News @ M-Media

Tag: malaysia

  • မလေးရှားတွင် ပြည်တွင်းလုပ်သားများ မလုံလောက်သေး

    မလေးရှားတွင် ပြည်တွင်းလုပ်သားများ မလုံလောက်သေး

    ဖေဖော်၀ါရီ ၂၆၊ ၂၀၂၄

    M-Media


    မလေးရှားရှိ လုပ်ငန်းခွင့်တစ်ခု

    -နိုင်ငံခြား အလုပ်သမားထက် ပြည်တွင်း လုပ်သားများကိုသာ ဦးစားပေး ခန့်ထားလိုပေမယ့် လုပ်သားရင်းမြစ် လုံလုံလောက်လောက် မရှိဘူးလို့ မလေးရှား ကုန်ထုတ်လုပ်ငန်းရှင်များအသင်း FMM က ပြောပါတယ်။ 

    “အလုပ်အကိုင်အခွင့်အလမ်းရှိရင် နိုင်ငံသားတွေကိုသာ အဓိကဦစားပေး ခေါ်ပါတယ်။ ရှေ့ဆက်လည်း ဒီအတိုင်းသွားမှာပါ။ အလုပ်ခန့်ထားတဲ့ မူ၀ါဒတွေ အမြဲပြောင်းလဲနေတာ၊ အလုပ်ခန့်ထားမှုနဲ့ပတ်သက်တဲ့ နိုင်ငံတကာ စံချိန်စံညွန်းတွေ မြင့်လာတာကြောင့် နိုင်ငံခြားအလုပ်သမားတွေ ခေါ်ရတာ မလွယ်သလို၊ ကုန်ကျစားရိတ်လည်း များပါတယ်” လို့ FMM အကြီးအကဲ တန်ဆရီ ဆိုသီယန်လိုင်က ပြောပါတယ်။ 

    မလေးရှားပြည်တွင်းမှာ လုပ်သားရင်းမြစ် ရှားပါးမှုကိုလည်းသူက ထောက်ပြခဲ့ပါတယ်။ 

    “လုံလောက်တဲ့ ပြည်တွင်းလုပ်သားအင်အားကို ကုမ္ပဏီတွေက မရကြဘူး။ အထူးသဖြင့် အထွေထွေလုပ်သားကဏ္ဍမှာ ဖြစ်ပါတယ်။ နိုင်ငံသားတွေက ဒီလိုအလုပ်မျိုးတွေကို မလုပ်ချင်ကြဘူး” 

    ကျွမ်းကျင်မှုမရှိတဲ့ အလုပ်သမားတွေအပေါ် မှီခိုနေရမှုကို လျှော့ချဖို့အတွက် ကုန်ထုတ်လုပ်ငန်းရှင်တွေဟာ ဉာဏ်ရည်တုနဲ့ အဆင့်မြင့်နည်းပညာတွေ ပိုမိုအသုံးပြုဖို့ စဥ်စားနေတယ်လို့လည်း လိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    မလေးရှားမှာ ငွေကြေးဖောင်းပွမှု မြင့်တက်တာ၊ ကုန်စျေးနှုန်းကြီးမြင့်တာ၊ အလုပ်အကိုင်ရှားပါးလာတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ လုပ်ငန်းရှင်တွေအပေါ် နိုင်ငံသားတွေက ၀ေဖန်မှု မြင့်တက်နေတာ ဖြစ်ပါတယ်။ 

    အိန္ဒိယကုန်သည်ကြီးများအသင်း တာ၀န်ရှိသူတစ်ဦးဖြစ်တဲ့ နီဗက်စ် ရာဂါဗန်က ကြမ်းတမ်းအန္တရာယ်ရှိပြီး နိုင်ငံသားတွေ မလုပ်ချင်တဲ့ အလုပ်မျိုးအတွက် နိုင်ငံခြားသားအလုပ်သမားတွေကို အားထားနေတယ်လို့ ပြောပါတယ်။ 

    စိုက်ပျိုးရေး၊ ၀န်ဆောင်မှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ကဏ္ဍမျိုးမှာ ဉာဏ်ရည်တုနည်းပညာ အပြည့်အ၀ အစားမထိုးနိုင်တာကိုလည်း သူက ထောက်ပြပါတယ်။ 

    “ဒီလုပ်ငန်းတွေမှာ နိုင်ငံခြားအလုပ်သမားတွေနဲ့ ကြားကန်ရမှာပါ” 

    ဒီကဏ္ဍတွေအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းတွေ ပေးနေပေမယ့်လည်း နိုင်ငံသားတွေက စိတ်၀င်စားမှုနည်းပါးတယ်လို့ ရာဂါဗန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: The Star

