News @ M-Media

Tag: Myanmar Military

  • ထန်တလန်မြို့တွင် တရားဟောဆရာတစ်ပါး အသတ်ခံရမှုအတွက် ခရစ်ယာန်နှစ်ခြင်းအသင်းတော်က ကန့်ကွက်ရှုတ်ချ

    ထန်တလန်မြို့တွင် တရားဟောဆရာတစ်ပါး အသတ်ခံရမှုအတွက် ခရစ်ယာန်နှစ်ခြင်းအသင်းတော်က ကန့်ကွက်ရှုတ်ချ

    စက်တင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    အသတ်ခံခဲ့ရသည့် ခရစ်ယာန် တရားဟောဆရာ Cung Biak Hum

    -ပြီးခဲ့တဲ့တစ်ပတ်က ချင်းပြည်နယ် ထန်တလန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ခရစ်ယာန်တရားဟောဆရာ တစ်ယောက် သတ်ဖြတ်ခံရမှုကို ခရစ်ယာန် နှစ်ခြင်းအသင်းတော်က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

    အသက် ၃၁ နှစ်အရွယ် တရားဟောဆရာ Cung Biak Hum ဟာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ချိန်မှာ စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကို ခံလိုက်ရတာပါ။

    “တရားဟောဆရာနဲ့ လူငယ် ၄၊ ၅ ဦးဟာ အခင်းဖြစ်တဲ့အနေရာမှာ ကူညီဖို့အတွက် မော်တော်ဆိုင်ကယ်နဲ့ ရောက်လာတဲ့အချိန် စစ်သားတွေက သူတို့ကိုပစ်တယ်။ တရားဟောဆရာ အပစ်ခံရပြီး နေရာမှာတင် သေဆုံးသွားပါတယ်” လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

    “ပစ်ခတ်မှုတွေ အဆက်မပြတ်ဖြစ်နေတာ၊ လက်နက်ကြီးတွေနဲ့ ပစ်နေတာကြောင့် ဘယ်သူမှ သူ့ရဲ့အလောင်းကို ချက်ခြင်း သွားမယူနိုင်ကြပါဘူး။ နောက်ပိုင်း စေတနာ့ဝန်ထမ်းတွေက ​သွားယူပြီး သူ့ရဲ့အမေအိမ်မှာ ရေချိုးသန့်စင်ပေးတဲ့အချိန် လက်သူကြွယ်အဖြတ်ခံထားရတာကို တွေ့ရပြီး လက်ထပ်လက်စွပ်လည်း အခိုးခံခဲ့ရပါတယ်”

    တရားဟောဆရာ Cung Biak Hum ဟာ ထန်တလန်အခြေစိုက် နှစ်ခြင်းအသင်းတော် Thantlan Century က ဖြစ်ပြီး ကိုယ်ဝန်နဲ့ဇနီးသည်၊ ကလေးနှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

    ချင်း ခရစ်ယာန်နှစ်ခြင်းအသင်းတော် Chin Baptist Convention ရဲ့ အတွင်းရေးမှူး Lod Harlinrel က ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်တွေရဲ့လုပ်ရပ်တွေဟာ ရိုင်းစိုင်းတဲ့၊ လက်မခံနိုင်စရာ လုပ်ရပ်တွေဖြစ်ပြီး အခြေအနေကို ပိုမိုဆိုးရွားစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပစ်တဲ့အခါမှာ ရန်သူလား၊ အရပ်သားလား စစ်တပ်က ဂရုတစ်စိုက် ခွဲခြားသင့်ပါတယ်။ လက်နက်တွေကို တွေ့ကရာလျှောက်မပစ်သင့်ပါဘူး။ စစ်တပ်ရဲ့ နမော်နမဲ့လုပ်ရပ်တွေ၊ ရိုင်းစိုင်းတဲ့လုပ်ရပ်တွေကို တောရော မြို့ပေါ်မှာပါ တွေ့ရပြီး ဒါတွေအားလုံးကို ရှောင်ရှားသင့်ပါတယ်”

    “ဒီလိုမျိုးတွေ ဆက်လုပ်နေမယ်ဆိုရင် တိုက်ပွဲတွေဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအဖြစ် ဦးတည်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလုပ်ရပ်ကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချတာပါ”

