News @ M-Media

Tag: Myanmar Military

  • မြန်မာစစ်တပ် ဉာဥ်ပြောင်းလိမ့်မည်ဆိုသည့် အတွေးမျိုး စွန့်လွှတ်ရန် ဂျပန်ကို တက်ကြွလှုပ်ရှားသူများ တိုက်တွန်း

    မြန်မာစစ်တပ် ဉာဥ်ပြောင်းလိမ့်မည်ဆိုသည့် အတွေးမျိုး စွန့်လွှတ်ရန် ဂျပန်ကို တက်ကြွလှုပ်ရှားသူများ တိုက်တွန်း

    မေ ၂၆၊ ၂၀၂၂
    M-Media

    -ပြည်သူတွေအပေါ် မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုမှာ ဂျပန်က လေ့ကျင့်သင်ကြားပေးထားတဲ့သူတွေ ပါ၀င်နေပြီး၊ မြန်မာစစ်တပ် စိတ်ထားပြောင်းလာမလားဆိုတဲ့ အတွေးမျိုး ဂျပန်အစိုးရက စွန့်လွှတ်သင့်နေပြီလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်၀ှမ်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးကို စစ်ကောင်စီက နှိမ်နှင်းရာမှာ အရပ်သား၊ လက်နက်ကိုင် မခွဲခြားဘဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။

    မကွေးတိုင်းဒေသကြီးက မြို့ရွာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ပါ၀င်နေတဲ့ လေတပ် ဒုတိယဗိုလ်မှူးကြီး လွှမ်းမိုးဟာ ၂၀၁၆-၂၀၁၇ မှာ ဂျပန်လေတပ်က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အရာရှိဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ရဲ့ တနင်္လာနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်၀ှမ်း တိုးမြှင့်ပြုလုပ်လာတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ပါ၀င်တဲ့ အရာရှိတွေစာရင်းကို ပြည်တွင်း မီဒီယာတွေက ရရှိခဲ့ပြီး အဲဒီအထဲမှာ ဒုတိယဗိုလ်မှုးကြီး လွှမ်းမိုးရဲ့အမည် ပါ၀င်နေတာ ဖြစ်ပါတယ်။

    မကွေးတိုင်းဒေသကြီးဟာ စစ်အာဏာရှင်တော်လှန်ရေး ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတဲ့ ဒေသဖြစ်ပြီး စစ်ကောင်စီကလည်း နည်းလမ်းပေါင်းစုံသုံးကာ နှိမ်နှင်းနေပါတယ်။

    HRW ရဲ့ အာရှဆိုင်ရာတာ၀န်ရှိသူ တက်ပီ ကာဆိုင်က မြန်မာစစ်တပ်ဟာ အရင်ကတည်းက စစ်ရာဇ၀တ်မှုကျူးလွန်တဲ့ သမိုင်းကြောင်းတွေရှိနေပြီး ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေမှာ ဂျပန်အစိုးရကလည်း ကြံရာပါအဖြစ် ပါ၀င်နေတယ်ဆိုတာကို ဖော်ထုတ်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူတို့ရဲ့ လေ့ကျင့်သင်ကြားပေးမှု အစီအစဥ်ဟာ မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်တဲ့ဉာဥ်ကို ပြောင်းလဲပေးနိုင်လိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်မရှိ၊ မဖြစ်နိုင်တဲ့ အယူအဆကို ဂျပန်အစိုးရက စွန့်လွှတ်သင့်နေပါပြီ”

    ဂျပန်ဟာ ၂၀၁၅ ခုနှစ်ကစပြီး မြန်မာစစ်တပ်က အရာရှိတွေကို သင်တန်းပေးနေတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာစစ်တပ်နဲ့ ဆက်ဆံမှုကို ဖြတ်တောက်ခဲ့ပေမယ့် ဂျပန်က ဆက်ဆံရေးဆက်ရှိနေပြီး လေ့ကျင့်သင်ကြားပေးမှုတွေ ပြုလုပ်ပေးနေဆဲပါ။

    လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေက ဂျပန်ရဲ့ဒီလုပ်ရပ်ဟာ မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်မှုတွေမှာ ကြံရာပါအဖြစ် ပါ၀င်နေတာမျိုး မှတ်ယူလို့ရတယ်လို့ သတိပေးထားပါတယ်။

    Ref: The Diplomat

    mmMyanmarNews

  • စစ်ကောင်စီက ကမ္ဘောဒီးယားနှင့် ကုန်သွယ်မှုတိုးမြှင့်မည်

    စစ်ကောင်စီက ကမ္ဘောဒီးယားနှင့် ကုန်သွယ်မှုတိုးမြှင့်မည်

    မေ ၂၃၊ ၂၀၂၂

    M-Media


    -နှစ်နိုင်ငံ ကုန်သွယ်ရေး မြှင့်တင်ပေးနိုင်မယ့် ကုန်သွယ်ရေးဆိုင်ရာ သဘောသူညီချက်နှစ်ခု လက်မှတ်ထိုးနိုင်ရေး ကမ္ဘောဒီးယားနဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီတို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။ 

    မေလ ၁၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံမှာ နှစ်နိုင်ငံ ကုန်သွယ်ရေး၀န်ကြီးတွေ တွေ့ဆုံဆွေးနွေးမှုအတွင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး၀န်ကြီး ပန်ဆိုရာဆက်က နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်ဖို့ တိုက်တွန်းခဲ့ပါတယ်။ 

    စစ်ကောင်စီခန့် ကုန်သွယ်ရေး၀န်ကြီး ဦးအောင်နိုင်ဦးက ကမ္ဘောဒီးယား-မြန်မာ ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်၊ အခွန်နှစ်ထပ်ကောက်မှု ရှောင်ရှားရေး သဘောတူညီချက်တွေရဖို့ နှစ်နိုင်ငံဆွေးနွေးနေပြီး မကြာခင် လက်မှတ်ရေးထိုးနိုင်တော့မယ်လို့ ပြောပါတယ်။ 

    ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှု ကြီးကြီးမားမား မရှိဘဲ ကိုဗစ်မတိုင်ခင်ကာလတုန်းက တစ်နှစ်ကို ကန်ဒေါ်လာ သန်း ၂၀ ဖိုးလောက်သာ ရှိပါတယ်။ 

    ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဌ လင်မ်ဟန်က  အခုဆွေးနွေးနေတဲ့ သဘောတူညီချက်နှစ်ခုကြောင့် ကုန်သွယ်ရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုမို လွယ်ကူစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref: The Star 

  • မြန်မာပြဿနာဖြေရှင်းရေး မလေးရှားက ခြေလှမ်းသွက်သွက်ဖြင့် လှုပ်ရှား

    မြန်မာပြဿနာဖြေရှင်းရေး မလေးရှားက ခြေလှမ်းသွက်သွက်ဖြင့် လှုပ်ရှား

    မေ ၁၈၊ ၂၀၂၂
    M-Media

    -မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာဟာ မနေ့က နီပွန်ဖောင်ဒေးရှင်းဥက္ကဌ ယိုဟီ ဆာဆာကာ၀ါနဲ့ တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။

    ဆာဆာကာ၀ါဟာ ဂျပန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်ပြီး အမျိုးသားရင်ကြားစေ့ရေးမှာ ထဲထဲ၀င်၀င် ပါ၀င်လုပ်ကိုင်နေသူပါ။

    ဆိုက်ဖူဒင်က သူနဲ့ ဆာဆာကာ၀ါတို့ဟာ မြန်မာနိုင်ငံက လတ်တလောဖြစ်ပေါတိုးတက်မှုတွေအကြောင်း ဆွေးနွေးခဲ့ပြီး၊ အရပ်သားတွေ ဘေးအန္တရာယ်ကင်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက အပစ်ရပ်ရေးအပါအ၀င် အရေးပါတဲ့ အချက်တောာ်တော်များများကို သဘောတူခဲ့တယ်လို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    မြန်မာကိစ္စဖြေရှင်းရေးမှာ နည်းလမ်းအသစ်တွေရှာဖို့ မလေးရှား နိုင်ငံခြားရေး၀န်ကြီးဟာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကစလို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာပါတယ်။

    အာဆီယံ သဘောတူညီချက် ၅ ချက်ကို အာဏာသိမ်းစစ်ကောင်စီက အရေးမစိုက်တဲ့အတွက် အာဆီယံဟာ NUG နဲ့ ပိုမို ဆက်သွယ်ဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုက်ဖူဒင်က ပြောခဲ့သလို၊ ပြီးခဲ့တဲ့တစ်ပတ် ၀ါရှင်တန်က အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးမှာလည်း NUG တာ၀န်ရှိသူတစ်ချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

    မြန်မာအာဏာသိမ်းစစ်ကောင်စီက ဆိုက်ဖူဒင်ရဲ့ ဒီလိုပြောဆိုမှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

