News @ M-Media

Tag: turkey

  • နှစ် ၁၀၀ သက်တမ်းရှိ ကုရ်အာန်မိတ္တူကို တူရကီတွင် ကန်ဒေါ်လာ ၈ သောင်းနီးပါးဖြင့် လေလံတင်နိုင်

    နှစ် ၁၀၀ သက်တမ်းရှိ ကုရ်အာန်မိတ္တူကို တူရကီတွင် ကန်ဒေါ်လာ ၈ သောင်းနီးပါးဖြင့် လေလံတင်နိုင်

    ဧပြီ ၂၁၊ ၂၀၁၆
    M-Media

    quran

    – အော်တိုမန်အင်ပါယာ သက်တမ်းကုန်ဆုံးချိန်ဖြစ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ရေးသားခဲ့တဲ့ ကုရ်အာန်ကျမ်းတော်မြတ် မိတ္တူမှန်တစ်အုပ်ကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ လေလံတင်ရောင်းချခဲ့ရာ ဒေါ်လာ ၈၀၀၀၀ နီးပါးနဲ့ ရရှိခဲ့တယ်လို့ သိရပါတယ်။

    အဲဒီလေလံပွဲကို အစ္စတန်ဘူလ်မြို့တွင်းက ဟိုတယ်တစ်ခုမှာ ကျင်းပခဲ့တာဖြစ်ပြီး အော်တိုမန်အင်ပါယာခေတ်က သရုပ်ဖော်ပုံများ၊ ပန်းချီကားတွေနဲ့ လက်ရေးမူပေါင်းများစွာကို လေလံတင်ခဲ့တာ ဖြစ်ပါတယ်။

    ဒေါ်လာ ၈ သောင်းနီးပါးရခဲ့တဲ့ အဲဒီ ကုရ်အာန်ကျမ်းတော်မြတ်ကို အဲ့ဒီခေတ်မှာ အထင်ရှားဆုံး လက်ရေးလက်သားအလှ ပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ ဟာစန် ဆဘ်ရီက ရေးသားခဲ့တာ ဖြစ်ပါတယ်။ အာရဗီလက်ရေးလှ အမျိုးအစားတစ်မျိုးဖြစ်တဲ့ ‘ဇူလူသ်’စာလုံးနဲ့ ရေးသားခဲ့တာဖြစ်ပြီး ၂၄ ကာရက်ရှိတဲ့ ရွှေနဲ့ အုပ်ထားတာ ဖြစ်ပါတယ်။

    တူရကီနိုင်ငံ တည်ထောင်စဉ်အတွင်းက နာမည်ကြီးလက်ရေးလှပညာရှင်တစ်ဦးဖြစ်တဲ့ အဟ်မဒ် ကာမီလ် အက်ဒစ်က ‘ဇူလူသ်’စာလုံးအမျိုးအစားနဲ့ ရေးသားခဲ့တဲ့ ဆုတောင်းစာကားချပ်တစ်ခုကို ကန်ဒေါ်လာ ၁၄၀၀၀ နီးပါးနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

    ဆူလ်တန် အဘ်ဒူလ် ဟာမစ် ၂ လက်ထက်က ရွှေရည်သားအုပ်ထားတဲ့ ကြွေခွက်တစ်စုံလည်း လေလံတင်တဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်။

    Ref: IINA

  • အာဖရိကပြည်သူ ၃ သန်းအတွက် သန့်ရှင်းသောရေ ရရှိရေး တူရကီကူညီမည်

    အာဖရိကပြည်သူ ၃ သန်းအတွက် သန့်ရှင်းသောရေ ရရှိရေး တူရကီကူညီမည်

    ဧပြီ ၁၅၊ ၂၀၁၆
    M-Media

    turkey 3

    – အာဖရိကနိုင်ငံတွေမှာ ရေပြတ်လပ်မှုဒဏ်ခံစားနေရတဲ့ လူဦးရေ သုံးသန်းအတွက် သန့်ရှင်းပြီး သောက်သုံးလို့ရတဲ့ ရေအရင်းအမြစ်တွေ ရရှိဖို့ ကူညီမှုတွေ တိုးချဲ့လုပ်ဆောင်သွားမယ်လို့ တူရကီနိုင်ငံက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

