမှု ဖြန့်ချီနေကြသော ဘုန်းကြီးအချို့၏ ထုတ်ပြန် ချက်ကြောင့် ကရင်ပြည်နယ်ရှိ ဗုဒ္ဓ ဘာသာဝင်များ သည် ယင်းအခွင့်အရေးကို လက်လွတ် ဆုံးရှုံးနေပါသည်။
  • ရိုဟင်ဂျာများအတွက် ရေရှည်ထောက်ပံ့မှု လိုအပ်ကြောင်း အင်ဒိုနီးရှားပြော
    ဇန်နဝါရီ ၉ ၊ ၂၀၁၃
    Marty Natalegawa, Thein Htay
    အင်ဒိုနိုင်ငံခြားဝန်ကြီး ရခိုင်ပြည်နယ် မောင်တောမြို့ ရောက်ရှိစဉ် (AP Photo/Khin Maung Win)
    မကြာမီကဖြစ်ပွားခဲ့သည့် အစွန်းရောက်တိုက်ခိုက်မှုများကို ခံခဲ့ရသည့်မြန်မာနိုင်ငံအနောက်ပိုင်းရှိ လူနည်းစု ရိုဟင်ဂျာများအတွက် ရေရှည်ထောက်ပံ့မှု လိုအပ်လျက်ရှိကြောင်း ထိုဒေသသို့ သွားရောက်ခဲ့သည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ပြောလိုက်သည်။
    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက မိမိတို့သည် အရေးပေါ်အကူအညီများထက် ကျော်လွန်သော အကူအညီများ မြန်မြန် ဆန်ဆန်ပေးရမည်ဖြစ်ကြောင်း၊ ပြသနာဖြစ်ပွားခဲ့သော နေရာတွင် ရှိနေကြသည့် ပြည်သူများသည် မူလအခြေအနေသို့ပြန်ရောက်ရန် မျှော်လင့်နေကြကြောင်း၊ သူတို့ ၏လိုအပ်ချက်မှာ စိုက်ပျိုးရန် မျိုးစေ့များ လိုအပ်လျက်ရှိနေကြောင်း ပြောသည်။
    နိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါသည် ပြီးခဲ့သော တနင်္လာနေ့က မြန်မာနိုင်ငံ ရခိုင်ဒေသရှိ လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု ရိုဟင်ဂျာများအကြား ယမန်နှစ်က ပဋိပက္ခ ဖြစ်ပွားခဲ့ကြသည့် နေရာများသို့ သွားရောက်ခဲ့သည်။ မျက်မြင်တွေ့ခဲ့သော အခြေအနေကို နာတာလီဂါဝါက သုံးသပ်ရာတွင် အသိုင်းအ၀ိုင်း နှစ်ခုကြားတွင် ယုံကြည်မှု ပျက်ပြားနေဆဲဖြစ်ကြောင်း ပြောသည်။
    အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် မွတ်စလင် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး လူသားချင်းစာနာထောက်ထား သော အားဖြင့် ရိုဟင်ဂျာတို့အား ဒေါ်လာ တစ်သန်းထောက်ပံ့ရန် ကတိပြုခဲ့သည်။ အင်ဒိုနီးရှားသည် မြန်မာအား ကူညီရန် အဆင်သင့်ရှိကြောင်း၊ လူမျိုးစုပဋိပက္ခများကို ဖြေရှင်းခဲ့သည့် အတွေ့အကြုံ များကိုလည်း မျှဝေရန်အသင့်ရှိကြောင်း ၀န်ကြီးကပြောသည်။ မြန်မာအာဏာပိုင်များသည် မိမိတို့အား ဖိတ်ခေါ်ကာ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ ကြည့်စေခြင်းဖြင့် အခြားတိုင်းပြည်များ၏ ရရှိခဲ့ပြီးသော သင်ခန်းစာများမှ အကျိုးအမြတ်များကို ရယူခံစား လိုကြောင်း ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း နာတာလီဂါဝါကပြောသည်။
    Source. DPA
  • မြန်မာပြည်က လူမျိုးရေး အကြမ်းဖက်မှုများအပေါ် ကမ္ဘာ ဗုဒ္ဓဘာသာ ခေါင်းဆောင်များရဲ့ တုံ့ပြန်မှု့
    မြန်မာပြည်က လူမျိုးရေး အကြမ်းဖက်မှုများအပေါ် ကမ္ဘာ ဗုဒ္ဓဘာသာ ခေါင်းဆောင်များရဲ့ တုံ့ပြန်မှု့
    ဒီဇင်ဘာ ၅ ၊၂၀၁၂
