News @ M-Media

Tag: turkey

  • နှစ်ကူးပွဲတွင် အသေခံဗုံးခွဲရန်ကြံစည်သူများကို တူရကီ ဖမ်းဆီး

    နှစ်ကူးပွဲတွင် အသေခံဗုံးခွဲရန်ကြံစည်သူများကို တူရကီ ဖမ်းဆီး

    ဒီဇင်ဘာ ၃၁၊ ၂၀၁၅
    M-Media

    turkey

    – မြို့တော်အန်ကာရာတွင် ကျင်းပရန်ရှိနေသည့် နှစ်သစ်ကူးပွဲတော်များ၌ အသေခံဗုံးခွဲရန် ကြံစည်နေသော ISအဖွဲ့ဝင်ဟု ယုံကြည်ရသည့် သံသယရှိသူနှစ်ဦးကို တူရကီရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

    အန်ကာရာမြို့အနီး မားမက်မြို့ရှိ IS အဖွဲ့ဝင်များ ခိုလှုံရာနေရာဟု သံသယရှိသည့် အိမ်တွင် အဆိုပါ လူ ၂ ဦးကို
    ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဗုံးတစ်လုံးနှင့် ပေါက်ကွဲနိုင်သောကိရိယာကို အတွင်းဘက်၌ တပ်ဆင်ထားသည့် အသေခံဗုံးခွဲဝတ်ရုံတစ်ခုနှင့်အတူ ဗုံးလုပ်သည့်ကိရိယာများကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့သည်ဟု အန်ကာရာတရားရုံးက သတင်းထုတ်ပြန်ခဲ့သည်။

    အောက်တိုဘာလတွင် အသေခံဗုံးခွဲသမားနှစ်ဦးမှာ အန်ကာရာမြို့တော် ဘူတာကြီး၏ အပြင်ဘက်တွင် ငြိမ်းချမ်းရေးအတွက် ချီတက်ဆန္ဒပြသူ လူအုပ်စုအတွင်း ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သည်။ အဆိုပါဗုံးခွဲမှုတွင် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး တူရကီနိုင်ငံ၏ အသေအပျောက်အများဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။ တရားရုံးကမူ ထိုအသေခံဗုံးခွဲမှုမှာ ပြည်တွင်းရှိ IS အဖွဲ့တစ်ခု၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ယခုနှစ်အစောပိုင်းတွင်း တူရကီမှာ IS ကို ချေမှုန်းတိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သည့်စစ်ပွဲများ၌ ပိုမို တက်ကြွစွာ ပါဝင်လှုပ်ရှားရန် သဘောတူညီခဲ့သည်။ ဆီးရီးယားရှိ IS အဖွဲ့အပေါ် လေကြောင်းမှ တိုက်ခိုက်ရန်အတွက် အမေရိကန်လေတပ်စခန်းကို တူရကီက ၎င်းတို့၏မြေတွင် ဖွင့်ခွင့်ပြုထားပြီ တူရကီကိုယ်တိုင်လည်း လေကြောင်းမှ တိုက်ခိုက်မှုအချို့ ပြုလုပ်ခဲ့သည်။

    ထို့ပြင် အကြမ်းဖက်သမားများ မ၀င်ရောက်လာရေးအတွက် ဆီးရီယားနယ်စပ်တစ်လျှောက် ကီလိုမီတာ ၉၀၀ ကို
    လုံခြုံရေးတင်းကြပ်စွာ ချထားခဲ့သည်။

    Source: Agencies

  • တူရကီ၏ ထိပ်တန်း သိပ္ပံဆိုင်ရာဆုကို ကာဇခ်စတန်မှ သင်္ချာပညာရှင်တစ်ဦး ရရှိ

    တူရကီ၏ ထိပ်တန်း သိပ္ပံဆိုင်ရာဆုကို ကာဇခ်စတန်မှ သင်္ချာပညာရှင်တစ်ဦး ရရှိ

    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media

    turkey

    – တူရကီနိုင်ငံ သိပ္ပံနှင့် နည်းပညာ သုတေသနကောင်စီ၏ ထိပ်တန်းဂုဏ်ပြုဆုကို ကာဇခ်စတန် နိုင်ငံမှ သင်္ချာပါမောက္ခ ဒေါက်တာ မာရက် အခ်မက်က ရရှိခဲ့သည်ဟု သိရသည်။

