News @ M-Media

Tag: SaudiArabia

  • ဆော်ဒီရှိ သမိုင်းဝင်မြို့တစ်မြို့ ဖွံ့ဖြိုးရေးစီမံကိန်း စတင်

    ဆော်ဒီရှိ သမိုင်းဝင်မြို့တစ်မြို့ ဖွံ့ဖြိုးရေးစီမံကိန်း စတင်

    ဧပြီ ၁၁၊ ၂၀၁၅
    M-Media

    Ad-Dir’Iyah

    – ဆော်ဒီအာရေဗျနိုင်ငံ၏ သမိုင်းဝင်မြို့ဖြစ်သော ဒီရီယာရှိ ဗလီဝတ်ကျောင်းတော် ၃၄ လုံးနှင့် အဆောက်အဦးများကို မူလလက်ရာမပျက် ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ဆော်ဒီဘုရင်ကြီး ဆလ်မန်က အတည်ပြုခဲ့သည်ဟု Saudi Press Agency (SPA) က ဖော်ပြခဲ့သည်။

ုဘုရင်ကြီး၏ အတည်ပြုမှုကို ဆော်ဒီ ခရီးသွားလာရေးနှင့် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာကော်မရှင် အကြီးအကဲ မင်းသားဆူလ်တန် ဘင် ဆလ်မန်က အလ်-ဘူဂျိုင်ရီ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဖွင်ဖွဲ့အခန်းအနားတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းမှာ ရှေးဟောင်းမြို့ဖြစ်သော ဒီရီယာမြို့ ဖွံ့ဖြိုးတိုးတက်ရေး၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

    ဒီရီယာမြို့ ဖွံ့ဖြိုးတိုးတက်ရေး အမှုဆောင်ကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မင်းသား ဆူလ်တန်က “ဒါဟာ ဘုရင်ကြီး နန်းတက်ပြီးကတည်းက ပထမဆုံး ဆောင်ရွက်တဲ့ စီမံကိန်းပါပဲ” ဟု ပြောကြားခဲ့သည်။ အဆိုပါ စီမံကိန်း၌ ကျောင်းသား တစ်သန်းအား နိုင်ငံအတွင်း လှည့်လည် ခရီးသွားလေ့လာနိုင်ရန် ဆောင်ရွက်ပေးမည့် “Live Saudi Arabia” အစီအစဉ်ကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကာ ဒီရီယာမြို့တွင် အမျိုးသားအမွေအနှစ် စင်တာနှင့် ပြခန်းကိုလည်း မကြာမီ တည်ဆောက်သွားမည်ဟု ဆူလ်တန်က ဆိုသည်။

    ဒီရီယာမြို့မှာ ယူနက်စကို၏ ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်စာရင်း၌ ပါဝင်ပြီး အဆိုပါမြို့ ဖွံ့ဖြိုးတိုးတက်ရေး ပထမအဆင့်တွင် လူနေအိမ်ရာများကို ပြုပြင်တည်ဆောက်ပေးခြင်း၊ ဗလီဝတ်ကျောင်းတော်များနှင့် ကွယ်လွန်သွားပြီဖြစ်သည့် အီမာမ်မိုဟာမက် ဘင် ဆာအွဒ်၊ ရှိခ်မိုဟာမက်ဘင် အဘ်ဒွလ်ဝါဟဘ်တို့၏ စာသင်ကျောင်းများ ပြန်လည်ပြုပြင် တည်ဆောက်ရေးတို့လည်း ပါဝင်မည်ဖြစ်သည်။

    အလ်-ဘူဂျိုင်ရီ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဖွင့်ပွဲအခမ်းအနားတွင် ဘုရင်ကြီး ဆလ်မန်မှာ ရှေးဟောင်း သမိုင်းဝင်လက်ရာများဖြင့် အထူးတည်ဆောက်မည့် ဟိုတယ်တစ်ခုကို အုတ်မြစ်ချပေးခဲ့ပြီး စီမံကိန်းနှင့်ပတ်သက်၍ အကျဉ်းချုံး ပြောကြားခဲ့ကာ နောက်ပိုင်းတွင် စီမံကိန်းနေရာသို့ လှည့်လည်ကြည့်ရှုခဲ့သည်။

