News @ M-Media

Tag: singapore

  • ကိုဗစ်ကန့်သတ်မှုကာလကို စင်ကာပူက ဇွန်လ ၁ ရက်နေ့အထိ သက်တမ်းတိုး

    ကိုဗစ်ကန့်သတ်မှုကာလကို စင်ကာပူက ဇွန်လ ၁ ရက်နေ့အထိ သက်တမ်းတိုး

    ဧပြီ ၂၁၊ ၂၀၂၀
    M-Media

    -Covid-19 ပြန့်နှံ့မှု တားဆီးကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ ကန့်သတ်မှု ကာလကို စက်ကာပူက ဇွန်လ ၁ ရက်နေ့အထိ နောက်ထပ် ၄ ပတ် သက်တမ်းတိုးလိုက်ပါတယ်။

    ဝန်ကြီးချုပ် လီရှန်လွန်းက ဒီလို သက်တမ်းတိုးလိုက်ရတာဟာ လူ့အဖွဲ့အစည်းမှာ ကူးစက်ပြန့်နှံ့မှုကို လျှော့ချဖို့၊ နိုင်ငံခြား အလုပ်သမားတန်းလျားကနေ ကူးစက်မှု ပေါက်ထွက်လာမယ်ဆိုရင် စောစောစီးစီးသိကာ တားဆီးနိုင်ဖို့ ဖြစ်တယ်လို့ ရုပ်သံမိန့်ခန်းမှာ ပြောကြားခဲ့ပါတယ်။

    စင်ကာပူဟာ Covid-19 ကူးစက်မှု ဒုတိယလှိုင်းလုံးကို ခံစားနေရပြီး နိုင်ငံခြားသား အလုပ်သမားတန်းလျားမှာ အကြီးအကျယ်ပြန့်နှံ့နေတာဖြစ်ပါတယ်။

    ဧပြီလ ၇ ရက်နေ့က စတင်ထုတ်ပြန်ခဲ့တဲ့ circuit breaker ကန့်သတ်မှုအရ လူစုလူဝေးလုပ်ခွင့်ကို တားမြစ်ထားပြီး အရေးပါတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဆိုင်တွေသာ ဖွင့်လှစ်ခွင့်ရတာပါ။ အခု ၄ ပတ်သက်တမ်းတိုးမှုမှာတော့ ကန့်သတ်မှုတွေ ပိုမိုတင်းကြပ်ဖို့ ရှိနေပါတယ်။

    ဝန်ကြီးချုပ်က ကန့်သတ်မှုကာလ သက်တမ်းတိုးတာကို ပြည်သူတွေက နားလည်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဒီကနေ့ ထပ်မံကူးစက်မှုအရေအတွက်ဟာ ၁၁၁၁ ဦး ရှိခဲ့ပြီး အများစုက နိုင်ငံခြားအလုပ်သမားတန်းလျားကလူတွေ ဖြစ်ပါတယ်။ စုစုပေါင်း ကူးစက်မှုဟာ ၉၁၂၅ ဦးအထိ မြင့်တက်လာတာပါ။ လက်ရှိမှာ အလုပ်သမားတန်းလျား ၁၉ ခုကို သီးခြားပိတ်ထားပြီး စောင့်ကြည့်နေပါတယ်။

    Ref: CNA

  • အာဆီယံတွင် စင်ကာပူက Covid-19 ကူးစက်မှု တတိယအများဆုံးဖြစ်လာ

    အာဆီယံတွင် စင်ကာပူက Covid-19 ကူးစက်မှု တတိယအများဆုံးဖြစ်လာ

    ဧပြီ ၁၈၊ ၂၀၂၀
    M-Media

    -စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း Covid-19 ထပ်မံကူးစက်သူ ၉၄၂ ဦးရှိခဲ့ပြီး စုစုပေါင်း ကူးစက်မှု ၅၉၉၂ ဦးနဲ့ မလေးရှားကိုကျော်ကာ အာဆီယံမှာ တတိယအမြင့်ဆုံး ဖြစ်လာပါတယ်။

    ထပ်မံကူးစက်သူ အားလုံးနီးပါးလောက်ဟာ အလုပ်သမားတန်းလျားမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသား အလုပ်သမားတွေဖြစ်ပြီး စင်ကာပူနိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်ခွင့်ရထားသူ ၁၄ ဦးသာ ပါဝင်ပါတယ်။

