News @ M-Media
Tag: UK
  • အင်္ဂလန်မှ ခရစ်ယာန်ဘာသာရေး စည်းဝေးပွဲတွင် မွတ်စလင် ဓမ္မပညာရှင် တစ်ဦး ပထမဆုံး မိန့်ခွန်းပြော
    အင်္ဂလန်မှ ခရစ်ယာန်ဘာသာရေး စည်းဝေးပွဲတွင် မွတ်စလင် ဓမ္မပညာရှင် တစ်ဦး ပထမဆုံး မိန့်ခွန်းပြော
    နိုဝင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    18-11-14_Muslim-Addresses-Church-of-England-Synod
    – အီရတ်နှင့် ဆီးရီးယားတွင် ထိခိုက်ခံစားနေရသော လူနည်းစု ခရစ်ယာန်များ အတွက် မိမိတို့က စာနာသနားမိပြီး၊ အစွန်းရောက်များမှာ မိုက်ရူးရဲများဖြစ်သည်ဟု အင်္ဂလန်အသင်းတော် (Church of England) က ပြုလုပ်ခဲ့သည့် ခရစ်ယာန် ဘာသာရေးဆိုင်ရာ စည်းဝေးပွဲ General Synod တွင် အစ္စလာမ် ဓမ္မပညာရှင် ဖူအက်နဟ်ဒီက ပြောကြားလိုက်သည်။
    အောက်တိုဘာ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုပါအစည်းဝေး၌ မိန့်ခွန်းပြောစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး မိန့်ခွန်းမပြောမီ နဟ်ဒီမှာ ကုရ်ကျမ်းတော်မြတ်၏ ပါဒတော်များကို ရွတ်ဖတ် သရဇ္ဈာယ်ခဲ့ကာ တက်ရောက်လာကြသူများကို “အတ်စလားမုအလိုက်ကွမ်း” (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ဟု နှုတ်ခွန်းဆက်သခဲ့သည်။
    “အီရတ်နဲ့ ဆီးရီးယားက ခရစ်ယာန်တွေကို ညှင်းပန်းနှိပ်စက်တာမျိုးဟာ စက်ဆုပ်စရာဖြစ်ပြီး လူသားစစ်စစ်တွေ အတွက် လက်မခံနိုင်စရာပါပဲ။ ဒါပေမယ့် ဒီအစွန်းရောက်တွေကို အပြင်းထန်ဆုံး တိုက်ခိုက်နေတာဟာလည်း မွတ်စလင်တွေပဲဆိုတာ မမေ့သင့်ပါဘူး” ဟု ဘာသာပေါင်းစုံ ချစ်ကြည်ရေး လုပ်ငန်းများကို ဆောင်ရွက်နေ သည့် မွတ်စလင် တတ်သိပညာရှင်များ ပါဝင်သော Radical Middle Way အဖွဲ့၏ အကြီးအကဲ ဖူအဒ် နဟ်ဒီက ဆိုသည်။
    အင်္ဂလန်အသင်းတော်၏ General Synod တွင် အစ္စလာမ်ဓမ္မပညာရှင် တစ်ဦးမှ တက်ရောက် မိန့်ခွန်းပြောကြားခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်ပြီး အီရတ်နှင့် ဆီးရီးယားတို့မှ ခရစ်ယာန် လူနည်းစုများနှင့် ပတ်သက်၍လည်း နဟ်ဒီမှာ ဂိုဏ်းချုပ်ဘုန်းတော်ကြီးနှင့် ဆွေးနွေးခဲ့ကြသည်။
    နဟ်ဒီမှာ အီရတ်နှင့် ဆီးရီးယားမှ အစွန်းရောက်များအား မိုက်ရူးရဲများဟု ကင်ပွန်းတပ်ခဲ့ပြီး ခရစ်ယာန်အများ အပေါ် ခွဲခြားဆက်ဆံမှုများကိုလည်း ကန့်ကွက်ရှုတ်ချခဲ့သည်။ ထို့ပြင် ထိုအယူအဆများကို လက်မခံသည့် မွတ်စလင်အများအပြားမှာလည်း အစွန်းရောက်များ၏ လုပ်ရပ်များကို ခံစားနေရသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်းမှာ လူထောင်ပေါင်းများစွာဟာ သေကြေပျက်ဆီးခဲ့ရပါတယ်။ တကယ်လို့များ ကျွန်တော်တို့ဟာ မသိချင်ယောင်ထပ်ဆောင်နေမယ် ဆိုရင်တော့ လူတွေ ထပ်သေကြဦးမှာပါ” ဟု ၎င်းက ဆိုသည်။
    ထို့ပြင် မိုင်ပေါင်းများစွာဝေးကွာသော ဒေသများတွင်ဖြစ်ပွားသည့် အစွန်းရောက်များ၏ လုပ်ရပ်များနှင့် ပတ်သက်မှုမရှိသော ဗြိတိန်မွတ်စလင်များမှာလည်း ဝေဖန်မှုများကို တိုးမြှင့် ခံစားနေရသည်ဟု ၎င်းက ထောက်ပြခဲ့သည်။
