News @ M-Media

Tag: Plastine

  • လူ ၁၀၀ မှာ တစ်ယောက်နှုန်း အသတ်ခံနေရတဲ့ ဂါဇာ

    လူ ၁၀၀ မှာ တစ်ယောက်နှုန်း အသတ်ခံနေရတဲ့ ဂါဇာ

    ဇန်န၀ါရီ ၂၂၊ ၂၀၂၄

    M-Media 


    -ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အနည်းဆုံး လူ ၁၉၀ လောက် အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ 

    ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ လူ ၃ သောင်းလောက် ခိုလှုံနေတဲ့ ဒုက္ခသည်စခန်း ၅ ခုကို မနေ့ကတစ်နေ့လုံး အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရသူ အရေအတွက်ဟာ ၂၅၂၉၅ ဦး ရှိလာပြီဖြစ်ပါတယ်။ 

    ဒဏ်ရာရသူအရေအတွက်က ၆၃၀၀၀ ကျော်ရှိပြီး၊ လူ ၈ ထောင်လောက် အဆောက်အဦးအပျက်အဆီးတွေကြားထဲမှာ ပိတ်မိ ပျောက်ဆုံးနေပါတယ်။ 

    ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းဦးရေ ၂ ဒဿမ ၂ သန်းရှိနေပြီး လူ ၁၀၀ မှာ တစ်ယောက်နှုန်း အသတ်ခံနေရတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera

  • ကြာသာပတေးနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    ဖိလစ်ပိုင်မှသိမ်းထားသည့် ခေါင်းလောင်း ၂ လုံး

    အစ္စရေးကာကွယ်ရေးဝန်ကြီးနှုတ်ထွက်မှု မိမိတို့အောင်ပွဲဟု ဟားမက်စ်ပြော
    =================
    အစ္စရေးကာကွယ်ရေးဝန်ကြီး အာဗစ်ဒေါရ် လီဘာမန် နှုတ်ထွက်သွားမှုဟာ မိမိတို့ရဲ့ နိုင်ငံရေးအောင်ပွဲဖြစ်တယ်လို့ ဂါဇာကမ်းမြှောင်အခြေစိုက် ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်က ပြောကြားလိုက်ပါတယ်။ အခုသီတင်းပတ်အစောပိုင်း အစ္စရေးက ဂါဇာကမ်းမြှောင်မှာ အရပ်သားအသွင်ယူ ကွန်မန်ဒိုတွေစေလွှတ်ကာ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း ဟားမက်စ်နဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် အီဂျစ်ရဲ့ကြားဝင်ပေးမှုနဲ့ အင်္ဂါနေ့မှာ အစ္စရေး-ဟားမက်စ် အပစ်ရပ်ရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ လီဘာမန်က အဲဒီသဘောတူညီချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ရာထူးကနေ နှုတ်ထွက်တော့မယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေငြာခဲ့ပါတယ်။ ဟားမက်စ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာမီ အဘူဇူဟ်ရီက လီဘာမန်နှုတ်ထွက်မှုဟာ ပါလက်စတိုင်းတော်လှန်ရေးကို ရင်မဆိုင်နိုင်ကြောင်း ၀န်ခံမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    စစ်ပွဲတွင်သိမ်းထားသည့် ခေါင်းလောင်း ၃ လုံးကို အမေရိကန်က ဖိလစ်ပိုင်ကို ပြန်ပေးမည်
    ===============
    အမေရိကန်-ဖိလစ်ပိုင်စစ်ပွဲအတွင်း ၁၉၀၁ ခုနှစ် တိုက်ပွဲက သိမ်းယူခဲ့တဲ့ ဘုရားကျောင်းသုံး ခေါင်းလောင်း ၃ ခုကို လာမယ့် ဒီဇင်ဘာလ အစောဆုံးထားပြီး
    ဖိလစ်ပိုင်ကို ပြန်ပေးတော့မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ဟာ အဲဒီခေါင်းလောင်းတွေကို စစ်ပွဲလက်ရပစ္စည်းတစ်ခု သတ်မှတ်ထားပြီး ယိုမင်းပြည်နယ်မှာ ၂ လုံး၊ တောင်ကိုရိးယားက အမေရိကန်စစ်သမိုင်းပြတိုက်မှာတစ်ခု ပြသထားတာပါ။ ဖိလစ်ပိုင်ဘက်ကလည်း ခေါင်းလောင်းပြန်ရရေးအတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာ တောင်းဆိုခဲ့ပါတယ်။ ဒါတွေကိုပြန်ပေးဖို့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို စစ်ပြန်တစ်ချို့က ကန့်ကွက်နေကြပါတယ်။

