News @ M-Media
Tag: IRAC
  • သာသနာရေး ဝန်ကြီး ဦးဆန်းဆင့် အစ္စလာမ် ဘာသာရေးအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
    ဖေဖော်ဝါရီ ၂၇ ၊ ၂၀၁၃
    M-Media
    သာသနာရေးဝန်ကြီးဦးဆန်းဆင့် အစ္စလာမ်အဖွဲ့အစည်းရုံးခန်းသို့ လာရောက်ပြီး အစ္စလာမ်ဘာသာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
    ရန်ကုန်။     ။ (၂၇-၂-၂၀၁၃) ရက်နေ့ နေ့လယ်(၂)နာရီတွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သရေစည်သူ ဦးဆန်းဆင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ရန်ကုန်မြို့၊ ဗိုလ်ဆွန်ပက်လမ်း၊ အမှတ်(၁၈၃)ရှိ အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်ရုံးသို့ လာရောက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ ကြီး၏ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
    22
    • ဒု-ဥက္ကဋ္ဌ အလ်ဟာဂ်ျ မောင်လာနာ ဦးသိန်းမြင့်၊
    • ဗဟိုအမှုဆောင် အလ်ဟာဂ်ျ ဦးကျော်ငြိမ်း၊
    အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
    • ဒု-ဥက္ကဋ္ဌ (အန်ဆွာရီနှင့် လူငယ်ရေးရာ) ဦးစိုးလွင်၊
    • အတွင်းရေးမှူးချုပ် အလ်ဟာဂ်ျဦးတင်မောင်သန်း၊
    • တွဲဖက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေ၊
    မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ၀ီ အဖွဲ့ဌာနချုပ်
    • ဥက္ကဋ္ဌ အလ်ဟာဂ်ျ မုဖ်သီ စအီဒွလ္လာဟ်(ခ)ဆရာကြီး ဦးစိန်လှ ၊
    • ဒု-ဥက္ကဋ္ဌ အလ်ဟာဂ်ျ ဦးခင်မောင်မြင့်၊
    • အထွေထွေအတွင်းရေးမှူးချုပ် အလ်ဟာဂ်ျ ဦးကျော်စိုး၊
    မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ မ-မ-လဌာနချုပ်
    • ဥက္ကဋ္ဌ အလ်ဟာဂ်ျ ဦးမြင့်ထွန်း၊
    • အတွင်းရေးမှူးချုပ် အလ်ဟာဂ်ျ ဦးလှဝင်း၊
    • ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ကြူး၊
    မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်(မ-အ-ဖ)ဌာနချုပ်
    • ဥက္ကဋ္ဌ ဟာဂျီ ဦးလှဝင်း၊
    • တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မောင်မောင်၊
    • စည်းရုံးရေးမှူး ဦးခင်မောင်လွင်တို့တက်ရောက်ကြပါသည်။
    တွေ့ဆုံဆွေးနွေးပွဲတွင် အခမ်းအနားမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးအောင်ကြည်က ဆောင်ရွက်ခဲ့ပြီး ဦးစွာ တက်ရောက်လာသူများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပါသည်။
    24