    စက်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ကူးစက်မှု အသေးစိတ်အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေပြီး ဒီကနေ့ညပိုင်းမှာ ထပ်မံထုတ်ပြန်သွားမယ်လို့ ဖော်ပြထားပါတယ်။ မနေ့က ထုတ်ပြန်ချက်မှာတော့ တစ်ချို့နေရာတွေမှာ ကူးစက်သူတွေနဲ့ တိုက်ရိုက်ထိတွေ့မှုမရှိဘဲ ကူးစက်တာတွေ ရှိတဲ့အတွက် စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

    ဝန်ကြီးချုပ်လီရှန်လွန်းက အလုပ်သမားတန်းလျားတွေမှာ ကူးစက်သူအရေအတွက် သိသိသာသာ မြင့်တက်လာပေမယ့် လူငယ်များတဲ့အတွက် အများစုက ရောဂါလက္ခဏာ ဆိုးဆိုးရွားရွား မရှိဘူးလို့ ဒီကနေ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ကူးစက်မှုတွေ ရပ်တန့်သွားအောင် ကြိုးစားဆောင်ရွက်နေပြီး အချိန်အနည်းငယ် လိုအပ်တယ်လို့လည်း လီရှန်လွန်းက ထည့်သွင်းရေးသားခဲ့ပါတယ်။

    Ref: CNA

  • Covid-19 ကူးစက်မှုနှုန်း မကျသေးတဲ့ အရှေ့တောင်အာရှ

    Covid-19 ကူးစက်မှုနှုန်း မကျသေးတဲ့ အရှေ့တောင်အာရှ

    ဧပြီ ၁၀၊ ၂၀၂၀
    M-Media

    စင်ကာပူရှိ နိုင်ငံခြားသား အလုပ်သမားတန်းလျားတစ်ခု

    ဖိလစ်ပိုင်တွင် သေဆုံးသူ ၂၂၁ ဦး ရှိလာ

    ဖိလစ်ပိုင်မှာ ဒီကနေ့ ဗိုင်းရပ်စ်ထပ်မံကူးစက်သူ ၁၁၉ ဦး သေဆုံးသူ ၁၈ ဦး ရှိခဲ့ပါတယ်။ ဒါ့ကြောင့် သေဆုံးသူ ၂၂၁ ဦး၊ ကူးစက်သူ ၄၁၉၅ ဦး ရှိလာတာပါ။ ပြန်လည်ကောင်းမွန်သူ အရေအတွက်က ၁၄၀ ရှိနေပါတယ်။ ဖိလစ်ပိုင်ဟာ လူနေထူထပ်ရာ လူဇွန်ကျွန်းမှာ လှုပ်ရှားသွားလာမှုကန့်သတ်မိန့် ထုတ်ပြန်ထားပါတယ်။

    ဂျကာတာတွင် အပြင်းထန်ဆုံး ကန့်သတ်မှု ပြလုပ်

    အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ ဧပြီ ၁၀ ရက်နေ့ (ဒီကနေ့) ကစပြီး အတင်းကြပ်ဆုံး ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို ထုတ်ပြန်လိုက်ပါတယ်။ လူ သန်း ၃၀ လောက်နေထိုင်တဲ့ ဂျကာတာဟာ ဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှု အမြင့်ဆုံးနေရာဖြစ်ပါတယ်။ ပြည်သူတွေကို အိမ်တွေမှာနေထိုင်ဖို့ တိုက်တွန်းထားသလို ဗလီတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကိုလည်း နောက်ထပ် ၂ ပတ်အထိ ပိတ်ခိုင်းထားပါတယ်။ အမိန့်ကို ချိုးဖောက်သူတွေကို ထောင်ဒဏ်တစ်နှစ် ဒါမှမဟုတ် ကြီးလေးတဲ့ဒဏ်ငွေ ချမှတ်မယ်လို့လည်း သတိပေးထားပါတယ်။ မနေ့ကအထိ ဗိုင်းရပ်ကူးစက်သူ ၃၂၃၉ ဦး၊ သေဆုံးသူ ၂၈၀ ဦး ရှိနေပါတယ်။

    အရှေ့တီမောတွင် ဒုတိယမြောက်ကူးစက်သူကို တွေ့ရှိ

    အရှေ့တီမောနိုင်ငံမှာ ဒုတိယမြောက် ကူးစက်နေသူ တွေ့ရတယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ ကြေငြာခဲ့ပါတယ်။ ကူးစက်သူဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်တီမောကို ခရီးသွားခဲ့သူပါ။ လူဦးရေ ၁.၃ သန်းရှိတဲ့ အရှေ့တီမောမှာ မတ်လ ၂၁ ရက်နေ့က ပထမဆုံးကူးစက်သူကို တွေ့ခဲ့ရပြီး အခုအချိန်မှာတော့ ဗိုင်းရပ်စ်ကင်းစင်သွားပြီ ဖြစ်ပါတယ်။

