News @ M-Media

Tag: Myanmar Military

  • အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် ရောက်ရှိ

    အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် ရောက်ရှိ

    ဇွန် ၂၉၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆိုခွန်ဟာ ဒီကနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။

    ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းနိုင်ရေး ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး ပရက်ဆိုခွန်ရဲ့ ဒုတိယမြောက်ခရီးစဥ်လည်း ဖြစ်ပါတယ်။

    ဖမ်းဆီးအကျဥ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုဘ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပရက်ဆိုခွန်ကို တွေ့ခွင့်ပေးမှာမဟုတ်ဘူးလို့ အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြောထားပါတယ်။

    မြန်မာနိုင်ငံကိုမလာခင် ပြုလုပ်တဲ့ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပရက်ဆိုခွန်က အကျဥ်းထောင် ပြောင်းရွှေ့ခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သာ ပြန်ထားဖို့၊ စစ်ကောင်စီအနေနဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ တိုက်တွန်းခဲ့ပါတယ်။

    ပရက်ဆိုခွန်ရဲ့ ခရီးစဥ်ဟာ ဇူလိုင်လ ၃ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီးတို့နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

    Ref: Reuters

  • စစ်ကောင်စီခန့် ကာကွယ်ရေး၀န်ကြီးကို ကမ္ဘောဒီးယားက အစည်းအ၀ေး တက်ခွင့်ပေး

    စစ်ကောင်စီခန့် ကာကွယ်ရေး၀န်ကြီးကို ကမ္ဘောဒီးယားက အစည်းအ၀ေး တက်ခွင့်ပေး

    ဇွန် ၂၃၊ ၂၀၂၂

    M-Media


    – အာဏာသိမ်းစစ်ကောင်စီရဲ့ ကာကွယ်ရေး၀န်ကြီးအဖြစ် တာ၀န်ယူထားတဲ့ ဗိုလ်ချုပ်မြထွန်းဦးဟာ မနေ့ကပြုလုပ်တဲ့ အာဆီယံ ကာကွယ်ရေး၀န်ကြီးများ အစည်းအ၀ေးကို တက်ရောက်ခဲ့ပါတယ်။ 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေကို ထိပ်သီးအစည်းအ၀ေးတွေမှာ တက်ရောက်ခွင့်မပေးရေးမူကို အာဆီယံက ကျင့်သုံးလာတာပါ။  

    ဒါပေမယ့် ဗိုလ်ချုပ်မြထွန်းဦးဟာ အာဆီယံအစည်းအ၀ေးကို တက်ရောက်ခွင့်ရတဲ့ အဆင့်အမြင့်ဆုံး စစ်ကောင်စီကိုယ်စားလှယ် ဖြစ်လာပါတယ်။ 

    စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က အာဆီယံ ကာကွယ်ရေး၀န်ကြီးများ အစည်းအ၀ေးမှာ စစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပေးဖို့ တောင်းဆိုခဲ့ပေမယ့် အာဆီယံဥက္ကဌ ကမ္ဘောဒီယားက တက်ရောက်ဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ 

    မလေးရှား ကာကွယ်ရေး၀န်ကြီးက စစ်ကောင်စီကိုယ်စားလှယ် အစည်းအ၀ေးမှာ ပါ၀င်ပေမယ့် မလေးရှားဟာ စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရား၀င်အစိုးအရအဖြစ် အသိအမှတ်မပြုဘူးလို့ ပြောကြားခဲ့ပါတယ်။ 

    ကမ္ဘောဒီးယား ကာကွယ်ရေး၀န်ကြီး တီဘန်က မြန်မာကိုယ်စားလှယ် အစည်းအ၀ေးမှာ ပါ၀င်တာဟာ အာဆီယံရဲ့  စည်းလုံးမှုကို ပြသတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ 

