News @ M-Media

Tag: Japan

  • လုပ်ကြံခံရသည့် ဂျပန်၀န်ကြီးချုပ်ဟောင်း အာဘေး ကွယ်လွန်

    လုပ်ကြံခံရသည့် ဂျပန်၀န်ကြီးချုပ်ဟောင်း အာဘေး ကွယ်လွန်

    ဇူလိုင် ၈၊ ၂၀၂၂
    M-Media

    -မနက်က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံလိုက်ရတဲ့ ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ကွယ်လွန်သွားပြီလို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောကြားကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြပါတယ်။

    နိုင်ငံတောင်ပိုင်း နာရာမြို့မှာ အာဏာရပါတီအတွက် မဲဆွယ်နေစဥ် ရင်ဘတ်နဲ့ လည်ပင်းတို့ကို ပစ်ခတ်ခံလိုက်ရတာပါ။ အာဘေးဟာ အသက် ၆၇ နှစ်ရှိပြီ ဖြစ်ပါတယ်။

    ပစ်ခတ်ခံရပြီးတဲ့နောက် ဆေးရုံကို ရဟတ်ယာဥ်နဲ့ခေါ်သွားပြီး အသက်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဒီကိစ္စကိုသိရှိတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဂျပန်အစိုးရ တာ၀န်ရှိသူတွေက အာဘေးဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတယ်လို့ အစောပိုင်းမှာ ထုတ်ပြန်ထားပေမယ့် သေဆုံးကြောင်း မကြာခင် အတည်ပြုဖို့ ရှိနေပါတယ်။

    Ref: Nikkei Asia

  • ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရမှု သိရသမျှ

    ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရမှု သိရသမျှ

    ဇူလိုင် ၈၊ ၂၀၂၂
    M-Media

    -ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ဒီနေ့မနက်ပိုင်း နိုင်ငံတောင်ပိုင်းက မဲဆွယ်ပွဲတစ်ခုမှာ သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရပါတယ်။

    လည်ပင်းနဲ့ ရင်ဘတ်ကို ထိသွားပြီး နှလုံးရပ်သွားကာ ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေရတယ်လို့ ဂျပန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    နှလုံးရပ်သွားတယ်ဆိုတဲ့ စကားလုံးဟာ ဆေးဘက်ဆိုင်ရာအရ သေဆုံးတယ်လို့ အတည်မပြုခင် သုံးနှုန်းတာ ဖြစ်ပါတယ်။

    ဂျပန်နိုင်ငံမှာ သေနတ်ကိုင်ဆောင်မှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပြီး၊ လက်နက်ကိုင် တိုက်ခိုက်တာမျိုး အလွန်အဖြစ်နည်းကာ၊ နိုင်ငံရေးနွယ်တဲ့ အကြမ်းဖက်မှုမျိုး မဖြစ်သလောက်ပါပဲ။

    ပစ်ခတ်သူဟာ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လုပ်သေနတ်ကို အသုံးပြုခဲ့တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြပါတယ်။

    အာဘေးရဲ့ညီ လက်ရှိ ကာကွယ်ရေး၀န်ကြီး နိုဘူ ကီရှီက သူ့အစ်ကိုဟာ သွေးသွင်းထားရပြီး အသက်ကယ်ဖို့ ဆရာ၀န်တွေက တတ်နိုင်သမျှ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

    အာဘေးရဲ့ Liberal Democratic Party ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်မှာ အာဏာအကြာကြီး ရယူထားနိုင်တဲ့ ပါတီဖြစ်ပြီး အာဘေးကိုယ်တိုင်ကလည်း သက်တော်ရှည် ၀န်ကြီးချုပ်ဖြစ်ပါတယ်။

    သေနတ်နဲ့ပစ်ခတ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။

    Ref: BBC

  • အာရှတွင် ယူကရိန်းကဲ့သို့ ဖြစ်လာနိုင်ကြောင်း ဂျပန်သတိပေး

    အာရှတွင် ယူကရိန်းကဲ့သို့ ဖြစ်လာနိုင်ကြောင်း ဂျပန်သတိပေး

    မေ ၆၊ ၂၀၂၂
    M-Media

    -ယူကရိန်းကိစ္စကို ကမ္ဘာ့နိုင်ငံတွေက တစ်စုတစ်စည်း မတုန့်ပြန်ဘူးဆိုရင် အာရှမှာ ဒီလိုပုံစံတူ ဖြစ်လာလိမ့်မယ်လို့ လန်ဒန်ကို ရောက်နေတဲ့ ဂျပန်၀န်ကြီးချုပ် ဖူမီယို ကီရှီဒါက သတိပေးလိုက်ပါတယ်။

