News @ M-Media
Tag: featured
  • တိုင်းလွှတ်တော် သတင်းလွှာပါ အစ္စလာမ်ဘာသာအား ပုတ်ခတ်မှု့ တိုင်းအစ္စလာမ်ကောင်စီ စာပို့ ကန့်ကွက်
    ဖေဖော်ဝါရီ ၃ ၊ ၂၀၁၃
    M-Media
    အစ္စလာမ်နှင့် အစ္စလာမ်ဘာသာဝင်များကို ထိပါးပုတ်ခတ်သည့် ဧရာဝတီတိုင်း လွှတ်တော် သတင်းလွှာ (၁၀.၄.၂၀၁၂)အတွဲ(၂)အမှတ်(၁၃) စာမျက်နာ ၁၇ ပါ ဇီးကွက်စိန်ဆိုသူ၏ အမဲသားကင်းစင် နယ်မြေကိစ္စ ဆောင်းပါးနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်း အစ္စလာမ် သာသနာရေးရာ ကောင်စီ မှ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးဆန်းဆင့် (ယခု နိုင်ငံတော်သမ္မတ နှင့် လွှတ်တော်မှ သာသနာရေးဝန်ကြီးဌာ  ပြည်ထောင်စု လွှတ်တော်အဖြစ် ခန့်အပ်ရန် အတည်ပြုထားသူ) ထံသို့ ၂၀၁၃ခုနှစ်၊ဇန်န၀ါရီလ ၇ ရက် စာပေးပို့ ခဲ့ပါသည်။ ပေးပို့သည့် စာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
    ဧ၇ာဝတီတိုင်းဒေသကြီး၊အစ္စလာမ်ကောင်စီ
    အမှတ်၂၇၊ဗလီလမ်း၊ပုသိမ်မြို့ စာအမှတ်၊တအက/ဧအက/စီမံ(၁)
    ရက်စွဲ၊၂၀၁၃ခုနှစ်၊ဇန်န၀ါရီလ ၇ ရက်
    သို့
    ဥက္ကဌ
    ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်
    ပုသိမ်မြို့
    အကြောင်းအရာ။ ဇီးကွက်စိန်ဆိုသူ၏အမဲသားကင်းစင်နယ်မြေကိစ္စ
    ရည်ညွှန်းချက် ။ လွှတ်တော်သတင်းလွှာ(၁၀.၄.၂၀၁၂)အတွဲ(၂)အမှတ်(၁၃) စာမျက်နာ ၁၇
    ၁။အထက် ရည်ညွှန်းချက်ပါ လွှတ်တော်သတင်းလွှာတွင်ဇီးကွက်စိန်သူ၏ အမဲသားကင်းစင်ရေးနယ်မြေကိစ္စ ဆောင်းပါးတွင် အစ္စလာမ်နှင့် အစ္စလာမ်ဘာသာဝင်များကို ထိပါးပုတ်ခတ်ရေးသားထားပါသည်။
    ၂။မြန်မာနိုင်ငံသည်အလွန်ရှေးကျသော အချိန်ကကပ္ပလီလူမျိုးများ နေထိုင်ခဲ့သောဒေသဖြစ်ပါသည်။ (ဖြိုးသာရ၏မြန်မာနိုင်ငံအကြောင်း သိကောင်းစရာ စာအုပ်) မြန်မာနိုင်ငံရှိ ဘာသာကြီး (၄)ခုမှာလည်း ဤနိုင်ငံတွင် ပေါ်ထွန်းခဲ့သော ဘာသာသာသနာများ မဟုတ်ဘဲ နိုင်ငံခြားမှရောက်၇ှိလာသော ဘာသာများသာဖြစ်ပါသည်။
    ၃။ပုသိမ်မြို့သည် ပသီမင်းဆက် ၃ ဆက် အုပ်ချုပ်ခဲ့သောမြို့ဖြစ်ပြီးဘုရားကြီးကုန်း ဒါရ်ဂါသည် ပသီမင်းဆက်တို့၏ သမိုင်း အထောက်အထားဖြစ်ပါသည်။ (ရွှေမုဠောစေတီတော်မြတ်ကြီး သမိုင်းစာအုပ်)
    ၄။အမဲသားကင်းစင်နယ်မြေကိစ္စသည်ဘာသာရေးနှင့် ပတ်သက်သောကိစ္စ မဟုတ်ပါ။ ဘုရားရှင် လက်ထက်က ဆောင်ရွက်ခဲ့ဘူးသည့် သမိုင်း အထောက်အထားလည်း မရှိပါ၊ နိုင်ငံတော် မူဝါဒလည်း မဟုတ်ပါ၊နိုင်ငံ၏ စီးပွားရေးကိစ္စလည်း မဟုတ်ပါ။
    ၅။ဤကဲ့သို့နိုင်ငံနှင့်လူထုအတွက် အကျိုးမရှိသည့် မရေမရာ ကလေးကလား လမ်းဘေး အယူအဆစာပေါများကို လွှတ်တော်သတင်းလွှာတွင် မည်သည့် ရည်ရွယ်ချက်ဖြင့် ထည့်သွင်းဖော်ပြသည်ကို သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ပိုမိုသိရှိမည်ဖြစ်သည်။
    ၆။မင်းတုန်းမင်းကြီး လက်ထက်အိမ်ရှေ့စံကနောင်မင်းသားကြီး၏ ရေမြှုပ်ဗုံးစီမံကိန်းကို ဘာသာရေးနှင့်နိုင်ငံရေးရောထွေးပြီး ရင်ဆိုင်ရန်ဆုံးဖြတ်ခဲ့သဖြင့် အင်္ဂလိပ်-မြန်မာ တတိယစစ်တွင်မြန်မာတို့အရှုံးနှင့် အဆုံးသတ်ခဲ့ရပြီး တိုင်းပြည်ကျွန်ဖြစ်ခဲ့ရသည်။
    ၇။ယခုလည်းတိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်အားသွန်ဆောင်ရွက်ရမည့် အချိန်တွင်အရည်မရ အဖတ်မရ ဘာသာရေးယောင်ယောင်၊ သူတော်စင်ယောင်ယောင် အဆင့်မမှီသည့် အဆိုပါ စာပေါများကို ရေးသားနေခြင်းသည် မည်သူ့အတွက်မျှ အကျိုးမရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစ္စလာမ်ကောင်စီက သုံးသပ်မိပါသည်။