  • ၁၂ နှစ်အတွင်း ပထမဆုံး အပူလှိုင်းဖြတ်မယ့် မလေးရှား

    ၁၂ နှစ်အတွင်း ပထမဆုံး အပူလှိုင်းဖြတ်မယ့် မလေးရှား

    ဖေဖော်၀ါရီ ၂၅၊ ၂၀၂၄

    M-Media 


    -နိုင်ငံမြောက်ပိုင်း ပြည်နယ်တစ်ချို့မှာ ဖေဖော်၀ါရီ ၂၅ ရက်နေ့ကစပြီး အပူလှိုင်းဖြတ်မယ်လို့ မလေးရှား မိုးလေ၀သဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ 

    ကဒါ့ပြည်နယ်က ပဲရ်လစ်၊ လန်ကာ၀ီ၊ ကူဘန်ပါဆူ၊ ကိုတာ ဆတာရ်၊ ပိုကော့ ဆနာ၊ ပန်ဒန်၊ ဘာလင်း၊ စစ်က်နဲ့ ပါဒန် တရက်မြို့တွေ၊ ပဲရက်ပြည်နယ်က ကွာလာကန်ဆာမြို့၊ ပီနန်ပြည်နယ်က စန်ထရဲ စဘရန် ပရိုင်းမြို့တွေမှာ အဆင့် ၁ အပူလှိုင်း ဖြတ်မှာဖြစ်ပါတယ်။ 

    ၃ ရက်တာကြာမြင့်မယ့် အပူလှိုင်းအတွင်း အပူချိန်ဟာ ၃၅ ဒီဂရီကနေ ၃၇ ဒီဂရီ စင်တီဂရိတ်အထိ ရှိလိမ့်မယ်လို့ မလေးရှားမိုးလေ၀သဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    မလေးရှားမှာ ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် အဆင့် ၁ အပူလှိုင်း ဖြတ်မှာပါ။ မလေးရှားနိုင်ငံမြောက်ပိုင်းမှာ မတ်လကစတင်ကာ မိုးရာသီကုန်ဆုံးပြီး နွေရာသီ၀င်မှာဖြစ်ပါတယ်။ 

    Ref: The Star 

  • ပြစ်ဒဏ်အားလုံး လွတ်ငြိမ်းချမ်းသာခွင့်ရရန် မလေး၀န်ကြီးချုပ်ဟောင်း ကြိုးပမ်းမည်

    ပြစ်ဒဏ်အားလုံး လွတ်ငြိမ်းချမ်းသာခွင့်ရရန် မလေး၀န်ကြီးချုပ်ဟောင်း ကြိုးပမ်းမည်

    ဖေဖော်၀ါရီ ၇၊ ၂၀၂၄

    M-Media


    -ခြစားမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ မလေးရှား၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ ပြစ်ဒဏ်အားလုံး လွတ်ငြိမ်းချမ်းသာခွင့်ရရေး အယူခံထပ်တင်ဖို့ စီစဥ်နေပါတယ်။ 

    မလေးရှားဘုရင် ဦးဆောင်တဲ့ အယူခံဘုတ်အဖွဲ့က နာဂျစ်ရဲ့ ထောင်ဒဏ် ၁၂ နှစ်ကို ၆ နှစ်၊ ဒဏ်ငွေ ရင်းဂစ် သန်း ၂၁၀ ကို သန်း ၅၀ အထိ ပြီးခဲ့တဲ့တစ်ပတ်မှာ လျှော့ပေါ့ပေးခဲ့ပါတယ်။ 

    နာဂျစ်ရဲ့ ရှေ့နေ ရှာဖီ အဘ်ဒူလာက မျှတတဲ့ တရားစီရင်ရေး မရခဲ့ဘူးဆိုတဲ့ ထောက်ပြချက်နဲ့ ပြစ်ဒဏ်အားလုံး လျှော့ပေါ့ပေးရေး ဘုရင်ထံ အသနားခံစာ ထပ်တင်ဖို့ စဥ်းစားနေတယ်လို့ ဖေဖော်၀ါရီ ၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

    နာဂျစ်ဟာ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB က ငွေကြေး ဘီလီယံချီ အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အာဏာလက်လွတ်ချိန်မှာ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။ 

    Ref : CNA 

  • ခြစားမှုဖြင့် ထောင်ကျနေသည့် မလေး၀န်ကြီးချုပ်ဟောင်း ပြစ်ဒဏ်တစ်၀က် လွတ်ငြိမ်းခွင့်ရ

    ခြစားမှုဖြင့် ထောင်ကျနေသည့် မလေး၀န်ကြီးချုပ်ဟောင်း ပြစ်ဒဏ်တစ်၀က် လွတ်ငြိမ်းခွင့်ရ

    ဖေဖော်၀ါရီ ၂၊ ၂၀၂၄

    M-Media 


    -ခြစားမှုနဲ့ ထောင်ချခံထားရတဲ့ ၀န်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်ရဲ့ ပြစ်ဒဏ်ကို ထက်၀က်လျှော့ချပေးလိုက်တယ်လို့ မလေးရှား အယူခံခုံရုံးက ဒီကနေ့မှာ ထုတ်ပြန်ကြေငြာပါတယ်။ 

