News @ M-Media

Tag: Japan

  • တရုတ်ရန်ကို ကာကွယ်ရန် ဂျပန်နှင့် ဗီယက်နမ် စစ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်

    တရုတ်ရန်ကို ကာကွယ်ရန် ဂျပန်နှင့် ဗီယက်နမ် စစ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်

    စက်တင်ဘာ ၂၂၊ ၂၀၂၁
    M-Media

    ဗီယက်နမ်သမ္မတ Nguyen Xuan Phuc နှင့် ဂျပန်ကာကွယ်ရေးဝန်ကြီး ကီရှီ

    -ဒေသတွင်းမှာ အင်အားကြီးပြီး အန္တရာယ်ရှိလာတဲ့ တရုတ်ကို တန်ပြန်မယ့် ခြေလှမ်းအတွက် ဂျပန်ဟာ ဗီယက်နမ်နိုင်ငံနဲ့ ထူးခြားတဲ့ ကာကွယ်ရေးဆိုင်ရာ စာချုပ်တွေကို ချုပ်ဆိုလိုက်ပါတယ်။

    ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ ပြီးခဲ့တဲ့တစ်ပတ် ဂျပန် ကာကွယ်ရေးဝန်ကြီး နိုဘူအို ကီရှီနဲ့ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး ဖန်ဗန်ဂန်တို့ နှစ်နိုင်ငံစစ်တပ်အကြား လက်နက်ရောင်းချဖို့၊ ကာကွယ်ရေးနည်းပညာ အပြန်အလှန်ဖလှယ်ဖို့အတွက် သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

    သဘောတူညီချက်တွေထဲမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဖို့၊ ဆိုက်ဘာလုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့အပြင် နှစ်နိုင်ငံဆက်ဆံရေး အဆင့်တစ်ခုကို တက်လှမ်းဖို့ စတာတွေလည်း ပါဝင်ပါတယ်။ အထူးခြားဆုံးက သိပ်မကြာခင်ကာလမှာ ဗီယက်နမ်ဟာ ဂျပန်ထုတ် ရေတပ်သင်္ဘောတွေ ရရှိမယ့် လမ်းကြောင်းမျိုး ဖောက်လိုက်တာပါ။

    ၂၀၂၀ ခုနှစ် မတ်လကလည်း ဂျပန်နဲ့ ဗီယက်နမ်တို့ဟာ ရေတပ်သင်္ဘောတည်ဆောက်တဲ့ နည်းပညာမျှဝေရေး၊ နှစ်ဖက်ကြည်းတပ်တွေ ပူး​ပေါင်းဆောင်ရွက်ရေး၊ ဂျပန်က စစ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေ ဗီယက်နမ်ကို သွားရောက်ရေး သဘောတူညီခဲ့ကြပြီး အခုတစ်ခေါက်က နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနွေးထွေးစေမှာ ဖြစ်ပါတယ်။

    ဂျပန်ဟာ တရုတ်ရန်ကို သတိထားနေရတဲ့နိုင်ငံဖြစ်ပြီး ဗီယက်နမ်ကလည်း တောင်တရုတ်ပင်လယ်ကိစ္စမှာ တရုတ်နဲ့ ပိုင်နက်အငြင်းပွားမှု ရှိနေပါတယ်။

    ဟနွိုင်းခရီးစဉ်မှာ ဂျပန်ကာကွယ်ရေးဝန်ကြီး ကီရှီက ဒေသတွင်း လက်ရှိအနေအထားကို အတင်းအကြပ်ပြောင်းလဲတဲ့ တစ်ဖက်သက် ဆောင်ရွက်ချက်မျိုး မိမိတို့ လက်ခံမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ဒါဟာ တရုတ်ကို ရည်ညွှန်းတယ်ဆိုတာ ထင်ရှားပါတယ်။

    ဗီယက်နမ်လို ဒေသတွင်း အင်အားရှိတဲ့ နိုင်ငံမျိုးတွေနဲ့ ပူးပေါင်းပြီး လုံခြုံရေးဆိုင်ရာ လွှမ်းမိုးမှုကို ချဲ့ထွင်ဖို့ ကီရှီက စိတ်ဆန္ဒရှိနေတာပါ။ အခုလို ဗီယက်နမ်နဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိတာဟာ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအခြေခံကို အားကောင်းစေဖို့နဲ့ နိုင်ငံလုံခြုံရေးကို တိုးမြှင့်ဖို့ဖြစ်တယ်လို့လည်း ကီရှီက ဆိုပါတယ်။