    ၈။အစ္စလာမ်သာသနာသည်အတိုးစားခြင်း၊ အရက်ဆိုင်၊ ကာရာအိုကေ၊ မာဆက် ပြည့်တန်ဆာလုပ်ငန်း၊ အပေါင်ဆိုင်၊ မူးယစ်ဆေးဝါး၊ အပျော်မယား၊ အမြှောင်မယား၊ တိတ်တိတ်ပုန်းမယား ၊Living Togetherကိစ္စများနှင့်အသုဘအိမ်တွင် ဖဲဝိုင်းထောင်ခြင်း ကိစ္စများကို လုံးဝခွင့်မပြုပါ။ အမဲသားစားခြင်း ၊မစားခြင်းသည် လူတစ်ဦးချင်း၏ ကိစ္စဖြစ်ပြီး အမဲသားကင်းစင် နယ်မြေ ကိစ္စထက်ပို အရေးကြီးသည့် စားသောက်ဆိုင်များမှ ကလေးလုပ်သားများဘ၀၊ အနှိပ်ခန်း၊ဇိမ်ခန်းများတွင် စားဝတ်နေရေးကြောင့်ရောက်ရှိနေသော အမျိုးကောင်း သမီးလေးများ၏  ဘ၀ကယ်တင်ရေး ၊လူမှုဘ၀မြှင့်တင်ရေးလုပ်ငန်းများကို လက်တွေ့ ဦးစားပေးဆောင်ရွက်သင့်ပါသည်။ (သံတော်ဆင့်ဂျာနယ် တွဲ ၁၊အမှတ် ၄၂၊စာ ၁၁)
    ၉။အမဲသားကင်းစင်ရေး နယ်မြေကိစ္စသည်နိုင်ငံတော်၏ စီးပွားရေးကို ထိခိုက်စေသော ကိစ္စဖြစ်ပါသည်။ (၁၃.၁၀.၁၂ ကြေးမုံသတင်းစာ စာမျက်နာ၆၊၁၂.၁၂.၂၀၁၂ ကြေးမုံသတင်းစာ စာမျက်နာ ၁၀၊ ၃၀.၁၂.၂၀၁၂ ကြေးမုံ သတင်းစာ စာမျက်နာ၂၀)
    ၁၀။လွှတ်တော်သတင်းလွှာတွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့်နိုင်ငံသား အချင်းချင်း စိတ်ဝမ်းကွဲပြားစေမည့် တိုင်းပြည်နှင့်လူထုအတွက် အကျိုးမရှိသော အဆင့်မမှီသော စာပေါများထည့်သွင်းဖော်ပြခြင်း၊ မပြုသင့်ကြောင်း ဤတိုင်းဒေသကြီး အစ္စလာမ်ကောင်စီက အကြံပြုပါသည်။
    မောင်မောင်အေး
    အတွင်းရေးမှုး
    အစ္စလာမ်သာသနာရေးရာကောင်စီ၊
    ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့။
    ဖုန်း-09-73650163
    IRAC
    IRAC2
  • သီရိလင်္ကာတွင် မွတ်စလင် ဆန့်ကျင်မှုများ ရပ်တန့်ရန် သမ္မတမှ သံဃာများအား ပြောကြား
    ဇန်နဝါရီ ၂၈ ၊ ၂၀၁၃
    M-Media
    Sri Lanka President Slams Anti-Muslim Violence
    ကိုလံဘို ။            ။နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား ဆန့်ကျင်တိုက်ခိုက်နေမှုကို ရပ်တန့်ရန် အားထုတ်မှုအဖြစ် သီရိလင်္ကာ သမ္မတ Mahinda Rajapakse က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအားတွေ့ဆုံ၍ တိုင်းပြည်အတွင်း ဘာသာရေးမုန်းတီးမှု၊ အကြမ်းဖက်မှုများ လှုံ့ဆော်ခြင်းကို ရပ်တန့်ရန် လျှောက်ထားခဲ့သည်။
    “ဗုဒ္ဓသာသနာကို တည်တံ့ခိုင်မြဲအောင် လုပ်တာက ပြဿနာမရှိပါဘူး။ ဒါပေမယ့် တခြားဘာသာတရားတွေနဲ့ ပဋိပက္ခဖြစ်အောင် ဖန်တီးတာမျိုး မဟုတ်ဘဲ လုပ်ဆောင်သင့်ပါတယ်။”  ဟု သမ္မတ ပြောဆိုချက်ကို  ဇန်န၀ါရီ ၂၈ရက်၊ တနင်္လာနေ့က Nahar Net တွင် ဖော်ပြထားသည့် ကြေငြာချက်တွင် ဖော်ပြထားသည်။
    နိုင်ငံအတွင်းရှိ မွတ်စလင်များအား တိုက်ခိုက်မှုများကို ရပ်တန့်စေရန် နည်းလမ်းများနှင့်ပက်သက်၍ ဆွေးနွေးရန် သမ္မတနှင့် ဘုန်းတော်ကြီးများ တနင်္ဂနွေနေ့က အစည်းအဝေးပြုလုပ်ခဲ့ကြသည်။ မွတ်စလင်များကို ဦးဆောင်တိုက်ခိုက်သည်ဟု စွပ်စွဲခံထားရသည့် “Bodu Bala Sena” သို့မဟုတ် Buddhist Force ဟု အမည်ရသည့်အဖွဲ့မှ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့သည်။
    ထိုအဖွဲ့မှာ ဟလာလ် အသားများ ပိတ်ပင်ရန် လှုံ့ဆော်မှုတစ်ခုကို ပြုလုပ်ခဲ့ကြပြီး အစိုးရမှ ကာကွယ်နိုင်ခဲ့လေသည်။
    အဆိုပါအဖွဲ့ကမှု မွတ်စလင်များကို တိုက်ခိုက်ခြင်းနှင့်ပက်သက်၍ငြင်းဆိုထားပြီး အခြားအတုအယောင်အဖွဲ့များက ၎င်းတို့ဟန်ဆောင်ကာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