    Ref: Alarabiya

  • အာရပ်နှင့် မွတ်စလင်ကမ္ဘာရှိ ပြဿနာများကို ဖြေရှင်းသွားမည်ဟု ဆော်ဒီဘုရင်ပြော

    အာရပ်နှင့် မွတ်စလင်ကမ္ဘာရှိ ပြဿနာများကို ဖြေရှင်းသွားမည်ဟု ဆော်ဒီဘုရင်ပြော

    မတ် ၁၁၊ ၂၀၁၅
    M-Media

    d286a5b1-1a3a-4717-897b-017901adeb96_16x9_600x338

    – အာရပ်နှင့် မွတ်စလင်ကမ္ဘာတွင် ဖြစ်ပျက်နေသည့် ပြဿနာများအား ဖြေရှင်းရန်အတွက် မိမိအနေဖြင့် ဆုံးဖြတ်ထားပြီး၊ အဓိကအနေဖြင့် ဂျေရုစလင်အား မြို့တော်အဖြစ်သတ်မှတ်၍ လွတ်လပ်သော နိုင်ငံဖြစ်ပေါ်လာရေးအတွက် ပါလက်စတိုင်းတို့၏ အခွင့်အရေးကို ကာကွယ်ပေးသွားမည်ဟု ဆော်ဒီဘုရင်ကြီး ဆလ်မန် အဗ်ဒူလ်အဇစ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ဘုရင်အဖြစ် နန်းတက်ပြီးနောက် ရုပ်သံမှတစ်ဆင့် ပထမဆုံးပြောကြားသော နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး လူ့အဖွဲ့အစည်းအား သန့်ရှင်းစေခြင်း၊ ကြုံတွေ့နေရသော အန္တရာယ်များနှင့် စိန်ခေါ်မှုများအား ရင်ဆိုင်ရေး ရပ်တည်ချက်အတွက် ပေါင်းစည်းခြင်းတို့ကို ဖြစ်စေသော အာရပ်နှင့် မွတ်စလင်ကမ္ဘာတို့ ပူးပေါင်းဆောင်ရွက်မှုကို တောင့်တင်းစေရန် ပြုလုပ်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အချုပ်အခြာအာဏာကို လေးစားခြင်းနှင့် မိမိတို့၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရန် ကြိုးစားမှုများကို ဆန့်ကျင်ခြင်းတို့ အပါအ၀င် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတကာသဘောတူညီချက်များ၊ စာချုပ်များအား ဆက်လက် လိုက်နာ စောင့်ထိန်းသွားမည်ဟု ဘုရင်ကြီးက ဆိုသည်။

    ကမ္ဘာကြီး လုံခြုံရေးနှင့် ငြိမ်းချမ်းရေးတို့ အောင်မြင်ရန်နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကိုတည်ဆောက်ရန်၊ မတူညီမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်၊ အင်အားသုံးခြင်း၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သော မည်သည့် အကြမ်းဖက်မှုနှင့် မည်သည့်လုပ်ရပ်ကိုမှ လက်ခံခြင်းမပြုရန် စသည်တို့အတွက်လည်း မိမိတို့နိုင်ငံက ဆောင်ရွက်သွားမည်ဟု ဘုရင်ကြီး ဆလ်မန်က ပြောကြားခဲ့သည်။

    အကြမ်းဖက်ဝါဒတွင် ဘာသာတရားမရှိ

    ဘုရင်ကြီးမှာ ကမ္ဘာကြီးတွင် စွဲကပ်နေသော အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါဒလှိုင်းများမှာ ဘာသာတရားနှင့် မသက်ဆိုင်သည့် ကမ္ဘာ့အန္တရာယ်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ဘုရင့်နိုင်ငံအနေနဲ့ အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒတွေကို ဘာရင်းမြစ်တွေပဲဖြစ်ဖြစ် ပုံစံအားလုံး၊ နည်းလမ်းအားလုံးနဲ့ တိုက်ဖျက်ဖို့ အာရုံစိုက်ထားပါတယ်” ဟု ဘုရင်ကြီးက ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ အခြေပြမိန့်ခွန်း၌ မိမိတို့ ဘုရင့်နိုင်ငံ၏ ဒေသအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားအားလုံးအတွက် တရားများမျှတမှုကို ဆောင်ကျဉ်းပေးကာ အခွင့်အလမ်းများကိုလည်း ဖန်တီးပေးသွားမည်ဖြစ်ကြာင်း၊ နိုင်ငံအတွင်း ချစားမှုများကိုလည်း တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ဘုရင်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Alarabiya

  • IS ၏ အယူအဆအမှားများအတွက် အင်တာနက်စစ်ပွဲ ဆင်နွှဲရန် ဆော်ဒီမွဖ်သီကြီးက မွတ်စလင်များအား တိုက်တွန်း

    IS ၏ အယူအဆအမှားများအတွက် အင်တာနက်စစ်ပွဲ ဆင်နွှဲရန် ဆော်ဒီမွဖ်သီကြီးက မွတ်စလင်များအား တိုက်တွန်း