    ထိုင်းနိုင်ငံတွင်လည်း ကူးစက်မှု မြင့်တက်နေ

    ထိုင်းနိုင်ငံမှာ ဒီကနေ့ ထပ်မံကူးစက်သူ ၅၀ ဦး၊ သေဆုံးသူ ၁ ဦး ရှိခဲ့ပါတယ်။ ၂၇ ဦးဟာ အရင်ကူးစက်ထားသူတွေနဲ့ ဆက်စပ်နေပြီး ၃ ဦးက နိုင်ငံခြားကနေ ကူးစက်လာတာဖြစ်ပါတယ်။ အခြား ၈ ဦးရဲ့ ကူးစက်မှုကိုတော့ ဖော်ထုတ်နေဆဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၂၄၇၃ ဦး ရှိပြီး၊ သေဆုံးသူက ၃၃ ဦး ရှိပြီ ဖြစ်ပါတယ်။ ပြန်လည်ကောင်းမွန်သူအရေအတွက်ကတော့ ၁၀၁၃ ဦးရှိပါတယ်။

    စင်ကာပူရှိ နိုင်ငံခြားအလုပ်သမားတန်းလျားတွင် ဗိုင်းရပ်စ်ကူးစက်သူ ရာချီရှိနေ

    စင်ကာပူမှာ မနေ့က ကူးစက်သူဦးရေဟာ ၂၈၇ ဦးရှိခဲ့ပြီး ဒါဟာ တစ်နေ့တာကူးစက်မှု အမြင့်ဆုံးပမာဏလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ကလည်း ကူးစက်သူ ၁၂၄ ဦးရှိခဲ့ပြီး ကူးစက်သူအများစုဟာ နိုင်ငံခြားအလုပ်သမားတွေနေထိုင်ရာ တန်းလျားတွေက ဖြစ်ပါတယ်။ ဒါ့ကြောင့် စုစပေါင်း ကူးစက်မှုဟာ ၁၉၁၀ ဦး ရှိလာပြီး ၃၁၄ ဦးက ပြန်လည် သက်သာသွားပြီဖြစ်ပါတယ်။ သေဆုံးသူကတော့ ၆ ဦး ရှိပါတယ်။ ကူးစက်မှုဖြစ်နေတဲ့ အလုပ်သမားတန်းလျားအပါအဝင် စုစုပေါင်း အလုပ်သမားတန်းလျား ၅ ခုကို စင်ကာပူက လှုပ်ရှားသွားလာမှု ကန့်သတ်ခဲ့ပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။

    Ref : CNA, Aljazeera

    (စင်ကာပူရှိ နိုင်ငံခြားသား အလုပ်သမားတန်းလျားတစ်ခု)

  • စင်ကာပူတွင် COVID-19 ကြောင့် ပထမဆုံး လူသေဆုံးမှုဖြစ်

    စင်ကာပူတွင် COVID-19 ကြောင့် ပထမဆုံး လူသေဆုံးမှုဖြစ်

    မတ် ၂၁၊ ၂၀၂၀
    M-Media

    -COVID-19 ကြောင့် စင်ကာပူနိုင်ငံမှာ ဒီကနေ့ လူ ၂ ဦး သေဆုံးခဲ့ပြီး ဒါဟာ ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။

    သေဆုံးသွားသူ အသက် ၇၅ နှစ်အရွယ် စင်ကာပူနိုင်ငံသား အမျိုးသမီးမှာ နာတာရှည် နှလုံးရောဂါနဲ့ သွေးတိုးရောဂါတို့ရှိပြီး မကြာသေးခင် ဗိုင်းရပ်စ်ပြန့်နှံ့ရာ ဒေသတွေကို သွားရောက်ခဲ့သူဖြစ်ပါတယ်။ အခြားတစ်ဦးက အသက် ၆၄ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသားဖြစ်ပြီး နှလုံးရောဂါအခံရှိသူပါ။ မတ်လ ၁၃ ရက်​နေ့က စင်ကာပူနိုင်ငံကို ရောက်ရှိလာခဲ့ပြီးတဲ့နောက် ဆေးရုံတင်လိုက်ရတာ ဖြစ်ပါတယ်။

    ကျန်းမာရေးဝန်ကြီး ဂန်ကင်ယုံက ဒီသတင်းကြောင့် စင်ကာပူနိုင်ငံသားတွေ စိတ်သောကရောက်ကြမယ်ဆိုတာ သိပေမယ့် ကြောက်ရွံ့မှုကို နေရာပေးစရာ မလိုဘူးလို့ ပြောကြာခဲ့ပါတယ်။