    “ကျွန်တော်တို့ရဲ့ အတွေ့အကြုံနဲ့ အသိပညာတွေပေါင်းစပ်ပြီး အာဖရိကနိုင်ငံပေါင်း ၉ ခုကျော်ကို အကူအညီပေးဖို့ စီစဉ်နေပါတယ်” လို့ တူရကီရဲ့ သစ်တောနဲ့ သောက်သုံးရေဆိုင်ရာ ၀န်ကြီး ဗေဆဲလ် အီရော့ဂ်လူ က ပြောဆိုခဲ့တာပါ။

    တူရကီက လုပ်ဆောင်ပေးမယ့် စီမံကိန်းတွေထဲမှာ ရေတွင်းတူးပေးတာ၊ ရေရဲ့အရည်အသွေး စောင့်ကြည့်စီမံပေးခြင်း၊ ရေနဲ့ စွန့်ပစ်ရေသန့်စင်ခြင်း နည်းပညာများ၊ စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ခြင်း၊ ဆည်တမံဆောက်လုပ်ပေးခြင်းနဲ့ ရေအရင်းအမြစ်တွေ ထိန်းသိမ်းကာကွယ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ စီမံခန့်ခွဲပေးခြင်းတို့ ပါဝင်မှာဖြစ်ပါတယ်။

    တူရကီ သစ်တောနဲ့ သောက်သုံးရေဆိုင်ရာ ၀န်ကြီးဌာနဟာ လက်ရှိအချိန်မှာ အာဖရိကပြည်သူ ၁.၇ သန်းအတွက် သောက်သုံးရေရရှိအောင် ကူညီပေးထားပြီး ၂၀၁၉ ခုနှစ်မှာ ၃ သန်းအထိ တိုးမြင့်လာမှာ ဖြစ်ပါတယ်။ တူရကီက လတ်တလော ကူညီပေးထားတဲ့ နိုင်ငံတွေထဲမှာ ချဒ်၊ တိုဂို၊ ဘီနင်၊ ဂီနီ၊ ဆီနီဂေါလ်၊ ဂမ်ဘီယာနဲ့ ကင်ညာတို့ပါဝင်ပြီး စောစာပိုင်းက အီသီယိုးပီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဘာကီနာဖာဆို၊ မော်ရီတေးနီးယား၊ နိုင်ဂျာ၊ မာလီနဲ့ ဒီဘောက်တီတို့မှာ သောက်သုံးရေ ရရှိရေး ကူညီပေးထားတာပါ။

    နောက်ပြီး နိုင်ငံတော်ရေလုပ်ငန်းစီမံခန့်ခွဲရေးဌာန၊ တူရကီဝန်ကြီးဌာနပူးပေါင်းဆောင်ရွက်ရေးဌာန (TIKA)၊ အရပ်ဘက်အဖွဲ့အစည်းများမှတဆင့် တူရကီ လူသားချင်းစာနာမှုစီမံကိန်းများကနေ ရေလိုအပ်ချက်ရှိတဲ့ အာဖရိကပြည်သူ အမြောက်အများကို ကူညီပေးလျက် ရှိနေပါတယ်။

    အဲဒီအဖွဲ့အစည်းတွေဟာ အာဖရိကနိုင်ငံတွေမှာ ခက်ခဲကြမ်းတမ်းတဲ့အခြေအနေနဲ့ နေထိုင်အသက်ရှင်နေရတဲ့ လူတွေအတွက် ရေတွင်း ၂၆၀၀ လောက် တူးပေးပြီး လတ်ဆတ်တဲ့ သောက်သုံးရေနဲ့အတူ လူ ၉ သန်းလောက်ကို ကူညီပေးပြီး ဖြစ်ပါတယ်။