    မတ် ၁၁၊ ၂၀၁၅
    M-Media

    10-3-15_Saudi-Mufti-Urges-Social-Media-War-on-ISIL

    – IS အဖွဲ့၏ မှားယွင်းသော အတွေးအခေါ်များ ပြန်နှံ့နေမှုကို တိုက်ဖျက်ရန်အတွက် မွတ်စလင်များအနေဖြင့် အင်တာနက်စစ်ပွဲ စစ်နွှဲရန် ဆော်ဒီအာရေဗျရှိ အကြီးဆုံးမွဖ်သီကြီး ရှိခ် အဘ်ဒူလ် အဇစ် အလ် ရှိခ်က တိုက်တွန်းပြောကြားလိုက်ပြီး အဆိုပါ အင်တာနက်စစ်ပွဲတွင် ဆိုရှယ်မီဒီယာများကို ထိပ်တန်း လက်နက်များအဖြစ် အသုံးချရန် ပြောကြားလိုက်သည်။

    “အကြမ်းဖက်ဝါဒနဲ့ မှားယွင်းတဲ့အယူအဆတွေကို တိုက်ဖျက်ဖို့ တာဝန်ရှိသူတွေ၊ တတ်သိပညာရှင်တွေနဲ့ လူအဖွဲ့အစည်းက ပြည်သူတွေ ပူးပေါင်းခြင်းအားဖြင့် လာမယ့်မျိုးဆက်သစ်တွေကို ကောင်းမွန်တဲ့ စိတ်ဓာတ်မျိုးနဲ့ မြှင့်တင်ပေးဖို့ ရှိခ် အဘ်ဒူလ် အဇစ်က အသေအချာ ပြောကြားခဲ့ပါတယ်” ဟု ဆော်ဒီနိုင်ငံပိုင် SPA သတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

    တနင်္ဂနွေနေ့က ပညာရှင်များ၊ ကျောင်းသားများ၊ လူမှုသိပ္ပံပညာရှင်များ၊ စစ်ဘက်ဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံစဉ် မွဖ်သီကြီးက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး IS အဖွဲ့အား တိုက်ဖျက်ရန်လည်း တိုက်တွန်းခဲ့သည်။

    “လမ်းမှားနေတဲ့ ဒီအဖွဲနဲ့ ဆက်သွယ်ဖို့ ဖိတ်ခေါ်တာဟာ မှားယွင်းတဲ့ အပြစ်ရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ ဒီ လမ်းလွဲနေတဲ့အဖွဲ့တွေဟာ ညှာတာထောက်ထားမှုမရှိဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေကြပါတယ်။ လူငယ်တွေအပေါ်မှာ အမြတ်ထုတ်နေကြပါတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ လူငယ်လေးတွေ တော်တော်များများကို သတ်ပစ်နေကြပြီး အကျဉ်းသားအဖြစ်လည်း တော်တော်များများကို ဖမ်းဆီးထားကြပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီး တိတ်ဆိတ် မနေသင့်ပါဘူး” ဟု IS အဖွဲ့ကို ရည်ညွှန်း၍ မွသ်သီကြီးက ပြောကြားခဲ့ပြီး ထိုအဖွဲ့ကိုလည်း ရာဇ၀တ်မှုအဖွဲ့အဖြစ် သတ်မှတ်ခဲ့သည်။

    ထို့ပြင် မွတ်စလင်များနှင့် မွတ်စလင်တိုင်းပြည်များမှာ မကောင်းမှုနှင့် ချစားမှုတိုက်ဖျက်ရေးကို စုပေါင်း၍ ပြုလုပ်ရမည်ဖြစ်ပြီး အစ္စလာမ်အား ကာကွယ်ရန်နှင့် ဆိုးရွားသော အပြုအမူများမှ ရှောင်ကျဉ်ရန်အတွက် အားထုတ်မှုများကို ဆောင်ရွက်ကြရန်မှာ မွတ်စလင်တိုင်း၏ တာဝန်ဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    မွဖ်သီကြီးက အကြမ်းဖက်အုပ်စုများနှင့် ဆက်သွယ်ခြင်း၏ ထိခိုက်နစ်နာစေသော ဂယက်ရိုက်မှုနှင့်ပတ်သက်၍ အသိပညာပေးရာတွင် မီဒီယာများက ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။

    “အလုပ်လက်မဲ့ဖြစ်ခြင်းက ဆိုးသွမ်းမှု၊ မှောင်ခိုကူးမှုတွေလို မသင့်လျော်တဲ့ အပြုအမူတွေကို ဦးတည်စေပြီး လွဲမှားတဲ့ အတွေးအခေါ်တွေကို ဖြစ်စေတာကြောင့် လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးဖို့ဆိုတာနဲ့
    ပတ်သက်လို့ အားထုတ်ကြိုးပမ်းမှုတွေကို မိုမို အာရုံစိုက် လုပ်ဆောင်ပေးသင့်ပါတယ်”