    မဟာမိတ်များမှာ ငွေဝယ်ကျွန်မဟုတ်ဟု ထရမ့်ကို ပြင်သစ်သမ္မတပြော
    ================
    မဟာမိတ်ဖြစ်တဲ့ မိမိတို့ကို အမေရိကန်က လေးလေးစားစား ဆက်ဆံသင့်ပြီး မိမိတို့ဟာ ငွေဝယ်ကျွန်မဟုတ်ဘူးလို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ပထမကမ္ဘာစစ် အောက်မေ့ဖွယ်အခမ်းအနားအတွက် ပြင်သစ်ကို ရောက်လာတဲ့ထရမ့်ကို မာခရွန်က ဥရောပတပ်ပေါင်းစုဖွဲ့ရေး ပြောဆိုခဲ့ပြီးတဲ့နောက် ထရမ့်က ပြင်သစ်ဟာ ကမ္ဘာစစ်နှစ်ခုမှာ ဂျာမနီကို ရှုံးနိမ့်မယ်ဆဲဆဲ မိမိတို့က ကယ်တင်ခဲ့တာဖြစ်တယ်လို့ Twitter စာမျက်နှာမှာ စကားနာထိုးခဲ့ပါတယ်။ မာခရွန်က ထရမ့်ဟာ ပြည်တွင်းမှာ နိုင်ငံရေးကစားဖို့ ဒီလိုတွေ ပြောဆိုနေတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ မာခရွန်ဟာ တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ကို ရင်ဆိုင်နိုင်ရေး ဥရောပတပ်ပေါင်းစုဖွဲ့စည်းဖို့ အားထုတ်ကြိုးပမ်းနေပါတယ်။

    Ref: Aljazeera

  • အလ်အက္ကဆွာဗလီနေရာတွင် ဂျူးဘုရားကျောင်းအစားထိုးထားသည့် ပိုစတာဖြင့် အမေရိကန်သံအမတ် ဓာတ်ပုံတွဲရိုက်

    အလ်အက္ကဆွာဗလီနေရာတွင် ဂျူးဘုရားကျောင်းအစားထိုးထားသည့် ပိုစတာဖြင့် အမေရိကန်သံအမတ် ဓာတ်ပုံတွဲရိုက်

    မေ ၂၃၊ ၂၀၁၈
    M-Media

    – ဂျေရုစလင်က အလ်အက်ဆာဗလီဝတ်ကျောင်းတော်ရဲ့နေရာမှာ ဂျူးဘုရားကျောင်းတစ်ခု အစားထိုးထားတဲ့ ပိုစတာဘေးမှာ ဓာတ်ပုံအရိုက်ခံခဲ့တဲ့အတွက် အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအတ် ဒေးဗစ် ဖရီဒ်မန်းဟာ ဝေဖန်ခံနေရပါတယ်။

    တလ်အဗီးနားက ဘနီဘရက်မြို့မှာ မသန်းစွမ်းကလေးတွေကို ကူညီပေးနေတဲ့ Achiya အဖွဲ့က မနေ့မှာပြုလုပ်တဲ့ အခမ်းအနားကို တက်ရောက်စဉ်မှာ ဒီဓာတ်ပုံကို ရိုက်ခဲ့တာ ဖြစ်ပါတယ်။

    Achiya က ဒီပိုစတာအတွက် တောင်းပန်ခဲ့ပြီး ၀န်ထမ်းတစ်ယောက်ရဲ့ “နိုင်ငံရေး ခွက်ကျမှု” သာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေးက အမေရိကန်သံရုံးကလည်း ဖရီးဒ်မန်းဟာ ဓာတ်ပုံရိုက်တဲ့အချိန်မှာ ပိုစတာကို သေသေချာချာ မကြည့်ခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။

