News @ M-Media

Tag: iraq

  • အီရတ်ရှိ အဓိကမြို့တစ်မြို့အား IS လက်မှ ကာ့ဒ်တပ်ဖွဲ့များ ပြန်သိမ်းနိုင်

    အီရတ်ရှိ အဓိကမြို့တစ်မြို့အား IS လက်မှ ကာ့ဒ်တပ်ဖွဲ့များ ပြန်သိမ်းနိုင်

    နိုဝင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    iraq

    – IS တပ်ဖွဲ့များက ပြီးခဲ့သည့်နှစ် သြဂုတ်လကတည်းက သိမ်းပိုက်ထားသော အီရန်နိုင်ငံမြောက်ပိုင်းရှိ ဆင်ဂျာမြို့အား ယမန်နေ့က စတင် ထိုးစစ်ဆင်ခဲ့သည့် ကာ့ဒ်တပ်ဖွဲ့မှာ ယနေ့မနက်ပိုင်းတွင် မြို့တွင်းသို့ ၀င်ရာက်နိုင်ခဲ့ပြီဟု သိရသည်။

    အဆိုပါ ထိုးစစ်တွင် အမေရိကန်ဦးဆောင်သည့်အဖွဲ့များက လေကြောင်းမှ ကူညီပစ်ခတ်ပေးမှုများ ရှိခဲ့ပြီး IS တပ်ဖွဲ့များကလည်း အပြင်းအထန် ပြန်လည်ခုခံခဲ့ခြင်းမရှိဟု ဆိုသည်။ ထို့ပြင် IS တပ်ဖွဲ့ဝင် အများအစုမှာ နိုဝင်ဘာ ၁၁ ရက်နေ့ကတည်းက ထိုဒေသမှ ဆုတ်ခွာသွားခဲ့သည်ဟု ဒေသခံများက ပြောကြားခဲ့သည်။ ဆင်ဂျာဒေသအား ပြန်လည်သိမ်းပိုက်ရန် ရည်ရွယ်သည့် အဆိုပါထိုးစစ်မှာ IS အဖွဲ့အား ချေမှုန်းရေး ကြိုးပမ်းမှုတွင် ရေးပါသည့် တိုက်ပွဲတစ်ခုလည်းဖြစ်သည်။

    ဆင်ဂျာမြို့အား သိမ်းပိုက်နိုင်ခြင်းမှာ အီရတ်နှင့် ဆီးရီးယားရှိ IS ၏ ခြေကုပ်မြို့များဖြစ်သော မူဆိုးလ်နှင့် ရက်ကာမြို့များကို ဆက်သွယ်ထားသည့် ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်နိုင်ခြင်းလည်းဖြစ်ပြီး ဆင်ဂျာဒေသအား အီရတ်မြောက်ပိုင်းရှိ အခြားသောမြို့များနှင့် ပြန်လည် ဆက်သွယ်နိုင်မည်ဖြစ်သည်။

    Ref: Aljazeera

  • အမေရိကန်၏ ကျူးကျော်စစ်တွင် အဓိကပါဝင်ခဲ့သူ အီရတ်နိုင်ငံရေးသမား ကွယ်လွန်

    အမေရိကန်၏ ကျူးကျော်စစ်တွင် အဓိကပါဝင်ခဲ့သူ အီရတ်နိုင်ငံရေးသမား ကွယ်လွန်

    နိုဝင်ဘာ ၃၊ ၂၀၁၅
    M-Media

    iraq

    – ၂၀၀၃ ခုနှစ်က အီရတ်သို့ အမေရိကန်က ကျူးကျော်ဝင်ရောက်မှုအတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူ အီရတ်နိုင်ငံရေး သမားဟောင်း အသက် ၇၁ နှစ်အရွယ် အဟ်မဒ် ချာလာဘီမှာ ယနေ့မနက်ပိုင်းက ဘဂ္ဂဒတ်ရှိ ၎င်း၏ နေအိမ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    လက်ရှိတွင် အီရတ်လွှတ်တော်၏ ဘဏ္ဍာရေးကော်မတီ အကြီးအကဲဖြစ်သော ချာလာဘီမှာ ၁၉၄၄ ခုနှစ်တွင် ဘဂ္ဂဒတ်၌ မွေးဖွားခဲ့ပြီး ဆက်ဒမ်အစိုးရကို ဖြုတ်ချရန် အချိန်အတော်ကြာ ကြိုးစားခဲ့သည့် ထင်ရှားသော အတိုက်အခံ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