    http://www.tricycle.com/
    “ကမ္ဘာ့နိုင်ငံ အသီးသီးက ဗုဒ္ဓဘာသာ အကြီးအကဲများဖြစ်တဲ့ မိမိတို့အနေနဲ့ လက်ရှိမြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပဋိပက္ခပြဿနာများအတွက် စာနာမှုနဲ့ အတူ မေတ္တာ ပို့သလိုက်ပါတယ်။”
    မိမိတို့အနေနဲ့ လက်ရှိ မြန်မာနိုင်ငံဟာ ကောင်းမြတ်တဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဆက်တိုက် သိသိသာသာ ဖြစ်ပေါ်တိုးတက်နေတာနဲ့အတူ ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင်တွေရဲ့ ဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခတွေ အကြမ်းဖက်မှုတွေကို ၀မ်းနည်းစွာတွေ့မြင်နေရပါတယ်။
    မိမိတို့အနေနဲ့ ပြည်သူများဟာခေတ် အဆက်ဆက် အလွန်သန့်စင်မွန်မြတ်တဲ့ ဗုဒ္ဓတရားဓမ္မကို လေးလေးနက်နက် ကျင့်သုံးလိုက်နာနေထိုင်ခဲ့ကြတဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ လူမျိုးများ ဖြစ်တယ်ဆိုတာ ကောင်းစွာသိရှိကြပါတယ်။
    ဒါကြောင့် မြတ်စွာဘုရားရဲ့ အဓိကအကျဆုံးတရားတော်များဖြစ်တဲ့ အကြမ်းမဖက်ခြင်း၊ အပြန်အလှန်လေးစားခြင်း စတဲ့ တရာတော်များအတိုင်း ကျင့်သုံး လိုက်နာခြင်းဖြင့် မြန်မာပြည်သားများ ကောင်းကျိုးချမ်းသာ ရနိုင်ကြပါစေလို့ မိမိတို့က အလေးအနက် ဆန္ဒပြုလိုက်ပါတယ်။
    မြတ်စွာဘုရားဟာ သတ္တ၀ါများကို ညှဉ်းဆဲခြင်း၊ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ရမယ်ဆိုတဲ့ သီလတရားတော်မြတ်ကို ဟောကြားပေးခဲ့ပါတယ်။
    သတ္တ၀ါတိုင်းအပေါ် ကရုဏာတရားနဲ့ စောင့်ရှောက်ရမယ်ဆိုတဲ့ တရားကိုဟောကြားခဲ့ပါတယ်။ လူတိုင်းကို ဘယ်လိုပင် အမျိုးဇာတိ၊ ဘာသာအယူဝါဒ ဂိုဏ်းဂဏ ကွဲပြားသူကိုမဆို အဆင့်အတန်း အယုတ်အလတ် မခွဲခြားပဲ တန်းတူညီတူ လေးလေးစားစား ဆက်ဆံဖို့ဟောကြားခဲ့ပါတယ်။
    ကျွန်ုပ်တို့အနေနဲ့ မြန်မာပြည်သူများနဲ့အတူတူ မွန်မြတ်တဲ့ တရားတော်များ အတွက် ရဲရဲရင့်ရင့် ရပ်တည်လျက် ရှိပါတယ်။
    နောက်ဆုံး မွတ်စလင်မ်များကဖြစ်စေ၊ အခြား တိုင်းရင်းသားများကဖြစ်စေ၊ ကမ္ဘာပေါ်က မည်သည့် ရက်စက်တတ်သူတွေကဖြစ်စေ အကြမ်းဖက်လာခဲ့လျှင်သော်မှ မွန်မြတ်လှတဲ့ ဒီဗုဒ္ဓ တရားတော်များ အတိုင်းပဲ ရပ်တည်လျက် ရှိပါတယ်။
    ဒီဓမ္မလမ်းကြောင်းအတိုင်း ရပ်တည်ခြင်း တစ်လမ်းသာလျှင်မြန်မာပြည်သူများ အတွက် ကောင်းကျိုး ချမ်းသာကိုဖြစ်ပေါ်စေပြီးမြန်မာပြည်သူများဟာ ကမ္ဘာပေါ်မှာ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားခြင်း၊ သာတူညီမျှစိတ်ထားရှိခြင်း၊ စိတ်ရှည်သည်းခံတတ်ခြင်း၊ တရားတွေနဲ့ပြည့်ဝတဲ့ ကြီးမြတ်တဲ့ ဂုဏ်သိက္ခာရှိတဲ့ လူမျိုးတစ်မျိုးဖြစ်ကြောင်း ပြသခွင့် ရရုံမက ကမ္ဘာကပါ စံနမူနာ ပြန်ယူရတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထေရ်ကြီးဝါကြီး သံဃာတော် အရှင်မြတ်များနဲ့ ရဟန်းပျိုများ၊ သီလရှင်များနဲ့ တရားနဲ့အညီ ကျင့်သုံးနေထိုင်ကြတဲ့ သူတော်ကောင်းများ အနေနဲ့လည်း ပြည်သူလူထုအပေါင်းကို အပြန်အလှန်လေးစားမှု၊ သနားညှာတာမှု စတဲ့ တရားတော်များ အတိုင်း လေးလေးနက်နက် လိုက်နာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ တိုက်တွန်း သွန်သင် ညွှန်ပြပေးကြဖို့ မိမိတို့အနေနဲ့ လေးမြတ်စွာ လျှောက်ထားအပ်ပါတယ်။