    ကချင်နှစ်ခြင်းအသင်းတော် Kachin Baptist Convention ရဲ့ ဥက္ကဌ Hkalam Samson ကလည်း စစ်ကောင်စီတပ်တွေ ဘုရားကျောင်းတွေမှာ တပ်စွဲပြီး သမ္မာကျမ်းနဲ့ အခြား ဘာသာရေးစာအုပ်စာတမ်းတွေ ဖျက်ဆီးတာ၊ ဘုရားကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကို ရှုတ်ချတဲ့ ချင်းနှစ်ခြင်းအသင်းတော်ရဲ့ ထုတ်ပြန်မှုကို ထောက်ခံတယ်လို့ ပြောပါတယ်။

    “ဘုရားရဲ့အစေခံတွေဖြစ်တဲ့အတွက် ပြည်သူတွေနဲ့အတူ ကျွန်တော်တို့ ရပ်တည်ရပါမယ်။ အုပ်ချုပ်သူတွေနဲ့ ဆန့်ကျင်တာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်နေဖြစ်နေ တရားမျှတမှုအတွက် ကျွန်တော်တို့ ရပ်တည်သွားမှာပါ”

    တရားဟောဆရာ Cung Biak Hum အသတ်ခံရမှုကြောင့် ဘာသာရေးပဋိပက္ခဆီ ဦးတည်မသွားသင့်ဘဲ စစ်ကောင်စီတပ်တွေဟာ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ မခွဲဘဲ အကုန်လုံးကို ဒုက္ခပေးနေတာဖြစ်တယ်လို့ ချင်းပြည်နယ် မင်းတပ်မြို့မှာ သီတင်းသုံးတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဆရာတော် အရှင် မာဂါ၀က မိန့်ပါတယ်။

    “သူတို့လုပ်ချင်ရင်၊ ရန်သူလို့မြင်လာရင် စစ်ကောင်စီတပ်တွေဟာ ခရစ်ယာန် ဘုရားကျောင်း၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမရွေး ဖျက်ဆီးတာပါ။ ခရစ်ယာန်ညီအစ်ကိုတွေအနေနဲ့ ဒါကို နားလည်စေချင်တယ်။ ဘာသာ၊ လူမျိုးကွဲတာကို အခြေခံပြီး ရန်သူတွေအဖြစ် မရှုမြင်ကြဖို့ ဘုန်းကြီး တိုက်တွန်းချင်ပါတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်က တော်တော်ဆိုးရွားပါတယ်”

    Ref: RFA

  • ပြည်သူ့ဆန္ဒကို မျက်ကွယ်မပြုဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

    ပြည်သူ့ဆန္ဒကို မျက်ကွယ်မပြုဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

    စက်တင်ဘာ ၂၀၊ ၂၀၂၁
    M-Media

    -အမျိုးသားညီညွန်ရေးအစိုးရ (NUG) က စစ်ကောင်စီအပေါ် တော်လှန်ရေးဆင်နွှဲမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်မပေးခဲ့ဘူးလို့ သူမရဲ့ ရှေ့နေဖြစ်သူက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ၂၀၂၀ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ ၂ ကြိမ်ဆက် တောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပေမယ့် မဲမသာမှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က ဖေဖော်ဝါရီလမှာ အာဏာသိမ်းလိုက်တာပါ။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီက အမှုပေါင်းများစွဲနဲ့ တရားစွဲဆိုထားပါတယ်။

    NLD ပါတီက ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ စစ်ကောင်စီတပ်အပေါ် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲကြောင်း ကြေငြာခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ ရုံးချိန်းအတွင်း မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်မပေးခဲ့ဘဲ NLD ခေါင်းဆောင်ပိုင်းတွေ ဆွေးနွေးပြီးနောက်ပိုင်းမှသာလျှင် မှတ်ချက်ပေးနိုင်မယ်လို့ ပြောကြားခဲ့ကြောင်း သူမရဲ့ ရှေ့နေဖြစ်တဲ့ ဦးခင်မောင်ဇော်က ပြောပါတယ်။

    “ပြည်သူတွေရဲ့ဆန္ဒကို ဘယ်တော့မှမျက်ကွယ်မပြုဘူးလို့ သူမက ပြောပါတယ်”

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှု၊ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြောကြားမှု ဖြစ်ပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း သေဆုံးသူ ၁၁၀၀ ကျော် ရှိခဲ့ပြီး၊ ဖမ်းဆီးခံထားရသူ ၈ ထောင်ကျော် ရှိနေပါတယ်။

    Ref: Daily Mail

  • စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ခိုက်နေမှုကို ရပ်တန့်ရန် အိန္ဒိယသူပုန်များကို မြန်မာတော်လှန်ရေးအဖွဲ့များ သတိပေး

    စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ခိုက်နေမှုကို ရပ်တန့်ရန် အိန္ဒိယသူပုန်များကို မြန်မာတော်လှန်ရေးအဖွဲ့များ သတိပေး

    စက်တင်ဘာ ၁၉၊ ၂၀၂၁
    M-Media

    (ဓာတ်ပုံ – မဏိပူရ ခွဲထွက်ရေးအဖွဲ့ PLA ၏ အခမ်းအနားတစ်ခု မြင်ကွင်း)

    -အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းပြီး မြန်မာပြည်သူလူထုအပေါ် တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက အိန္ဒိယ ခွဲထွက်ရေးသူပုန်တွေကို သတိပေးလိုက်ပါတယ်။

    အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်နှိမ်နှင်းရာမှာ မြန်မာနိုင်ငံပိုင်နက်အတွင်း အခြေစိုက်လှုပ်ရှားနေတဲ့ မဏိပူရခွဲထွက်ရေးသူပုန်တွေကို အသုံးပြုတယ်ဆိုတဲ့သတင်းတွေ ဧပြီလကတည်းက ထွက်နေတာဖြစ်ပါတယ်။

    အိန္ဒိယနယ်စပ် တမူးမြို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက စစ်ကောင်စီနဲ့ ပူးပေါင်းနေတာတွေကို ချက်ခြင်းရပ်တန့်ဖို့အတွက် ပြီးခဲ့တဲ့တစ်ပတ်မှာ မဏိပူရသူပုန်တွေကို သတိပေးခဲ့ပါတယ်။

    “သိပ်မကြာခင်မှာ ကျွန်တော်တို့ အနိုင်ရတော့မယ်လို့ ယုံကြည်တယ်။ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးပြီဆိုတာနဲ့ သူပုန်တွေကို မြန်မာနိုင်ငံမှာ လက်မခံတော့ဘူးဆိုတာ ဒီစာနဲ့ အသိပေးလိုပါတယ်။ စစ်ကောင်စီတပ်တွေကို ကူညီနေတာ၊ ပူးပေါင်းဆောင်ရွက်နေတာတွေကို ချက်ခြင်းရပ်တန့်ဖို့ သတိပေးလိုက်ပါတယ်” လို့ PDF အဖွဲ့တွေရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်လုပ်နေမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေး မလိုလားသူတွေရဲ့စာရင်းထဲကို ထည့်ပြီး နောက်လာနောက်သားတွေကို အသိပေးသွားမယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက ပြည်နယ်တွေမှာ ခွဲထွက်ရေးလိုလားတဲ့ သူပုန်အဖွဲ့အစည်းတွေ ရှိနေပြီး အာသံပြည်နယ်က ခွဲထွက်ရေးအဖွဲ့ United Liberation Front of Assam (ULFA)၊ မဏိပူရပြည်နယ်က ခွဲထွက်ရေးအဖွဲ့ People’s Liberation Army of Manipur (PLA) တို့အပါအဝင် တစ်ချို့အဖွဲ့တွေဟာ မြန်မာနိုင်ငံမှာ အခြေစိုက်ထားတယ်လို့ အိန္ဒိယအစိုးရက ဆိုပါတယ်။

    Ref: New Indian Express

  • ကိုဗစ်ကုသရေးအတွက် အာဆီယံက မြန်မာကို အကူအညီများပေးပို့

    ကိုဗစ်ကုသရေးအတွက် အာဆီယံက မြန်မာကို အကူအညီများပေးပို့

    စက်တင်ဘာ ၁၈၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကပ်ရောဂါ ကုသရေးအတွက် အထောက်အကူဖြစ်စေမယ့် ဆေးဝါးပစ္စည်း စုစုပေါင်း ကန်ဒေါ်လာ ၁.၁ သန်းဖိုးကို အာဆီယံအဖွဲ့က မြန်မာနိုင်ငံဆီ ပေးပို့လိုက်ပါတယ်။

    မြန်မာနိုင်ငံက ကြက်ခြေနီအဖွဲ့ကို ပေးအပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှု ပြုလုပ်သွားမယ်လို့ ဩဂုတ်လ ၁၈ ရက်နေ့မှာ အာဆီယံအဖွဲ့က ကတိပြုခဲ့ပြီးတဲ့နောက် ပထမဆုံး ပေးပို့မှုဖြစ်တယ်လို့ အာဆီယံ အတွင်းရေးမှူးရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အခုပေးပို့လိုက်တဲ့ အကူအညီတွေဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ တူရကီနဲ့ Temasek Foundation International တို့က လှူဒါန်းတာဖြစ်ပါတယ်။