    ပြီးခဲ့သည့် ဇွန်လက ဘုန်းတော်ကြီးအချို့ ဦးဆောင်သည့် လူပေါင်း ၂၀၀ခန့်ရှိသော ဆန္ဒပြသူများသည် ကိုလံဘိုမြို့ဆင်ခြေဖုံး Dehiwala အရပ်ရှိ အစ္စလာမ့်စင်တာသို့  လာရောက်ခဲ့ကြပြီး ကျောက်တုံးများ၊ အသားပုပ်များဖြင့် ဂိတ်ပေါက်ဝသို့ ပစ်ပေါက်ခဲ့ကြကာ ဗလီဝတ်ကျောင်းတော် ပိတ်ပစ်ရေးကို တောင်းဆိုသည့် ကြွေးကျော်သံများကိုလည်း ဟစ်အော်ခဲ့ကြသည်။
    ဧပြီလတွင်လည်း ဘုန်းတော်ကြီးအချို့က Dambulla ရွာရှိ မွတ်စလင်များ ၀တ်ပြုဆုတောင်းနေမှုကို နှောက်ယှက်ခဲ့ကြပြီး ၁၉၆၂ ခုနှစ်က တည်ဆောက်ခဲ့သော အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ တရားမ၀င်ဟု ပြောဆိုခဲ့ကြသည်။ သီတင်းပါတ်အနည်းငယ်ကြာပြီးနောက် Kurunegala မြို့ရှိ မွတ်စလင်များကိုရည်ရွယ်၍ ၀တ်ပြုမှုပြုလုပ်ခြင်းများကို ရပ်တန့်ရန် တောင်းဆိုထားသည့် ခြိမ်းခြောက်စာတစ်စောင်ကိုလည်း ဘုန်းတော်ကြီးများက ရေးသားခဲ့ကြသေးသည်။
    စိတ်ဝမ်းကွဲခြင်း
    သီရိလင်္ကာမွတ်စလင်များအား တိုက်ခိုက်မှုများသည် နိုင်ငံအတွင်း စိုးရိမ်ပူပန်မှုများကို မြင့်တက်လာစေသည်။
    “အဲဒါဟာ တရားဥပဒေ ပျက်ပြားမှုပါ။ လူ့အဖွဲ့အစည်းတွေကြားမှာ စိတ်ဝမ်းကွဲမှုတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်းတီးနေတဲ့ အုပ်စုတစ်ခု ရှိနေပါပြီ။”ဟု နိုင်ငံ၏ အဓိကအတိုက်အခံပါတီတစ်ခုဖြစ်သည့် United National Party မှ ပါလီမန်အမတ်ဖြစ်သူ Kabir Hashim က The Sunday Leader. သတင်းစာသို့ ပြောကြားခဲ့သည်။
    သီရိလင်္ကာ မွတ်စလင်ကောင်စီ ၏ ဥက္ကဌဖြစ်သူ N. M. Ameen ကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေခဲ့ပြီး ဘုန်းတော်ကြီးများက အဆိုပါ ဆန္ဒပြမှုများမှာ ‘မွတ်စလင် အကြမ်းဖက်သမားများ’ဟု ခေါ်သူများအတွက်သာ ဖြစ်သည်ဟုကြွေးကြော်နေသော်လည်း သာမန်မွတ်စလင်များ အပေါ်သို့လည်း သက်ရောက်မှုများ ရှိနေသည်ဟု သူက ဆိုသည်။
    လွန်ခဲ့သည့် သီတင်းပတ်က မွတ်စလင်ရှေ့နေများသည် လူ့အဖွဲ့အစည်းအတွင်း တိုက်ခိုက်မှုများနှင့် ပက်သက်ပြီးဆွေနွေးရန်အတွက် အစည်းအဝေး တစ်ခုပြုလုပ်ရန် သမ္မတအား  ဆော်သြခဲ့လေသည်။
    အစိုပါကိစ္စကို စောင့်ကြည့်ရန် သမ္မတမှ ကော်မတီတစ်ရပ်ဖွဲ့စည်း ထားရှိပြီးပြီဟု Buddha Sasana and Religious Affairs  ၏ လက်ထောက်ဝန်ကြီး M. K. A. D. S Gunawardena က ဆိုသည်။
    “ဘယ်ဘာသာတရားကိုမှ စော်ကားတာကို အစိုးရက ခွင့်မပြုပါဘူး။ တစ်ခုခုဖြစ်လာမယ်ဆိုရင် ကျနော်တို့ ဥပဒေအတိုင်း ဆောင်ရွက်သွားပါမယ်။ ဘာသာတရားအားလုံးဟာ တူညီတဲ့အခွင့်အရေးတွေ ရှိကြပါတယ်။ ကော်မတီရဲ့ အကြံပြုချက်ကို အခြေခံပြီးတော့ ကျနော်တို့ ဒီကိစ္စကို ဆောင်ရွက်သွားမှာပါ။” ဟု The Sunday Leader သတင်းစာသို့ တနင်္လာနေ့က ပြောကြားခဲ့သည်။
    သို့ရာတွင် United National Party မှ ပါလီမန်အမတ် Hashim ကမူ သဘောတူခြင်းမရှိပေ။
    “အရင်ဦးဆုံး အစိုးရအနေနဲ့ ဒါတွေ(တိုက်ခိုက်မှု) ကို ရပ်တန့်ရပါမယ်။ အဲဒါ(ရပ်တန့်ဖို့) ကို လုပ်ဖို့ ပါလီမန်ကရွေးချယ်တဲ့ ကော်မတီမလိုပါဘူး။ အစိုးရက ပြဿနာကို ရင်ဆိုင်နေရာကနေ လမ်းကြာင်းပြောင်းသွားအောင် ကြိုးစားနေပုံရပါတယ်။” ဟု သူက ပြောကြားခဲ့သည်။
    မူးရ်(Moors) ဟု အမည်ရသည့် သီရိလင်္ကာ မွတ်စလင်များမှာ နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းရှိသည့် ဆင်ဟာလီလူမျိုးနှင့်၊ ၁၂.၅ ရာခိုင်နှုန်းရှိသည့် တမီလ်လူမျိုးများ၏နောက် တတိယအကြီးဆုံး လူမျိုးစုဖြစ်သည်။ လူမျိုးစုပြဿနာများဖြစ်သည့် အခါတိုင်း ဗုဒ္ဓဘာသာဝင် လူများစုအကြား ပါဝင်ရန် အစိုးရအဆက်ဆက် ဖိအားများရှိနေခဲ့သည်ဟု လေ့လာသူများက ဆိုသည်။