    ဂျပန်နဲ့ ဗီယက်နမ်တို့ဟာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်လုပ်ဆောင်ထားပါတယ်။

    Ref: Asia Times

  • ဂျပန်က ယာကူဇာခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် ကွပ်မျက်မည်

    ဂျပန်က ယာကူဇာခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် ကွပ်မျက်မည်

    ဩဂုတ် ၂၆၊ ၂၀၂၁
    M-Media

    -နာမည်ကြီး ရာကူဇာ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တစ်ဦးကို လူသတ်မှုအတွက် ကြိုးပေးကွပ်မျက်ဖို့ ဂျပန်တရားရုံးက အင်္ဂါနေ့မှာ အမိန့်ချလိုက်ပြီး ဒါဟာ ယာကူဇာတစ်ဦးကို ဂျပန်က ပထမဆုံးအကြိမ် သေဒဏ်ပေးတာဖြစ်ပါတယ်။

    အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ဆာတိုရူ နိုမူရာဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းအခြေစိုက် ရာကူဇာဂိုဏ်း Kudo-kai ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ၁၉၉၈ ခုနှစ်က စီးပွားပြိုင်ဘက် သူဌေးတစ်ဦး၊ ၂၀၁၄ ခုနှစ်က အဲဒီသူဌေးရဲ့ ဆွေမျိုးတစ်ဦး၊ ၂၀၁၃ ခုနှစ်က သူကုနေကျ ဆေးခန်းက သူနာပြုတစ်ဦး စုစုပေါင်း လူ ၃ ဦးကို သတ်ဖို့ စေခိုင်းခဲ့မှုအတွက် အခုလို သေဒဏ်ချမှတ်ခြင်း ခံခဲ့ရတာပါ။

    နိုမူရာက သူ့အပေါ်စွဲချက်တွေအတွက် အပြစ်မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

    ဂျပန်နိုင်ငံမှာ ရာကူဇာဂိုဏ်းတွေ ကြီးစိုးခဲ့တာဟာ ၁၇ ရာစုကတည်း​ဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်တွေက သူတို့ရဲ့ အထွပ်အထိပ်ကာလဖြစ်ပါတယ်။ အဲဒီအချိန်က နိုင်ငံတစ်ဝှမ်း ရာကူဇာဂိုဏ်းဝင် ၂ သိန်းလောက် ရှိတယ်လို့ ရဲတပ်ဖွဲ့က တွက်ချက်ခဲ့ပေမယ့် အခုအချိန်မှာတော့ ၂ သောင်းလောက်သာ ရှိပါတော့တယ်။

    ရာကူဇာဂိုဏ်းတွေဟာ ဒုတိယကမ္ဘာစစ်အလွန် ဂျပန်နိုင်ငံမှာ မူးယစ်ဆေး၊ ပြည့်တန်ဆာလုပ်ငန်း၊ ကြေးစားလူသတ်အလုပ် စသဖြင့် တရားမဝင်လုပ်ငန်းပေါင်းစုံလုပ်ကိုင်ပြီး ဒေါ်လာဘီလီယံနဲ့ချီ ဝင်ငွေရှိတဲ့ ဂိုဏ်းတွေ ဖြစ်လာခဲ့ပါတယ်။

    လမ်းတွေပေါ်မှာကြီးစိုးပြီး တည်ငြိမ်အေးချမ်းရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးတဲ့အတွက် ရာကူဇာဂိုဏ်းတွေကို ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် အရေးယူတာမျိုး အရင်က မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း ဂျပန်ဟာ လူဆိုးဂိုဏ်းတွေအပေါ် ထိန်းကွပ်မှုကို ပိုမို တင်းတင်းကြပ်ကြပ် ဆောင်ရွက်လာခဲ့ပါတယ်။

    လူသတ်မှု ၃ ခုနဲ့ ၂၀၁၂ ခုနှစ်က ရဲအရာရှိဟောင်းတစ်ဦးကို လုပ်ကြံဖို့ Kudo-kai ဂိုဏ်းရဲ့ ကြိုးစားမှုတွေမှာ နိုမူရာ၊ သူ့ရဲ့လက်ထောက် ဖူမီယို တာနိုယီတို့က အဓိက တာဝန်ရှိသူတွေ ဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ တာနိုယီကတော့ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

    နိုမူရာနဲ့ တာနိုယီတို့ဟာ ဒဏ်ကြေး ယန်း သန်း ၂၀ ကိုလည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

    Ref: Reuters

  • ကိုဗစ်ဗားရှင်းအသစ် Lambda ကူးစက်မှုကို ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်ပါ တွေ့ရှိလာ