    တရားဓမ္မအတိုင်း ပြည်သူများနဲ့ ရပ်တည်လျက်
    Ven. Thich Nhat Hanh
    Nobel Peace Prize Nominee
    Vietnam
    Ven. Bhikkhu Bodhi
    President Buddhist Global Relief
    (world’s foremost translator of the Pali Canon)
    Sri Lanka/USA
    Dr. AT Ariyaratne
    Founder Nationwide Sarvodaya Movement
    Ghandi Peace Prize Laureate
    Sri Lanka
    Ven. Chao Khun Raja Sumedhajahn
    Elder, Ajahn Chah Monasteries
    Wat Ratanavan, Thailand
    Ven. Phra Paisal Visalo
    Chair Buddhika Network Buddhism and Society
    Thailand
    Ven. Arjia Rinpoche VIII
    Abbot Tibetan Mongolian Cultural Center
    Mongolia/USA
    Ven. Shodo Harada Roshi
    Abbot Sogenji Rinzai Zen Monastery
    Japan
    Achariya Professor J Simmer Brown
    Chairperson Buddhist Studies
    Naropa Buddhist University
    USA
    Ven. Ajahn Amaro Mahathera
    Abbot Amaravati Vihara
    England
    Ven. Hozan A Senauke
    International Network of Engaged Buddhists
    Worldwide
    Younge Khachab Rinpoche VIII
    Abbot Younge Drodul Ling
    Canada
    Ven. Sr. Thich Nu Chan Kong
    President Plum Village Zen temples
    France/Vietnam
    Dr. Jack Kornfield Vipassana Achariya
    Convener Western Buddhist Teachers Council
    USA
    Lama Surya Das
    Dzogchen Foundation International
    Vajrayana Tibet/USA
    Ven. Zoketsu N. Fischer Soto Roshi
    Fmr. Abbot largest Zen community in the West
    USA/Japan
    Tulku Sherdor Rinpoche
    Director BI. Wisdom Institute
    Canada
    Professor Robert Tenzin C. Thurman
    Center for Buddhist Studies
    Columbia University
    USA
    HH the XIV Dalai Lama
    Nobel Laureate
    Tibet/India
    Though not able to be reached in time to sign this letter, HH the Dalai Lama has publicly and repeatedly stated his concern about the Rohingya Muslims in Myanmar. He urges everyone to continue to practice non-violence and retain the religious harmony that is central to our ancient and revered culture.