    IS စစ်သွေးကြွအဖွဲ့အား ဆန့်ကျင်ရန် ဆော်ဒီမွဖ်သီကြီး၏ တိုက်တွန်းဆော်သြမှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ချေ။ ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းကလည်း ရှိခ် အဘ်ဒူလ် အဇစ် အလ် ရှိခ်က အလ်ကိုင်းဒါးနှင့် IS အဖွဲ့တို့မှာ အစ္စလာမ်သာသနာ၏ နံပါတ် ၁ ရန်သူဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ ထို့ပြင် ပြည်သူများ၏ အသက်များ၊ ပိုင်ဆိုင်မှုများနှင့် ဂုဏ်သိက္ခာများကို စော်ကားအမြတ်ထုတ်နေသည့် အဆိုပါ အဖွဲ့များမှာ ရန်လိုသူများဖြစ်ပြီး မွတ်စလင်များအနေဖြင့် လက်နက်ကိုင်ကာ ထိုအဖွဲ့များအား ချေမှုန်းကြရန်လည်း တိုက်တွန်းခဲ့သည်။

    Ref: Onislam

  • ဆော်ဒီ ဘုရင် အဗ္ဗဒူလာ၏ ပညာရေးအမွေ (သို့) ပညာတော်သင်ဆု အစီအစဉ်

    ဆော်ဒီ ဘုရင် အဗ္ဗဒူလာ၏ ပညာရေးအမွေ (သို့) ပညာတော်သင်ဆု အစီအစဉ်

    ဖေဖော်ဝါရီ ၆ ၊ ၂၀၁၅
    M-Media
    ဘာသာပြန်- လေးမောင်
    gg
    – ဗာဂျီးနီးယား ဆင်ခြေဖုံးရှိ ကြေးနီရောင်အုတ်ခဲများနှင့် မှန်တံခါးများ တစ်ဝက်ဖွင့်ထားသော အဆောက်အဦးကြီးက အပြင်ပန်းကြည့်လျှင် ထူးခြားပုံမရဘဲ သာမန်မြင်နေရသည့် အဆောက်အဦးတစ်ခု၏ ပုံစံသာဖြစ်သည်။ ထို့ပြင် နည်းပညာကုမ္ပဏီ တစ်ခု၏ ရုံးချုပ်တစ်ခုနှင့် လည်း ဆင်တူနေသည်။ ထိုအဆောက်အဦး အတွင်းတွင်တော့ ဆော်ဒီတော်လှန်ရေး တစ်ခု ဖြစ်ပွားနေပြီး ဘုရင့်နိုင်ငံ၏ အနာဂတ်ကို ထင်ထင်ရှားရှား အကျိုးသက်ရောက်မှုရှိမည့် တော်လှန်ရေးမျိုး ဖြစ်လေသည်။

    ထိုအဆောက်အဦးက အမေရိကန်ဆိုင်ရာ ဆော်ဒီအာရေဗျ ယဉ်ကျေးမှုအဖွဲ့၏ ရုံးဖြစ်သည်။ ထိုယဉ်ကျေးမှုအဖွဲ့မှာ အမေရိကန်နိုင်ငံ အတွင်း `ဘုရင် အဗ္ဗဒူလာ ပညာတော်သင် အစီအစဉ်´ (KASP) ကို စီမံခန့်ခွဲရသည့် ရုံးဖြစ်သည်။ KASP မှာ အရှေ့အလယ်ပိုင်းသမိုင်းနှင့် ကမ္ဘာ့သမိုင်း လူမှုရေးနှင့် ပညာရေးနယ်ပယ်အတွင်း ရည်မှန်းချက် အကြီးမားဆုံး စွမ်းဆောင်မှုများထဲမှ တစ်ခုလည်းဖြစ်သည်။

    ထိုအစီစဉ်အောက်တွင် ဆော်ဒီနိုင်ငံသား ၂ သိန်းခန့်မှာ ကောလိပ်ကျောင်းသား ဘ၀မှ ပါရဂူဘွဲ့ရသည့်အဆင့် အထိတိုင်အောင် ပညာသင်ထောက်ပံ့ကြေး အပြည့်အ၀ဖြင့် ပညာသင်ကြားခွင့်ရနေသည်။ ကျောင်းသားများမှာ တောင်အာဖရိကမှ တောင်ကိုရီးယား၊ အိုင်ယာလန်မှ အီတလီ၊ ယူကေမှ အမေရိကန်စသဖြင့် နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် ပညာသင်ယူနေကြခြင်းဖြစ်ပြီး KASP က ကျန်းမာရေးစောင့်ရှောက်မှု ကိုလည်း ပေးအပ်ထားသည်။ ထိုကျောင်းသားများထဲတွင် ၂၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး ဘွဲ့ရအဆင့်တွင် အရေအတွက်က ပိုမိုမြင့်တက်လာသည်။ ပညာရေး စူးစမ်းလေ့လာသူများကတော့ `ဘုရင် အဗ္ဗဒူလာ ပညာတော်သင် အစီအစဉ်´ မှာ အဆင့်မြင့်ပညာရေးအတွက် ကမ္ဘာ့တစ်ဝှမ်း နိုင်ငံတော်မှထောက်ပံ့သည့် အစီအစဉ်များထဲတွင် အကြီးမားဆုံး အစီအစဉ်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။