    ကိုဗစ်ဗားရှင်းအသစ် Lambda ကူးစက်မှုကို ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်ပါ တွေ့ရှိလာ

    ဩဂုတ် ၂၀၊ ၂၀၂၁

    M-Media 

    -လက်ရှိကာကွယ်​ဆေးတွေ မတိုးဘူးလို့ ဓာတ်ခွဲခန်းစမ်းသပ်မှုမှာ တွေ့ရတဲ့ နောက်ဆုံးပေါ် ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ် Lambda ကို အာရှနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ တွေ့လာရပါတယ်။

    ဂျပန်နိုင်ငံပါရင် အာရှမှာ Lambda ဗိုင်းရပ်စ် တွေ့ရှိရတဲ့နိုင်ငံ ၃ နိုင်ငံအထိ ရှိလာတာပါ။

    ၂၀၂၀ နှစ်ခု ဒီဇင်လာ တောင်အမေရိက ပီရူးနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ Lambda ဟာ ကူးစက်မှု မြန်ဆန်ပြီး လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေ မတိုးဘူးလို့ ဓာတ်ခွဲခန်း စမ်းသပ်မှုမှာ တွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပါတယ်။

    လက်ရှိ နိုင်ငံပေါင်း ၄၀ ​ကို ပြန့်နှံ့နေပြီး Delta လို ကမ္ဘာတစ်ဝှမ်း အကြီးအကျယ်ပြန့်နှံ့မယ့်အန္တရာယ် ရှိနေကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။ ဒါပေမယ့် Delta လောက် ကူးစက်မှု မမြန်နိုင်ဘူးလို့ ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မတ်လအတွင်းက လူနာတစ်ဦးကို စစ်ဆေးထားတဲ့ ဓာတ်ခွဲမှုစမ်းသပ်မှုမှာ တွေ့ရှိတာဖြစ်ပြီး ဖိလစ်ပိုင်မှာတော့ မနေ့က စစ်ဆေးမှုမှ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    အာရှမှာ Lambda ဗိုင်းရပ်စ် ပထမဆုံးရောက်တာက ဂျပန်မှာဖြစ်ပြီး  တိုကျိုအိုလံပစ်အတွက် ပီရူးနိုင်ငံကနေ ဇူလိုင်လ ၂၀ ရက်နေ့ကရောက်လာတဲ့ အမျိုးသမီးမှာ တွေ့ခဲ့တာဖြစ်ပါတယ်။ ဂျပန်က ဒီကိစ္စကို ဩဂုတ်လ ၆ ရက်နေ့ကမှ ထုတ်ပြန်ခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို မကြာခင် လူထုထံ ချပြသွားဖို့ ရှိနေပါတယ်။ 

    Ref: The Star

  • အမျိုးသမီးများ ပျော်ရွှင်နေမှုကို မမြင်ချင်၍ ဓားဖြင့်လိုက်ထိုးမှု ဂျပန်တွင် ဖြစ်ပွား

    အမျိုးသမီးများ ပျော်ရွှင်နေမှုကို မမြင်ချင်၍ ဓားဖြင့်လိုက်ထိုးမှု ဂျပန်တွင် ဖြစ်ပွား

    ဩဂုတ် ၇၊ ၂၀၂၁

    M-Media 

    -ဂျပန်နိုင်ငံ တိုကျိုမြို့က ရထားတစ်ခုအတွင်းမှာ အမျိုးသားတစ်ဦးက ဓားနဲ့လိုက်ထိုးတာကြောင့် အနည်းဆုံး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

    သောကြာ​နေ့ည ဒေသစံတော်ချိန် ၉ နာရီလောက်က Seijogakuen ဆိုတဲ့ ဘူတာအနီးမှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၃၀ ကျော် အမျိုးသားဟာ ရုတ်တရက် အတူစီးလာတဲ့ ခရီးသည်တွေကို ဓားနဲ့ လိုက်ထိုးတာ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့ကတော့ ဒီအမျိုးသားဟာ အမျိုးသမီးတွေ ပျော်ရွှင်နေတာကို မမြင်ချင်ဘဲ ပျော်နေတဲ့အမျိုးသမီးတွေကို တွေ့ရင် သတ်ဖြတ်ချင်စိတ်ပေါ်လာရာကနေ ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်ခံရတဲ့ အမျိုးသမီး ၁၀ ဦးမှာ တစ်ဦးက ဒဏ်ရပြင်းထန်ပြီး အခြား ၉ ဦးကတော့ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပါတယ်။ 