    ဆုချီးမြှုင့်ပွဲအခမ်းအနားကို မြို့တော်အန်ကာရာ ဆင်ခြေဖုံးရှိ Aksaray သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ်ပ် အာဒိုဂန်က တက်ရောက်ကာ ဆုချီးမြှင့်ပေးခဲ့သည်။ ပါမောက္ခအခ်မက်ကလည်း ယခုကဲ့သို့ ဂုဏ်ပြုခြင်းခံရခြင်းအတွက် ကောင်စီကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေက ကာဇခ်စတန်တွင်သာ မကဘဲ နိုင်ငံရပ်ခြားမှာပါ အခုလို အောင်မြင်တဲ့အတွက် ကြည်နူးဝမ်းသာမိပါတယ်။ အခ်မက်ရဲ့ စံနမူနာကိုကြည့်ပြီး ကျွန်ုပ်တို့ ကာဇခ်စတန်နိုင်ငံသားတွေဟာ သိပ္ပံပညာရပ်မှာ ထူးချွန်ပေါက်မြောက်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ကာဇခ်စတန် သံအမတ် ဇန်စီတ် တူမီဘာအယက်ဗ်က ပြောကြားခဲ့သည်။

    သိပ္ပံနည်းကျ ဆန်းသစ်မှုများနှင့် differential equations ၏ ယေဘုယျဆိုင်ရာ သီအိုရီ ပေါ်ထွက်လာစေရန်အတွက် နိုင်ငံတကာအဆင့်တွင် ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့ခြင်းတို့ကြောင့် ပါမောက္ခ အခ်မက်အား အဆိုပါသိပ္ပံဂုဏ်ပြုဆုကို ချီးမြှင့်ခြင်းဖြစ်သည်ဟု သိရသည်။

    သင်္ချာဘာသာရပ်တွင် ၎င်း၏ သုတေသနပြုချက်များကို တူရကီနိုင်ငံတွင်သာမက ဥရောပနိုင်ငံများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်မည် ဖြစ်သည်။ ထပ်မံ၍ ၎င်း၏ သုတေသနပြုချက်များကို တူရကီ၊ ဥရောပ၊ အမေရိကန်နိုင်ငံတို့တွင် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။

    Ref: IINA News

  • IS ကို ကာကွယ်ပေးတာ သက်သေပြနိုင်လျှင် ရာထူးမှနှုတ်ထွက်မည်ဟု တူရကီသမ္မတ ရုရှားကို စိန်ခေါ်

    IS ကို ကာကွယ်ပေးတာ သက်သေပြနိုင်လျှင် ရာထူးမှနှုတ်ထွက်မည်ဟု တူရကီသမ္မတ ရုရှားကို စိန်ခေါ်

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    plane

    – IS နှင့် ရေနံကုန်သွယ်မှုကို ကာကွယ်ရန်အတွက် ရုရှားတိုက်လေယာဉ်ကို ပစ်ချခဲ့သည်ဟူသော ပူတင်၏ စွပ်စွဲမှုကို သက်သေပြနိုင်ပါက မိမိမှာ ရာထူးမှ နှုတ်ထွက်သွားမည်ဟု တူရကီသမ္မတ ရီဆက်ပ်တိုင်ယစ်အာဒိုဂန်က ပြောကြားလိုက်သည်။

    “အဲဒီလိုပြောကြားမှု သက်သေပြနိုင်တာနဲ့ ကျွန်တော်တို့ရဲ့ တိုင်းပြည်ဟာ ကျွန်တော့်ရဲ့ နှုတ်ထွက်မှုကို လိုအပ်မှာပါ” ဟု
    ပဲရစ်တွင်ပြုလုပ်နေသည့် ရာသီဥတုပြောင်းလဲရေး ထိပ်သီးအစည်းအဝေးတွင် ယမန်နေ့တွင် အာဒိုဂန်က ပြောကြားခဲ့ခြင်းဖြစ်ပြီး သက်သေမပြနိုင်ပါက ပူတင်မှာ ရာထူးမှ နှုတ်ထွက်သင့်သည်ဟု ဆိုသည်။

    “မစ္စတာပူတင်ကို ကျွန်တော်မေးပါမယ်။ ခင်ဗျား သမ္မအဖြစ် ဆက်ရှိနေမှာလား?”