    “ကျွန်တော်တို့အပေါ် ရောက်ရှိနေတဲ့ဖိအားကတော့ နှိုင်းယှဉ်တန်းညှိလို့မရတဲ့ ကိစ္စတွေကို နှိုင်းယှဉ်တန်းညှိဖို့ ကြိုးစားနေကြတာပါပဲ” ဟု ၎င်းက ဆိုသည်။
    နောက်ဆုံးအနေဖြင့် နဟ်ဒီက မိမိ၏ မိန့်ခွန်းက မိမိတို့အယူဝါဒနှစ်ခုအကြားရှိ ဆက်ဆံရေးကို ခိုင်မာလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
    “အခုလို ခရစ်ယာန် ဘာသာရေးဆိုင်ရာ စည်းဝေးပွဲမှာ ပထမဆုံးအကြိမ် ကျွန်တော် မိန့်ခွန်းပြောရခြင်းက ဒီအယူဝါဒနှစ်ခုမှ နောက်လိုက်တွေဟာ မဟာမိတ်တွေ ဖြစ်နိုင်တယ်ဆိုတာကို ပြသနေတာပါပဲ”
    အင်္ဂလန်အသင်းတော် (Church of England) မှာ ကမ္ဘာလုံးဆိုင်ရာ အင်္ဂလိကန်အသင်းတော်၏ မိခင်အသင်းတော်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၁၆၅ နိုင်ငံတွင် အသင်းဝင်ဦးရေ သန်း ၈၀ ခန့် ရှိသည်။
    လူနည်းစုခရစ်ယာန်များအပေါ် ISIL ၏ ကျူးလွန်မှုနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ၊ မွတ်စလင်အသင်းအဖွဲ့များက ကန့်ကွက်ရှုတ်ချခဲ့ကြပြီး အီရတ်နှင့် ဆီးရီးယားရှိ မွတ်စလင်လူထုကလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ခရစ်ယာန်များအား ကယ်ဆယ်ထောက်ပံ့မှုများ ပြုလုပ်ထားသည်။
    စက်တင်ဘာအစောပိုင်းက စွန်နီကမ္ဘာတွင် အကြီးဆုံးကျောင်းတော်ဖြစ်သည့် Al-Azhar မှ ရှေ့ဆောင်ဆရာတော် ရှိခ် အဟ်မဒ် အလ်-တိုင်ယဘ်က ISIL အား ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး၊ မက္ကာမြို့ရှိ ကအ်ဗာကျောင်းတော်၏ ရှေ့ဆောင်ဆရာတော် ရှိခ် အဘ်ဒူလ် အဇစ် အလ်-ရှိခ်ကလည်း ISIL မှာ အစ္စလာမ်၏ နံပါတ် ၁ ရန်သူဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ref_ OnIslam & News Agencies
  • ချစ်သူကို မခွဲနိုင်လို့ သေခြင်းတရားကို ရွေးချယ်သွားသူတဲ့ အင်္ဂလန်သူလေး
    ချစ်သူကို မခွဲနိုင်လို့ သေခြင်းတရားကို ရွေးချယ်သွားသူတဲ့ အင်္ဂလန်သူလေး
    နိုဝင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    PAY-Becky-Tait-and-Phil-James
    – လောကရဲ့ အကြီးမားဆုံးစွမ်းအားတွေထဲမှာ အချစ်ဆိုတာလည်း ပါဝင်တယ်လို့ပြောရင် ငြင်းမယ့်သူ သိပ်ရှိမှာ မဟုတ်ပါဘူး။
    ရာဇ၀င်ထဲမှာ၊ သမိုင်းထဲမှာ အချစ်ကြောင့် အသက်ပေးခဲ့သူတွေရဲ့ ဇာတ်လမ်းတွေကိုလည်း မှတ်သားဖူးကြပါလိမ့်မယ်။ အထင်ရှားဆုံးပြောရရင်တော့ အနောက်တိုင်းမှာ ရိုမီယို+ဂျူးလီယက် ဇာတ်လမ်းဖြစ်ပြီး ကျွန်တော်တို့ မြန်မာပြည်မှာတော့ ရှင်မွှေးလွန်း+မင်းနန္ဒာ ဇာတ်လမ်းပါပဲ။
    သူတို့တွေဟာ အချစ်အတွက် အသက်ပေးခဲ့ကြသလို ချစ်ရသူနဲ့ သေခွဲမခွဲနိုင်တာမို့ ကိုယ်လည်း သေခြင်းတရားကို ခုံခုံမင်မင် ရွေးချယ်သွားကြတဲ့သူတွေပါ။
    ဒီလိုမျိုး အဖြစ်အပျက်တစ်ခု အင်္ဂလန်နိုင်ငံမှာ မကြာသေးခင်က ဖြစ်သွားခဲ့ပါတယ်။
