News @ M-Media

Tag: malaysia

  • မလေးရှား ဂျိုဟိုး အော်ပရာစီတွင် မြန်မာ ၁၀၈ ဦး အဖမ်းခံရ

    မလေးရှား ဂျိုဟိုး အော်ပရာစီတွင် မြန်မာ ၁၀၈ ဦး အဖမ်းခံရ

    ဇူလိုင် ၁၅၊ ၂၀၂၄
    M-Media

    -မလေးရှားနိုင်ငံတောင်ပိုင်း ဂျိုဟိုးပြည်နယ် လူ၀င်မှုကြီးကြပ်ရေးဌာနက ဇူလိုင်လ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စီးနင်းမှုမှာ မြန်မာနိုင်ငံသား ၁၀၈ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မလေးရှား ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

    ပါမစ်အထောက်အထားမရှိဘဲ နိုင်ငံခြားသားတွေကို အလုပ်ခန့်ထားတယ်လို့ ပတ်၀န်းကျင်က တိုင်ကြားမှုကြောင့် ၀င်ရောက်စစ်ဆေးခဲ့တာလို့ ပြည်နယ်လူ၀င်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ဒါတွတ် မိုဟာမက် ရူစဒီ မိုဟာမက် ဒါရွတ်စ်က ပြောပါတယ်။

    နိုင်ငံခြားသား စုစုပေါင်း ၂၀၃ ဦးကို စစ်ဆေးရာမှာ ၁၄၅ ဦးက အထောက်အထားမရှိတာကို တွေ့ခဲ့ရပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံသား အမျိုးသား ၉၀ ဦးနဲ့ အမျိုးသမီး ၁၈ ဦး၊ နီပေါ အမျိုးသား ၂၇ ဦး၊ အင်ဒိုနီးရှားအမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦး ဘင်္ဂလားဒေ့ရှ်အမျိုးသား ၃ ဦး ဖြစ်ပြီး အားလုံးဟာ အသက် ၁၈ နှစ်ကနေ ၄၄ နှစ် ရှိတယ်လို့ လူ၀င်မှုကြီးကြပ်ရေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    Ref: The Star

  • ခြစားမှုနှင့် လူမျိုးရေးလှုံ့ဆော်မှုများကို ဆက်လက်တိုက်ဖျက်သွားမည့် မလေးရှား၀န်ကြီးချုပ်

    ခြစားမှုနှင့် လူမျိုးရေးလှုံ့ဆော်မှုများကို ဆက်လက်တိုက်ဖျက်သွားမည့် မလေးရှား၀န်ကြီးချုပ်

    ဇူလိုင် ၈၊ ၂၀၂၄
    M-Media

    -တိုင်းပြည်ကို ခြစားမှုနဲ့ လူမျိုးရေးအစွန်းရောက်မှု အန္တရာယ်မှ ကယ်တင်ရေးအတွက် လုပ်ဆောင်စရာတွေ အများအပြား ရှိနေတယ်လို့ မလေးရှား၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်က ပြောကြားလိုက်ပါတယ်။

    ဇူလိုင်လ ၈ ရက်နေ့ နိုင်ငံအတွင်းက အိန္ဒိယလူ့အဖွဲ့အစည်းနဲ့ တွေ့ဆုံမှုအတွင်း ၀န်ကြီးချုပ်က အခုလို ပြောကြားခဲ့တာပါ။ သူ့ရဲ့ အဓိကလုပ်ငန်းဟာ တိုင်းပြည်ကို ရူးနှမ်းတဲ့ လူမျိုးရေးပြဿနာတွေကနေ ကင်းရှင်းအောင် လုပ်ဆောင်ရေး ဖြစ်တယ်လို့လည်း အန်၀ါရ်က ပြောပါတယ်။