    မိမိ၏လုပ်ပိုင်ခွင့်နှင့် ရေနံမှရရှိသော စည်းစိမ်တို့ကိုပေါင်းစပ်၍ ဘုရင် အဗ္ဗဒူလာ တစ်ယောက် ဆော်ဒီရှိ လူငယ်များအတွက် ပညာရေးပြုပြင်ပြောင်းလဲမှုကို ၂၀၀၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ အဆိုပါလူငယ်များတွင် အများစုက အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ယူနေသူများ ဖြစ်သည်။ ထို့ကြောင့် ဆော်ဒီအာရေဗျ ယဉ်ကျေးမှုရုံးချုပ်ကို ဗာဂျီးနီးယား ဆင်ခြေဖုံးဒေသတွင် ဖွင့်လှစ်ခဲ့ပြီး၊ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ကိုင်နေသော ဌာန၊ အမေရိကန်တွင် ကျောင်းတက်နေသော ဆော်ဒီ လူငယ် ၁ သိန်း၏ ပညာရေးကို စီမံခန့်ခွဲသည့် ဌာနအဖြစ် ရှုမြင်ကြသည်။

    ပညာရှင်များဖြင့်စုစည်းထားသည့် အမေရိကန် ပညာတော်သင်အဖွဲ့ Woodrow Wilson International Center မှ အကြီးတန်း ပညာရှင်နှင့် ၀ါရှန်တန်ပို့စ်၏ ဂျာနယ်လစ်ဟောင်း တစ်ဦးဖြစ်သူ ဒေးဗစ် အော့တိုဝေးက အဆိုပါ ပညာတော်သင်အစီအစဉ်ကို `၁၉၅၃ ဘုရင်ကြီး အဗ္ဗဒူလ် အဇစ် ကွယ်လွန်ပြီးကတည်းက ဘုရင့်နိုင်ငံကို အုပ်ချုပ်လာခဲ့သည့် ၎င်း၏ သားတော် ၅ ပါးအနက် ဘုရင် အဗ္ဗဒူလာ မှာ လူကြိုက်အများဆုံးနှင့် ပါးနပ်မှုအရှိဆုံးဟု သမိုင်းတွင်သည့် ဘုရင်ဖြစ်လာစေသော အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    `ဆော်ဒီ အမျိုးသမီးတွေကို နိုင်ငံရေးမှာ ပါဝင်ခွင့်ရအောင် ဆောင်ရွက်ပေးတာ၊ စိန်ခေါ်မှုတွေရှိတဲ့ သူ့ရဲ့နိုင်ငံကို ခေတ်မီ တိုးတက်အောင်လုပ်ဖို့ ဆော်ဒီကျောင်းသား ထောင်ပေါင်းများစွာကို အမေရိကန်နဲ့ ဥရောပလွှတ်ပြီး ပညာသင်စေတာတွေ အတွက် သူ(ဘုရင် အဗ္ဗဒူလာ) ကို ဆော်ဒီသမိုင်းမှာ အမှတ်တရ ရှိနေမှာပါ´

    King Abdullah Scholarship Program

    အမေရိကန်တစ်ဝှမ်း
    ———————-
    သိပ္ပံဆိုင်ရာ ဂျာနယ်တစ်ခုဖြစ်သည့် Scientific Research Journal တွင် ချားလ်စ်တေလာနှင့် ၀က်စ်မီယာ အလ်-ဘက်စ်ရီတို့ ရေးသား ခဲ့သော ဆောင်းပါးတစ်ခုတွင် အမေရိကန်၌ လာရောက်ပညာ သင်ကြားသည့် ကျောင်းသား အရေအတွက်တွင် ဆော်ဒီအာရေဗျမှာ တရုတ်၊ အိန္ဒိယနှင့် တောင်ကိုရီးယားတို့နောက် စတုတ္ထအများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။ ဆော်ဒီကျောင်းသားများမှာ အမေရိကန်နိုင်ငံတစ်ဝှမ်း ပြန့်နှံ့နေပြီး ဆင်ခြေဖုံးဒေသရှိ ကျောင်းများတွင်သာမက အမေရိကန်၏ အဓိက တက္ကသိုလ်ကြီးများတွင် ပညာသင်ယူလျက် ရှိနေသည်။ အိုဟိုင်းယိုး၊ အီလီနွိုက်စ်၊ တက္ကဆက်၊ အော်ရီဂွန်၊ ကယ်လီဖိုးနီးယား၊ ကန်တာကီ စသည့်ပြည်နယ်များ က ဆော်ဒီကျောင်းသားများ အဓိကစုဝေးရာ နေရာများဖြစ်သည်ဟု တေလာနှင့် ဘက်စ်ရီတို့က ဖော်ပြခဲ့သည်။

    အဆိုပါ ပညာတော်သင်အစီအစဉ်တွင် ဘုရင့်နိုင်ငံက နှစ်စဉ် ကန်ဒေါ်လာ ၂.၄ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံထားသည်။ ထိုအစီအစဉ်မစတင်ခင်က အမေရိကန်တွင် ပညာသင်ယူနေသော ဆော်ဒီကျောင်းသားဦးရေမှာ ၅၀၀၀ အောက်သာရှိပြီ ယခုအချိန်တွင်တော့ တစ်သိန်းနီးပါး ရှိနေပြီဖြစ်သည်။ အမေရိကန်၏ ပညာရေးသမိုင်းတွင် ကာလအနည်းငယ်အတွင်း မယုံနိုင်ဖွယ် မြင့်တက်မှုလည်းဖြစ်ခဲ့သည်။

    ဘုရင်ကြီး အဗ္ဗဒူလာ ထားခဲ့သည့် အမွေများ၌ အဆိုပါ ပညာတော်သင်အစီအစဉ်က ၎င်း၏ ပြုပြင်ပြောင်းမှုများမှ ရရှိခဲ့သည့် အအောင်မြင်ဆုံး ကိစ္စရပ်များတွင် တစ်ခုအပါအ၀င် ဖြစ်သည်။ ပညာရေးအဆင့်အတန်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်ကုန် စွမ်းအား မြှင့်တင်နိုင်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းရှိမှုတို့နှင့် ဆက်နွယ်မှုမှာ ငြင်းစရာမရှိ။ KASP အစီအစဉ်မှ ထွက်ပေါ်လာသော ပညာရေးမျိုးဆက်က ဘုရင့်နိုင်ငံသို့ အမြင်ကျယ်ကျယ်၊ ကျွမ်းကျင်မှုကောင်းကောင်းဖြင့် ပြန်သွားမည်ဖြစ်ပြီး နိုင်ငံ၏ တိုးတက်မှုနောက် တစ်ဆင့် အတွက် လိုအပ်နေသော ပုဂ္ဂလိကဆိုင်ရာဖွံဖြိုး တိုးတက်မှုကို ကူညီထောက်ပံ့နိုင်မည် ဖြစ်လေသည်။ အဆိုပါ အစီအစဉ်မှာ ငွေကြေး ကုန်ကျသည်နှင့်အမျှ နိုင်ငံ၏ ရေရှည် စီးပွားရေးအတွက်လည်း အဓိပ္ပါယ် ရှိမည်ဖြစ်သည်။
    King-abdullah's-scholarship-students-during-the-graduation-ceremony-in-Canada
    မှီခိုအားထားရမှုများခြင်း
    ————————-
    လူမှုသိပ္ပံဆိုင်ရာ ဂျာနယ်တစ်ခုဖြစ်သော Journal of Humanities and Social Science မှပညာရေးနှင့်ပတ်သက်သည့် ကျွမ်းကျင် ပညာရှင် အဗ္ဗဒူလ် ရဟ်မာန် အမ် အဘူအမ်မိုဟ်၊ လယ်ရီ အာရ် စမစ်နှင့် အဗ္ဗဒူလ် အဇစ် အမ် ဒူဝေ့စ်တို့မှ ပူးပေါင်းရေးသား ထားသည့် ဆောင်းပါးတစ်ခုတွင် ဆော်ဒီ အာရေဗျအနေဖြင့် လက်ရှိအချိန်၌ နိုင်ငံခြား ကျွမ်းကျင်သူများကို လွန်စွာမှီခိုနေရပြီး စက်ရုံအလုပ်ရုံ ကဏ္ဍ သုသေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အတွက်လည်း နိုင်ငံခြားမှ သုတေသနပြုမှုများကို အားထားနေရသည်ဟု မှန်ကန်စွာ သုံးသပ်ဖော်ပြခဲ့သည်။

    KASP အစီအစဉ်မှ ကျောင်းသားများမှာ အိမ်ပြန်နေကြပြီဖြစ်သောကြောင့် ထိုလစ်ဟာမှုကို ကူညီဖြည့်ဆည်းပေးမည် ဖြစ်သည်။ အဆိုပါ ပညာတော်သင် အစီအစဉ် စတင်ပြီးကတည်းက နိုင်ငံရပ်ခြားတွင် ပညာသင်ယူနေသော ဆော်ဒီကျောင်းသား အရေအတွက်မှာ ၉၀၀ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ထိုပညာရှင်များက ထောက်ပြခဲ့သည်။

    ဆော်ဒီအာရေဗျဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဂျိမ်းစမစ်က ဆော်ဒီ-အမေရိကန် ဆက်ဆံရေးနှင့် သတင်း အချက်အလက်အဖွဲ့ SUSRIS နှင့် တွေ့ဆုံရာတွင် KASP အစီအစဉ်၏ လူတော်လူကောင်းမြှောက်စားသည့် သဘာဝကို ဖွင့်ဟခဲ့သည်။

    `ဘုရင် အဗ္ဗဒူလာ ပညာတော်သင်အစီအစဉ်ဟာ ထူးခြားတဲ့ သဘာဝရှိတယ်ဆိုတာကို လူတော်တော်များများက နားမလည်ကြပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီအစီအစဉ်ဟာ အရည်အချင်းရှိတဲ့သူတွေ မြှောက်စားမှုကို အခြေခံတာဖြစ်ပြီး ဒီအတိုင်းသွားနေလို့ပါပဲ။ ဒါ့ကြောင့် ဒီအစီအစဉ်မှာ အကောင်ကြီးကြီးတွေရဲ့ သားသမီးတွေနဲ့ ပြည့်မနေဘဲ အရည်အချင်း ရှိတဲ့ ကျောင်းသားတွေ နဲ့သာ ပြည့်နေတာပါ။ ပြီးတော့ ကျွန်တော်တို့ ဗီဇာ ထုတ်ပေးတဲ့အခါမှာလည်း ဒီကျောင်းသားတွေဟာ မြို့ပေါ်က လူ့ဘော်ကျော့တွေသာ မဟုတ်ဘဲ နိုင်ငံတစ်ဝှမ်းလုံးက ဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီကျောင်းသားတွေက ကျောင်းမှာ ထူးချွန်ကြသူတွေပါ။ ဒါ့ကြောင့် အရည်အချင်းကို အခြေခံတဲ့ KASP အစီစဉ်မှာ သူတို့ဟာ ပညာသင်ဆု ရကြတာပါပဲ´

    စိန်ခေါ်မှုများရှိနေ
    ——————-
    သို့ရာတွင် ဆော်ဒီပြည်တွင်း ပညာရေး စနစ်တွင်တော့ စိန်ခေါ်မှုများရှိနေသည်ကို စမစ်က ၀န်ခံခဲ့ပြီး အလွယ်ကူဆုံး က ကျောင်းများဆောက်ခြင်းဖြစ်သည် ဟု ထောက်ပြခဲ့သည်။ သို့ရာတွင် စိန်ခေါ်မှုက ကျောင်းများတွင် မည်သူရှိမည်နည်း ဆိုသည်ပင်။ ဆော်ဒီပြည်တွင်း ပညာရေးနှင့် ပတ်သက်၍ ချဲ့ထွင်ခြင်းနှင့် နှစ်မြှုပ်ဆောင်ရွက်ခြင်းက အစကနဦးအဆင့်ပင် ရှိနေသးသည်ဟု ပြောစရာရှိသည်။ လိုအပ်သည့် အခြေခံ အဆောက်ဦးများ ဆောက်လုပ်နေချိန်တွင် သင်ရိုးညွှန်းတမ်း အပါအ၀င် ကမ္ဘာ့အဆင့် ပညာရေး အတွက် လိုအပ်သည့် အရာအားလုံးက ဆက်လက်ပေါ်ပေါက်လာမည် ဖြစ်ပေသည်။

    `သတင်းကောင်းတစ်ခုကတော့ အမေရိကန်နဲ့ အခြားနိုင်ငံတွေမှာ ပညာဆည်းပူးနေတဲ့ ဒီကျောင်းသား တော်တော် များများက ဆော်ဒီ တက္ကသိုလ်တွေကို ပါမောက္ခတွေ အဖြစ် ပြန်လည်လာရောက်ဖို့ အစီအစဉ်ရှိကြပါတယ်။ ဒ့ါကြောင့် အလားအလာတွေ ကတော့ အများကြီးပါ။ သူတို့တွေအားလုံး တစ်ဆင့်ပြီးတစ်ဆင့် တက်လာဖို့နဲ့ ကမ္ဘာ့အဆင့် ပညာရေးစနစ်တစ်ခုကို သူတို့ တည်ထောင်ဖို့ဆိုတာ အချိန်နည်းနည်းပဲ ကြာတော့မှာပါ´ ဟု စမစ်က ထည့်သွင်းပြောကြားခဲ့သည်။