    နိုဝင်ဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါလေယာဉ်ပစ်ချမှုတွင် တူရကီက ရုရှားတိုက်လေယာဉ်မှာ မိမိတို့လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်လာသည်ဟု ပြောကြားခဲ့သည်။ ထိုအဖြစ်အပျက်ပြီးနောက် ရုရှားနှင့် တူရကီတို့အကြား စကားလုံးတိုက်ပွဲများ ဖြစ်လာခဲ့သည်။

    Ref: CNN

  • တူရကီကို ရုရှားက စီးပွားရေးပိတ်ဆို့မှု ပြုလုပ်

    တူရကီကို ရုရှားက စီးပွားရေးပိတ်ဆို့မှု ပြုလုပ်

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    putin

    – တိုက်လေယာဉ်ပစ်ချသည့် ကိစ္စ နောက်ဆက်တွဲအဖြစ် တူရကီအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ရန် ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က အမိန့်ပေးခဲ့သည်ဟု သိရသည်။

    အဆိုပါအမိန့်ကို ရုရှားအစိုးရ ၀ဘ်ဆိုက်က ယမန်နေ့တွင် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး တိုက်လေယာဉ်အဖြစ်အပျက်နှင့် ပတ်သက်၍ မိမိက ၀မ်းနည်းမိသည်ဟု တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ်ပ် အာဒိုဂန်က ပြောကြားခဲ့ပြီး နောက်ပိုင်း နာရီအနည်းငယ်အကြာတွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

    ပူတင်၏ ထိုစီးပွားရေးပိတ်ဆို့မှု အမိန့်တွင် တူရကီထုတ်ကုန်ပစ္စည်းအချို့ကို ပိတ်ပင်ခြင်း၊ ဇန်န၀ါရီ ၁ ရက်နေ့မှစ၍ ရုရှားတွင် အလုပ်လုပ်နေသည့် တူရကီနိုင်ငံသားများ သက်တမ်းတိုးပေးမှုကို ရပ်ဆိုင်းခြင်းတို့ ပါဝင်သည်။

    ထို့ပြင် ရုရှားမှ တူရကီသို့ လေကြောင်းခရီးစဉ်အချို့ကို ရတပ်တန့်ရန်၊ ခရီးသွားကုမ္ပဏီများအနေဖြင့် တူရကီပါဝင်သည့် အလည်အပတ်ခရီးစဉ်များ ရောင်းချမှုကို ရပ်တန့်ရန်အတွက်လည်း ဖော်ပြခဲ့သည်။

    “လုံခြံရေးအကြောင်းများ” ကြောင့် တူရကီမှ လေယာဉ်မျာကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ရန် ပူတင်က ထည့်သွင်းအမိန့်ပေးခဲ့ပြီး ရုရှားနှင့်တူရကီ ဗီဇာမလိုဘဲ ခရီးသွားလာခွင့်ကိုလည်း အဆုံးသတ်ခဲ့သည်။

    ကရင်မလင်၏ ကြေငြာချက်တွင် ထိုအမိန့်မှာ ရုရှားနိုင်ငံသားများအား ရာဇ၀တ်မှုမှ ကာကွယ်ရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

    ပြီးခဲ့သည့်ရက်ပိုင်းက ရုရှားမှာ နိုင်ငံအတွင်းရှိ တူရကီလုပ်ငန်းများကို ၀င်ရောက်စီးနင်းကာ တူရကီလုပ်ငန်းရှင်များအား ဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီး နယ်စပ်တွင် တူရကီပို့ကုန်များကို ပြန်လှည့်ခိုင်းခြင်း၊ တူရကီနိုင်ငံသားများအား လေဆိပ်တွင် ပြည်ဝင်ခွင့်မပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

    တူရကီနိုင်ငံကလည်း ၎င်းတို့နိုင်ငံသားများအနေဖြင့် တူရကီကို အကြောင်းကိစ္စမရှိဘဲ သွားရောက်ခြင်းမပြုရန် သတိပေးချက် ထုတ်ပြန်ထားသည်။

    Ref: Aljazeera

  • ရုရှားက နိုင်ငံအတွင်းရှိ တူရကီလုပ်ငန်းများကို ၀င်ရောက်စီးနင်းကာ၊ တူရကီပို့ကုန်များကိုလည်း ရုရှားက ပြန်လှည့်ခိုင်းမှုများ ရှိနေ