    “၀န်ကြီးချုပ်ဖြစ်နေသမျှ ကာလပတ်လုံး တိုင်းပြည်ကို ကယ်တင်ဖို့ လုပ်နိုင်တာအားလုံး လုပ်ဆောင်သွားမှာပါ။ ခြစားမှု၊ လူမျိုးရေးတင်းမာမှုတွေကနေ တိုင်းပြည်ကို ကယ်တင်ဖို့ ကျားကုတ်ကျားခဲ လုပ်ဆောင်ရလိမ့်မယ်။ ကျွန်တော်တို့အားလုံး အတူတကွ လုပ်ရမယ်။ ဒီတိုင်းပြည်မှာ ပြည်သူတစ်ဦးချင်းစီတိုင်းရဲ့ အကျိုးစီးပွားကို ကာကွယ်ရမယ်ဆိုတာ နားလည်ဖို့ လိုပါတယ်”

    လူငယ်များကို ပျိုးထောင်မည်

    တိုင်းပြည် နောက်ကျကျန်မနေစေဖို့အတွက် လူငယ်တွေကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးရမယ်လို့လည်း အန်၀ါရ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တိုင်းပြည်ဟာ ဒစ်ဂျစ်တယ်ခေတ်၊ ဉာဏ်ရည်တု(AI)ခေတ်ဆိုတဲ့ ခေတ်သစ်တစ်ခုထဲ စ၀င်နေပြီ။ ကျွန်တော်တို့ကလေးတွေကို ကွန်ပျူတာမှာ အကောင်းဆုံးဖြစ်အောင် လုပ်ပေးရမယ်။ ဆရာကောင်းတွေရအောင် လုပ်ပေးရမယ်။ အဲဒီလိုမှမလုပ်ရင် ကျွန်တော်တို့ နောက်ကျကျန်ခဲ့လိမ့်မယ်။ တိုင်းပြည်အနာဂတ်ဖြစ်တဲ့ လူမျိုးပေါင်းစုံက ကျွန်တော်တို့ ကလေးတွေဟာ ဘာမှမရဘဲ ဖြစ်သွားပါလိမ့်မယ်။ တိုင်းပြည်ကို ပိုကောင်းတဲ့နေရာတစ်ခုအဖြစ် လုပ်ဆောင်ဖို့ ကျွန်တော် မေတ္တာရပ်ခံပါရစေ”

    တိုင်းပြည်ရဲ့ ဘဏ္ဏာတွေကို ခိုးယူနေတဲ့ လောဘကြီးတဲ့ ခေါင်းဆောင်တွေရဲ့ လက်ကနေ တိုင်းပြည်ကို ကာကွယ်ဖို့၊ လူမျိုးပေါင်းစုံ သဟဇာတဖြစ်စွာ ရှိနေတဲ့ လက်ရှိပုံစံဟာ လူမျိုးပေါင်းစုံက လူမျိုးရေးအစွန်းရောက်တွေရဲ့ စကားကြောင့် ထိခိုက်ပျက်ဆီးမသွားရေး လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့လည်း အန်၀ါရ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒီလူတွေရဲ့လက်ထဲသာ ထည့်ပေးလိုက်ရင်၊ တိုင်းပြည်လည်း ပျက်ဆီးသွားမှာပဲ”

    Ref: The Star

  • ငွေသားအမြောက်အများနှင့် နိုင်ငံခြားလုပ်ငန်းရှင်တစ်ဦးကို မလေးရှားဖမ်းဆီး

    ငွေသားအမြောက်အများနှင့် နိုင်ငံခြားလုပ်ငန်းရှင်တစ်ဦးကို မလေးရှားဖမ်းဆီး


    ဇူလိုင် ၁၊ ၂၀၂၄

    M-Media 


    – မလေးရှားရင်းဂစ်နဲ့ စင်ကာပူဒေါ်လာ ငွေသား ၆ သိန်းကျော် ယူဆောင်လာတဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် KLIA မှာ အကောက်ခွန်ဌာနက ဖမ်းဆီးလိုက်ကြောင်း မလေးရှား ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

    အဲဒီအမျိုးသားဟာ နိုင်ငံခြားကုမ္ပဏီတစ်ခုက ဒါရိုက်တာဖြစ်ပြီး အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုကို ထွက်ခွာမယ့် သူဖြစ်တယ်လို့ အကောက်ခွန်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