    Ref: IINA

  • အကြမ်းဖက်သမားများအတွက် မွတ်စလင်များက တောင်းပန်နေစရာမလိုဟု တူရကီမှ သာသနာရေးရာဌာန အကြီးအကဲ ပြော

    အကြမ်းဖက်သမားများအတွက် မွတ်စလင်များက တောင်းပန်နေစရာမလိုဟု တူရကီမှ သာသနာရေးရာဌာန အကြီးအကဲ ပြော

    ဧပြီ ၄၊ ၂၀၁၆
    M-Media

    turk

    – အစ္စလာမ်ရဲ့ အမည်နာမကို အလွဲသုံးစားလုပ်နေတဲ့ အကြမ်းဖက်သမားတွေအတွက် အမေရိကန်မွတ်စလင်တွေအနေနဲ့ တောင်းပန်နေစရာ မလိုဘူးလို့ တူရကီ သာသနာရေးဝန်ကြီးဌာန အကြီးအကဲ မဟ်မတ် ဂေါ်မက်ဇ်က ပြောကြားလိုက်ပါတယ်။

    အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ စနေနေ့က ဖွင့်လှစ်လိုက်ပြီး အမေရိကန်မှာ အကြီးဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်လာမယ့် Diyanet Center of America ဗလီဝတ်ကျောင်းတော်မှာ ဟောကြားတဲ့ တရားဒေသနာမှာ ဒီလို့ ထည့်သွင်းပြောကြားခဲ့တာပါ။

    “ကျွန်တော်ပြောချင်တဲ့အချက်က ကိုယ့်ရဲ့ ရိုးသားမှု၊ ဂုဏ်သိက္ခာတွေနဲ့အတူ ကိုယ်ရဲ့ ဦးခေါင်းကိုလည်း အမြဲမော့ထားဖို့ ဖြစ်ပါတယ်။ ကိုယ်နဲ့ ဘာသာတူတယ်လို့ဆိုတဲ့ ပင်လယ်ရပ်ခြားက ရာဇ၀တ်ကောင်တွေ ကျူးလွန်တဲ့ ရက်စက်တဲ့လုပ်ရပ်တွေအပေါ် ကာကွယ်၊ တောင်းပန်နေစရာ မလိုပါဘူး” လို့ ဂေါ်မက်ဇ်က သောကြာနေ့ ၀တ်ပြုဖို့အတွက် ဗလီကျောင်းတော်ကို လာရောက်ကြတဲ့ ၀တ်ပြုသူတွေကို ပြောဆိုခဲ့တာပါ။

    ဂေါ်မက်ဇ်က ပဲရစ်နဲ့ ဘရပ်ဆဲလ်မှာ IS တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း ရီပက်ဘလစ်ကန် သမ္မတလောင်းယှဉ်ပြိုင်သူအချို့ရဲ့ မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။

    “လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအားလုံးဟာ အစ္စလာမ်ရဲ့သွန်သင်ချက်နဲ့ ဘယ်လိုမှ တန်းညှိလို့မရဘူးဆိုတာကို ကျွန်တော်တို့အားလုံး သိထားပြီးဖြစ်ပါတယ်။ ဒီရာဇ၀တ်မှုတွေနဲ့ ပတ်သက်လို့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ သွန်သင်ချက် ဒါမှမဟုတ် တမန်တော်မြတ် (ဆွ) ရဲ့ ဓလေ့တော်၊ သြ၀ါဒတော်တွေမှာ တစ်ခုတစ်လေတောင် ရှာတွေ့မှာ မဟုတ်ပါဘူး။”