    ၁၉၅၆ ခုနှစ်တွင် အီရတ်မှ ထွက်ခွာခဲ့ပြီး ဗြိတိန်နှင့် အမေရိကန်တို့တွင် နေထိုင်ခဲ့ကာ ပြည်ပရောက် အီရတ်အမျိုးသား ကွန်ဂရက်၏ ခေါင်းဆောင်အဖြစ်လည်း ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ၎င်းမှာ အီရတ်တွင် အစုလိုက်အပြုံလိုက် သေစေနိုင်သော ဖျက်အားပြင်းလက်နက်များ ရှိသည်ဟုလည်း လိမ်လည် သတင်းပေးခဲ့ကာ အမေရိကန်က အီရတ်အား ကျူးကျော်တိုက်ခိုက်ရန် လူသိရှင်ကြား ထောက်ခံအားပေးခဲ့သူလည်း ဖြစ်သည်။

    ချာလာဘီမှာ ဘုရှ်အစိုးရနှင့် နီးကပ်သည့် ဆက်ဆံရေးရှိပြီး ဆက်ဒမ်ဟူစိန် ပြုတ်ကျပြီးနောက် အီရတ်ကို ၎င်းက ခေါင်းဆောင်ရမည်ဟု ထင်မှတ်ထားသူလည်း ဖြစ်သည်။ သို့သော်လည်း စစ်ဖြစ်ပွားပြီးနောက် အမေရိကန်က ဖွဲ့စည်းပေးသည့် အီရတ် အုပ်ချုပ်ရေး ကောင်စီတွင် ဒုတိယ၀န်ကြီးချုပ်ရာထူးသာ ရရှိခဲ့ပြီး နောက်ပိုင်းတွင် ထိုရာထူးမှလည်း ဖယ်ပေးခဲ့ရကာ ထိုကဲ့သို့ အဆင့်မြင့်ရာထူးမျိုးကို ထပ်မံရရှိခြင်း မရှိတော့ပေ။

    Ref: Aljazeera

  • အီရတ်တွင် မိုးသည်းထန်ပြီး ရေကြီး

    အီရတ်တွင် မိုးသည်းထန်ပြီး ရေကြီး

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    – မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အီရတ်နိုင်ငံရှိ ဒေသအများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ဘဂ္ဂဒတ်မြို့ လမ်းများတွင်လည်း ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေကာ စစ်ရှောင်ဒုက္ခသည်များ နေထိုင်သည့် စခန်းများမှာလည်း ပျက်ဆီးခဲ့ရသည်။

    နွေရာသီ ကုန်ဆုံးခဲ့ပြီးနောက် ယမန်နေ့ ညနေပိုင်းကစ၍ မြို့တော်တွင် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ပြီး အာရပ်ကမ္ဘာ၏ ဒုတိယအကြီးဆုံးဖြစ်သော ဘဂ္ဂဒတ်တွင် ဆိုးရွားသည့် အခြေခံအဆောက်အဦးများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အလုပ်သွားရန်နှင့် ကျောင်းသွားရန် ခက်ခဲနေပြီး အစိုးရက ကြာသာပတေးနေ့ကို ရုံးပိတ်ရက်အဖြစ် ကြေငြာခဲ့သည်။