    ငွေသား မလေးရှားရင်းဂစ် ၅၇၂၅၇၃၊ စင်ကာပူဒေါ်လာ ၂၄၅၀၀ တို့ကို ခရီးဆောင်အိတ်ထဲမှာ ထည့်ယူလာတာပါ။ 

    ငွေသားအမြောက်အများ ယူဆောင်လာတာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ အသိမပေးခဲ့တဲ့အတွက် အဲဒီသူကို ဖမ်းဆီးကာ ငွေကြေးခ၀ါချမှု၊ အအကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ အကောက်ခွန် အာဏာပိုင်တွေက ပြောပါတယ်။ 

    မလေးရှားဥပဒေအရ အမေရိကန်ဒေါ်လာ ၁ သောင်း တန်ဖိုးထက်ပိုတဲ့ ငွေသားတွေ ယူဆောင်မယ်ဆိုရင် အကောက်ခွန်ဖောင် (No. 7 Customs Form) ကို ဖြည့်သွင်းပြီး အာဏာပိုင်တွေကို အသိပေးရကာ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ရမှ နိုင်ငံရပ်ခြားကို သယ်ဆောင်ခွင့်ရှိပါတယ်။ 

    ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ကွာလာလမ်ပူလေဆိပ်မှာ ငွေသားအမြောက်အများ ယူဆောင်ဖို့ ကြိုးစားမှု ၂ ခုကို မလေးရှားအကောက်ခွန်ဌာနက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 

    Ref: The Star

  • မလေးရှားတွင် ကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖို့ Tiktok က ရင်းနှီးမြှုပ်နှံမည်

    မလေးရှားတွင် ကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖို့ Tiktok က ရင်းနှီးမြှုပ်နှံမည်

    ဇွန် ၈၊ ၂၀၂၄

    M-Media


    -မလေးရှားကို ဒေသတွင်း ဉာဏ်ရည်တုနည်းပညာ (AI) အချက်အခြာနေရာ ဖြစ်လာရေး Tiktok ရဲ့ မိခင်ကုမ္ပဏီ ByteDance က ရင်းဂစ် ၁၀ ဘီလီယံဖိုး (ဒေါ်လာ ၂ ဒဿမ ၃ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမယ်လို့ သိရပါတယ်။ 

    ကမ္ဘာ့နည်းပညာကုမ္ပဏီတွေဟာ အရှေ့တောင်အာရှဒေသအတွင်း အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြတာ ဖြစ်ပါတယ်။ 

    ByteDance ဟာ သီးခြားရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်မှာ ရင်းဂစ် ၁ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိမယ့် ဒေတာစင်တာတွေ တည်ဆောက်ဖို့ အစီအစဥ်တစ်ခုလည်း ရှိနေတယ်လို့ မလေးရှား ရင်းနှီးမြှုပ်နှံမှု၀န်ကြီး တွန်ကူ ဇာဖရူလ် အဇစ်က ပြောပါတယ်။ 

    “၂၀၂၅ ခုနှစ်ရောက်ရင် မလေးရှား ဂျီဒီပီရဲ့ ၂၂ ဒဿမ ၆ ရာခိုင်နှုန်းဟာ ဒစ်ဂျစ်တယ်စီးပွားရေး ဖြစ်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ByteDance ရဲ့ ထပ်တိုးရင်းနှီးမြှုပ်နှံမှုက အကူအညီဖြစ်စေမှာ အသေအချာပါပဲ”

    ဂူးဂဲလ်နဲ့ မိုက်ခရိုဆော့ဖ်တို့ကလည်း ဉာဏ်ရည်တုနဲ့ ဒေတာစင်တာတွေအတွက် မလေးရှားမှာ ဒေါ်လာ ၂ ဘီလီယံကျော်စီ ရင်းနှီးမြှုပ်နှံမယ်လို့ ပြီးခဲ့တဲ့ မေလမှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ 