    ထိုင်၀မ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ထိန်းသိမ်းထားရမယ်လို့ ကီရှီဒါက ထည့်သွင်းပြောဆိုခဲ့ပြီး ဒါဟာ တရုတ်က ထိုင်၀မ်ကို ၀င်သိမ်းနိုင်ခြေကို သွယ်၀ိုက်သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

    ယူကရိန်းအပေါ် ရုရှားက ကျူးကျော်တိုက်ခိုက်မှု စဖြစ်ကတည်းက တရုတ်ကလည်း အာရှမှာ ဒီလိုလုပ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါ။

    ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ တွေ့ဆုံစဥ်မှာ ဂျပန်၀န်ကြီးချုပ်က G7 နိုင်ငံတွေ ညီညွတ်ဖို့ တိုက်တွန်းခဲ့ပြီး အင်ဒို ပစိဖိတ်ဒေသ၊ အထူးသဖြင့် အရှေ့အာရှရဲ့ လက်ရှိအနေအထားကို အင်အားသုံးပြီး ပြောင်းလဲဖို့ တစ်ဖက်သတ် ဆောင်ရွက်တာမျိုးကို သည်းခံနေလို့မရဘူးလို့လည်း ဆိုပါတယ်။

    “အရှေ့အာရှမှာလည်း ယူကရိန်းလို ဖြစ်လာနိုင်ပါတယ်”

    ထိုင်၀မ်ဟာ မိိမိတို့ပိုင်နက်ဖြစ်ပြီး လိုအပ်ရင် အင်အားသုံး သိမ်းပိုက်မယ်လို့ တရုတ်က ပြောကြားထားတာပါ။

    ကီရှီဒါက ထိုင်၀မ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ ဂျပန်ရဲ့ လုံခြုံရေးအတွက်သာ မဟုတ်ဘဲ နိုင်ငံတကာအသိုင်းအ၀ိုင်း တည်ငြိမ်အေးချမ်းရေးအတွက်ပါ အရေးကြီးတယ်လို့လည်း ထည့်သွင်းသတိပေးခဲ့ပါတယ်။

    Ref: Reuters

  • ကမ္ဘောဒီးယားစစ်ခေါင်းဆောင်၏ ဂျပန်ခရီးစဉ်တွင် မြန်မာ့အရေး ဆွေးနွေးမည်

    ကမ္ဘောဒီးယားစစ်ခေါင်းဆောင်၏ ဂျပန်ခရီးစဉ်တွင် မြန်မာ့အရေး ဆွေးနွေးမည်

    ဖေဖော်ဝါရီ ၇၊ ၂၀၂၂
    M-Media

    ဟွန်ဆန်နှင့် သားဖြစ်သူ ဟွန်မာနတ် (ယာ)

    -ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့သား ဟွန်မာနတ်ဟာ ဖေဖော်ဝါရီလအလယ်ပိုင်းမှာ ဂျပန်နိုင်ငံကို သွားရောက်ဖို့ရှိနေပြီး အဲဒီခရီးစဉ်အတွင်း မြန်မာ့အရေးကို ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

    ဟွန်မာနတ်ဟာ ကမ္ဘောဒီးယားစစ်တပ် အကြီးအကဲဖြစ်ပြီး ဟွန်ဆန်က သူ့သားကို သူ့နေရာဆက်ခံဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

    ဂျပန်ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ၊ နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီ၊ ကာကွယ်ရေးဝန်ကြီး နိုဘူအိုကီရှီတို့နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွေ၊ အခြား ကိစ္စတွေ ဟွန်မာနတ်က​ ဆွေးနွေးမှာ ဖြစ်ပါတယ်။

    ဟွန်မာနတ်ရဲ့ခရီးစဉ်အတွင်း ဂျပန်တာဝန်ရှိသူတွေက မြန်မာ့အရေးပါ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ အခုနှစ်ဇန်နဝါရီ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်အတွင်း ဟွန်မာနတ်လည်း လိုက်ပါခဲ့တာဖြစ်ပါတယ်။

    ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ကမ္ဘောဒီးယားဟာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်တွေကို အာဆီယံအသိုင်းအ၀ိုင်းမှာ ပြန်လည်ပါဝင်နိုင်ရေး ကြိုးပမ်းဖို့ ဆန္ဒရှိပေမယ့် အခြား အာဆီယံအဖွဲ့အဝင်တွေက လက်မခံတဲ့အတွက် ရှေ့ဆက်လို့ မရခဲ့ပါဘူး။

    ဂျပန်ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာအစိုးရကို ပေးနေတဲ့ အကူအညီတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