    နောက်ပြီး ငြိမ်းချမ်းစွာနေထိုင်ဖို့၊ အခြားသူတွေရဲ့ ဆန္ဒ၊ ယုံကြည်သက်ဝင်မှုနဲ့ပတ်သက်ပြီး နားလည်မှုပေးဖို့ သတ်မှတ်ပေးထားတဲ့ အစ္စလာမ်ရဲ့ အလယ်အလတ်လမ်းစဉ်ကနေ မွတ်စလင်တွေက သွေဖည်မသွားဖို့ တိုက်တွန်းခဲ့ပြီး အကြမ်းဖက်သမားတွေ ၀ါဒဖြန့်ဖျက်ဆီးထားတဲ့ အတွေးအခေါ်တွေဟာ မြင့်မြတ်စင်ကြယ်တဲ့ မွတ်စလင်တွေရဲ့ စိတ်၊ နှလုံးသား ဘယ်လိုနေရာမျိုးမှာမှ နေရာယူလို့မရဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အဲဒီဒေသနာမှာ ဂေါ်မက်ဇ်က တူရကီအစိုးရရဲ့ ထောက်ပံ့မှုနဲ့ဆောက်လုပ်တဲ့ Diyanet Center of America ဗလီဝတ်ကျောင်းတော်ဟာ အမေရိကန် လူမှုအသိုင်းအ၀ိုင်းတွေကြားမှာ တံတားတစ်စင်းအဖြစ် အသုံးတော်ခံသွားမှာ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “အခု ကျွန်တော်တို့ ရောက်နေတဲ့နေရာက ဗလီတစ်လုံး၊ အဖွဲ့အစည်းဌာနတစ်ခု ဖြစ်ရုံတင်မကပါဘူး၊ အမေရိကန်မှာရှိတဲ့ မွတ်စလင်ရော မွတ်စလင်မဟုတ်သူတွေရော လူသားအားလုံးအတွက် သက်တောင့်သက်သာရှိပြီး ဖွံ့ဖြိုးတိုးတက်မှုပေးမယ့် အထွဋ်အမြတ်နေရာတစ်ခုလည်း ဖြစ်ပါတယ်”

    Ref: IINA

  • ဘရပ်ဆဲလ်မတိုင်ခင် အခြားနေရာက အကြမ်းဖက် တိုက်ခိုက်မှုတွေကို မီဒီယာတွေမှာ ဘာ့ကြောင့် မမြင်ရတာလဲ

    ဘရပ်ဆဲလ်မတိုင်ခင် အခြားနေရာက အကြမ်းဖက် တိုက်ခိုက်မှုတွေကို မီဒီယာတွေမှာ ဘာ့ကြောင့် မမြင်ရတာလဲ

    မတ် ၂၃၊ ၂၀၁၆
    M-Media

    turkey 1
    တူရကီအကြမ်းဖက်မှုနောက်ဆက်တွဲ မြင်ကွင်းတစ်ခု

    – အနည်းဆုံး လူ ၃၀ သေဆုံးကာ ၂၃၀ ခန့်ဒဏ်ရာရခဲ့သည့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ ဖြစ်ရပ်ဆိုးကြီးကို ကမ္ဘာကြီးက ၀မ်းနည်းပက်လက်ဖြစ်နေမည်ဆိုပါက မကြာသေးမီက တူရကီ၌ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများတွင် သေဆုံးသွားသူများအတွက် ၀မ်းနည်းသည်ဟု ပြောကြားရန်လည်း အရေးကြီးပေသည်။

    တူရကီမှ ထိုတိုက်ခိုက်မှုနှစ်ခုစလုံးက ပြီးခဲ့သည့် ၁၀ ရက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း အဓိကမီဒီယာများက ထိထိရောက်ရောက် ဖော်ပြခြင်းမပြုခဲ့။