    Ref:OnIslam
  • မြန်မာပြည်ကို ရည်စူး၍ “၀” သူပုန်များအား တရုတ် လျှို့ဝှက်စွာ ထောက်ပံ့
    M-Media
    ဇန်န၀ါရီ ၂၇၊ ၂၀၁၃
    Ref: www.voanews.com မှ ဆောင်းပါးကို M-Media မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
    986C542B-BC23-4391-8E3A-9209CB1322BB_w640_r1_s_cx0_cy1_cw0
    ရှမ်းပြည်နယ်မှ အရှေ့တောင်အာရှတွင် မူးယစ်ဆေးဝါးအမှုများနဲ့ ပတ်သတ်မှုအများဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “၀” လက်နက်ကိုင် တပ်မတော်
    မြန်မာမြောက်ပိုင်းက တရုတ်ဘော်ဒါ တလျောက်မှာ မြန်မာစစ်တပ်က ကချင် လက်နက်ကိုင်တပ်တွေကို တိုက်ခိုက်နေစဉ် ဘေဂျင်းကတော့ တရုတ်ဘော်ဒါမှာပဲ အခြေစိုက်တဲ့ “၀” တပ်မတော်ကို အဆင့်မြင့်လက်နက် ကိရိယာတွေ တိတ်တဆိတ်ရောင်းချနေတယ်လို့ လုံခြုံရေးလေ့လာ သုံးသပ်သူတွေ က ပြောဆို လိုက်ပါတယ်။ “၀”တပ်မတော် ကတော့ မြန်မာပြည်ထဲက လက်နက်ကိုင် တပ်တွေထဲမှာ အကြီးမားဆုံးလည်းဖြစ်သလို အရှေ့တောင်အာရှ မှာတော့ မူးယစ်ဆေးဝါးမှုတွေနဲ့လည်း အကြီးကျယ်ဆုံး ပတ်သက်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲမှာ မြန်မာစစ်တပ်က ကချင်သူပုန်တွေကို လေကြောင်းကနေ တနည်း၊ မော်တာတွေပစ်ပြီးတော့ တဖုံ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တာကြောင့် မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်း လှုပ်ရှားမှုတွေ နဲ့ ပတ်သတ်ပြီး နိုင်ငံတကာက အာရုံစိုက်လာကြပါတယ်။
    ကချင်လက်နက်ကိုင် တပ်မတော် ကေအိုင်အေနဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး တည်ဆောက်ထားနိုင်ခဲ့ပေမယ့် ၂၀၁၁ မှာတော့ ပျက်ပြယ်ခဲ့ပါတယ်။ အဲဒီလို ငြိမ်းချမ်းရေး ပျက်ပြယ်ခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ ယခုတကြိမ် မြောက်ပိုင်း စစ်ဆင်ရေးကတော့ အကြီးကျယ်ဆုံး စစ်ဆင်ရေးလည်း ဖြစ်ပါတယ်။
    ကချင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်ဖို့ တရုတ်ကနှိုးဆော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘေဂျင်းကတော့ မြန်မာပြည်က အခြားသော လက်နက်ကိုင် အဖွဲ့ ယူနိုက်တက် “၀” တပ်မတော်ကို တိတ်တဆိတ် လက်နက် တွေ ရောင်းနေတာပါလို့ လုံခြုံရေးလေ့လာသူတွေက ပြောကြားပါတယ်။
    ဗြိတိသျှအခြေစိုက် IHS Jane’s Intelligence Review လို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို စုံစမ်းထောက်လှမ်းပြီး စိစစ်လေ့လာကာ အစီရင်ခံ တင်ပြလေ့ရှိတဲ့ Jane’s Information Group ရဲ့ ဒီဇင်ဘာလ အစီရင်ခံစာမှာတော့ တရုတ်က ပြီးခဲ့တဲ့နှစ်အတွင်း ကာကွယ်ရေး စနစ်တွေ တည်ဆောက်ဖို့အတွက် “၀” တပ်မတော်ကို အဆင့်မြင့် လက်နက်တွေ ရောင်းချခဲ့တယ်လို့ ဖော်ပြလိုက်ပါတယ်။ အဲဒီထဲ မှာတော့ လေယဉ်ပစ် အမြောက်တွေ၊ တင့်ကားဖျက်လက်နက်တွေ တပ်ဆင်ထားတဲ့ မော်တော်ယာဉ် အစင်းပေါင်း အနည်းဆုံး ၁၂ စင်းထိ ပါရှိကြောင်း အစီရင်ခံစာက ဆိုပါတယ်။ တင့်ကားဖျက် လက်နက်တွေ တပ်ဆင်ထားတဲ့ မော်တော်ယဉ်ပုံစံမျိုးကို ပထမဆုံး အကြိမ်ရောင်းချခြင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