    “မနေ့က တွေ့ဆုံဆွေးနွေးပွဲမှာ တစ်ခြားတော့ ထွေထွေထူးထူး မပြောဖြစ်ကြပါဘူး။ သာသနာရေးဝန်ကြီးက အသစ်ဆိုတော့ ဘာသာရေးအဖွဲ့အစည်းတွေကို မိတ်ဆက်တဲ့အနေနဲ့ လာရောက်တာဖြစ်ပါတယ်။ ၀န်ကြီးဌာနဘက်က စီစဉ်တဲ့ တွေ့ဆုံဆွေးနွေးမှုလေးပါပဲ။”လို့ တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သူ ဦးလှဝင်းမှ ပြောပြလာပါတယ်။
    ယခုကဲ့သို့ အစ္စလာမ်အဖွဲ့အစည်းတခုသို့ ပြည်ထောင်စုဝန်ကြီးအဆင့်ကိုယ်တိုင် လာရောက်ပြီး အစ္စလာမ်ဘာသာရေးအဖွဲ့များနှင့် တွေ့ဆုံသည်မှာ ၁၉၆၂-ခု ဗိုလ်ချူပ်ကြီးနေဝင်း မှ အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ဤသည်မှာ ပထမအဆုံးအကြိမ်ဖြစ်ကြောင်းသိရပါသည်။
    သရေစည်သူဦးဆန်းဆင့် သည် ၂၀၁၀ ရွေးကောက်ပွဲအပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအဖြစ် ၂-နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ကုန်ပိုင်းတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဦးဆန်းဆင့်သည် ယခင် နအဖ အစိုးရ လက်ထက်တွင် စစ်ရာထူးခန့်ချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပချိန်တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူဖြစ်ပါသည်။
  • ဦးသောင်းညွန့် (သတင်းထောက် သောင်းညွန့်-ဖျာပုံ) ကွယ်လွန်
    ဦးသောင်းညွန့် (သတင်းထောက် သောင်းညွန့်-ဖျာပုံ) ကွယ်လွန်
    ဇန်နဝါရီ ၂၄၊ ၂၀၁၃
    M-Media
    သောင်းထိုက်
    အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်တွင် ဗဟိုအန်ဆွာရီနှင့် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ  သတင်းထောက် ဦးသောင်းညွန့်(ဖျာပုံ) သည် ယနေ့ ဇန်နဝါရီ ၂၄ ရက် ၂၀၁၃ ခုနှစ်တွင် ကွယ်လွန်သွားကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစ္စလာမ် သာသနာရေးရာကောင်စီဌာနချုပ် (IRAC) ရဲ့ Facebook စာမျက်နှာမှာ သတင်း ထုတ်ပြန်ထားကြောင်း တွေ့ရှိရပါသည်။
    ကိုယ်ရေးအကျဉ်းချူပ်
    အဖ ဦးတင်မောင်၊ အမိဒေါ်စိန်တို့မှ ၁၉၄၈-ခုနှစ် မတ်လ(၅)ရက်နေ့တွင် အမှတ်-၁၀၈၊ ၁၁-လမ်း၊ ၁၀-ရပ်ကွက် ဖျာပုံမြို့၌မွေးဖွားသည်။ ဖျာပုံမြို့ အ.ထ.က(၃)တွင် အထက်တန်းအထိ ပညာသင်ယူခဲ့သည်။ ၁၉၆၆-ခုနှစ်တွင် ရန်ကုန်သတင်းစာ၊ မြန်မာ့သတင်းစာ၊ ဗိုလ်တထောင်သတင်းစာ၊ ကြေးမုံသတင်းစာ၊ ဂါဒီယန်သတင်းစာများနှင့် သတင်းဂျာနယ်တို့၌ သတင်းနှင့် သတင်းဆောင်းပါးများ စတင်ရေးသားပြီး စာပေနယ်သို့ ၀င်ရောက်ခဲ့သည်။ နိုင်ငံသားစိစစ်ရေး အမှတ်မှာ (၁၄/ဖပန(နိုင်) ၀၆၁၉၈၈)ဖြစ်ပြီး စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင် အမှတ်-၀၁၇၆ ဖြစ်သည်။