    မတ်လ ၁၃ ရက်နေ့ တနင်္ဂနွေနေ့တွင် တူရကီမြို့တော် အန်ကာရာ၌ ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်မှုတွင် လူ ၃၆ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်။ ရက်အနည်းငယ်အကြာတွင်ပင် IS နှင့်ပတ်သက်သူ အသေခံဗုံးခွဲသမားတစ်ဦးက အစ္စတန်ဘူလ်ရှိ ကမ္ဘာလှည့်ခရီးသွားများဖြင့်စည်ကားရာ နေရာတွင် ဗုံးခွဲခဲ့ပြီး ၄ ဦး သေဆုံးခဲ့သည်။

    ဆိုရှယ်မီဒီယာသုံးစွဲသူများက ပြီးခဲ့သည့်နှစ် ပဲရစ်မြို့ရှိ ချာလီဟဘ်ဒို မဂ္ဂဇင်းတိုက်နှင့် ဘာတက်လန် ကုန်တိုက်တို့ တိုက်ခိုက်မှု၊ ယခု ဘရပ်ဆဲလ်မြို့ တိုက်ခိုက်မှု စသည်တို့တွင် ကမ္ဘာကြီး၏ တုံ့ပြန်မှုမျိုး တူရကီတိုက်ခိုက်မှုများတွင် ပြသကြရန် တောင်းဆိုခဲ့သည်။

    အန်ကာရာတိုက်ခိုက်မှုကို မီဒီယာများက ဖော်ပြရာတွင် ပြီးခဲ့သည့် နိုဝင်ဘာလက ဖြစ်ပွားခဲ့သည့် ချာလီဟဘ်ဒိုတိုက်ခိုက်မှုအား ဖော်ပြခဲ့သည့် ပုံစံမျိုးနှင့် လားလားမျှမဆိုင်။ ထိုစဉ်က တိုက်ခိုက်မှုကို အဆက်မပြတ် ဖော်ပြခဲ့သော်လည်း ယခု အန်ကာရာတိုက်ခိုက်မှုကို ၀တ်ကျေတန်းကျေမျှသာ ဖော်ပြကြသည်။ လွတ်လပ်သော မီဒီယာဝေဖန်ရေးသမားများက အဆိုပါ ချာလီဟဘ်ဒိုတိုက်ခိုက်မှုနှင့် တစ်ချိန်တည်းလိုလို ဖြစ်ပွားခဲ့ပြီး ၄၃ ဦးသေဆုံးခဲ့သည့် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဗုံးပေါက်ကွဲမှုအား အဓိကမီဒီယာများက ထိထိရောက်ရောက် မဖော်ပြခြင်းအတွက်လည်း ဝေဖန်ထောက်ပြခဲ့ကြသည်။ ဘေရွတ်တိုက်ခိုက်မှုအတွင်း ၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး မီဒီယာများကတော့ သူပြောငါပြောလောက်သာ ရေးကြသည်။

    တကယ်တော့ ဘေရွတ်ဗုံးခွဲမှုကို မီဒီယာများက လုံးဝ ထိန်ချန်ထားခဲ့သည်တော့မဟုတ်။ အမေရိကန်ရှိ အဓိက သတင်းစာများဖြစ်သော New York Times နှင့် Washington Post၊ ထင်ရှားသည့် သတင်းမဂ္ဂဇင်း The Economist နှင့် အတင်းအဖျင်း သတင်းများကို ဖော်ပြသည့် Daily Mail တို့က ထိုသတင်းကို အနည်းဆုံး ၁ ပုဒ်တော့ ဖော်ပြခဲ့သည်။ သို့သော်လည်း ထိုဖော်ပြမှုများက ချာလီဟဘ်ဒို တိုက်ခိုက်မှုမျိုးကဲ့သို့ ၂၄ နာရီပတ်လုံး၊ သီတင်းပတ်တစ်ပတ်လုံး အဆက်မပြတ်ဖော်ပြမှုမျိုး မဟုတ်သည်ကိုတော့ လူတိုင်းသိကြသည်။