    Ref: Reuters  

  • ကွာလာလမ်ပူလေဆိပ်တွင် နိုင်ငံခြားအလုပ်သမား ၂ သောင်းခန့် ပိတ်မိနေ

    ကွာလာလမ်ပူလေဆိပ်တွင် နိုင်ငံခြားအလုပ်သမား ၂ သောင်းခန့် ပိတ်မိနေ

    မေ ၃၁၊ ၂၀၂၄

    M-Media 


    -မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က လေဆိပ်နှစ်ခုမှာ နိုင်ငံပေါင်း ၁၄ နိုင်ငံက နိုင်ငံခြားအလုပ်သမား ၂ သောင်းခန့် ပိတ်မိနေတယ်လို့ မလေးရှား ပြည်တွင်းသတင်းတွေက ဖော်ပြပါတယ်။ 

    ပြည်တွင်းလုပ်ငန်းရှင်တွေ အလုပ်လုပ်ခွင့်ပါမစ်နဲ့ နိုင်ငံခြားအလုပ်သမား တရား၀င်ခေါ်ယူခွင့် နောက်ဆုံးရက်ကို မေလ ၃၁ ရက်နေ့ သတ်မှတ်ထားတာပါ။ 

    လေဆိပ်ကို ရောက်ရှိလာတဲ့ အလုပ်သမားတွေဟာ အစိုးရဲ့ ကျန်းမာရေးစစ်ဆေးမှုကို ခံယူရပြီး အလုပ်ရှင်တွေကိုယ်တိုင် စာရွက်စာတမ်း အပြည့်အစုံနဲ့ လာရောက် တာ၀န်ခံခေါ်ယူမှ လေဆိပ်ကနေ ထွက်ခွင့်ရတာ ဖြစ်ပါတယ်။ 

    မေလနောက်ဆုံးပတ်အတွင်း ကွာလာလမ်ပူက နိုင်ငံတကာ လေဆိပ်နှစ်ခုကို တစ်နေ့ နိုင်ငံခြားအလုပ်သမား အနည်းဆုံး ၄ ထောင်ခန့် ရောက်ရှိလာခဲ့ပြီး အလုပ်ရှင်တွေက အချိန်မီ လာရောက်ခေါ်ယူမှု မရှိတာကြောင့် လေဆိပ်မှာ ပိတ်မိနေတာဖြစ်ပါတယ်။ 

    မလေးရှား လူ၀င်မှုကြီးကြပ်ရေး၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဒါတွတ် ရုစ်လင် ဂျူဆိုက အလုပ်ရှင်တွေဟာ နောက်ဆုံးရက်နားရောက်မှ အလုပ်သမားတွေကို ခေါ်ယူတဲ့အတွက် ဒီလိုအခြေအနေတွေ ဖြစ်ပေါ်လာတာလို့ ပြောပါတယ်။ 

    မေလ ၃၁ ရက်နေ့အထိ အလုပ်ရှင်လာမခေါ်တဲ့ အလုပ်သမားတွေကို မိခင်နိုင်ငံ ပြန်ပို့မယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်နေပြီး မလေးရှား လူ၀င်မှုကြီးကြပ်ရေး ရင်းမြစ်တစ်ခုက ဒီသတင်းမဟုတ်ဘူးလို့ မလေးရှားပြည်တွင်း သတင်းဌာန The Star ကို ပြောကြားခဲ့ပါတယ်။ 

    “ပြန်ပို့မယ့်အကြောင်း ကျွန်တော်တို့ မပြောပါဘူး။ လူတွေများနေတော့ သူတို့ကို စီမံဖို့ စိန်ခေါ်မှုရှိလာတာတော့ မှန်ပါတယ်။ ဒီအတွက် အချိန်လိုပါတယ်”

    နိုင်ငံခြားသားသောင်းချီ ပိတ်မိမှုပြဿနာကို ဖြေရှင်းဖို့အတွက် မလေးရှားအစိုးရဟာ လူ၀င်မှုကြီးကြပ်ရေး၀န်ထမ်းတွေ၊ ကောင်တာတွေ ထပ်တိုးချပေးထားပါတယ်။

    ပိတ်မိနေသူတွေကို အစားအသောက် စီစဥ်ပေးတာမျိုးတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။ 

    Ref: The Star