    အန်ဘာရ်ပြည်နယ်တွင်လည်း ရေကြီးမှုများကြောင့် စစ်ရှောင်ဒုက္ခသည်များ နေထိုင်ရာ စခန်းများမှာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးခဲ့ပြီး ကူစက်ရောဂါများ ပြန့်နှံ့လာမည်ကိုလည်း ပြည်သူများက စိုးရိမ်နေကြသည်။ ရေကြီးမှုကြောင့် လက်ရှိအချိန်အထိ ကလေးငယ်တစ်ဦး သေဆုံးသည်ဟု သိရသည်။

    Ref: Alarabiya

  • IS ကို ထောက်လှမ်းရေး သတင်းပါ အမေရိကန်က ပေးဟု အီရတ် လက်နက်ကိုင် အဖွဲ့ပြော

    IS ကို ထောက်လှမ်းရေး သတင်းပါ အမေရိကန်က ပေးဟု အီရတ် လက်နက်ကိုင် အဖွဲ့ပြော

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    is

    – မိမိတို့ ဖမ်းဆီးထားသော IS အဖွဲ့မှ ခေါင်းဆောင်များက ၎င်းတို့မှာ အမေရိကန်ထံမှ ကူညီပံ့ပိုးမှုများနှင့် ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်များ ရရှိသည်ဟု ထုတ်ဖော်ဝန်ခံထားကြောင်း အီရတ်ရှိ Hezbollah Battalions အဖွဲ့က ပြောကြားလိုက်သည်။

    “မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ IS တပ်မှူးတွေရဲ့ ၀န်ခံမှုအရ အမေရိကန်ရဲ့ သူတို့အဖွဲ့အပေါ် ထောက်ပံ့မှုဟာ အကန့်အသတ်မရှိဘဲ လိုအပ်တာတွေ ပံ့ပိုးပေးမှုတွေအထိ ကျယ်ပြန့်တယ်လို့ သိရပါတယ်” ဟု Hezbollah Battalions အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဂျာဖာရ် အလ်-ဟူစိန်နီက ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်မှာ အီရတ်စစ်သားများ၏ တပ်စွဲရာနေရာများနှင့် ပစ်မှတ်များကိုပါ IS သို့ ထောက်လှမ်းရေးသတင်းများ ပေးပို့သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Hezbollah Battalions အဖွဲ့မှာ အီရတ်စစ်ပွဲမဖြစ်ခင် ၄ လအရင်က ဖွဲ့စည်းခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အီရတ်စစ်ပွဲ၌ အမေရိကန်နှင့် မဟာမိတ်တပ်များကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်။ လက်ရှိတွင်မူ အီရတ်ရှိ IS အဖွဲ့များကို တိုက်ခိုက်နေသည်။

    Ref: Globalresearch

  • အီရတ်စစ်ပွဲကို သတင်းအမှားဖြင့် ၀င်တိုက်ခဲ့သည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ၀န်ခံ

    အီရတ်စစ်ပွဲကို သတင်းအမှားဖြင့် ၀င်တိုက်ခဲ့သည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ၀န်ခံ

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    – အီရတ်တွင် ဖျက်အားပြင်း ဓာတုလက်နက်များ ရှိသည်ဆိုသော ထောက်လှမ်းရေးသတင်းမှာ သတင်းအမှားသာဖြစ်သည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ၀န်ခံပြောကြားလိုက်ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့သည့် အီရတ်စစ်ပွဲ အမှားများအတွက်လည်း တောင်းပန်လိုက်သည်။

    “ထောက်လှမ်းရေးကရတဲ့ သတင်းဟာ မှားယွင်းတယ်ဆိုတာအတွက် ကျွန်တော် တောင်းပန်ပါတယ်။ အစီအစဉ်ဆွဲမှု အတွင်းမှာ မှားယွင်းမှုတွေနဲ့၊ အာဏာရှင်ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချပြီးနောက်ပိုင်းမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့တွက်ချက်မှုမှာ တက်တက်စင်အောင် လွဲခဲ့တာတွေအတွက်လည်း ကျွန်တော် တောင်းပန်ပါတယ်” ဟု CNN Europe နှင့် အင်တာဗျူးတွင် တိုနီဘလဲက ပြောကြားခဲ့သည်။