    စင်ကာပူမှာ COVID-19 ကူးစက်သူအရေအတွက်ဟာ စုစုပေါင်း ၃၈၅ ဦးရှိပြီး အဲဒီအထဲက ၁၃၁ ဦးဟာ ဗိုင်းရပ်စ်ပျောက်ကင်းကာ ဆေးရုံကနေ ဆင်းသွားပြီဖြစ်ပါတယ်။

    Ref : CNA

  • ၁၀ နှစ်အတွင်း သစ်ပင်တစ်သန်းစိုက်ရန်နှင့် စိမ်းလန်းဇုန်များဖော်ဆောင်ရန် စင်ကာပူ စီမံကိန်းချ

    ၁၀ နှစ်အတွင်း သစ်ပင်တစ်သန်းစိုက်ရန်နှင့် စိမ်းလန်းဇုန်များဖော်ဆောင်ရန် စင်ကာပူ စီမံကိန်းချ

    မတ် ၆၊ ၂၀၂၀
    M-Media

    -နောက်ထပ် ၁၀ နှစ်အတွင်း သစ်ပင်ပေါင်း ၁ သန်းလောက် စိုက်ပျိုးပြီး၊ စိမ်းလန်းတဲ့နေရာတွေ ပိုမိုဖော်ဆောင်သွားဖို့ စီမံကိန်းချမှတ်ထားတယ်လို့ စင်ကာပူတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    “သစ်ပင်ပန်းမာလ်တွေ၊ တိရစ္ဆာန်လေးတွေနဲ့အတူ ယှဉ်တွဲနေထိုင်ကာ စင်ကာပူနိုင်ငံသားတွေ ပိုမိုကောင်းမွန်တဲ့ ဘ၀နေထိုင်မှု ရရှိမယ့် သဘာ၀နိုင်ငံတစ်ခုအဖြစ် စင်ကာပူကို ကျွန်တော်တို့ အသွင်ပြောင်းချင်ပါတယ်။ တကယ်တော့ ရာသီဥတုပြောင်းလဲမှု၊ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေနဲ့ မြို့ပြတိုးချဲ့နေမှုတွေကြောင့် ဒီကိစ္စမှာ ကျွန်တော်တို့ ပိုမိုဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” လို့ စင်ကာပူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဝန်ကြီး ဒက်စမွန်လီက ပြောကြားခဲ့ပါတယ်။

    Botanic Gardens ပန်းဥယာဉ်နဲ့ စင်ကာပူမြစ်တို့ကို ဆက်သွယ်မယ့် ၆ ကီလိုမီတာအရှည်ရှိတဲ့ စမ်းလမ်းဇုန်တစ်ခု ဖော်ဆောင်သွားမယ်လို့ စင်ကာပူ အမျိုးသားပန်းခြံများ ဘုတ်အဖွဲ့ NParks က ဖေဖော်ဝါရီလမှာ ကြေငြာခဲ့ပါတယ်။ Istana Park ပန်းခြံကိုလည်း ဘေးပတ်ဝန်းကျင်က စိမ်းလမ်းဇုန်တွေ ပေါင်းထည့်ကာ တိုးချဲ့သွားဖို့ စင်ကာပူက စီစဉ်နေပါတယ်။

    စင်ကာပူနိုင်ငံဟာ City in a Garden (ပန်းဥယျာဉ်ထဲကမြို့တော်) ဆိုတဲ့ စီမံကိန်းကနေ City in Nature (သဘာ၀မြို့တော်) ဆိုတဲ့ စီမံကိန်းကို ရည်မှန်းချက် ၄ ရပ်နဲ့ ပြောင်းလဲအကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ အဲဒီ ရည်မှန်းချက် ၄ ရပ်က သဘာ၀ ပန်းခြံတွေ ပိုမိုပေါ်ပေါက်လာရေး၊ ရှိပြီးသား ပန်းခြံတွေနဲ့ ပန်းခြံအသစ်တွေမှာ သဘာ၀ဆန်တဲ့အနေအထား ပိုမိုထည့်သွင်းရေး၊ လူလုပ် ပန်းဝန်းကျင်မှာ သဘာ၀တရားကို ပေါင်းစပ်ထည့်သွင်းရေးနဲ့ စိမ်းလန်းဇုန်တွေ ပိုမိုဖော်ဆောင်ရေး ဖြစ်ပါတယ်။

    ၂၀၃၀ ခုနှစ်ရောက်ရင် သဘာ၀ပန်းခြံဧရိယာ ဟက်တာ ၂၀၀ အထိ ဖြစ်လာရေး ရည်မှန်းထားပါတယ်။

    Ref: CNA