    ရုရှားက နိုင်ငံအတွင်းရှိ တူရကီလုပ်ငန်းများကို ၀င်ရောက်စီးနင်းကာ၊ တူရကီပို့ကုန်များကိုလည်း ရုရှားက ပြန်လှည့်ခိုင်းမှုများ ရှိနေ

    နိုဝင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    russia

    – ရုရှားနိုင်ငံတစ်ဝှမ်းရှိ တူရကီ ကုမ္ပဏီများကို ရုရှားရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ပြီး၊ လုပ်ငန်းများကို ဆိုင်းငံ့ခိုင်းထားလိုက်သည်ဟု တူရကီ စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

    ထို့ပြင် ရုရှားမှာ တူရကီမှာ ပို့ကုန်များ တင်ဆောင်လာသည့် ထရပ်ကားများနှင့် တူရကီ ကမ္ဘာလှည့်ခရီးသည်များကို ပြန်လှည့်ခိုင်းခဲ့သည်ဟုလည်း သိရသည်။ အချို့သောမီဒီယာများကမူ တူရကီစီးပွားရေးသမား ၂၀ ကျော်ကို ရုရှားက ဖမ်ဆီးထားလိုက်သည်ဟု ဖော်ပြခဲ့သည်။

    ပြီးခဲ့သည့် အင်္ဂါနေ့က ဆီးရီးယားနယ်စပ်တွင် ရုရှား၏ Su-24 တိုက်လေယာဉ်အား လေပိုင်နက်ချိုးဖောက်သည့် အတွက် တူရကီက ပစ်ချခဲ့ပြီးနောက်ပိုင်း ရုရှားနှင့် တူရကီတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    “ရုရှားက တူရကီကုမ္ပဏီတွေ အထူးသဖြင့် ဆောက်လုပ်ရေးကုမ္ပဏီတွေဟာ စီနင်းခံရပါတယ်။ အဲဒီကုမ္ပဏီတွေမှာ တရားမ၀င်အလုပ်သမား၊ ဒါမှမဟုတ် ဗီဇာရက်လွန်နေတဲ့ ၀န်ထမ်းတစ်ယောက်ယောက် ရှိနေမလား စစ်ဆေးတယ်။ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီလားဆိုတာ စစ်စေးတယ်။ ဆောက်လုပ်ရေးကုမ္ပဏီတွေဟာ အဲဒီအချက်တွေမှာ ချိုးဖောက်မှုတွေရှိနေယ်။ ဒါကိုလည်း ရုရှားအာဏာပိုင်တွေက သိပါတယ်။ ကုမ္ပဏီအချို့က လုပ်ငန်းတွေကို အဲဒီအချက်တွေကြောင့် ရပ်ဆိုင်းထားလိုက်တာပါ” ဟု ရုရှားတွင် ဆောင်ရွက်နေသည့် တူရကီကုန်ထုတ်လုပ်ငန်း ကုမ္ပဏီမှ အမှုဆောင်တစ်ဦးက ပြောကြားခဲ့သည်။

    ရုရှားသို့ဝင်ရောက်လာသည့် တူရကီမှ ပို့ကုန်များကိုလည်း ရုရှားက ပြန်လှည့်ခိုင်းမှုများ ရှိနေပြီး တူရကီမှ ပို့ကုန်တင်ဆောင်လာသည့် မည်သည့်ကားမဆို နယ်စပ်တွင် စစ်ဆေးမှုများကို တင်းတင်းကြပ်ကြပ် ပြုလုပ်လျက် ရှိနေသည်။

    ထို့ပြင် တူရကီ ခရီးသွားများကိုလည်း ရုရှားက အကြောင်းတစ်ခုခုရှာ၍ ၀င်ခွင့်ပိတ်ပင်ခဲ့ကြောင်း လက်တွေ့ကြုံခဲ့ရသူများက ပြောကြားခဲ့သည်။ တူရကီနှင့် ရုရှားတို့မှာ ၂၀၁၁ ခုနှစ်ကတည်းက နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ဗီဇာမလိုဘဲ သွားလာခွင့် ပြုနိုင်ခဲ့သည်။

    Ref: Aljazeera