    ပဋိပက္ခများဖြစ်ပွားနေသော ဒေသများထက် အနောက်နိုင်ငံများတွင်ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများကို မီဒီယာများက သိသိသာသာပင် ဘက်လိုက်ဖော်ပြနေကြသည်။ ဥပမအားဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အကြားတွင် ကင်ညာနိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၇၀ သေဆုံးခဲ့ကာ ၁၁၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။ ကမ္ဘာ့အကြမ်းဖက်မှုဆိုင်ရာမှတ်တမ်းဌာန (Global Terrorism Database) ရှိ မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်တွင် လက်ဘနွန်၌ အနည်းဆုံး အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၂၀၀ ဖြစ်ပွားခဲ့ပြီး လူ ၁၁၄ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

    အခြားတစ်ဖက်တွင် ပြင်သစ်နိုင်ငံ၌ အကြမ်းဖက်မှုမှာ ၂၀၁၄ ခုနှစ်တွင် ၁ ခုသာ ဖြစ်ပွားခဲ့လေသည်။ ၂၀၁၅ ခုနှစ် ဇန်န၀ါရီတွင်ဖြစ်ပွားသည့် ချာလီဟဘ်ဒို တိုက်ခိုက်မှုအတွင်း ပဲရစ်ပြည်သူ တစ်ဒါဇင်ခန့် သေဆုံးခဲ့ပြီး ထိုဖြစ်ရပ်က ကမ္ဘာတစ်ဝှမ်းတွင် ပြောမဆုံးနိုင်သည့်ဇာတ်လမ်း ဖြစ်ခဲ့လေသည်။

    အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုဒဏ် ခံရသူများကို ပဲရစ်တိုက်ခိုက်မှုကဲ့သို့ မီဒီယာများက စာနာထောက်ထားစွာ ဖော်ပြမှုမရှိခြင်းမှာ ဆင်ခြေပေးရန်မလိုသည့် ကိစ္စဖြစ်သည်။ ပဲရစ်တိုက်ခိုက်မှုကို New York Times သတင်းစာက ဖော်ပြရာတွင် ဇာတ်နာစေရန်အတွက် တိုက်ခိုက်မှုမဖြစ်ခင် မြို့တွင်းရှိ အားကစားပြိုင်ပွဲများ ပြုလုပ်နေခြင်း၊ ညစာထွက်စားသော ပြည်သူများ၊ ပဲရစ်၏ ညဘက်ဘ၀ကို ပျော်ရွှင်ခံစားနေသူများအကြောင်းကို သာသာထိုးထိုး ဖော်ပြကြသည်။

    အမှန်တော့ ကင်ညာပြည်သူများနှင့် လက်ဘနွန်ပြည်သူများကလည်း ညစာထွက်စားကြသည်။ အားကစားပွဲများကို စောင့်ကြည့်တတ်ကြသည်။ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် ၎င်းတို့သည်လည်း ဆောက်တည်ရာမရ ဖြစ်သွားခဲ့ကြသည်။ သို့သော် Times ကဲ့သို့သော သတင်းစာများကတော့ ကမ္ဘာလှည့်ခရီးသွားများကြား လူကြိုက်များသည့် ဒေသများရှိ ထိခိုက်ခံစားရသူများအတွက် ဖွဲ့နွဲ့ရေးသားကြသလိုမျိုး ဝေးလံခေါင်ဖျားသော ဒေသများမှ ထိခိုက်သူများအတွက် ရေးသားဖော်ပြခြင်း မရှိကြ။

    Slate.com ဆောင်းပါးရှင် ဂျက်စတင်ပီတာက အယ်ဒီတာများ၏ သတင်းအပေါ် အဆင့်သတ်မှတ်မှုကို “ခွေးက လူကိုကိုက်တာ သတင်းမဟုတ်။ လူက ခွေးကိုကိုက်တာ သတင်းလုပ်ကြတယ်” ဟု မှတ်ချက်ပေးခဲ့သည်။ ဥရောပနှင့် မြောက်အမေရိကန်တို့မှ၍ အခြားသောတိုက်ကြီးများတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပါက အနောက်တိုင်းသားတို့ တုတ်တုတ်တောင်မလှုပ်ကြ။ ထို့ကြောင့် ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့ကဲ့သို့ အနောက်နိုင်ငံများတွင် ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများက ကင်ညာနှင့် လက်ဘနွန်တို့ကဲ့သို့ နိုင်ငံများတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများထက် မီဒီယာတွင် ပိုမိုသာသာဖော်ပြမှုများ ဆက်လက်ရှိနေမည်မှာ မေးစရာမလိုသည့် ကိစ္စဖြစ်သည်။

    ထိုတိုက်ခိုက်မှုတစ်ခုချင်းစီကို မည်သို့ပင်ဖောပြနေပါစေ ကမ္ဘာသူကမ္ဘာသားစိတ်ဓာတ် ထားရှိခြင်းနှင့် ပဲရစ်တိုက်ခိုက်မှု၊ ဘရပ်ဆဲလ်တိုက်ခိုက်မှုများတွင် ထိုခိုက်ခံစားသူများကို စာနာသကဲ့သို့ အရှေ့အလယ်ပိုင်းမှ အကြမ်းဖက်မှုများ၏ သားကောင်ဖြစ်နေသူများကိုလည်း တူညီသော စာနာစိတ်ထားခြင်းမှာ မိမိတို့ စာဖတ်သူများ၏ တာဝန်သာ ဖြစ်ပေတော့သည်။

    Ref: Usuncut

  • တူရကီရှိ အစ္စတန်ဘူလ်မြို့တွင် အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွား

    တူရကီရှိ အစ္စတန်ဘူလ်မြို့တွင် အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွား

    မတ် ၁၉၊ ၂၀၁၆
    M-Media

    turkey

    – တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့လယ်ကောင် တက်ဆင်မ်ရင်ပြင်ရှိ အစ်တစ်က်လာလ် လမ်းမအနီးတွင် အသေခံဗုံးဖောက်ခွဲမှုဟု ယုံကြည်ရသည့် ပေါက်ကွဲမှုတစ်ခု ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    တူရကီအစိုးရအဖွဲ့ကမူ ထိုပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့ကာ ၇ ယောက်မှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်ဟု ပြောကြားခဲ့သည်။ ဒဏ်ရာရသူများတွင် အစ္စရေးနိုင်ငံသားများ အပါအ၀င် နိုင်ငံခြားသား ၇ ဦး ပါဝင်ကာ အသေခံဗုံးခွဲသူမှာလည်း တစ်ပါတည်း သေဆုံးခဲ့သည်ဟု ယုံကြည်ရသည်။

    ပေါက်ကွဲသည့်အချိန်တွင် အစ်တစ်က်လာလ် လမ်းမ၌ လူစည်ကားသည့်အချိန်ဖြစ်ပြီး ထိုပေါက်ကွဲမှုအတွက် မည်သူကမှ တာဝန်ယူခြင်း မရှိသေးပေ။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြို့တော်အန်ကာရာတွင် အသေခံဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခဲ့ပြီး ထိုတိုက်ခိုက်မှုကို ကာ့ဒ်အုပ်စုက ၎င်းတို့ပြုလုပ်သည်ဟု ကြေငြာခဲ့သည်။

    တူရကီမှာ အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့ဖြင့် အီရတ်နှင့် ဆီးရီးယားရှိ IS အဖွဲ့ကို တိုက်ခိုက်နေရပြီး၊ နိုင်ငံအရှေ့တောင်ပိုင်းတွင်လည်း ကာ့ဒ်အဖွဲ့ကို တိုက်ခိုက်နေသည်။

    Ref: Aljazeera