    ထိုင်းနိုင်ငံအခြေစိုက် လုံခြုံရေးလေ့လာ သုံးသပ်သူနဲ့ IHS Jane’s Intelligence Review ကို ရေးသားသူ အန်တိုနီ ဒေးဗစ္စကတော့ “ဘေဂျင်းက ၀တွေနဲ့ ဆက်ဆံလာတဲ့ သမိုင်းဝင်၊ ယုံယုံကြည်ကြည် ဆက်ဆံမှု အခြေအနေကို ချိန်ခွင်လျှာညီမျှဖို့ ကြိုးစားနေသလို၊ မြန်မာအာဏာပိုင်တွေနဲ့ အဆက်အဆံကိုလည်း အဲဒီလို ညီမျှဖို့ ကြိုးစားနေတယ်” လို့ ဆိုပါတယ်။
    “တရုတ်က သူတို့နယ်နိမိတ်စည်းပေါ်က တိုင်းရင်းသား လက်နက်ကိုင်တွေကို လစ်လျူရှုလို့ မဖြစ်နိုင်သလို၊ တချိန်တည်းမှာပဲ မြန်မာပြည်က ဗဟိုအစိုးရ ကိုလည်း လျစ်လျူရှုဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် တရုတ်က လက်နက်ပစ္စည်းတွေကို တိုက်ရိုက်ထောက်ပံ့နေတယ်လို့ ဆိုနိုင်ပြီလား ? မဆိုနိုင်ပါဘူး။ ဒီလိုမျိုး လက်နက်ပစ္စည်းတွေ ထောက်ပံ့နေတဲ့သူဟာ အစိုးရထဲက စီနီယာကြီးတွေ အထိ ဖြစ်နေနိုင်တယ်ဆိုတာ သိသာပေမယ့်၊ သူတို့ ဟာ ငွေရေးကြေးရေးမှာတော့ တိုက်ရိုက် ပါဝင်နေတယ်လို့တော့ ပြောလို့မရဘူး။ ဒီနေရာမှာ သူတို့အနေနဲ့ (စွပ်စွဲလာရင်) ငြင်းနိုင်ဖို့ (ထွက်ပေါက်) အခွင့် အလမ်းလေးတွေလည်း ထားရမယ်လေ။” ဟု အန်တိုနီ ဒေးဗစ္စက ဆိုပါတယ်။
    တရုတ်နိုင်ငံခြားရေးဌာနကတော့ IHS Jane’s Intelligence Review နဲ့ပတ်သတ်ပြီး တစုံတရာမှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
    “၀” လက်နက်ကိုင်အဖွဲ့ကတော့ မြန်မာပြည်မှာ အကြီးဆုံး လက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။ “၀” တပ်မှာ တပ်သားပေါင်း ၃ သောင်းထိ ရှိနေသလို အချိန်ပိုင်း တပ်သားတွေလည်း ပါဝင်နေပါတယ်။ တရုတ်ကတော့ သူရဲ့ ၀င်ရောက် မစွက်ဖက်ရေးပေါ်လစီကြီး ရှိနေပေမယ့် ၀တွေကို အကြီးမားဆုံး၊ တရားမ၀င် လက်နက်ထောက်ပံ့ပေး နေတယ်လို့ စစ်ရေးလေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။
    ယေးလ်တက္ကသိုလ်ရဲ့ ပီအိပ်ခ်ျဒီ စာတမ်းပြုစုနေသူ ဂျော့ရှ် ဂေါ်ဒန်ကတော့ တရုတ်နဲ့ ၀တွေ အနီးကပ် အဆက်အဆံရှိနေတယ်လို့ ဆိုပါတယ်။ သူက “၀တွေသည် တရုတ် စကားပြောသူတွေဖြစ်တယ်၊ ၀တွေက အနည်းနဲ့ အများဆိုသလို တရုတ်ရဲ့ ကိုယ်စားလှယ်တွေဖြစ်ပါတယ်” လို့ ဆိုပါတယ်။
    ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ မြန်မာအစိုးရနဲ့ ၀တွေအကြား အပစ်အခတ်ရပ်ဆဲဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြတယ်။ အဲဒီကနေတဆင့် ၀တွေဟာ ရှမ်းပြည် အရှေ့မြောက်ပိုင်းက သူတို့နေတဲ့ဒေသကို သူတို့ကိုယ်တိုင် အုပ်ချုပ်ခွင့်ရခဲ့တယ်။ သူတို့ဟာ အဲဒီဒေသကြီးကို အာရှရဲ့ အကြီး ဆုံးသော မီသာဖီတာမင်း ထုတ်လုပ်တဲ့ ဒေသကြီးအဖြစ် အသွင်ပြောင်းပစ်လိုက်တယ်။ အဲဒီဒေသကို မူးယစ်ဆေးဝါးမှုနဲ့ ပတ်သတ်တဲ့ အကြီးဆုံးဒေသ ကြီးလို့လည်း စဉ်းစားနိုင်တယ်။
    အမေရိကန်ရဲ့ U.S. Drug Enforcement Agency ကတော့ ၂၀၁၁ ခုနှစ်မှာတော့ ထိုင်းနိုင်ငံထုတ် မှုခင်းသတင်းတွေထဲမှာ ၀လက်နက် ကိုင်ခေါင်းဆောင် Wei Hsueh Kang ကို အလိုချင်ဆုံး သူပုန်(most wanted) အဖြစ် ဓာတ်ပုံထည့်သွင်းဖော်ပြခဲ့ပါတယ်
    “မြန်မာမြောက်ပိုင်းမှာတော့ တရုတ်က မီးစထိုးပေးတဲ့သူ မဟုတ်ပါဘူး။ “၀” တွေကို အင်အားဖြည့်တင်းပေးတာက (တရုတ်အနေနဲ့) စစ်ရေးဆိုင်ရာ အကာအကွယ်ကို အင်အားဖြည့်တင်းလိုက်တာပါပဲ။ ခင်ဗျားက အဲဒါကို ကြိုက်မယ်ဆိုရင်၊ (ဒီလိုမျိုးလည်း တွေးနိုင်ပါတယ်။) အဲဒီဒေသမှာ နှစ်ပေါင်း ၂၀ လောက် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နေတာကို ဆက်လက်ပြီးတည်တံ့ဖို့ တရုတ်က လုပ်ဆောင်လိုက်ခြင်းဖြစ်သလို အဲဒီလို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နေတာ ကလည်း တရုတ်အတွက် အကောင်းဘက်ဆောင်ပါတယ်။” ဟု ဒေးဗစ္စက ဆိုပါတယ်။
