News @ M-Media
Tag: Philippine
  • ဖိလစ်ပိုင်တွင် ဘတ်စ်ကားတစ်စီး တံတားအောက်သို့ ထိုးကျ လူ ၂၂ ဦးသေဆုံး
    ဒီဇင်ဘာ ၁၆၊ ၂၀၁၃
    M-Media
    a-policeman-collects
    – ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ဂုံကျော် အမြန်လမ်းမပေါ်မှ ခရီးသည်တင် ဘတ်စကားတစ်စီးမှာ တံတားအောက်တွင်ရှိနေသည့် ဗင်ကားတစ်စီးပေါ်သို့ ထိုးကျမှု တစ်ခု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည် လူ ၂၂ ဦးသေဆုံးခဲ့သည်ဟုသိရသည်။
    ခြောက်မီတာ(ပေ ၂၀) အမြင့်ရှိသည့် တံတားပေါ်မှ ကျခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူ ၂၀ မှာ ဘတ်စ်ကားပေါ်တွင် လိုက်ပါလာခဲ့ကြသူများနှင့် ကျန် ၂ ဦးမှာ ဗင်ကားပေါ်တွင် ရှိနေကြသူများဖြစ်ကြသည်။
    ထို့ပြင် ဒဏ်ရာရသူများလည်း ရှိနေပြီး အချို့မှာ အခြေအနေ စိုးရိမ်ရသောကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်သည်ဟု ယာဉ်လမ်းကြောင်းဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူး ဂျိုဆေး အဘူယွဂ်က ပြောကြားခဲ့သည်။
    ယာဉ်မောင်းသူမှာသေဆုံးခြင်း မရှိဘဲ တာဝန်ရှိသူများမှ စုံစမ်း စစ်ဆေးမှုများပြုလုပ်နေပြီး ထိုဘတ်စ်ကားအား ပိုင်ဆိုင်သည့် Don Mariano Transit ကုမ္ပဏီကိုလည်း ရက်သုံးဆယ် ပြေးဆွဲခွင့်ပိတ်ပင်ခဲ့သည်။
    Ref:AFP/al
    Photo- (AFP/Jay Directo)
  • မွတ်စလင်များအပေါ် တဖက်စောင်းနင်း မီဒီယာ ဘက်လိုက်မှုများအား ပိတ်ပင်သည့် ဥပေဒေမူကြမ်း တစ်ရပ်ကို ဖိလစ်ပိုင် လွှတ်တော်အမတ် တစ်ဦးထုတ်ပြန်
    စက်တင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    Pangalian Balindong
    လူနည်းစု မွတ်စလင်များပေါ်တဖက်စောင်းနင်း မီဒီယာများ၏ ဘက်လိုက်မှုများအား ရှုတ်ချကာ ရာဇ၀တ်မှုဖြင့် သံသယ ရှိသူများအား ၎င်းတို့၏ ဘာသာတရားများဖြင့် ဆက်နွယ်၍ မီဒီယာများမှ ဖော်ပြမှုများကို တားမြစ်ရန် ဥပဒေမူကြမ်းတစ်ခုကို ဖိလစ်ပိုင်အမတ်တစ်ဦးက အဆိုပြုခဲ့သည်ဟု သိရသည်။ ထိုဥပဒေမူကြမ်းအား ထုတ်ပြန်ခဲ့သူမှာ ဖိလစ်ဖိုင်နိုင်ငံ Lanao del Sur ပြည်နယ် ဒုတိယခရိုင် ကိုယ်စားပြု အမတ်ဖြစ်သူ ရှေ့နေ Pangalian Balindong ဖြစ်ပြီး “ရာဇ၀တ်မှုနဲ့ သံသယဖြစ်သူတွေကို သူတို့ရဲ့ ဘာသာ တရားတွေ ဒါမှမဟုတ် သူတို့ရဲ့လူမျိုး၊ ဓလေ့ ထုံးစံတွေနဲ့ မီဒီယာတွေမှာ ယှဉ်တွဲဖေါ်ပြတာ လက်တွေ့မှာ ရှိနေတယ်လို့ ပြောလို့ရပါတယ်။