    ၂၀၀၃-ခုနှစ်အတွက် စာပေဗိမာန် စာမူပြိုင်ပွဲတွင် “အမျိုးသမီးများသိမှတ်ဖွယ်ရာ ဥပဒေရေးရာ”စာမူဖြင့် သုတပဒေသာ(၀ိဇ္ဖာပညာရပ်) ပထမဆု၊ ၂၀၀၄-ခုနှစ် “စာပေရေးသားခြင်း ဆိုင်ရာ ဥပဒေရေးရာ”စာမူဖြင့် သုတပဒေသာ(၀ိဇ္ဖာပညာရပ်) ဒုတိယဆု၊ ၂၀၀၅-ခုနှစ်အတွက် “ထင်ပေါ်ကျော်ကြားမြန်မာ သတင်းစာ ဆရာကြီးများ” စာမူဖြင့် စာပဒေသာ ဒုတိယဆုရရှိခဲ့သည်။မြန်မာ့အလင်း သတင်းစာတွင် သတင်းထောက်အမှတ်-၃၇၉ ဖြင့်လည်းကောင်း၊ကြေးမုံသတင်းစာတွင် သတင်းထောက် အမှတ်-၁၆၈ ဖြင့် လည်းကောင်း သတင်းများ ရေးသားလျက်ရှိပြီး ဂျာနယ်အချို့တွင် သတင်းများ ရေးသားခဲ့သည်။
    အမည်ရင်းမှာ ဦးသောင်းညွန့်ဖြစ်ပြီး ကလောင်အမည်မှာ သတင်းထောက်သောင်းညွန့်(ဖျာပုံ)ဖြစ်ပါသည်။ နေရပ်လိပ်စာမှာအမှတ်(၁၀၈)၊ ၁၁-လမ်း၊ ၁၀-ရပ်ကွက်၊ ဖျာပုံမြို့နယ် ဖြစ်ပါသည်။
    သတင်းထောက် ဦးသောင်းညွန့်(ဖျာပုံ)သည်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်တွင် -ဗဟိုအန်ဆွာရီနှင့် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။
    ကိုးကား ။ ။
    • သတင်းထောက်သောင်းညွန့်(ဖျာပုံ)၏ အမျိုးသမီးများသိမှတ်ဖွယ်ရာ ဥပဒေရေးရာ (ဒုတိယအကြိမ်)
    •  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် (IRAC) ရဲ့ Facebook စာမျက်နှာ
  • ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အစည်းအဝေး နေပြည်တော်တွင် ကျင်းပ
    ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အစည်းအဝေး နေပြည်တော်တွင် ကျင်းပ
    ဒီဇင်ဘာ ၁၈၊ ၂၀၁၂
    M-Media
    15505_138042209683017_954309761_n
    နယ်စပ်ရေးရာဝန်ကြီးဌာနက ကြီးမှုးကျင်းပသည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အစည်းအဝေး တစ်ရပ်ကို ယမန်နေ့၁၈.၁၂.၂၀၁၂  ရက် နံနက် ၁ဝ နာရီခွဲတွင် နေပြည်တော် ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပကြောင်းသိရှိရသည်။
    အဆိုပါ အစည်းအဝေးသို့ ကုလသမဂ္ဂ အဖွဲ့အစည်းများ ဆိုင်ရာ ညှိနှိုင်းရေးမှူး UNDP ဌာနေ ကိုယ်စားလှယ် Mr. Ashok Nigam၊ အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ်မှ   ဦးဝဏ္ဏရွှေ၊ ဦးဇော်ထွန်းနှင့် ဦးသိန်းထွန်းတို့ တက်ရောက်ကြပြီး မြန်မာမွတ်စလင်မ် အမျိုးသားရေးရာ အဖွဲ့ချုပ်မှ တာဝန်ရှိသူများလည်းတက်ရောက်ကြသည်။
    29559_138042323016339_272179545_n
    481616_138042406349664_874437258_n
    အစည်းအဝေးသို့ တက်ရောက် လာကြသည့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ အစည်းများ၏ ဌာနေ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အစိုးရ နှင့်အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ၊ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ များနှင့် လူမှုရေး အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များက လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လူသားချင်း စာနာသော အထောက် အပံ့ပေးရေးဆိုင်ရာ လုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေ၊ ရှေ့လုပ်ငန်းစဉ်၊ သဟဇာတဖြစ်သည့်  လူ့အဖွဲ့ အစည်း ပေါ်ပေါက်ရေး ဆိုင်ရာ အတွေးအမြင် အယူအဆများ၊ရင်ဆိုင် ကြုံတွေ့ ရသည့် အခက်အခဲများ၊ စိန်ခေါ်မှု များကိုပူးပေါင်းညှိနှိုင်း ဖြေရှင်းနိုင်ရန် အသီးသီး တင်ပြ ဆွေးနွေး ခဲ့ကြသည်။
    ရခိုင်ပြည်နယ်အတွင်းရှိ  နှစ်ဖက် လူ့အဖွဲ့ အစည်း အသီးသီးတွင် စိတ်ခံစားမှုများနှင့် မကျေနပ် ချက်များ ရှိနေဆဲ ဖြစ်သည်ကို သုံးသပ် တွေ့ရှိရသော်လည်း လွဲမှားသော အတွေးအခေါ် အယူအဆ များကို ပြုပြင် ပြောင်းလဲရန်လိုအပ်ပါကြောင်း၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းပြီး တရားဥပဒေ စိုးမိုးရေးလုပ်ငန်းစဉ်များ ပိုမို ဖြစ်ထွန်း လာရေးအတွက် ကျောက်တော်၊ မြောက်ဦး၊မင်းပြားနှင့် မြေပုံ လေးမြို့နယ်ကို မြောက်ဦး ခရိုင်အဖြစ်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ကို အဆိုပါအစည်းအဝေးမှသိရှိရသည်။
    တစ်ချိန်တည်းတွင် ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချူပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားဟာ ရခိုင်ပြည်နယ်ကိုသွားရောက်ပြီး ရခိုင် တိုင်းရင်းသား တွေနဲ့ မွတ်စလင်တွေ အတူတကွ နေထိုင်ရေးအတွက် ဒေသခံတွေနဲ့ သွားရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။
    ယနေ့ ၂၀.၁၂.၂၀၁၂နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် မူအဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများ၏ အမည်များဖြစ်သည့်  မြန်မာမွတ်စလင်မ် အမျိုးသားရေးရာအဖွဲ့ချုပ် ကို မြန်မာ-မူဆလင် အမျိုးသားအဖွဲ့ချုပ်ဟုလည်းကောင်း၊
    အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ်ကို အစ္စလာမ်မစ်ကောင်စီ ဌာနချုပ်ဟုလည်းကောင်း မှားယွင်းရေးသားထားပြီး မျက်နှာဖုံးသတင်းတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။
  • အစ္စလာမ့်အဖွဲ့အမည် မှားယွင်းဖော်ပြမှု့ မြန်မာ သံတော်ဆင့် မှ ပြင်ဆင်ချက် မထည့်ပေးသေး
    အစ္စလာမ့်အဖွဲ့အမည် မှားယွင်းဖော်ပြမှု့ မြန်မာ သံတော်ဆင့် မှ ပြင်ဆင်ချက် မထည့်ပေးသေး
    ဒီဇင်ဘာ၁၁၊၂၀၁၂
    ရန်ကုန်
    ဇာဇာလှိုင်