    Ref: Japan Today

  • တရုတ်နှင့် မြောက်ကိုရီးယားရန်ကြောင့် ကာကွယ်ရေးစွမ်းအားတိုးမြှင့်ရန် ဂျပန်ပြင်ဆင်

    တရုတ်နှင့် မြောက်ကိုရီးယားရန်ကြောင့် ကာကွယ်ရေးစွမ်းအားတိုးမြှင့်ရန် ဂျပန်ပြင်ဆင်

    နိုဝင်ဘာ ၂၈၊ ၂၀၂၁
    M-Media

    စစ်ရေးပြပွဲအခမ်းအနားတွင်တွေ့ရသည့်
    ဂျပန်ကာကွယ်ရေးဝန်ကြီး ကီရှီဒါ

    -တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုမြင့်တက်လာတာကြောင့် ရန်သူစခန်းကို တိုက်ခိုက်နိုင်တဲ့စွမ်းရည် အပါအဝင် ကာကွယ်ရေးစွမ်းအား တိုးမြှင့်ဖို့အတွက် နည်းလမ်းအားလုံးကို လုပ်ဆောင်သွားမယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ကီရှီဒါက ပြောကြားလိုက်ပါတယ်။

    မနေ့က တိုကျိုမြို့မြောက်ဖက် Asaka စစ်စခန်းမှာလုပ်တဲ့ စစ်ရေးပြပွဲအခမ်းအနားမှာ ကီရှီဒါက မြောက်ကိုရီးယားက ဒုံးကျည်စွမ်းရည်အားကောင်းအောင် လုပ်ဆောင်တာ၊ တရုတ်က စစ်အင်အားတိုးချဲ့ပြီး ဒေသတွင်းမှာ ပိုင်စိုးပိုင်နင်းလုပ်ဆောင်တာလို ဒေသတွင်း လုံခြုံရေးဆိုင်ရာ ခြေအနေ အလျင်အမြန် ပြောင်းလဲလာတာကို ထောက်ပြခဲ့ပါတယ်။

    “ကာကွယ်ရေးစွမ်းအား အားကောင်းဖို့ လိုအပ်လာတဲ့ အနေအထားမျိုးမှာ ရန်သူအခြေစိုက်စခန်းကို တိုက်ခိုက်နိုင်စွမ်းအပါအဝင် နည်းလမ်းပေါင်းစုံကို စဉ်းစားသွားမှာ ဖြစ်ပါတယ်။ ဂျပန်ရဲ့ ပတ်ဝန်းကျင်က လုံခြုံရေးဆိုင်ရာ အခြေအနေဟာ မကြုံစဖူးအခြေအနေနဲ့ အလျင်အမြန် ပြောင်းလဲနေတယ်။ သိပ္ပံဝတ္ထုတွေမှာသာ မြင်ရတဲ့ကိစ္စတွေဟာ ဒီနေ့မှာ အမှန်တကယ် ဖြစ်လာပါပြီ”

    ရန်သူစခန်းကို တိုက်ခိုက်နိုင်စွမ်းလို စစ်အင်အားမျိုးဟာ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံက ပြဌာန်းကျင့်သုံးခဲ့တဲ့ ‘ငြိမ်းချမ်းမှုရှေ့ရှုရေး အခြေခံဥပဒေ’ နဲ့ ဆန့်ကျင်နေပါတယ်။ ဂျပန်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း စစ်အင်အား ပိုမိုတိုးချဲ့နိုင်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

    ကာကွယ်ရေးအတွက် ထပ်တိုးဘက်ဂျက်ငွေ ယန်း ၇၇၀ ဘီလီယံ (ဒေါ်လာ ၆.၈ ဘီလီယံ) လွှတ်တော်မှာ တောင်းဆိုဖို့အတွက် သောကြာနေ့မှာ ဂျပန်အစိုးရက အတည်ပြုခဲ့ပါတယ်။ ဒုံးကျည်တွေ၊ ရေငုပ်သင်္ဘောခွင်း ဒုံးတွေ စတဲ့ အဆင့်မြင့် လက်နက်တွေ ဝယ်ယူဖို့ ဖြစ်ပါတယ်။

    ပတ်ဝန်းကျင်က လုံခြုံရေးအခြေအနေ ဆိုးရွားလာတာကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့အတွက် ကာကွယ်ရေးအသုံးစားရိတ်ကို ၂ ဆတိုးဖို့ စဉ်းစားထားတယ်လို့ ကီရှီဒါက ပြောကြားခဲ့သလို၊ သူ့အစိုးရဟာ ဒါကို တည်တည်ငြိမ်ငြိမ်နဲ့ လက်တွေ့ကျကျ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

    Ref : Reuters