    အာဆီယံ အထွေထွေအတွင်းရေးမှူး ဒါတွန် လင်ဂျွတ်ဟိုက အကူအညီဟာ အာဆီယံအဖွဲ့အစည်းရဲ့ စည်းလုံးမှုစိတ်ဓာတ်ကို ဖော်ညွှန်းတာဖြစ်ပြီး ပြည်သူအခြေပြု အာဆီယံအသိုင်းအ၀ိုင်းဖြစ်ရေး ဆောင်ရွက်ရာမှာ မြန်မာပြည်သူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လှူဒါန်းတဲ့နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ကြောင်း ဒါတွန်လင်ဂျွတ်ဟိုကပြောကြားခဲ့ပြီး အကူအညီတွေဟာ အတိဒုက္ခရောက်နေတဲ့အချိန်မှာ မြန်မာပြည်သူတွေ ထိခိုက်ခံစားရမှုတွေ လျော့ကျဖို့ အထောက်ဖြစ်စေလိမ့်မယ်လို့လည်း ဆိုပါတယ်။

    ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အဆင့် ၁ ချက်ခြင်းပေးဖို့ပို့နဲ့ နောက်ပိုင်း အဆင့် ၂ ကိုပါ ဆောင်ရွက်သွားဖို့လည်း အထွေထွေအတွင်းရေးမှူးက တိုက်တွန်းခဲ့ပါတယ်။

    အဆင့် ၂ အကူအညီပေးရေးမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ အခြား အလှူရှင်နိုင်ငံတွေ အဖွဲ့အစည်းတွေကနေ ပေးပို့လှူဒါန်းမှာ ဖြစ်ပါတယ်။

    Ref: The Star

  • မြန်မာကိစ္စ ကိုယ်စားလွှတ်ပြီး အမြန်ဆုံးဆွေးနွေးညှိနှိုင်းရန် အာဆီယံကို ကန်တွန်းအားပေး

    မြန်မာကိစ္စ ကိုယ်စားလွှတ်ပြီး အမြန်ဆုံးဆွေးနွေးညှိနှိုင်းရန် အာဆီယံကို ကန်တွန်းအားပေး

    စက်တင်ဘာ ၁၅၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံကပြဿနာကို ဖြေရှင်းရေးအတွက် အထူးကိုယ်စားလှယ်ကို အမြန်ဆုံး မြန်မာနိုင်ငံလွှတ်ပြီး စေ့စပ်ဆွေးနွေးဖို့ အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲ ကက်သရင်းတိုင်က အာဆီယံအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဧပြီလမှာ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး ဒီပြဿနာကိုဖြေရှင်းဖို့အတွက် သဘောတူညီချက် ၅ ချက် ရရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ကိုယ်စားလှယ်တစ်ဦးခန့်ပြီး စေ့စပ်ဆွေးနွေးပေးရေး ပါဝင်ပါတယ်။

    ဩဂုတ်လအတွင်း ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အရီဝမ် ယူစွဖ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကို ခန့်အပ်နိုင်ခဲ့ပေမယ့် မြန်မာနိုင်ငံကို သွားရောက်နိုင်ရေးအတွက် အာဏာသိမ်းစစ်ကောင်စီနဲ့ ညှိနှိုင်းနေရဆဲဖြစ်ပါတယ်။

    ဘရူနိုင်း ဘဏ္ဍာရေးနဲ့ စီးပွားရေးဝန်ကြီး အေမင်လျူ အဘ်ဒူလာနဲ့ အစည်းအဝေးမှာ ဝန်ကြီး ကန်သရင်းတိုင်က ဒီကိစ္စ ထည့်ပြောခဲ့တယ်လို့ အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    “မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းမှုအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ ဝန်ကြီးတိုင်က ပြောကြားခဲ့ပြီး အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ကာ သက်ဆိုင်သူတွေအကြား ညှိနှိုင်းဆွေးနွေးပေးဖို့ တိုက်တွန်းခဲ့ပါတယ်”

    ဘိုင်ဒန်အစိုးရဟာ အာဆီယံနဲ့ ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံရေးတွေကို တိုးမြှင့်ဖို့ စိတ်ဆန္ဒရှိတယ်လို့လည်း ဝန်ကြီးတိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters