News @ M-Media

Tag: SaudiArabia

  • ဆော်ဒီ ဘုရင်သစ် နိုင်ငံ ၀န်ထမ်းများနှင့် ပြည်သူများအား ဆုကြေးများ ချီးမြှင့်မည်

    ဆော်ဒီ ဘုရင်သစ် နိုင်ငံ ၀န်ထမ်းများနှင့် ပြည်သူများအား ဆုကြေးများ ချီးမြှင့်မည်

    ဇန်န၀ါရီ ၃၀၊ ၂၀၁၅
    M-Media

    slm

    – ပြီးခဲ့သည့် တစ်ပတ်က ထီးနန်းစိုးစံခဲ့သည့် ဆော်ဒီဘုင်သစ် ဆလ်မာန် ဘင် အဘ်ဒူလ်အဇစ်က ဘုရင့်အစိုးရမှ နိုင်ငံအတွက် သုံးစွဲမည့် ဘက်ဂျက်စာရင်းကို ယမန်နေ့က ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထိုအစီအစဉ်တွင် နိုင်ငံ့ဝန်ထမ်းအားလုံးကို အပိုဆုကြေးပေးခြင်းနှင့် ပြည်သူများအား ထောက်ပံ့ငွေပေးခြင်းတို့ ပါဝင်သည်ဟု သိရသည်။

    ထိုအစီအစဉ်အရ နိုင်ငံ့ဝန်ထမ်းများမှာ ၎င်းတို့ရရှိသည့် လစာ၏ ၂ လစာကို ယခုလကုန်တွင် အပိုဆုကြေးအဖြစ် ရရှိမည်ဖြစ်ပြီး ပင်စင်စားများမှာလည်း ၂ လစာ ပင်စင်လခကို ရရှိမည်ဖြစ်သည်။ ထို့ပြင် ကျောင်းသားများ၊ အထူးလိုအပ်ချက်ရှိနေသောသူများ၊ လူမှုဖူလုံရေးအစီအစဉ်မှ ထောက်ပံ့ငွေရရှိနေသောသူများကိုလည်း ၎င်းထို့လစဉ်ရရှိသည့် ထောက်ပံ့ကြေးများ၏ ၂ လစာကို
    ဆော်ဒီအစိုးရမှ ထပ်ဆောင်းပေးအပ်သွားမည်ဖြစ်သည်။

    အဆိုပါ ချီးမြှင့်မှုနှင့်ပတ်သက်၍ ဘုရင်ကြီးက Twitter စာမျက်နှာတွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ထိုကြေညာချက်တွင် –

    `အသင်တို့အနေနဲ့ ဒီထက်ပိုထိုက်တန်ပြီး ကျွန်ုပ်ရဲ့ ဖြည့်ဆည်းပေးမှုဟာ အသင်တို့ရဲ့ ရပိုင်ခွင့်ကို ဘယ်တော့မှ ပြည့်မီမှာမဟုတ်ပါဘူး။ သာသနာ့တာဝန်၊ တိုင်းပြည်တာဝန်ထမ်းဆောင်ရာမှာ ကျွန်ုပ်ကိုရော အသင်တို့ကိုပါ အလ္လာဟ်အရှင်မြတ် ကူညီတော်မူပါစေလို့ ကျွန်ုပ်အနေနဲ့ ဆုတောင်းပတ္တနာ ပြုအပ်ပါတယ်။ အသင်တို့ရဲ့ တောင်းဆုတိုင်းမှာ ကျွန်ုပ်အတွက် ဆုမွန်ကောင်းတောင်းပေးဖို့ မမေ့ကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ်´ ဟု ဖော်ပြခဲ့သည်။

    နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများအား ထိုကဲ့သို့ထောက်ပံ့မှုအပြင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်း၊ ရေပေးဝေခြင်းလုပ်ငန်းနှင့် အိမ်ယာများ ဆောက်လုပ်ခြင်းတို့ အတွက် ကန်ဒေါ်လာ ၅.၃ ဘီလီယံ သုံးစွဲသွားမည်ဟု ပြောကြားခဲ့ပြီး ဆော်ဒီအစိုးရမှ နိုင်ငံအတွက် သုံးစွဲသွားမည့် စုစုပေါင်း ငွေကြေးပမာဏမှာ ကန်ဒေါ်လာ ၂၉ ဘီလီယံ (ဆော်ဒီရီယဲလ် ဘီလီယံ ၁၁၀) ရှိမည်ဖြစ်သည်။