    “ဒီလိုပါ၀င်မှုဟာ အဖြေရှာဖို့ဖြစ်ပါတယ်။ စွပ်စွဲပြောဆိုမှုတွေကို ကျွန်တော်တို့ လိုက်ပြီး မဖြေရှင်းနိုင်ပါဘူး”

    အာဆီယံကာကွယ်ရေး၀န်ကြီးများအစည်းအ၀ေးရဲ့  ကနဦး ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းကာ ပုံမှန်အခြေအနေ ပြန်ရောက်ရေး အာဆီယံ အထူးကိုယ်စားလှယ်ကနေတစ်ဆင့် ဆောင်ရွက်မယ့်ကိစ္စကို ထောက်ခံတယ်လို့ ဖော်ပြထားပါတယ်။ ဆွေးနွေးမှု အသေးစိတ်အချက်အလက်တွေကို မထုတ်ပြန်သေးပါဘူး။ 

    ဗိုလ်ချုပ်မြထွန်းဦးကို ဒီလို တက်ရောက်ခွင့်ပေးတာဟာ စစ်ကောင်စီကို အသိအမှတ်ပြုလိုက်တဲ့ သဘောမျိုး သက်ရောက်သလို၊ မြန်မာစစ်တပ်ရဲ့ စစ်ရာဇ၀တ်မှုတွေမှာ ပတ်သက်ကူညီတာမျိုး ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြ ၀ေဖန်ခဲ့ပါတယ်။ 

    Ref: Reuters

  • တက်ကြွလှုပ်ရှားသူများအား ကွပ်မျက်ရန် ကြိုးပမ်းမှု စစ်ရာဇ၀တ်မှု ဖြစ်လာနိုင်

    တက်ကြွလှုပ်ရှားသူများအား ကွပ်မျက်ရန် ကြိုးပမ်းမှု စစ်ရာဇ၀တ်မှု ဖြစ်လာနိုင်

    ဇွန် ၂၂၊ ၂၀၂၂

    M-Media


    TOPSHOT – Myanmar’s Chief Senior General Min Aung Hlaing, commander-in-chief of the Myanmar armed forces, arrives to pay his respects to Myanmar independence hero General Aung San and eight others assassinated in 1947, during a ceremony to mark the 71th anniversary of Martyrs’ Day in Yangon on July 19, 2018. – Myanmar observes the 71th anniversary of Martyrs’ Day, marking the assassination of independence heroes including Aung San Suu Kyi’s father, who helped end British colonial rule. (Photo by YE AUNG THU / AFP) (Photo credit should read YE AUNG THU/AFP via Getty Images)

    -ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေကို ကွပ်မျက်ဖို့ အာဏာသိမ်း စစ်ကောင်စီက စီစဥ်နေတာဟာ စစ်ရာဇ၀တ်မှု မြောက်မယ့်ကိစ္စလို့ ကုလသမဂ္ဂ အကြီးအကဲတစ်ဦးက ပြောကြားလိုက်ပါတယ်။ 

    လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီတို့အပါအ၀င် ဖမ်းဆီးကာ သေဒဏ်ချမှတ်ထားတဲ့ လူ ၄ ဦးကို ကွပ်မျက်မယ်လို့ ဇွန်လ ၃ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ 

    ဒါဟာ ၁၉၉၀ နောက်ပိုင်း မြန်မာနိုင်ငံမှာ ပထမဆုံး သေဒဏ်စီရင်မှု ဖြစ်လာမှာပါ။ 

    ကုလရဲ့ မြန်မာ့အရေး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ ခေါင်းဆောင် နီကိုလက်စ် ကူမီဂျန်က ဒီကိစ္စကို အနီးကပ် စောင့်ကြည့်နေပြီး၊ ပြစ်ဒဏ် ချမှတ်ခံထားရသူတွေရဲ့  အခြေခံအခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