    အဆိုပါ အင်တာဗျူးကို ယနေ့တွင် ဥရောတစ်လွှား၌ ထုတ်လွှင့်ပြသမည်ဖြစ်သည်။ ထို့ပြင် အမေရိကန်နှင့် ဗြိတိန်တို့၏ အီရတ်စစ်ပွဲမှာ IS အဖွဲ့ ပေါ်ထွက်လာမှု၏ “အဓိက အကြောင်းအရင်း” ဖြစ်သလားဟု မေးမြန်းရာတွင်လည်း ဘလဲက တစ်စိတ်တစ်ပိုင်း မှန်ကန်သည်ဟု ၀န်ခံခဲ့သည်။

    “၂၀၀၃ ခုနှစ်မှာ ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချခဲ့တဲ့ ကျွန်တော်တို့ဟာ ဒီ ၂၀၁၅ က အခြေအနေတွေမှာ လုံးဝ တာဝန်မရှိဘူးလို့တော့ ပြောလို့မရပါဘူး”

    တိုနီဘလဲနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကလည်း ဘလဲမှာ ထောက်လှမ်းရေး၏ အမှားလုပ်မှုနှင့် အစီအစဉ် မမှန်ကန်မှုများအတွက် အမြဲတမ်း တောင်းပန်ခဲ့ကြောင်း၊ သို့သော်လည်း ဆက်ဒမ်အား ဖြုတ်ချခြင်းမှာ မှားယွင်းမှုတစ်ခုဟု ၎င်းက မထင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    အီရတ်ကျူးကျော်စစ်အတွင်း ဗြိတိန်အစိုးရ၏ ပါဝင်ပတ်သက်မှုအား စုံးစမ်းရန် ဖွဲ့စည်းထားသော Chilcot အဖွဲ့မှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ရန်ရှိနေပြီး ဘလဲ၏ ယခုတောင်းပန်မှုက အစီရင်ခံစာထွက်ပြီးနောက် ဖြစ်ပေါ်လာဖွယ်ရှိနေသည့် ဝေဖန်မှုများအတွက် ကြိုတင် ကာထားခြင်းဖြစ်သည်ဟု စကော့တလန် ပထမ၀န်ကြီးချုပ် နီကိုလာ စတာဂျီယန်က ပြောကြားခဲ့သည်။

    “ဘလဲရဲ့ ဝေ့လည်ကြောင်ပတ်ဇာတ်လမ်းက စပါပြီ။ ဒါပေမယ့် တိုင်းပြည်က အမှန်တရားကို စောင့်ဆိုင်းနေပါတယ်။ Chilcot စုံစမ်းရေးအဖွဲ့က အစီရင်ခံစာ နှောင့်နှေးနေတာကလည်း မသမာမှုပါပဲ” ဟု စတာဂျီယန်က ပြောကြားခဲ့သည်။

    အဆိုပါ စုံစမ်းရေးအဖွဲ့ကို လွန်ခဲ့သည့် ၆ နှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တစ်နှစ်အတွင်း အပြီး ဆောင်ရွက်ပေးမည်ဟု ထိုစဉ်က ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက အသေအချာ ပြောခဲ့သော်လည်း ယနေ့အချိန်အထိ အစီရင်ခံစာ ထွက်မလာသေးဘဲ နောက်ဆုံးအစီရင်ခံစာကို ထုတ်ပြန်ရန် ရက်အတိအကျကိုလည်း သတ်မှတ်ထားခြင်းမရှိချေ။