    “အမေရိကန်ပေါ်လစီကတော့ ရှင်းပါတယ်။ ဟရမ်အလ်ရှရစ်ဖ်/Temple Mount ရဲ့ လက်ရှိအခြေအနေကိုသာ ကျွန်တော်တို့ လက်ခံပါတယ်။ သံအမတ် ဖရီးဒ်မန်းဟာ ဓာတ်ပုံရိုက်တဲ့အချိန်မှာ သူ့ရှေ့မှာရှိနေတဲ့ပုံကို ထဲထဲဝင်ဝင် မကြည့်မိပါဘူး။ အငြင်းပွားမှု ဖန်တီးဖို့အတွက် ဘနီဘရက်ကို သူသွားတဲ့အချိန် တစ်ယောက်ယောက်က အမြတ်ထုတ်လိုက်တဲ့အတွက် သူ တော်တော်လေး စိတ်ပျက်နေပါတယ်” လို့ သံရုံးကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အစ္စရေးက ဂျူးလက်ယာစွန်းရောက်တွေဟာ အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်ကို ဖြိုချပြီး တတိယမြောက် ဂျူးဘုရားကျောင်းဆောက်ဖို့ အချိန်အတော်အကြာကတည်းက ဆော်သြတိုက်တွန်းနေကြတာပါ။

    အလ်အက္ကဆွာ ဗလီဝတ်ကျောင်းတော်နဲ့ Dome of the Rock တို့ကို အစ္စလာမ်သာသနာမှာ တတိယမြောက် အမြင့်မြတ်ဆုံး နေရာအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

    Ref: Aljazeera

  • အက်ဆွာဗလီတွင် ၂ ရက်မြောက်အဖြစ် အစ္စရေးစစ်တပ်က ၀င်ရောက်စီးနင်း

    အက်ဆွာဗလီတွင် ၂ ရက်မြောက်အဖြစ် အစ္စရေးစစ်တပ်က ၀င်ရောက်စီးနင်း

    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    plan

    – ပါလက်စတိုင်းပိုင် ဂျေရုစလင်ရှိ အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်သို့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက နှစ်ရက်မြောက်အဖြစ် ယနေ့တွင်လည်း ၀င်ရာက်စီးနင်းခဲ့ပြီး ပါလက်စတိုင်း ၀တ်ပြုသူများနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    အစ္စရေး ရဲတပ်ဖွဲ့မှာ ဒေသစံတော်ချိန် ယနေ့နံနက် ၇ နာရီ မတိုင်ခင် ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး ၀တ်ပြုသူများအား မူးမေ့စေသည့်ဗုံးများ၊ မီးရှူးမီးပန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု မျက်မြင် သက်သေများက ပြောကြားခဲ့သည်။

    ထို့ပြင် ဗလီဝတ်ကျော်တော်အား ကာကွယ်ရန် ရှိနေကြသည့် ပါလက်စတိုင်း ၀တ်ပြုသူများနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ဂျူးလက်ယာစွန်းရောက်များကလည်း ဗလီဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်ရန် ကြိုးစားနေပြီး တင်းမာမှုများလည်း မြင့်တက်လျက်
    ရှိနေသည်။

    ဗလီဝတ်ကျောင်းတော်၏ ခေါင်မိုးပေါ်တွင်လည်း အစ္စရေး စစ်သားများက နေရာယူထားကြသည်။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုမှာ တနင်္ဂနွေနေ့ ညနေပိုင်းက စတင်ခဲ့သော ဂျူးများ၏ အားလပ်ရပ်တွင် စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာကြာမြင့်မည့် အဆိုပါ အားလပ်ရပ်တွင် ဂျူးများမှာ ဂျေရုစလင်သို့ လာရောက် လည်ပတ်ကြသည်။

    လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ က သဘောတူညီချက်အရ ဂျူးများနှင့် အခြားသော ဘာသာဝင်များကို အက်ဆွာ ဗလီတ်ဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်းသို့ နံနက် ၇ နာရီခွဲမှ ၁၁ နာရီခွဲအတွင်းသာ ၀င်ရောက်ခွင့်ပြုပြီး၊ ၀တ်ပြုခွင့် မပြုထားပေ။

    ပါလက်စတိုင်း ၀တ်ပြုသူများကမူ လက်ယာစွန်းရောက်ဂျူးများမှာ သဘောတူညီချက်ကို ချိုးဖောက်ကာ ဗလီဝတ်ကျောင်းတော်အတွင်း ၀တ်ပြုမှုများကိုပြုလုပ်၍ ၎င်းတို့အား ရန်စနေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ကုလရုံးချုပ်၌ ပါလက်စတိုင်းအလံ လွှင့်တင်ပွဲအခမ်းအနား ပြုလုပ်မည်