    “သေဒဏ်စီရင်တာ၊ ဖမ်းဆီးခံထားရတဲ့အချိန်၊ တရားစီရင်တဲ့အချိန်မှာ အခြေခံအခွင့်ရေးတွေ မပေးတာ၊ မျှတတဲ့ တရားစီရင်မှုမျိုး မရှိတာတွေက လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ စစ်ရာဇတ်မှုတွေ မြောက်ပါတယ်”

    အာဏာသိမ်းစစ်ကောင်စီရဲ့ တရားစီရင်မှုဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ဒါဟာ မျှတတဲ့ တရားစီရင်မှုအဖြစ် ယူဆလို့မရဘူးလို့လည်း ကူမီဂျန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    မြန်မာ့အရေး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ကို ကုလသမဂ္ဂက ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်က တိုင်းရင်းသားတွေ၊ လူနည်းစုတွေနဲ့ အခြား ပြည်သူတွေအပေါ်မှာ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ဖြစ်ပါတယ်။ 

    Ref : AFP

  • ဒေါ်လာကို ဖယ်ခွာပြီး ရုရှားငွေကြေးစနစ်ကို အသုံးပြုရန် စစ်ကောင်စီ စီစဥ်နေ

    ဒေါ်လာကို ဖယ်ခွာပြီး ရုရှားငွေကြေးစနစ်ကို အသုံးပြုရန် စစ်ကောင်စီ စီစဥ်နေ

    ဇွန် ၁၈၊ ၂၀၂၂

    M-Media 


    -အမေရိကန်ဒေါ်လာအခြေပြုတဲ့ ဘဏ္ဏာရေးစနစ်ကနေ ဖယ်ခွာပြီး ရုရှားက ဦးဆောင်တဲ့စနစ်မှာ ပါ၀င်ဖို့ ဆွေးနွေးမှုတွေလုပ်နေတယ်လို့ စစ်ကောင်စီခန့် တာ၀န်ရှိတစ်ဦးက ပြောပါတယ်။ 

    ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ရုရှားကို Swift လို နိုင်ငံတကာ ဘဏ္ဏာရေးစနစ်ကနေ ကမ္ဘာ့နိုင်ငံတွေက ဖယ်ထုတ်လိုက်ပြီးနောက်ပိုင်း ရုရှားကလည်း SPFS လို့ ခေါ်တဲ့ ရူဘယ်အခြေပြု ဘဏ္ဏာရေးစနစ်ကို တည်ထောင်ခဲ့တာပါ။ 

    လက်ရှိမှာ Swift စနစ်မှာ ၀င်ရောက်အသုံးပြုခွင့်မရှိတဲ့ အီရန်လိုနိုင်ငံမျိုးက ရုရှားရဲ့ SPFS စနစ်ကို အသုံးပြုနေပါတယ်။ 

    စစ်ကောင်စီခန့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၀န်ကြီး ဦးအောင်နိုင်ဦးက SPFS စနစ်ကို မြန်မာနိုင်ငံက လက်ခံအသုံးပြုဖို့ ရုရှားဘဏ်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ရုရှား နိုင်ငံပိုင်သတင်းဌာနတစ်ခုကို ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။ 

    ဒီဆွေးနွေးမှုမှာ စစ်ကောင်စီခန့် နိုင်ငံတော်ဗဟိုဘဏ်အကြီးအကဲရဲ့ အကြံပေးလည်း ပါ၀င်တယ်လို့ ဦးအောင်နိုင်ဦးက ဆိုပါတယ်။ 

    အရင်က တိုင်းရင်းသားလူမျိုးစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေ၊ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက် ကျူးလွန်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့ပိုင်ဆိုင်တဲ့ ဧရာမ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိတ်ဆို့အရေးယူထားတာ ဖြစ်ပါတယ်။ 