    စစ်တပ်က ဆယ်စုနှစ်များစွာ အုပ်ချုပ်နေတဲ့ကာလမှာ အနောက်နိုင်ငံတွေက မြန်မာကို ပိတ်ဆို့ထားပါတယ်၊ အဲဒီအချိန်မှာ တရုတ်က မြန်မာပြည်ရဲ့ အရင်းအမြစ် သယံဇာတတွေအပေါ် အင်အားကြီးစွာ လွှမ်းမိုးခဲ့ပါတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပိတ်ဆို့မှုတွေ ပြေလျော့ခဲ့တယ်၊ တရုတ်ရဲ့ လွှမ်းမိုးမှုကိုလည်း ယိမ်းယိုင်စေခဲ့ပါတယ်။
    ဒေးဗစ္စကတော့ ၀တွေကို လက်နက်ထောက်ပံ့ခြင်းဟာ တရုတ်အနေနဲ့ သူရဲ့ နိုင်ငံရေးဆိုင်ရာ အလှည့်အပြောင်းတစ်ခုအဖြစ် တုန့်ပြန် လိုက်ခြင်းဖြစ် တယ်လို့ ဆိုပါတယ်။
    မြန်မာသမ္မတရုံးက ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွတ် ကတော့ IHS Jane’s Intelligence Review နဲ့ပတ်သတ်ပြီး မှတ်ချက်ပေးဖို့ ပယ်ချခဲ့ပါတယ်။
    သူက “ကျနော်တို့မှာ ဒါနဲ့ပတ်သက်ပြီး ဘာသတင်းမှမရှိဘူး၊ ဒါပေမယ့် အချိန်တိုင်းဆိုသလို တရုတ်အစိုးရက ကျနော်တို့ရဲ့ ပြည်တွင်းရေးကို ၀င်ရောက်မစွက် ဖက်ဘူးဆိုတာ ကတိပြုပါတယ်။ ဒီတော့ ကျနော်တို့က သူတို့ရဲ့ ကတိက၀တ်ကို လက်ခံပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။
    ကချင်အရေးသာမက နယ်နိမိတ်အရေး ကိစ္စတွေပါ ဆွေးနွေးဖို့အတွက် တရုတ်က ယခုလအတွင်း အဆင့်မြင့်ကိုယ်စားလှယ်တွေကို မြန်မာဘက် ကို စေလွှတ်ခဲ့ပါတယ်။ မြန်မာ အစိုးရထုတ် မြန်မာ့အလင်းသတင်းစာက တရုတ်အနေနဲ့ မြန်မာပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ဖို့ သဘောတူကြောင်း ဖော်ပြခဲ့ပါတယ်။
  • အစ္စလာမ် ဆန့််ကျင်ရေး လုပ်ဆောင်မှုများကို တားဆီးပေးဖို့ ကရင်ပြည်နယ် အစိုးရအား တိုင်ကြားထား
    အစ္စလာမ် ဆန့််ကျင်ရေး လုပ်ဆောင်မှုများကို တားဆီးပေးဖို့ ကရင်ပြည်နယ် အစိုးရအား တိုင်ကြားထား
    ဇန်နဝါရီ ၂၅၊ ၂၀၁၃
    M-Media
    သောင်းထိုက်
    ကရင်ပြည်နယ် အတွင်း အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေတဲ့ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှု့များကို ကာကွယ်တားဆီးပေးဖို့ တိုင်ကြားလွှာ စာတစောင်ကို ပြည်နယ် အစ္စလာမ်ဘာသာရေး အဖွဲ့ (၃) ခုမှ  လက်မှတ်ရေးထိုးပြီး ကရင်ပြည်နယ်အစိုးရ ထံသို့  ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင်ပေးပို့လိုက်ကြောင်း သတင်းရရှိပါသည်။
    တိုင်ကြားလွှာတွင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အစ္စလာမ်ဘာသာကို လုပ်ကြံဖန်တီးထားသည့် စာပေများ ဖြန့်ဝေခဲ့သည့် အကြောင်း၊ အစ္စလာမ်ဘာသာဝင်တို့နှင့် ဆက်ဆံမှုမပြုရန်၊ အစ္စလာမ်ဆန့်ကျင်ရေးဟောပြောပွဲ ရုပ်သံခွေများကိုပြည်နယ် အနှံ့အခမဲ့ဖြန့်ဝေခဲ့ကြောင်း၊ ဇန်နဝါရီ(၂၀) ရက်နေ့မှာ ဘားအံမြို့မဈေးနှင့်ဈေးကြီး ပတ်ဝန်းကျင်တွင် အစ္စလာမ်ဘာသာဝင်တို့ရောင်းချသည့် ဆိုင်များတွင်ဈေး မဝယ်ရန်၊ ဈေးဝယ်နေသူများကို ဆိုင်တွင်းမှဆွဲထုတ်ခြင်း၊ ဝယ်ပြီးသား ပစ္စည်များကို ငွေပြန်အမ်းခိုင်းခြင်း၊ ပစ္စည်များ ပြန်ပေးခိုင်းခြင်း၊ နောက်ရက်များတွင် သံဃာအချို့နှင့် (လူမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့) စာတမ်းပါ လူငယ် အမျိုးသား/အမျိုးသမီး(၂၀) ခန့်  အစ္စလာမ်ဘာသာဝင်တို့ ထံမှာ ဈေးမဝယ်ရန် ဝယ်ယူလျှင် အရေးယူမည့် ဟု ခြိမ်းခြောက်ပြောဆို မှုများလုပ်ဆောင်ခဲ့ကြောင်း ပါရှိသည်။
    kayin case