    ကုလရုံးချုပ်၌ ပါလက်စတိုင်းအလံ လွှင့်တင်ပွဲအခမ်းအနား ပြုလုပ်မည်

    စက်တင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    france

    – အစ္စရေးနှင့် အမေရိကန်တို့က ဆန့်ကျင်မှုများ ရှိနေသော်လည်း လာမည့်တစ်ပတ်တွင် ကုလသမဂ္ဂ၌ ပြုလုပ်မည့် ပါလက်စတိုင်းအလံ လွှင့်တင်ပွဲအခမ်းအနားသို့ တက်ရောက်သွားမည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက လော့ရင့် ဖာဘီယက်စ်က ကြေငြာလိုက်သည်။

    ယမန်နေ့က နယူးယောက်ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် သတင်းထောက်များအား ဖာဘီယက်စ်က ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုသို့ တက်ရောက်ခြင်းမှာ နှစ်နိုင်ငံပေါ်လစီကို မိမိတို့ပြင်သစ်နိုင်ငံက ဆက်လက်ထောက်ခံနေကြောင်း မီးမောင်းထိုးပြခြင်းဖြစ်သည်ဟု ဆိုသည်။

    “ကျွန်တော့်တို့ရဲ့ မျက်စိရှေ့မှာ နှစ်နိုင်ငံတည်ရှိရေးအဖြေ ကျဆုံးသွားတာမျိုးကို ကျွန်တော်တို့ ခွင့်မပြုနိုင်ပါဘူး” ဟု ဆိုပြီး၊ နိုင်ငံရပ်ခြား ကျောထောက်နောက်ခံပြု IS အကြမ်းဖက်အဖွဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်း ထပ်မံပြန့်နှံ့ခြင်းကို တားဆီးရန်အတွက်လည်း ဖြစ်သည်ဟုဆိုသည်။

    လာမည့် ဗုဒ္ဓဟူးနေ့တွင် ကုလသမဂ္ဂ ရုံးချုပ်၌ ကျင်းပမည့် ပါလက်စတိုင်းအလံ လွှင့်တင်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် ပါလက်စတိုင်းအစိုးရမှာ ရာနှင့်ချီသော ကမ္ဘာ့ခေါင်းဆောင်များကို ဖိတ်ကြားခဲ့သည်။

    ကုလရုံးချုပ်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံ၏ အလံများနှင့်အတူ ပါလက်စတိုင်းနှင့် ဗာတီကန်တို့၏ အလံလွှင့်တင်ရန်အတွက် ကုလ၏ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သည့် ၁၁၉ နိုင်ငံတွင် ပြင်သစ်နိုင်ငံလည်း ပါဝင်ခဲ့သည်။

    ပါလက်စတိုင်းနှင့် ဗာတီကန်တို့မှာ ကုလသမဂ္ဂတွင် အဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံများ ဖြစ်သည်။ အစ္စရေး၊ အမေရိကန်၊ ကနေဒါနှင့် သြစတေးလျနိုင်ငံများမှာ ကုလ၏ ထိုဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့် နိုင်ငံ ၈ နိုင်ငံတွင် ပါဝင်ခဲ့ပြီး သမိုင်းဝင် ထိုအခမ်းအနားမှာ “ငြိမ်းချမ်းရေးအကြောင်းတရား” ဖြစ်လာမည်မဟုတ်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။

    ပါလက်စတိုင်းအာာဏာပိုင်အဖွဲ့ PA မှ ကုလသမဂ္ဂ သံတမန်ဖြစ်သူ ရီယဒ် မန်ဆူးရ်က အဆိုပါ အလံလွှင့်တင်မှုမှာ “ဂုဏ်ယူစရာနေ့တစ်နေ့” ဖြစ်ပြီး ပါလက်စတိုင်း နိုင်ငံအဖြစ် ရပ်တည်ရန်အတွက် ပါလက်စတိုင်းတို့၏ မျှော်လင့်ချက်များကို ပိုမိုရှင်သန်လာစေသည်ဟု ပြောကြားခဲ့သည်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်လည်း ပါလက်စတိုင်း အလံလွှင့်တင်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ပြီး၊ ထိုအခမ်းအနားမတိုင်မီ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

    Ref: Press TV