    သူတို့ဟာ မွတ်စလင် အကြမ်းဖက်သမား ဒါမှမဟုတ် မွတ်စလင်မ် ဓါးမြတွေဆိုပြီးဖော်ပြကြပါတယ်။ ဒါတွေဟာ တော်တော့်ကို တဖက်စောင်း နင်းနိုင် လွန်းတယ်ဆိုတာ ပေါ်လွင်နေပါတယ်” ဟု ဖိလစ်ပိုင် သတင်းစာ တစ်စောင်ဖြစ်သည့် Inquirer.net သို့ တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
    House Bill 1447 ဟုအမည်ရသည့် အဆိုပါ ဥပဒေမူကြမ်းကို ပြုစုခဲ့ပြီး ဥပဒေပြင်ပမှ လုပ်ရပ်များအားပြုလုပ်သူများအား ဖေါ်ပြရာတွင် “မွတ်စလင်” “ခရစ်ယာန်” စသဖြင့် ရေးသားမှုများအား တားမြစ်ရန် ပါဝင်သည်ဟု တနင်္ဂနွေနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    Ref : onislam
  • မွတ်စ်လင်မ် အမျိုးသမီးများ ဦးခေါင်းခြုံထည်ဆိုင်ရာ ညွှန်ကြားချက်မှာ မေတ္တာ ရပ်ခံချက်သာဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရပြော
    ဇူလိုင်-၂၆၊၂၀၁၃
    M-Media
    Manila says Muslim veil directiv
    ဖိလစ်ပိုင်တောင်ပိုင်းမှ စာသင်ခန်းတခုတွင် မွတ်စလင်မ် ကျောင်းသူများ စာသင်ကြနေစဉ်
    မနီလာ။        ။ မွတ်စ်လင်မ်ဆရာမများသည် စာသင်ခန်း၌ ဦးခေါင်းခြုံထည်မှ မျက်နှာကို ဖွင့်လှစ်ထားရန် ဖိလစ်ပိုင်အစိုးရ၏ ညွှန်ကြားချက်သည် မလုပ်မနေရအမိန့်တစ်ရပ် မဟုတ်ကြောင်း၊ သာသနာ၏အခွင့်ကို အလျှော့အတင်းပြုခြင်းလည်း မဟုတ်ကြောင်း ပညာရေးဝန်ကြီးမှ ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
    မွတ်စ်လင်မ် အနည်းစုသာရှိကြသည့် ဖိလစ်ပိုင်တောင်ပိုင်းကို အဓိကရည်ရွယ်၍ ကျောင်းများအတွင်း နိကာ့ဗ်  ၀တ်ဆင်ခြင်းနှင့်စပ်လျဉ်း၍ ပညာရေးဆိုင်ရာအတွင်းရေးမှူး အာမီးန် လူဝစ္စထရို (Armin Luistro)က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် စည်းမျဉ်းချမှတ်ခဲ့၏။
    “ ပညာရေးဌာနကအမိန့်ဟာ မွတ်စ်လင်မ်ဆရာမများရဲ့ သာသနာ့အခွင့်ကို ထိခိုက်စေဖို့ရည်ရွယ်ခြင်း မဟုတ်ကြောင်း ကျွန်တော့်အနေနဲ့ ရှင်းလင်းစွာ သိရှိစေလိုပါတယ်။ အဲ့ဒီညွှန်ကြားချက်ဟာ မေတ္တာရပ်ခံမှုသာဖြစ်တယ်လို့ အထူးပြု ပြောကြားလိုပါတယ် ” ဟု လူဝစ္စထရိုမှ AFP သတင်းဌာနသို့ ရှင်းပြသည်။ ယင်းညွှန်ကြားချက်မှာ အမိန့်ဟူသောခေါင်းစဉ်ဖြင့် ၀င်ရောက်လာသောကြောင့် ကနဦးပိုင်း၌ အရှုပ်အထွေးများ ဖြစ်သွားရသည်။
    ဖိလစ်ပိုင်မွတ်စ်လင်မ်အမျိုးသမီးများစွာတို့သည် ထုံးတမ်းစဉ်လာအရ ဟိဂျာ့ဗ် ကို ဆင်ယင်ကြသည်။ ဟိဂျာ့ဗ် ဟူသည် ဆံပင်၊ နားရွက်၊ လည်ပင်း နှင့် ရင်သားကို လုံခြုံအောင် ဖုံးကွယ်ထားသည့် ဦးခေါင်းခြုံထည်ဖြစ်သည်။ အချို့ကမူ တစ်ဆင့်တက်ကာ နိကာ့ဗ် ကို ၀တ်ဆင်ကြသည်။ နိကာ့ဗ် ဟူသည် မျက်လုံးကိုသာဖော်၍ နှာခေါင်း၊ ပါးပြင်၊ ပါးစပ် နှင့် မေးရိုးအထိပါ ဖုံးကွယ်ရသည့် ဦးခေါင်းခြုံထည် ဖြစ်သည်။