    ၁.၇.၂၀၁၂ နေ့ထုတ် အတွဲ(၁) ၊အမှတ်(၃၈) ၊ မြန်မာ သံတော်ဆင့် ဂျာနယ် မျက်နှာဖုံးတွင် ” မွတ်စလင်မ် ဘာသာရေးခေါင်းဆောင် ၂ ဦးအား ရခိုင်စုံစမ်းရေး ကော်မရှင် အဖွဲ့မှ ထုတ်ပယ်” ဟူသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့ပါသည်။ အဆိုပါ သတင်းထဲတွင် ထည့်သွင်းဖော်ပြထားသော ထုတ်ပယ်ခံသူ နှစ်ဦးမှ   မြန်မာမွတ်စလင် အဖွဲ့ချုပ် ဥက္ကဌနှင့် အတွင်းရေးမှူး ဟု ဖော်ပြပါရှိသည်။ အဆိုပါ ထုတ်ပယ်ခံရသူ (၂) ဦးမှာ  မြန်မာမွတ်စလင် အဖွဲ့ချုပ် ဥက္ကဌနှင့် အတွင်းရေးမှူး မဟုတ်ဘဲ အစ္စလာမ်သာသနာ ရေးရာ ကောင်စီ ဌာနချုပ်မှ ဖြစ်ပါသည်။
    မြန်မာ သံတော်ဆင့် ဂျာနယ်မှ တွေ့ဆုံမေးမြန်းခဲ့သူ ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးခင်မောင်ဆွေ၏ ပြောကြားချက်များကို ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာမွတ်စလင် အဖွဲ့ချုပ် မှ မြန်မာ သံတော်ဆင့် ဂျာနယ်သို့ ၁၉.၁၁.၁၂ နေ့က တစ်ကြိမ်၊ ၁၇.၁၁.၁၂နေ့က တစ်ကြိမ်၊ ၂၃.၁၁.၁၂နေ့က တစ်ကြိမ် သုံးကြိမ်တိတိ ဖုန်းနှင့် ပြင်ဆင်ချက် ထည့်ပေးပါရန် ပြောကြားခဲ့ကြောင်းကို မြန်မာမွတ်စလင် အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။
    သို့သော် ယင်းဂျာနယ်မှ ယနေ့ထိ ပြင်ဆင်ချက် မထည့် ပေးသေးကြောင်း စုံစမ်းသိရှိရသည်။
    အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် ဥက္ကဌဦးညွှန့်မောင်သျှိန်နှင့် အတွင်းရေးမှူးတို့ကို  ရခိုင်စုံစမ်းရေး ကော်မရှင်အဖွဲ့မှ မည်သည့် အကြောင်းချက်ဖြင့်  ထုတ်ပယ်ခံခဲ့သည့်ကို ယနေ့တိုင် ကံယံကံရှင်များသို့ တိတိကျကျ အကြောင်းကြားစာပေးပို့ခြင်း မရှိသလို သမ္မတမှထုတ်ပယ်ကြောင်း သတင်းထုတ်ပြန်ချက် တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသေးကြောင်း သိရှိရပါသည်။
    ရခိုင်ပြည်နယ်အတွင်း မေလ နှင့်ဇွန်လ မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် အဖွဲ့ဝင် (၂၇) ဦးပါသော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအဖွဲ့တွင် အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ်မှ (၂) ဦး၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချူပ်(မအဖ) ဌာနချုပ်မှ (၂)ဦး၊  မြန်မာမွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့မှ (၂)ဦး စုစုပေါင်း အစ္စလာမ်ဘာသာရေးအဖွဲများမှ (၆) ဦးပါဝင်ခဲ့သည်။
  • အစ္စလာမ်ကောင်စီ (၅၈) နှစ်တိုင်ခဲ့ပြီ
    အစ္စလာမ်ကောင်စီ (၅၈) နှစ်တိုင်ခဲ့ပြီ
    ဒီဇင်ဘာ ၄ ၊ ၂၀၁၂
    M-Media
    မောင်လျှောက် (မြယာမြေ)
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီကတော့ (၅၈) နှစ်တိုင်ခဲ့ပြီ။