    ပြီးခဲ့သည့် သီတင်းပတ်က အစ်ကိုဖြစ်သူ ဘုရင်ကြီး အဘ်ဒူလာ ကွယ်လွန်ခဲ့ပြီးနောက် အိမ်ရှေ့မင်းသား ဆလ်မာန်မှာ ဆော်ဒီဘုရင်သစ် ဖြစ်လာခဲ့သည်။

    ဘုရင်ကြီးဆလ်မာန်မှာ နိုင်ငံအတွင်းရှိ ယဉ်ကျေးမှုအနုပညာစင်တာတစ်ခုချင်းစီအတွက် ကန်ဒေါ်လာ ၂၆၇၀၀၀ ကို ထောက်ပံ့ပေးသွားမည်ဟုလည်း ယမန်နေ့တွင် ကတိပြုခဲ့သည်။

    Ref: alarabiya

  • ဘုရင်ကြီး အဘ်ဒူလာ၏ လမ်းစဉ်အတိုင်း လျှောက်လှမ်းသွားမည်ဟု ဆော်ဒီဘုရင်သစ် ပြော

    ဘုရင်ကြီး အဘ်ဒူလာ၏ လမ်းစဉ်အတိုင်း လျှောက်လှမ်းသွားမည်ဟု ဆော်ဒီဘုရင်သစ် ပြော

    ဇန်န၀ါရီ ၂၄၊ ၂၀၁၅
    M-Media

    Crown Prince Salman

    – ဘုရင်ကြီး အဘ်ဒူလာ ကွယ်လွန်ခဲ့ပြီးနောက် ဆော်ဒီထီးနန်းအရိုက်အရာကို ဆက်ခံခဲ့သည့် ဘုရင် ဆလ်မာန် ဘင် အဘ်ဒူလ်အဇစ် အလ် ဆာအွဒ် က မိမိအနေဖြင့် နိုင်ငံအား ဘုရင်ကြီး အဘ်ဒူလာ ချမှတ်သွားသည့် လမ်းစဉ်အတိုင်း ဆက်လက်အုပ်ချုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ဘုရင်အဖြစ် ခန့်အပ်ခြင်းခံရပြီး ပထမဆုံးပြုလုပ်သော ရုပ်မြင်သံကြားမိန့်ခွန်းတွင် ဆလ်မာန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မွတ်စလင်နှင့် အာရပ်နိုင်ငံများ ညီညွတ်ရေးအတွက်လည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။

    `ကျွန်တော်တို့ရဲ့ အာရပ်နဲ့ အစ္စလာမ့်နိုင်ငံတွေဟာ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ရှိကြဖို့ အင်မတန်မှ လိုအပ်နေပါတယ်။ ဘုရားသခင်ပေးတဲ့ အင်အားနဲ့ ကျွန်တော်တို့ဟာ ဘုရင်ကြီး အဘ်ဒူလ် အဇစ်ဘင် အလ် ဆာအွဒ် ဒီနိုင်ငံကို တည်ဆောက်ပြီးကတည်းက လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းသွားမှာပါ´ ဟု ဘုရင် ဆလ်မန်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

    ဘုရင်ကြီး အဘ်ဒူလာမှာ ဆော်ဒီတော်ဝင်အသိုင်းအ၀ိုင်းအတွင်း ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သူဖြစ်ပြီး၊ နိုင်ငံအတွင်း စီပွားရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးခဲ့သေည်။ ဘုရင်ကြီး အဘ်ဒူလာ ကွယ်လွန်သွားပြီးနောက် ထီးနန်းခန့်အပ်ရေးအဖွဲ့မှ ဘုရင်းကြီး၏ ဖအေတူမအေကွဲညီဖြစ်သူ ဆလ်မာန်အား ဘုရင်အဖြစ်တင်မြှောက်ခဲ့ပြီး၊ အိမ်ရှေ့စံကိုမူ ၎င်း၏ ညီဖြစ်သူ မက္ကရင် ဘင် အဘ်ဒူလ်အဇစ်အား ခန့်အပ်ခဲ့သည်။