    KASP အစီအစဉ်၏ ဆော်ဒီ လူ့အဖွဲ့အစည်းနှင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများအတွက် အကဲဖြတ်ရန် စောလွန်းနေသည်။ ဆော်ဒီသို့ပြန်လာကြသည့် ပညာတတ် လူငယ်များ ပုဂ္ဂလိကလုပ်ငန်းများတွင် ၀င်ရောက်ဆောင်ရွက်ခြင်း ကလည်း အရေးကြီးနေသည်။ ယခုအချိန်အထိတော့ ဆော်ဒီလူငယ် မျိုးဆက်တစ်ခုလုံး ထူးခြားသည့် ပညာရေး အခွင့်အလမ်းကို ရရှိခဲ့ပြီးဖြစ်၏။ ကျန်ရှိသည့် ကိစ္စများကတော့ ၎င်းတို့အပေါ်တွင်သာ မူတည်နေပေသည်။

    ref:Alarabiya

  • ကမ္ဘာ့ဘေးအကင်းဆုံးမြို့ ၅၀ တွင် ရီယာ့ဒ်ပါဝင်

    ကမ္ဘာ့ဘေးအကင်းဆုံးမြို့ ၅၀ တွင် ရီယာ့ဒ်ပါဝင်

    ဖေဖော်ဝါရီ ၁၊ ၂၀၁၅
    M-Media

    ryd

    – The Economist မဂ္ဂဇင်းမှ ထုတ်ပြန်သော ၂၀၁၅ ခုနှစ် အလုံခြုံဆုံးနှင့် ဘေးအန္တရာယ်အကင်းဆုံး မြို့ ၅၀ စာရင်းတွင် ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့က အဆင့် ၄၆ နေရာတွင် ရပ်တည်ခဲ့သည်ဟု သိရသည်။

    ဘေးအကင်းဆုံးမြို့အား သတ်မှတ်ရာတွင် ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် ခိုးဝှက်မှုနှုန်းအပါအ၀င် စံ ၄ ခု ဖြင့် အဆိုပါမဂ္ဂဇင်းက သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ရီယာ့ဒ်မှာ ထိုကဏ္ဍများတွင် ၅၃.၂၆ ရာခိုင်နှုန်းရခဲ့ကာ အဆင့် ၄၃ နေရာတွင်ရှိနေသည်။

    မြို့အတွင်းရှိ ပြည်သူများ၏ အသက်ရှည်ရှည်နေထိုင်မှုအတွက် အရေးပါသည့် ကျန်းမာရေးလုံခြုံမှု၊ လူဦးရေနှင့်ကာမိသည့် ဆေးရုံများတည်ရှိမှုတို့တွင် ရီယာ့ဒ်မှာ ၅၃.၃၃ ရာခိုင်နှုန်းရရှိခဲ့ပြီး လမ်းများအရေအသွေး ကောင်းမွန်မှုအပါအ၀င် မြို့အတွင်းရှိ အခြေခံအဆောက်အဦးများ ပြည့်စုံကောင်းမွန်မှု လုံခြုံဘေကင်းမှုတို့တွင် ၆၁.၅၃ ရာခိုင်နှုန်း ရရှိခဲ့သည်။

    ရဲတပ်ဖွဲ့က ကြားဝင်ဆောင်ရွက်ပေးမှု၊ ရာဇ၀တ်မှု၏ သားကောင်ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း စသည့် လူတစ်ဦးချင်းစီ၏ လုံခြုံရေးအတွက် ဆောက်ရွက်ပေးမှုတွင်မူ ၆၀.၂၆ ရာခိုင်နှုန်း ရရှိခဲ့သည်။

    The Economist မဂ္ဂဇင်း၏ ၂၀၁၅ ခုနှစ် ဘေးအကင်းဆုံး မြို့များစာရင်းတွင် ဂျပန်နိုင်ငံ၏ မြို့တော် တိုကျိုက ထိပ်ဆုံးတွင်ရှိနေပြီး ယူအေအီးနိုင်ငံ အဘူဒါဘီက အဆင့် ၂၅၊ ကူဝိတ်က အဆင့် ၃၆၊ အီရန်နိုင်ငံ တီဟီရန်က အဆင့် ၄၉နှင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က အဆင့် ၅၀ စသဖြင့် အသီးသီးရှိနေကြသည်။

    အမေရိကန်ပြည်ထောင်စု နယူးယောက်နှင့် လော့စ်အိန်ဂျလိစ်မြို့များမှာ ဒစ်ဂျစ်တယ်လုံခြုံမှုတွင် ထိပ်ဆုံး၌ရှိနေပြီး ဇူးရစ်ခ်ျမြို့ကမူ ကျန်မာရေးစောင့်ရှောက်မှုနှင့် အခြေခံအဆောက်အဦး ဘေးကင်းလုံခြုံမှုတို့တွင် အဆင့် ၁ နေရာရရှိခဲ့သည်။

    Ref:arabnews