    အစ္စလာမ်ကောင်စီဆိုတာ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ဖဆပလအဖွဲ့ကြီးတွင် တပ်ပေါင်းစုအဖြစ်ပါဝင်ပြီး ကြိုးပမ်းခဲ့တဲ့ ဗမာမွတ်စလင်ကွန်ကရက် (ဗ.မ.က)ကို မြစ်ဖျားခံစီးဆင်းလာခဲ့တဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ အစ္စလာမ်ကောင်စီ အကြောင်းပြောလျှင် မိခင် ဗ.မ.ကအဖွဲ့ကြီးအကြောင်းကို မေ့ထားလို့ မရ၊ ချန်ထားလို့  မရပါ။
    လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “ယနေ့တိုင်းပြည်အခြေအနေဟာ တစ်မျိုးသားလုံးသွေးစည်း ညီညွှတ်ရန်အလွန် လိုအပ်နေတဲ့အတွက် ဗမာမွတ်စလင်များ ညီညီညွှတ်ညွှတ်နဲ့အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းပြီး ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (AFO or The Anit-Fascist Organization) ) အဖွဲ့ကြီးမှာ တပ်ပေါင်းစုအဖြစ် ပါဝင်ရန်” ဆိုတဲ့တိုက်တွန်းချက်အရ အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်က ဦးဆောင်ကာ ၁၉၄၅ခုနှစ်၊ ဒီဇင်ဘာလ၂၄ရက်နေ့တွင် ပျဉ်းမနားမြို့မှာညီလာခံကြီး တစ်ရပ် ခေါ်ယူကျင်းပခဲ့ပါတယ်။ အဲ့ဒီညီလာခံမှာ ဆရာကြီးဦးရာဇတ် ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး “ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်ကွန်ကရက်”(ဗမက) အဖွဲ့ကြီးကို ဖွဲ့စည်းခဲ့ပါတယ်။
    မြန်မာလွတ်လပ်ရေး အရယူရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ “ဗ.မ.က” မှပုဂ္ဂိုလ်များပါဝင်ခဲ့ပါတယ်။ ဦးရာဇတ်တို့လို အာဇာနည်ပုဂ္ဂိုလ်တွေ၊ ဦးဖေခင်တို့လို ပင်လုံညီလာခံကို နောက်ကွယ်မှ ပံ့ပိုးခဲ့သူတွေ၊ ရွှေတိဂုံ အလယ်ပစ္စယံ ညီလာခံကြီးမှာ လွတ်လပ်ရေး အရယူရန်”ဗ.မ.က” ကိုယ်စားလှယ်များပါဝင်ပြီး အဆိုတင်သွင်းခဲ့တာတွေ၊ ထောက်ခံဆန္ဒပြုခဲ့တာတွေကို မေ့ထားလို့မရပါဘူး။
    လွတ်လပ်ရေးရပြီး ဖဆပလ ဟာ နိုင်ငံရေးပါတီတစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ အဲဒီ ဖဆပလ မှာ “ဗ.မ.က” ကိုယ်စားလှယ်တွေပါဝင်နေတုန်းပဲ။ ဦးခင်မောင်တို့ ဦးရာရှစ်တို့ စတာတွေဟာ ဖဆပလတွင်းက “ဗ.မ.က” ၀န်ကြီးတွေပါ။ ပါလီမန်အမတ်များဖြစ်ကြတဲ့ ၀ဏ္ဏကျော်ထင်ဒေါ်စောရွှေတို့၊ နိုင်ငံ့ဂုဏ်ရည် ပထမဆင့်ဆရာကြီးချယ် (နောင်အခါရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်)တို့ဟာ ဖဆပလထဲက “ဗ.မ.က” လူတွေပါ။ နောက်တော့ ဖဆပလ နှစ်ပိုင်းကွဲတယ်။ သန့်ရှင်း(နုတင်)နဲ့ တည်မြဲ(ဆွေငြိမ်း) ပေါ့။ သို့ပေမယ့် “ဗ.မ.က” ဟာ နိုင်ငံရေးနှင့် ဘာသာရေးရောထွေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၁၉၅၆ခုနှစ်မှာ “ဗ.မ.က” ကို ၀န်ကြီးချုပ်ဦးနုက ဖျက်သိမ်းခိုင်းပါတယ်။