    မွတ်စ်လင်မ်ဆရာမများအတွက် ညွှန်ကြားချက်မှာ နိကာ့ဗ် ကိုသာ ရည်ညွှန်း၍ ဟိဂျာ့ဗ် ကို မဟုတ်ပေ။ ကျောင်းသူကျောင်းသားပေါင်း ၁၆၆၀၀၀ အား အရဗီစာပေနှင့် အစ္စလာမ့်ပညာရေး အတွက် သင်ကြားသူ မွတ်စ်လင်မ်ဆရာ ၁၆၃၅ ဦးကို ခန့်အပ်ထားသည်ဟု ပညာရေးဝန်ကြီးဌာနမှ ဆိုသော်လည်း စာသင်ဆရာမ ဦးရေကိုမူ မထုတ်ပြန်မပြောဆိုခဲ့ချေ။
    ဤညွှန်ကြားချက်ကို ကက်သလစ်ဘာသာဝင်အများစုရှိနေကြသော တောင်ပိုင်းဒေသတစ်ဝှန်းရှိ ကျောင်းပေါင်း ၈၄၉ ကျောင်းထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
  • ဖိလစ်ပိုင်နိုင်ငံတွင် ကွန်မြူနစ် သူပုန်အဖွဲ့ တိုက်ခိုက်မှုကြောင့် ကွန်မန်ဒို တပ်ဖွဲ့ဝင်များသေဆုံး
    မေ-၂၇၊၂၀၁၃
    M-Media
    _67829495_philippines_allacapan_0513ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် ကွန်မြူနစ်သူပုန်များ၏ ဗုံးပေါက်ခွဲမှု နှင့် သေနတ်ပစ်ခတ်မှုကြောင့် ကွန်မန်ဒို ရဲတပ်သား ၇ ဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိအာဏာပိုင်များက ပြောကြားသည်။
    ဆေးပညာဆိုင်ရာစာမေးပွဲ ဖြေဆိုရန်သွားရာလမ်း၌ ယင်းကွန်မန်ဒိုများအား (New People’s Army) NPA အဖွဲ့ဝင်သူပုန်များက ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
    ကွန်မန်ဒိုများအား သယ်ဆောင်လာသော ယာဉ်ကို သူပုန်များက ဗုံးဖြင့် ဦးစွာဖောက်ခွဲခဲ့ပြီးနောက်၊ သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်၊ ကားအတွင်းရှိ အခြားကွန်မန်ဒို ၇ ဦးလည်း ဒဏ်ရာရရှိခဲ့သည် ဟု ရဲဖက်မှပြောကြားလိုက်သည်။
    (Manila) မနီလာမြို့၏မြောက်ပိုင်း ၄၀၀ ကီလိုမီတာ (၂၅၀ မိုင်)ဝေးသော အလာကာပန် (Allacapan) မြို့၌ ယင်းသို့ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
    သေဆုံးသူများသည် ပုန်ကန်မှုကာကွယ်ရေးအဖွဲ့ လက်ရွေးစင် ရဲတပ်သားများဖြစ်ကြသည်ဟု သတင်းမှ ပြောကြားခဲ့သည်။
    NPA သည် ကွန်မြူနစ် ပြည်နယ်တစ်ခု တရားဝင်ရရှိရန် တိုက်ပွဲဝင်ခဲ့သည်မှာ ဆယ်စုနှစ် ၄ ခု အထက် ရှိနေပြီဖြစ်သည်။
    ယခုနှစ်အစောပိုင်းတွင် ၄င်းတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပျက်သုဉ်းခဲ့ရကြောင်း၊ ယင်းအဖွဲ့ကို အမေရိကန် အစိုးရမှ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုအဖြစ် စာရင်းသွင်းထားကြောင်း သိရသည်။
    Ref: BBC