  • အမျိုးသားနေ့၊ ပထမကျောင်းသား သပိတ်နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ
    အမျိုးသားနေ့၊ ပထမကျောင်းသား သပိတ်နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ
    ဒီဇင်ဘာ ၇ ၊ ၂၀၁၂
    M-Media
    မောင်လျှောက် (မြယာမြေ)
    နှစ်စဉ် မြန်မာသက္ကရာဇ် တန်ဆောင်မုန်းလဆုတ် (၁၀)ရက်နေ့သည်ကား အမျိုးသားနေ့ဖြစ်ပါသည်။
    ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၂၈၂ခု၊ တန်ဆောင်မုန်းလ)တွင် နယ်ချဲ့တို့၏ ယူနီဗာစီတီ ဥပဒေတွင် ပါဝင်သော အချက်များနှင့် ပတ်သက်ပြီး ပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်ပြီး အင်္ဂလိပ်အစိုးရက အတင်း အတည်ပြုလိုက်လေသည်။ ထိုသို့ ပြုခြင်းအတွက် ကောလိပ်သိပ္ပံကျောင်းသားများ ဦးဆောင်ကာ မြန်မာပြည် တစ်ဝှမ်းလုံးရှိ အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် ကျောင်းသားများ သပိတ်မှောက်ရန် ထွက်ကြလေသည်။ ထိုသို့ ထွက်လာသောနေ့ကား ၁၂၈၂ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်၊ (၁၉၂၀ ပြည့်၊ ဒီဇင်ဘာလ ၅ ရက်) တနင်္လာနေ့ဖြစ်သည်။
    ၁၂၈၂ ခုနှစ် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်ဦးဘဦး၏ လက်ရေးမူ
    အောက်တွင် လက်မှတ်ရေးထိုးသူ ကျွန်ုပ်တို့သည် ရန်ကုန်ယူနီဗာစီတီ သပိတ်မှောက် လှုပ်ရှားမှုကြီးတွင် ဦးစီးဦးကိုင် ပြုကြသည့် ခေါင်းဆောင်များ ဖြစ်သည်။ ကျွန်တော်တို့ ဦးစီးဆောင်ရွက်ကြသည့် လှုပ်ရှားမှုသည် အကယ်၍ အောင်မြင်မှု မရဘဲလျှက် ချွတ်ချော် တိမ်းပါးခဲ့သော် ကျွန်ုပ်တို့ အားလုံးသည် ကျောချင်းယှဉ်၍ ရင်ချင်းကပ်၍ သေတူရှင်အမျှ ကြံ့ကြံ့ခံ၍ ရန်တည်ကြရန် သစ္စာပြုကာ အဓိဌာန်ပြုကြပါ၏။
    (၁) ကိုဘရှင် (သံတွဲ)          
    (၂) ကိုဘရှင် (ထားဝယ်)
    (၃) ကိုညီပိုက်
    (၄) ကိုဘိုးလွန်း
    (၅) ကိုအေး
    (၆) ကိုလှတင်
    (၇) ကိုဖေသိန်း
    (၈) ကိုထွန်းဝင်း
    (၉) ကိုဘခင်
    (၁၀) ကိုအောင်ဒင်
    (၁၁) ကိုဘဦး
    စသည့် ကျောင်းသား (၁၁)ဦး ဦးဆောင်ကာ လက်မှတ်ရေးထိုး အဓိဌာန်ပြုကြသည်။
    (စာ-၂၀၀၊ အမျိုးသားနေ့ ရွှေရတုအထူးထုတ်)
    တက္ကသိုလ် သပိတ်ခေါင်းဆောင် (၁၁)ဦးတွင် ကိုဘရှင် (သံတွဲ)မှာ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ပါသည်။
    ၁၉၂၀ ပြည့်နှစ်တွင် န၀မမြောက် မြန်မာပြည်လုံးကျွတ် ကွန်ဖရင့် အစည်းအဝေးကြီးကို မန္တလေးမြို့၌ ကျင်းပခဲ့သည် ထိုအစည်းအဝေး၌ မြန်မာပြည်အတွက် အမျိုးသားအောင်ပွဲနေ့ တစ်နေ့ ရွေးကြရာ အကြံအမျိုးမျိုး ပေးကြသည်။ တစ်ချို့က ဦးဥတ္တမ ထောင်ကျသောနေ့၊ တစ်ချို့က သီပေါမင်း နန်းကျသောနေ့ စသည်ဖြင့် အမျိုးမျိုး အကြံပေးကြရာ ထိုကျောင်းသားများ သပိတ်မှောက် ထွက်လာသော နေ့သာလျှင် ထူးမြတ်မင်္ဂလာ ရှိသည်။ အောင်ပွဲနေ့အတွက် အသင့်လျော်ဆုံး ဖြစ်သည်ဟု ဆုံးဖြတ်ကြသည်။
    နယ်ချဲ့ဘုန်းတော်ဘွဲ့ သီချင်းမဆိုရ
        ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် အထွေထွေ သပိတ်အပြီးဝယ် ပထမဆုံး အစည်းအဝေးတွင် ကိုထွန်းစိန်က God Save the King နယ်ချဲ့ အမျိုးသားသီချင်းကို တက္ကသိုလ် သမဂ္ဂ အဆောက်အဦတွင် မဆိုကြရန် စိတ်လိုက်မာန်ပါ အဆိုတင်သွင်း ကန့်ကွက်ခဲ့သည်။ ဤအဆိုကြောင့် သူ့အား သခင်ဘသောင်းနှင့် အမ်အေရာရှစ်တို့က လက်ဆွဲ နှုတ်ဆက်ခဲ့ရသည်။ ဤကိစ္စနှင့် ပတ်သက်ပြီး သချာင်္ဌာနမှ မစ္စတာ ဒီ(ဂျေ)စလော့က သူ့အား အလုပ်ထွက်စာတင်ရန် ခြိမ်းခြောက်ခဲ့ရာ သူက မမှုခဲ့ပေ။ “မိမိတွင်လည်း အလုပ်နှင့် ပြစ်ချက်မရှိ၍ သူ့ဘက်မှ စပြီး အလုပ်မထွက်နိုင်ပေ။ အမျိုးသားရေးအမြင်ဖြင့် ဆောင်ရွက်ချက်သာဖြစ်ကြောင်း” မျက်နှာဖြူ အရာရှိသို့ ရဲဝံ့စွာ ချေပ ပြောဆိုခဲ့သည်။ ကိုထွန်းစိန်မှာ ရန်ကုန်တက္ကသိုလ် သမဂ္ဂ၏ ပထမဆုံး ဥက္ကဌဖြစ်ရုံမက အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်၌လည်း ဂုဏ်ယူစရာပင်။
    ယခု ၂၀၁၂ ခုနှစ်တွင် ကျရောက်သည့် (၉၂)နှစ်မြောက် အမျိုးသားနေ့တွင် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊ အမျိုးသား ပညာရေ မြင့်မားရေး၊ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး ဆိုသည့် ဦးတည်ချက်များဖြင့် ပြည့်ဝပါစေကြောင်း တင်ပြရင်း အမျိုးသားနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။
    ကိုးကား –
    (၁) ဦးဖိုးကျား၊ အမျိုးသားနေ့ ဆောင်းပါး
    (၂) မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်) ဟောပြောပို့ချချက်
    (၃) အမျိုးသားနေ့ ရွှေရတု အထူးထုတ်စာစောင်