    ဘုရင်ကြီဆလ်မာန်မှာ သားဖြစ်သူ မိုဟာမက် ဘင် ဆလ်မာန်ကို ကာကွယ်ရေးဝန်ကြီးနှင့် တော်ဝန်နန်းတော်အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော်လည်း နိုင်ငံခြားရေးဝန်ကြီး၊ ရေနံနှင့်ဘဏ္ဍာရေးဝန်ကြီးတို့ အပါအ၀င် အခြားသောဝန်ကြီးများကိုမူ အစားထိုးခဲ့ခြင်းမရှိချေ။

    ထိုမိန့်ခွန်းတွင် ဘုရင်ကြီး ဆလ်မာန်က အစ္စလာမ်သာသနာ၏ သွန်သင်လမ်းညွှန်မှုများဖြင့် မိမိတို့၏ ညီညွတ်ရေး၊ ကာကွယ်ရေး ဆောင်ရွက်ချက်များကို မြှင့်တင်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    `ကျွန်တော်တို့ရဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့၊ သူတို့တွေရဲ့ မျှော်လင့်ချက်တွေ အမှန်တစ်ကယ်ဖြစ်ပေါ်လာဖို့၊ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် လမ်းညွှန်ပေးဖို့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ဆုတောင်းပတ္တနာ ပြုပါတယ်´ ဟု ပြောကြား၍ ၎င်း၏ ရုပ်မြင်သံကြားမိန့်ခွန်းအား
    နိဂုံးချုပ်ခဲ့သည်။

    ဘုရင်ကြီး ဆလ်မာန် ဘင် အဘ်ဒူလ်အဇစ် အလ်ဆာအွဒ်ကို ၁၉၃၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ရီယာ့ဒ်မြို့စား၊ ဆော်ဒီလုံခြုံရေးကောင်စီအဖွဲ့ဝင်နှင့် ကာကွယ်ရေးဝန်ကြီးတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကာ ၂၀၁၂ ခုနှစ် ဇွန်လ ၁၈
    ရက်နေ့တွင် အိမ်ရှေ့မင်းသားရာထူးကို ရရှိခဲ့သူဖြစ်သည်။
    Ref: salarabiya

  • ဆော်ဒီအာရေဗျ ဘုရင် ကွယ်လွန်

    ဆော်ဒီအာရေဗျ ဘုရင် ကွယ်လွန်

    ဇန်န၀ါရီ ၂၃၊ ၂၀၁၅
    M-Media

    king

    – ဆော်ဒီအာရေဗျနိုင်ငံအတွင်း အရေးပါသည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက် ခဲ့သော ဆော်ဒီဘုရင်ကြီး အဘ်ဒူလာ ဘင် အဘ်ဒူ အဇစ်မှာ ကွယ်လွန် အနိစ္စရောက်သွား ခဲ့ပြီဟု ဆော်ဒီဘုရင့် နန်းတော်က ယနေ့နံနက် အစောပိုင်းတွင် ကြေညာခဲ့သည်။

    အသက် ၉၀ အရွယ် ရှိပြီဖြစ်သည့် ဘုရင်ကြီးမှာ နမိုးနီးယားရောဂါကြောင့် ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်ကပင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရပြီး ဇန်န၀ါရီ ၂၃ ရက် သောကြာနေ့ နံနက် ၁ နာရီခွဲတွင် အလ္လာဟ်အရှင်မြတ် အမိန့်တော်ကို ခံယူသွားခဲ့ခြင်းဖြစ်သည်။

    ဘုရင်ကြီးအတွက် ၀တ်ပြုဆုတောင်းမှုများကို ယနေ့နေ့လည်ပိုင်းတွင် မြို့တော်ရီယာ့ဒ်ရှိ အီမာမ် တာကီ ဘင် အဘ်ဒူလာ ဗလီဝတ်ကျောင်းတော်ကြီးတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဈာပနအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ကျင်းပသွားမည်ဖြစ်သည်။