    တိုက်ခိုက်သူဟာ ရထားပေါ်ကခုန်ဆင်းကာ လွတ်မြောက်သွားခဲ့ပြီး နောက်ပိုင်း ကုန်စုံဆိုင်တစ်ခုထဲဝင်ကာ စျေးရောင်းတဲ့သူကို သူဟာ သတင်းကကြေငြာနေတဲ့ ဓားသမားဖြစ်ကြောင်း၊ ထပ်ပြီး မပြေးချင်တော့ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ 

    ရဲတပ်ဖွဲ့က ဒီအမျိုးသားကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒီနေ့မနက်မှာ ထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ်ကို မပြောခဲ့ပါဘူး။ 

    ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်က အန္တရာယ်အကင်းဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပေမယ့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဓားနဲ့တိုက်ခိုက်မှုတစ်ချို့ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က ကာဝါဆာကီမြို့မှာ ဘတ်စ်ကားစောင့်နေတဲ့ ကျောင်းသားတွေကို အမျိုးသားတစ်ဦးက ဓားနဲ့ တိုက်ခိုက်တာကြောင့် ၂ ဦးသေဆုံးပြီး အနည်းဆုံး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

    Ref: BBC 

  • တရုတ်ရန်မြင့်တက်လာသည့် အာရှတွင် ဗြိတိန်က စစ်သင်္ဘော ၂ စီး အမြဲတမ်းချထားမည်

    တရုတ်ရန်မြင့်တက်လာသည့် အာရှတွင် ဗြိတိန်က စစ်သင်္ဘော ၂ စီး အမြဲတမ်းချထားမည်


    ဇူလိုင် ၂၁၊ ၂၀၂၁

    M-Media 

    – လေယာဉ်တင်သင်္ဘော Queen Elizabeth အုပ်စု စက်တင်ဘာလ ဂျပန်နိုင်ငံကို သွားရောက်ပြီးရင် အာရှမှာ စစ်သေင်္ဘာနှစ်စီး အမြဲတမ်း ချထားမယ်လို့ ဗြိတိန်က ကြေငြာလိုက်ပါတယ်။ 

    ဂျပန်အပါဝင် အာရှနိုင်ငံတွေက ရုတ်ရဲ့လွှမ်းမိုးမှုကို ပိုမိုသတိထား စောင့်ကြည့်လာကြတဲ့အချိန် ဗြိတိန်ရဲ့ ဒီကြေငြာချက် ပေါ်ထွက်လာတာပါ။ လုံခြုံရေးကဏ္ဍမှာ ဂျပန်နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။ 

    “တိုက်ရေယာဉ်အုပ်စု ပွဲဦးထွက်သွားရောက်ပြီးရင် အခုနှစ်နှောင်းပိုင်းကစလို့ ဒေသတွင်းမှာ စစ်သင်္ဘော ၂ စီးကို အမြဲတမ်း ချထားမှာ ဖြစ်ပါတယ်” လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်က ဂျပန်ကာကွယ်ရေးဝန်ကြီးနဲ့ ပူးတွဲထုတ်ပြန်တဲ့ မနေ့ကကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူအို ကီရှီကလည်း အင်ဒိုပိစိဖိတ်ဒေသရဲ့ လက်ရှိအခြေအနေကို အဓမ္မပြောင်းလဲဖို့ ကြိုးစားမှုကို ဆန့်ကျင်ပြီး ဥပဒေကို အခြေခံတဲ့ လွတ်လပ်စွာ သွားလာအသုံးပြုခွင့်ကို အားပေးရေးမှာ မိမိတို့နှစ်နိုင်ငံ သဘောတူညီကြတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ 

    စက်တင်ဘာလ ဗြိတိန်ရဲ့ တိုက်ရေယာဉ်အုပ်စု ရောက်လာပြီးရင် လေယာဉ်တင်သင်္ဘော Queen Elizabeth နဲ့ အစောင့်ရှောက် သင်္ဘောတွေဟာ ဂျပန်ကျွန်းစုက အမေရိကန်နဲ့ ဂျပန် ရေတပ်စခန်းတွေမှာ သီးခြားစီ ဆိုက်ကပ်ထားမှာ ဖြစ်တယ်လို့လည်း ကီရှီက ဆိုပါတယ်။ 

    အမေရိကန်အစိုးရက ဗြိတိန်ရဲ့ ဒီခြေလှမ်းကို ဂုဏ်ပြုကြိုဆိုတယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

    Ref: Aljazeera