    မနေ့က ဆိုက်ဖူဒင်နဲ့ တွေ့ဆုံမှုမှာ ဆာဆာကာ၀ါက အာဆီယံ သဘောတူညီချက် ၅ ချက်အတိုင်း မြန်မာ့အရေးဖြေရှင်ဖို့ သဘောတူတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: The Star

    mmMyanmarNews

  • မြန်မာနိုင်ငံမှဒုက္ခသည်များကို ကူညီနိုင်ရေး မလေးရှားက ငွေးကြေးလိုအပ်

    မြန်မာနိုင်ငံမှဒုက္ခသည်များကို ကူညီနိုင်ရေး မလေးရှားက ငွေးကြေးလိုအပ်

    မေ ၁၆၊ ၂၀၂၂

    M-Media


    -နိုင်ငံအတွင်းရှိနေတဲ့ မြန်မာဒုက္ခသည်တွေကို အလုပ်အကိုင်နဲ့ ပညာရေးအခွင့်အလမ်းရရှိအောင် ဆောင်ရွက်ပေးဖို့အတွက် ငွေကြေးလိုအပ်တယ်လို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက ပြောပါတယ်။ 

    မြန်မာစစ်တပ်ရဲ့ နှိပ်စက်ညှင်းပမ်းမှုတွေကြောင့် ထွက်ပြေးလာရတဲ့ တိုင်းရင်းသားလူနည်းစု ၂ သိန်း၊ ရိုဟင်ဂျာ ၁ သိန်းခွဲ စုစုပေါင်း ၃ သိန်းခွဲလောက် မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေရတာ ဖြစ်ပါတယ်။ 

    NUG နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်နဲ့ ၀ါရှင်တန်မှာ မနေ့က တွေ့ဆုံမှုအပြီး ဆိုက်ဖူဒင်က NGO အဖွဲ့တွေရဲ့ ကျောင်းတွေက ဒုက္ခသည်ကလေးငယ် ၂၅ ရာခိုင်နှုန်းကိုသာ ပညာသင်ပေးနိုင်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

    ဒုက္ခသည်တွေကို ကူညီနိုင်ရေး တတိယနိုင်ငံတွေထံကနေ ရန်ပုံငွေ တောင်းခံထားပြီး ဒီကိစ္စကို အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးမှာလည်း ၀န်ကြီးချုပ် အစ္စမာအီလ် ဆာဘရီ ယာကွဘ်က ပြောခဲ့ကြောင်း ဆိုက်ဖူဒင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    မလေးရှားက မြန်မာဒုက္ခသည်ကလေးငယ်တွေရဲ့ ပညာရေးကို ကူညီပေးဖို့ ‘ကာတာဖောင်ဒေးရှင်း’ က ဘဏ္ဏာရေးအကူအညီ ပေးထားပါတယ်။ 

    မြန်မာနိုင်ငံကအကြပ်အတည်း ဖြေရှင်းရေး အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်ကို အာဏာသိမ်းစစ်အစိုးရက အရေးမစိုက်တဲ့အတွက် အာဆီယံက အခြားနည်းလမ်းတွေ ရှာဖွေသင့်တယ်လို့လည်း ဆိုက်ဖူဒင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

    Ref: The Star

  • မြန်မာ့အရေး အာဆီယံက အတိုက်အခံအင်အားစုများနှင့် ပိုမိုဆက်သွယ်ဆောင်ရွက်မည်

    မြန်မာ့အရေး အာဆီယံက အတိုက်အခံအင်အားစုများနှင့် ပိုမိုဆက်သွယ်ဆောင်ရွက်မည်

    မတ် ၁၃၊ ၂၀၂၂

    M-Media


    -မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းရေး အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်သွယ်ဆောင်ရွက်လို့ အဆင်မပြေတဲ့အတွက် အာဆီယံဟာ  အမျိုးသားညီညွတ်ရေးအစိုးရအပါအ၀င် အတိုက်အခံ အင်အားစုတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ စဥ်းစားလာပါတယ်။ 

    မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့နဲ့ ပိုမိုဆက်သွယ်ဆောင်ရွက်သွားဖို့ အစီအစဥ်ကို ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကစလို့ လူသိရှင်ကြား ထုတ်ပြောလာတာပါ။ 

    ဒီအစီအစဥ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆိုခွန်နဲ့ အခြား အာဆီယံနိုင်ငံခြားရေး၀န်ကြီးနှစ်ဦးတို့က သဘောကျတယ်လို့ ဆိုက်ဖူဒင်က မလေးရှား ပြည်တွင်းသတင်းဌာနကို မနေ့မှာ ပြောကြားခဲ့ပါတယ်။ 

    ဆိုက်ဖူဒင်ဟာ NUG နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်နဲ့ စနေန့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။  

    အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးကို အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ ကျင်းပပြုလုပ်နေပြီး NUG က တာ၀န်ရှိသူတစ်ချို့ဟာ အမေရိကန်၊ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ 

    Ref: The Diplomat