    ဦးအောင်နိုင်ဦးက ရုရှားရူဘယ်နဲ့ တရုတ်ယွမ်လို ဒေါ်လာမဟုတ်တဲ့ ငွေကြေးအခြေပြု ဘဏ္ဏာရေးစနစ်ကို အစားထိုးအသုံးပြုရေး အာဆီယံနိုင်ငံတွေက စဥ်းစားသုံးသပ်ဖို့ အရေးကြီးလာပြီလို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: Republic World

  • ကုလ၏ အစီရင်ခံစာသစ်တွင် မြန်မာစစ်တပ်က ကလေးများအား တိုက်ခိုက်မှုကို အဓိကထား ဖော်ပြ

    ကုလ၏ အစီရင်ခံစာသစ်တွင် မြန်မာစစ်တပ်က ကလေးများအား တိုက်ခိုက်မှုကို အဓိကထား ဖော်ပြ

    ဇွန် ၁၅၊ ၂၀၂၂

    M-Media 


    -မြန်မာစစ်တပ်ဟာ ကလေးငယ်တွေကို တမင် ပစ်မှတ်ထား တိုက်ခိုက်တာမျိုး တွေ့ရတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ပြောပါတယ်။  

    အန်ဒရူးရဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်သူတွေအပေါ် စစ်တပ်ရဲ့  နှိမ်းနှင်းမှုအကြောင်း ဖော်ြပထားပါတယ်။ 

    စစ်တပ်ဟာ အရွယ်မရောက်သေးသူတွေကို စစ်ကြောရေးမှာ ရိုက်နှက်တာ၊ ဓားနဲ့မွှမ်းတာ၊ လက်သည်းခြေသည်းခွာတာ၊ သွားချွတ်တာ၊ သတ်တော့မယ်ဆိုတဲ့ အနေအထားမျိုးရောက်အောင် ဖန်တီးတာမျိုးတွေ ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ကလေးငယ်အရေအတွက်ဟာ ၂ သိန်း ၅ သောင်းလောက်ရှိပြီး၊ ကလေးငယ် ၃၈၂ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

    “စစ်ကောင်စီက ကလေးငယ်တွေအပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကို ကြည့်ရင် ဗိုလ်ချုပ်တွေရဲ့  စိတ်ထားညံ့ဖျင်းတာ၊ အပြစ်မဲ့ အရပ်သားတွေကို ထိခိုက်အောင်လုပ်ပြီး အာဏာရှင်ဆန်ဆန် ဖိနှိပ်အုပ်ချုပ်ဖို့ ကြိုးစားတာကို ပေါ်လွင်စေပါတယ်။ ကလေးတွေကို တိုက်ခိုက်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ စစ်ရာဇ၀တ်မှု မြောက်ပါတယ်” လို့ တွမ်အန်ဒရူးက ပြောပါတယ်။ 

    စစ်သားတွေ၊ ရဲတွေနဲ့ စစ်တပ်ကိုထောက်ခံတဲ့ လက်နက်ကိုင်အဖွဲ့တွေက ကလေးငယ် ၁၄၂ ဦးကို ညှင်းပမ်းနှိပ်စက်တဲ့ အချက်အလက်တွေ ရရှိထားတယ်လို့လည်း အန်ဒရူးက ပြောပါတယ်။ ကုလက ရရှိထားတဲ့ အချက်အလက်တွေထဲမှာ စစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက ကလေးတွေကို ပေါ်တာဆွဲတဲ့ ကိစ္စလည်း ပါ၀င်ပါတယ်။

    မြန်မာစစ်တပ်ကို ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့၊ မြန်မာြပည်သူတွေထံ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ထပ်မံပို့ဆောင်ဖို့လည်း အန်ဒရူးက ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။ 

    ယူကရိန်းပြဿနာကို နိုင်ငံတကာက တုန့်ပြန်သလိုမျိုး မြန်မာကိစ္စကိုလည်း ထိထိရောက်ရောက်ဆောင်ရွက်ပေးဖို့ အန်ဒရူးက ကုလအဖွဲ့၀င် နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။ 

    Ref: Reuters