    “ဗ.မ.က” ဖျက်သိမ်းပြီးနောက် ဗမာမွတ်စလင်ကွန်ကရက်အစား “အစ္စလာမ်သာသနာရေးရာကောင်စီ”ဖြင့် အစားထိုးလိုက်ပါတယ်။ အစ္စလာမ် သာသနာရေးရာ ကောင်စီအား ၁၉၅၄ခုနှစ် ဒီဇင်ဘာလ ၅ရက်၍ ဗမာမွတ်စလင်ကွန်ကရက် (ဗမက)၊ အိုလမာပညာရှင်များအဖွဲ့ချုပ်၊ ဗမာမွတ်စလင်အမျိုးသမီးများအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ စသည့်အင်အားစု ၃ရပ်ကို မဏ္ဍိုင်ပြုပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။
    အစ္စလာမ် သာသနာရေးရာ ကောင်စီသည် နိုင်ငံရေးအဖွဲ့အစည်းမဟုတ်၊ တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာ ကိုယ်စားပြုအဖွဲ့ကြီး အဖြစ်လည်းကောင်း၊ အခြားသာသနာဝင် တိုင်းရင်းသားညီနောင်တို့နှင့် အချင်းချင်း ပိုမိုသိနားလည်မှု၊ အပြန်အလှန်ထောက်ထားစာနာ လေးစားမှု၊ ချစ်ခင်ရင်းနှီးမှုများ အစဉ်ရှင်သန်ရေးအတွက် အစဉ်အလာကောင်းများကို ထိန်းသိမ်းရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
    လက်ရှိအခြေအနေမှာ အစ္စလာမ်သာသနာရေးရာ ကောင်စီသည် အချိန်အခါအားလျော်စွာ ပေါ်ပေါက်လာသော အစ္စလာမ့်ရေးရာ ကိစ္စအ၀၀တို့ကို သာသနာအဆုံးအမနှင့် အညီ နိုင်ငံတော်၏ ရေမြေသဘာဝ၊ အခြေအနေ၊ သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှုတို့နှင့် သဟဇာတဖြစ်စေကာ အစ္စလာမ့်တရားဘောင်အတွင်းမှ တိုင်းရင်သား/နိုင်ငံသား အစ္စလာမ်သာသနာဝင်များအား ကိုယ်စားပြု ရပ်တည်ဖြေရှင်း ဆောင်ရွက်လျှက်ရှိကြောင်း တွေ့ရပါတယ်။
    ဒါအပြင် မိခင်အဖွဲ့ကြီးဖြစ်သော ဗမကကို ဆက်ခံသည့် အဖွဲ့အစည်းဖြစ်သည့် အားလျော်စွာ ပုံမှန်အစည်းအဝေး၊ ဦးစီးအစည်းအဝေး၊ ညီလာခံများကို အဖွဲ့အစည်းအင်္ဂါရပ်များ အများဆန္ဒနှင့်အညီ ဆောင်ရွက်နေသော အဖွဲ့အစည်းကြီးလည်း ဖြစ်ကြောင်းသိရပါတယ်။
    အချုပ်အားဖြင့်ဆိုရလျှင် ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်ရေးခဲ့သော အစ္စလာမ့်ဝန်ထမ်း တေးကဗျာလေးထဲက မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ခံယူချက်၊ စိတ်ဓါတ်ကို ဖော်ကျူးသော စာသားလေးကို ပြေး၍ သတိရမိပါသည်။
    ̀̀ဘာသာစုံညီထောက်ထားရမည်၊ နိုင်ငံစည်ပင်ဖွံ့ဖြိုးရမည်၊ အကျိုးမျှော်တို့နော် ရွက်ဆောင်ခဲ့သည်၊ ရပ်ရေးတွေ၊ ရွာရေးတွေ အေးချမ်းစေ၊ ပြည်ထောင်စုအတွက် အသက်ပေးဝန်ထမ်းမည် ́ ဟူ၍ဖြစ်သည်။
    ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၅)ရက်နေ့၌ ကျရောက်သော အစ္စလာမ့်ကောင်စီ၏ (၅၈)နှစ်မြောက် နှစ်ပတ်လည်နေ့မှသည် ကမ္ဘာတည်သရွေ့ မြန်မာ့အကျိုး၊ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်ဘာသာဝင်များ၏ အကျိုးများကို ဆထက်တပိုး သယ်ပိုးထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ ဂုဏ်ပြုရေးသားလိုက်ရပါသည်