    ထိုကဲ့သို့ အစီရင်ခံစာ ထုတ်ပြန်မှု အလွန်အမင်း နောက်ကျနေခြင်းက တိုနီဘလဲအပါအ၀င် အီရတ်စစ်ပွဲအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ရနိုင်သူများ အစီရင်ခံစာ ထွက်မလာခင် အမြင်လှအောင် လုပ်ဆောင်ရန် အခွင့်အရေး ရစေခဲ့သည်။

    စစ်ပွဲအတွင်း သေဆုံးသွားသော စစ်သားများ၏ မိသားစု ဆွေမျိုးများကမူ ထိုအစီရင်ခံစာထွက်မည့်ရက်ကို သတ်မှတ်ထုတ်ပြန်ခြင်း မရှိပါက တရားဥပဒေအရ တုန့်ပြန်သွားမည်ဟု ခြိမ်းခြောက်ထားသည်။

    အမေရိကန်၏ အီရတ်ကျူးကျော်စစ်တွင် ပါဝင်ရန် တိုနီဘလဲက ဆုံးဖြတ်ချက်ချသည့်အချိန်တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် လော့ဒ် ဘလန့်ကတ်က ဆက်ဒမ်အား ဖြုတ်ချအပြီး ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ ဘလဲထံမှ ရေရေရာရာ မသိခဲ့ရဟု ဆိုသည်။

    “စစ်ဆင်ရေး ပြီးသွားတဲ့အခါ ဘာဖြစ်မလဲဆိုတာကို တိုနီက ဘာမှမပြောနိုင်ခဲ့ပါဘူး။ သူက ဒစ်ချေနီ (အမေရိကန် ဒုတိယသမ္မတ) နဲ့ ဒေါ်နယ်လ်ရမ်းစဖဲလ် (အမေရိကန် ကာကွယ်ရေးဝန်ကြီး) တို့ကို ယုံကြည်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ယနေ့တွင် Dailymail သို့ ပြောကြားခဲ့သည်။

    “ပြန်ပြောင်းတွေးကြည့်တဲ့အခါ အစိုးရယန္တရားတစ်ခုလုံးကို ဖြုတ်ချခြင်းအားဖြင့် ဆက်ဒမ်ရဲ့ ဘာ့သ်ပါတီ သြဇာလွှမ်းမိုးမှုကို လုံးဝ ဖြိုဖျက်ဖို့ဆိုတဲ့အပေါ် သူတို့ ပါဝင်ခဲ့တာလို့ အခု ကျွန်တော်တို့ သိရှိရပါတယ်။ ဒါက တကယ်အလုပ်လုပ်နိုင်တဲ့ ဘယ်လိုအစိုးရမျိုးကိုမှ ဖွဲ့လို့မရတာ၊ ထိမ်းမနိုင်သိမ်းမရအခြေအနေမျိုးတွေ ဖြစ်လာတာဆီကိုပဲ ဦးတည်ခဲ့ပါတယ်”

    “တိုနီဘလဲကို ဓားစာခံလုပ်တာတော့ မဟုတ်ပါဘူး။ အမေရိကန်အပေါ်မှာ ကျွန်တော်တို့ဟာ ပိုကြီးများတဲ့ လွှမ်းမိုးမှု ရှိမယ်လို့ ယုံကြည်ထင်မှတ်ပြီး မှောက်မှားသွားတဲ့ ဒီကိစ္စအတွက် ကျွန်တော်တို့အားလုံးကို အပြစ်တင်ရမှာပါ”

    ထို့ပြင် ထိုစုံစမ်းစစ်ဆေးမှု၏ တွေ့ရှိချက်များနှင့် ပတ်သက်၍ ကနဦးအစီရင်ခံစာကို အလျင်အမြန် ထုတ်ပြန်ခြင်း မရှိပါက၊ အစီရင်ခံစာတစ်ခုလုံးမှာ ယုံကြည်၍မရဟူသော အခြေအနေအထိ ဖြစ်သွားနိုင်သည်ဟုလည်း ၎င်းက ထည့်သွင်းသတိပေးခဲ့သည်။

    Ref: Gurdian