    နာဂျစ်ဟာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတာဖြစ်ပြီး အခုလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ၆ နှစ်သာ ပြစ်ဒဏ်ကျခံရတော့မှာပါ။ 

    ထောင်ထဲမှာ ၂ နှစ်ကျော် ရှိနေပြီဖြစ်တဲ့ နာဂျစ်ဟာ ၂၀၂၈ ခုနှစ် သြဂုတ်လမှာ ပြန်လည်လွတ်မြောက်လာမှာ ဖြစ်ပါတယ်။ နာဂျစ်အပေါ် ချမှတ်ထားတဲ့ ဒဏ်ကြေး ရင်းဂစ် သန်း ၂၁၀ ကိုလည်း သန်း ၅၀ အထိ အယူခံခုံရုံးက လျှော့ပေးခဲ့ပါတယ်။ 

    ဒဏ်ကြေး ပေးဖို့ပျက်ကွက်ရင် နောက်ထပ် ထောင်ဒဏ်တစ်နှစ် ကျခံရမှာဖြစ်ပါတယ်။ 

    နာဂျစ်ဟာ ၀န်ကြီးချုပ်တာ၀န်ထမ်းဆောင်ချိန် နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB က ငွေကြေးတွေကို အလွဲသုံးစားလုပ်မှုအတွက် အာဏာလက်လွတ်သွားတဲ့အချိန် ဖမ်းဆီး တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ 

    မလေးရှားဘုရင် ဦးဆောင်တဲ့ အယူခံဘုတ်အဖွဲ့ဟာ ဇန်န၀ါရီလ ၂၉ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးပြီး နာဂျစ်ရဲ့ပြစ်ဒဏ်ကို လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။ 

    Ref: CNA 

  • မလေးရှားမြောက်ပိုင်းတွင် ကျားများ သောင်းကျန်းလာသည့်အတွက် စိုးရိမ်မှု မြင့်တက်

    မလေးရှားမြောက်ပိုင်းတွင် ကျားများ သောင်းကျန်းလာသည့်အတွက် စိုးရိမ်မှု မြင့်တက်

    ဒီဇင်ဘာ ၈၊ ၂၀၂၃

    M-Media 


    -မလေးရှားနိုင်ငံမြောက်ပိုင်း ကလန်တန်းပြည်နယ်မှာ ကျားတွေ တိုက်ခိုက်မှု များပြားလာတာကြောင့် အစိုးရဟာ ကျားထောင်ဖမ်းကာ နေရာရွှေ့ပြောင်းဖို့ လုပ်ဆောင်နေရပါတယ်။ 

    ဂွါမူဆန်းဆိုတဲ့ ခရိုင်မှာ ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ လအတွင်း ကျားကိုက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ 

    ကျား အဓိကသောင်းကျန်းနေတဲ့ နေရာတွေမှာ အစိုးရက ထောင်ချောက် ၁၁ ခုနဲ့ ကင်မရာ ၂၀ လောက်ချထားကာ ဖမ်းဆီးဖို့ ကြိုးစားနေပါတယ်။ 

    ၂၀၂၁ ခုနှစ်စတင်ပြီး ဂွါမူဆန်းခရိုင်မှာ ၂၀၂၁ ခုနှစ်ကတည်းက ကျားကိုက်မှု ၅ ခု ဖြစ်ပွားခဲ့ပြီး အဲဒီအထဲက ၃ ခုဟာ အခုနှစ် အောက်တိုဘာနဲ့ နို၀င်ဘာမှာ ဖြစ်ခဲ့တာပါ။ 

    “တော်တော်လေး စိုးရိမ်စရာကောင်းတယ်ဗျ။ ဆယ်စုနှစ်တွေအတွင်း မလေးရှားမှာ ဆိုးဆိုးရွားရွားဖြစ်တဲ့ ကျားကိုက်မှုလို့တောင် ပြောလို့ရပါတယ်” လို့ မလေးရှား တောရိုင်းတိရစ္ဆာန်ဌာန တာ၀န်ရှိသူ မိုဟာမက် ဟာဇစ် ရိုဟာနီက ပြောပါတယ်။ 

    မလေးရှားကျားအမျိုးအစားဟာ မျိုးတုန်းပျောက်ကွယ်မယ့် အန္တရာယ်ရှိနေတဲ့အတွက် အထူးအလေးထား ထိန်းသိမ်းစောင့်ရှောက်ရမယ့် တိရစ္ဆာန်မျိုးစိတ်ထဲမှာ ပါ၀င်ပါတယ်။ 

    တစ်နိုင်ငံလုံးမှာ ကျားကောင်ရေ ၁၅၀ အောက်သာ ကျန်ရှိပါတော့တယ်။ 

    Ref: CNA