    ပြည်နယ်အစိုးရသို့ ပေးပို့ထားသော တိုင်ကြားလွှာ အပြည့်အစုံ
    ပြည်နယ်အတွင်း အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြခြင်းကို ပျက်ပြားအောင် သွေးခွဲ လုပ်ဆောင်နေသည့် အဖွဲ့အား အရေးယူ ဆောင်ရွက်ပေးဖို့နှင့် လူနည်းစု အစ္စလာမ် ဘာသာဝင်များကို ကာကွယ်စောင့်ရှောက်ပေးရန် ထည့်သွင်းရေးသား ထားပါသည်။
    အဆိုပါ တိုင်ကြားလွှာကို ကရင်ပြည်နယ် အိုလမာ-အစ္စလာမ့် သာသနာပညာရှင်များအဖွဲ့၊ ပြည်နယ်အစ္စလာမ် သာသနာရေးကောင်စီ အဖွဲ့၊ ပြည်နယ် မြန်မာမွတ်စလင်မ် အမျိုးသားရေးရာ အဖွဲ့ တို့ လက်မှတ်ရေးထိုးပြီး ကရင်ပြည်နယ် အစိုးရသို့ ပေးဖို့ခဲ့ခြင်းဖြစ်သည်။
    အဆိုပါဖြစ်စဉ်များအစမှာ ဘာသာမတူသူများနှင့် စီးပွားရေး၊ လူမှုရေးအရ ဆက်ဆံခြင်းမပြုရန် ၊ အိမ်ခြေရောင်းဝယ်ခြင်းမပြုရန် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ၁၀.၉.၂၀၁၂ နေ့တွင် စည်းကမ်းချက် လေးချက်ပါသော ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီး အမှတ်(၈၁) ဂလိုဘယ်ပို့စ် ဂျာနယ်မှ ယင်းသတင်းကို အောက်တိုဘာ (၁၉)ရက်နေ့၊ ၂၀၁၂ နေ့တွင် မျက်နှာဖုံး သတင်းအဖြစ် ဖေါ်ပြခဲ့သည်။
    မကြာမီ ရက်များက ဘားအံမြို့ မဲဘောင် ကျောင်း တိုက်တွင် ၁.၁၂.၂၀၁၂ ပြုလုပ်သော ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က အစည်း အဝေးမှ  ခွင့်ပြုလာလ ကုန်ဆုံး ပြီး ပြစ်ဒဏ်ပေးမည့် ကာလ ရောက်ရှိလာ၍ ဗုဒ္ဓဘာသာဝင်များထံ သတိပေးနှိုးဆော်လွှာ ထုတ်ပြန်ခဲ့သည်။ ယင်းသတိပေးနှိုးဆော်လွှာတွင် ဘာသာခြားဆိုင်များသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀  ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည် လှုံဆော်သည့် စာရွက်များ ဖြန့်ဝေပြီးနောက် ယခုကဲ့သို့ အစ္စလာမ်ဆန့်ကျင်ရေး လုပ်ဆောင်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လာခြင်းဖြစ်သည်။
  • ဖြိုးဝေအောင်၏ပန်ကြားလွှာကို အာရှ လူ့အခွင့်အရေး ကော်မရှင်က လွှတ်တော်ကော်မတီ ၄ ခုသို့ပေးပို့
    ဇန်နဝါရီ ၁၇ ၊၂၀၁၃
    via myanmarij
    ထောင်တွင်းနှိပ်စက်ခံရမှု ဒဏ်ရာများနှင့် လုံလောက်တဲ့ ဆေးကုသမှု့ မရခဲ့သဖြင့် အသဲကင်ဆာနှင့် အခြားရောဂါများ ကြောင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ ကိုဖြိုးဝေအောင် (Photo DVB)
    ထောင်တွင်းနှိပ်စက်ခံရမှု ဒဏ်ရာများနှင့် လုံလောက်တဲ့ ဆေးကုသမှု့ မရခဲ့သဖြင့် အသည်းကင်ဆာနှင့် အခြားရောဂါများ ကြောင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ ကိုဖြိုးဝေအောင် (Photo DVB)
    ကွယ်လွန်သူ ကိုဖြိုးဝေအောင် ၏ ၂ဝ၁ဝ ဧပြီ မြန်မာ့ နှစ်သစ်ကူးပွဲတော် ဗုံးခွဲမှုနှင့် ပတ်သက်၍ မှားယွင်းစွာ စွပ်စွဲခံရမှု၊ ဖြောင့်ချက်ပေးရန် နှိပ်စက် ညှဉ်းပန်းခံရမှုနှင့် ရာဇဝတ်မှုဖြင့် မမှန်မကန်ပြစ်ဒဏ် ချမှတ်ခံရမှုကို ပြန်လည် စိစစ်သုံးသပ်၍ ပျက်ယွင်းခဲ့ရသော နာမည်ကို ရှင်းလင်းပေးရန် ပန်ကြားလွှာကို အလေးထား ဆောင်ရွက်ရေး အတွက် ဟောင်ကောင် အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင် ညွှန်ကြား ရေးမှူး ဘီဂျိုဖရန်စစ် ထံမှ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ အမျိုးသားလွှတ်တော် တိုင်ကြားလွှာနှင့် အသနား ခံလွှာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းနှင့် အမျိုးသား လွှတ်တော် နိုင်ငံသား အခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်တို့ ထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ခဲ့သည်။