    ဘုရင်ကြီး အဘ်ဒူလာမှာ ၁၉၂၃ ခုနှစ်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဆော်ဒီထီးနန်းကို ၂၀၀၆ ခုနှစ်တွင် စတင် စိုးစံခဲ့သည်။ ထို့နောက် တော်ဝင်မိသားစုအတွင်း အရေးပါသော ပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သူဖြစ်သည်။

    ဘုရင်ကြီးကွယ်လွန်မှုအတွက် ကမ္ဘာ့ခေါင်းဆောင်များက ၀မ်းနည်းကြောင်း ပြောကြားခဲ့ကြပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားကမူ ဘုရင်ကြီးမှာ `ပွင့်လင်းပြီး၊ မိမိ၏ ခံယူချက်အပေါ် ရဲရဲရင့်ရင့် ရပ်တည်ခဲ့သော ခေါင်းဆောင်´ ဖြစ်သည်ဟု ချီးကျူးခဲ့သည်။

    ပြင်သစ်နိုင်ငံမှ ထုတ်ပြန်သော ၀မ်းနည်းကြောင်း သ၀ဏ်လွှာတွင် ဘုရင်ကြီး အဘ်ဒူလာမှာ `တိုင်းပြည်၏ သမိုင်းတစ်ခုကို ရေးထိုးပေး ခဲ့သော ခေါင်းဆောင်´ ဖြစ်သည်ဟု ဖော်ပြ ခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း ဘုရင်ကြီး၏ ကမ္ဘာလုံးဆိုင်ရာ ဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးရေး လုပ်ဆောင်မှုကို ချီးကျူးခဲ့သည်။

    ထိုကဲ့သို့ပင် အိန္ဒိယ၊ ကနေဒါ၊ မော်ရိုကို၊ အီဂျစ်တို့အပါအ၀င် ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များ၊ အစိုးရများကလည်း ဘုရင်ကြီးသေဆုံးမှုအတွက် ၀မ်းနည်းကြောင်း ပြောကြား ခဲ့သည်။ ယနေ့ညနေ တွင် ပြုလုပ်မည့် ဘုရင်ကြီး၏ ဈာပန အခမ်းအနားတွင် မွတ်စလင်နိုင်ငံအချို့မှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သည်။

    ဘုရင်ကြီးကွယ်လွန်သွားပြီးနောက် အိမ်ရှေ့မင်းသားဖြစ်သူ အသက် ၇၉ နှစ်အရွယ် ဆလ်မန် ဘင် အဘ်ဒူလ်အဇစ် အလ် ဆာအွဒ်က ထီးနန်းအရိုက်အရာကို ဆက်ခံသွားမည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနက ကြေညာခဲ့သည်။

    Ref: aljazeera,alarabiya

  • ဂျော်ဒန်နှင့် ဆော်ဒီဘုရင်တို့ ရီယာ့ဒ်တွင် တွေ့ဆုံဆွေးနွေး

    ဂျော်ဒန်နှင့် ဆော်ဒီဘုရင်တို့ ရီယာ့ဒ်တွင် တွေ့ဆုံဆွေးနွေး

    ဒီဇင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media

    cb21e1df-3eef-4164-adf1-84b640b12a91_16x9_600x338
    – ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ(၂) မှာ ဆော်ဒီဘုရင်ကြီး အဗ္ဗဒူလ် အဇစ် အလ် ဆာအွဒ်နှင့် ယမန်နေ့က တွေ့ဆုံခဲ့ပြီး ဒေသတွင်း ဖွံဖြိုး တိုးတက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    ဆော်ဒီဘုရင်ကြီးမှာ ရီယာ့ဒ်မြို့ရှိ နန်းတော်တွင် ဂျော်ဒန်ဘုရင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အိမ်ရှေ့မင်းသား ဆလ်မန် ဘင် အဗ္ဗဒူလ် အဇစ် အလ်ဆာအွဒ်နှင့် ဒုတိယ အိမ်ရှေ့မင်းသား မက္ကရင် ဘင် အဗ္ဗဒူလ်အဇစ် အလ် ဆာအွဒ်တို့အပါအ၀င် ဆော်ဒီအစိုးရ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