    အဆိုပါစာတွင် ၂ဝ၁၂ အောက်တိုဘာ ၉ ရက်တွင် ကိုဖြိုးဝေအောင်၏ အယူခံလွှာကို တရား လွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသည့် ဦးမြင့်အောင်နှင့် ဦးမြင့်ဟန်တို့က ရှင်းလင်းမှု မရှိဘဲ ပယ်ချခဲ့ပြီး သေဒဏ်ကို အတည်ပြုခဲ့သဖြင့် ယင်းက လူကြီးမင်းတို့၏ ကော်မတီများထံ အကူအညီ တောင်းခံခဲ့ကြောင်း၊ မိမိအနေဖြင့် ပုဂ္ဂိုလ် ရေးအရ ကိုဖြိုးဝေအောင်နှင့် ၂ဝ၁၂ ဒီဇင်ဘာတွင် ဆေးရုံပေါ်၌ တွေ့ဆုံ ခဲ့ရာ မှားယွင်းစွာ ပြစ်ဒဏ် စီရင်ခံရမှုကို ရှိသမျှ ခွန်အားဖြင့် တိုက်ခိုက်၍ ပျက်စီးခဲ့ရသော မိသားစု ဘဝကို ပြန်လည် တည်ဆောက်ရန် ကြိုးစားရင်း ထိုစွပ်စွဲချက်များမှ သူ့နာမည်ကို ရှင်းလင်းပြီး မိသားစုအပေါ် ဖိစီးမှုကိုလည်း ဖယ်ရှားပစ်နိုင်ရန် မျှော်လင့်နေသော သူ့ကိုမြင်တွေ့ခဲ့ ရကြောင်း၊ သို့သော် သူ့အမည်ကို ရှင်းလင်း၍ မိသားစုကို ပုံမှန် ပျော်ရွှင်ဖွယ် ဘဝသို့ ပြန်လည် ရောက်ရှိအောင် မစွမ်းဆောင်နိုင်မီ တွင် ၂ဝ၁၃ ဇန်နဝါရီ ၄ ရက်က ကွယ်လွန်သွားခဲ့ရသည် ဟု ဝမ်းနည်း ကြေကွဲစွာ ကြားသိခဲ့ရကြောင်း ဖော် ပြထားသည်။
    ဆက်လက်ပြီး ကိုဖြိုးဝေအောင်နှင့် တွေ့ဆုံမှုအပြင်၊ လွန်ခဲ့သော သုံးနှစ်ကျော်ကာလအတွင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ဆောင် ရွက်ခဲ့သည့် မှတ်တမ်းမှတ်ရာ အများအပြားအရ သူ၏ အပြစ်ကင်းစင်မှု ကို တရားဝင် ရှင်းလင်း ဖော်ပြနိုင်ရုံသာမက၊ မြန်မာနိုင်ငံ အထူးသတင်း တပ်ဖွဲ့နှင့် တရားစီရင်ရေး ယန္တရား၏ လုပ်ရပ်များကိုလည်း အပြည့်အစုံ ထုတ်ဖော်နိုင်မည်ဟု မိမိယုံ ကြည်ကြောင်း၊ သူကွယ်လွန်သွား ခြင်းက သူ့အပေါ် ပြုလုပ်ခဲ့သော နှိပ်စက်ညှဉ်းပန်းမှု၊ နည်းမျိုးစုံဖြင့် အဖွဲ့အစည်းအလိုက် မတော်မတရား ပြုမူ ဆက်ဆံမှုအချက်အလက်များ ကို ပြောင်းလဲသွားစေမည်မဟုတ် ကြောင်း ရေးသား ထားသည်။
    ထို့ကြောင့် အမှုကို ပြန်လည် စစ်ဆေး၍ ကိုဖြိုးဝေအောင်အပေါ် ချမှတ်ခဲ့သော ရာဇဝတ်မှု ပြစ်ဒဏ်ကို ဖျက်သိမ်းရန် သူ့သေဆုံးမှု သာမက သူ့အပေါ် စွဲဆိုခဲ့သော အမှု ဖြစ်စဉ် တစ်လျှောက်တွင် သူ့မိသားစု အပေါ် ဖိစီးခဲ့သော ဆုံးရှုံးနစ်နာမှု များကိုပါ မျှတအောင်စီစဉ်ပေးရန်၊ ဤအမှုအတွင်း ကျူးလွန်ခဲ့သော လူ့ အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်သူအားလုံးကို စုံစမ်းစစ်ဆေးရန်၊ သက်ဆိုင်ရာ ကော်မတီများမှ ကိုင်တွယ် ဆောင်ရွက်ပေးပါ ရန် တိုက်တွန်း ရေးသားထားသည်။
    နိဂုံးချုပ်အနေဖြင့် ကိုဖြိုးဝေအောင်အတွက် တရားမျှတမှု ပြုလုပ်ရန် အခွင့်အရေးကို ယူပါရန်နှင့် သူ၏ လူကြီးမင်း တို့ထံ အကူအညီ တောင်းခံသော နောက်ဆုံးစာပါ အချက်အလက်များကို အလေးထား လေးစား ပါရန် မိမိတို့ တိုက်တွန်း အားပေးကြောင်း၊ မိမိတို့အနေဖြင့် လည်း ဤအမှုကို တရားနည်းလမ်း တကျ ဖြစ်စေရုံ သာမက မြန်မာနိုင်ငံ တွင် ဤကဲ့သို့သော နိုင်ထက်စီးနင်း ဖမ်းဆီးချုပ်နှောင်မှု၊ ညှဉ်းပန်းမှု၊ အဓမ္မ ဝန်ခံခိုင်းမှု၊ တရားစီရင်မှု ရေးရာ မဟုတ်မတရားပြုမှု၊ ကြံစည်မှု များကို အပြီးသတ် ချုပ်ငြိမ်းနိုင်ရေး အတွက် ဤအမှုကို ပြည်တွင်းရော နိုင်ငံတကာအတိုင်းအတာထိပါ ရောက်ရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
    Ref: An Open Letter from the Asian Human Rights Commission to the chairpersons of four parliamentary committees. Asian Human Right Commission, Hong Kong