    ဆော်ဒီနိုင်ငံပိုင် သတင်းအေဂျင်စီကမူ ဘုရင်ကြီးများမှာ ဒေသတွင်းနှင့် နိုင်ငံ တကာ ဖွံဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။

    ဂျော်ဒန်နှင့် ဆော်ဒီတို့မှာ ရင်းနှီးသော ဆက်ဆံရေးရှိပြီး စက်တင်ဘာလမှ စတင်ကာ ၎င်းတို့နှစ်နိုင်ငံမှာ ဘာရိန်း၊ ကာတာနှင့် ယူအေအီးတို့နှင့်အတူ အမေရိကန်ဦးဆောင်သည့် IS အဖွဲ့အား ဗုံးကြဲတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်။

    ဂျော်ဒန်ဘုရင် အဗ္ဗဒူလာကမူ IS အား တိုက်ခိုက်မှုမှာ တတိယကမ္ဘာစစ်ဖြစ်သည်ဟု ယခုလအတွင်း ပြောကြားခဲ့သည်။

    Al Arabiya News

  • အီဘိုလာ တိုက်ဖျက်ရေး အတွက် ဆော်ဒီမှ ဒေါ်လာ ၃၅ သန်း လှူဒါန်း

    အီဘိုလာ တိုက်ဖျက်ရေး အတွက် ဆော်ဒီမှ ဒေါ်လာ ၃၅ သန်း လှူဒါန်း

    ဒီဇင်ဘာ ၁၂၊ ၂၀၁၄
    M-Media
    Liberia Ebola
    – အာဖရိက နိုင်ငံများတွင် ပြန့်နှံ့နေသည့် အီဘိုလာကပ်ရောဂါ တိုက်ဖျက်ရေး ကူညီရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံမှ ဘုရင်ကြီး အဘ်ဒူလာ ဘင် အဘ်ဒူလ် အဇစ် အလ် ဆာအွဒ်က ကန်ဒေါ်လာ ၃၅ သန်း လှူဒါန်းခဲ့သည်ဟု သိရသည်။

    ဆော်ဒီဘုရင်ကြီး၏ ထိုကဲ့သို့ လှူဒါန်းမှုကို အစ္စလာမ်ဖွံ့ဖြိုးရေးဘဏ် IDB ဥက္ကဌ ဒေါက်တာ အဟ်မဒ် မိုဟာမက် အလီက ယမန်နေ့တွင်ကြေညာခဲ့ခြင်းဖြစ်ပြီး Saudi Press သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

ုဘုရင်ကြီး၏ ထိုလှူဒါန်းငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများတွင် ရောဂါပိုးရှိမရှိ စစ်ဆေးသည့် ကိရိယာများကို အီဘိုလာပြန့်နှံ့နေသော နိုင်ငံများရှိ စာသင်ကျောင်းများတွင် တပ်ဆင်မှုလည်း ပါဝင်ပြီး ထိုသို့ တပ်ဆင်မှုက ရောဂါပိုးရှိသူများကို ဖော်ထုတ်နိုင်မည်ဖြစ်ကာ အခြားသူများအား ကူးစက်ခြင်းမရှိမီ ကုသမှုကို စောစီးစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

    ထိုအစီအစဉ်များအား အကောင်အထည်ဖော်မှုများကို IDB က ဆောင်ရွက်သွားမည်ဟု အလီက ထည့်သွင်း ပြောကြားခဲ့သည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အီဘိုလာ ပြန့်နှံ့မှုအား ဒီဇင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ ထိန်းချုပ်နိုင်ရမည်ဟု မျှော်မှန်းထားခဲ့သော်လည်း ပြည့်မီခဲ့ခြင်းမရှိဘဲ  ရောဂါပိုး ကူးစက်ပြန့်နှံ့မှုနှင့် သေဆုံးမှုများမှာ ယခုအချိန်အထိ ဆက်လက်ဖြစ်ပွားနေသည်။ ထို့ပြင် မိမိတို့၏ အီဘိုလာ တိုက်ဖျက်ရေး လှုပ်ရှားမှုများ နှေးကွေးနေသည်ဟုလည်း WHO က မကြာသေးမီကပင် ၀န်ခံခဲ့သည်။