    အသက် ၁၉ နှစ်အရွယ် ဖီးလ်ဂျိမ်းစ်နဲ့ အသက် ၂၀ အရွယ် ဘက်ကီ တေ့တ်တို့ဟာ တစ်ဦးကို တစ်ဦး နှစ်နှစ်ကာကာ ချစ်ကြသူတွေပါ။
    နှစ်ယောက်စလုံးဟာ အင်္ဂလန်အလယ်ပိုင်း သာယာလှပတဲ့ စတတ်ဖို့ဒ်ရှိုင်းယားဒေသက စတုန်းဆိုတဲ့ မြို့လေးမှာ နေထိုင်ကြပါတယ်။ လွန်ခဲ့တဲ့လအနည်းက တွေ့ခဲ့တာဖြစ်ပေမယ့် တစ်ဦးပေါ်တစ်ဦး သံယောဇဉ်အလွန်ရှိကြပြီး ပေါ်တူဂီကိုတောင် အလည် သွားလိုက်ကြပါသေးတယ်။
    ဒါပေမယ့် ဂျီမ်းတစ်ယောက် စက်တင်ဘာ ၇ ရက်နေ့မှာ ဘာရယ်ကြောင့်မှန်းမသိ ရထားအတိုက်ခံပြီး ကိုယ်ကိုယ့်ကို အဆုံးစီရင်ခဲ့ပါတယ်။
    အသည်းနင့်အောင်ချစ်ရသူကို မထင်မှတ်ဘဲ ဆုံးရှုံးလိုက်ရတဲ့အတွက် ဘက်ကီဟာလည် စိတ်ဓာတ်တွေကျပြီး ဖြေမဆည်နိုင် ဖြစ်ခဲ့ရပါတယ်။ ဒီဝေဒနာကြောင့်ပဲ အောက်တိုဘာ ၉ ရက်နေ့မှာ ဘက်ကီတစ်ယောက် ချစ်သူ အဆုံးစီရင်ခဲ့တဲ့ စတုန်းဘူတာရုံမှာဘဲ သူရဲ့အသက်ကို ရထားအတိုက်ခံပြီး စတေးခဲ့ပါတယ်။
    “သူက တော်တော်လေး ဖြေမဆည်နိုင်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ဝေဒနာကို သေခြင်းတရားနဲ့ ကုစားမယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ လူတွေက သူ့ကိုနှစ်သိမ့်ပေမယ့်လည်း သူဟာ ရှောင်သွားတတ်ပြီး တစ်ယောက်တည်း အထီးကျန်နေတတ်ပါတယ်” လို့ သူငယ်ချင်းတစ်ဦးဖြစ်သူ အဒမ်က ဖွင့်ဟခဲ့ပါတယ်။
    နောက်ပြီး ဒီလို သူငယ်ချင်းကောင်း နှစ်ယောက်စလုံး သေဆုံးခဲ့တာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပြီး သေခြင်းတရားဟာ တစ်ခုတည်းသော ရွေးချယ်မှုလို့ သူတို့နှစ်ယောက် ထင်ခဲ့ကြတာဟာလည်း ၀မ်းနည်းစရာကောင်းတယ်လို့ အဒမ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
    အချစ်အတွက် အသက်ပေးခဲ့တဲ့ ဘက်ကီရဲ့ ဈာပနကို တက်ရောက်သူ ရာချီရှိပြီး ဘက်ကီရဲ့ မိသားစုကတော့ သမီးဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့သူတွေ၊ ဆုမွန်ကောင်းတောင်းပေးကြသူတွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဘက်ကီ့ကို လူအများကြီးက လွမ်းဆွတ်သတိရနေမှာပါ”
    ဘက်ကီအတွက် မိသားစုရဲ့ နောက်ဆုံးစကား ဖြစ်ပါတယ်။
    ref_Mirror
  • ဗြိတိန်တွင် မွတ်စလင် ဆန့်ကျင်ရေး လုပ်ခဲ့သူ ဗလီဝတ်ကျောင်းတော်သို့ လာရောက်တောင်းပန်
    ဗြိတိန်တွင် မွတ်စလင် ဆန့်ကျင်ရေး လုပ်ခဲ့သူ ဗလီဝတ်ကျောင်းတော်သို့ လာရောက်တောင်းပန်
    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    11-11-14_UK-Far-Right-Defector-Apologizes-to-Muslims
    – မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်နေသည့် ဗြိတိန် လက်ယာစွန်းရောက် ပါတီမှ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ မက်သယူး လက်စတာက ၎င်း၏ မွတ်စလင်ဆန့်ကျင်ရေး လုပ်ရပ်များ အတွက် ဗလီဝတ်ကျောင်းတော်သို့ လာရောက်ကာ တောင်းပန်ခဲ့သည်ဟု သိရသည်။
    “(မွတ်စလင်ဆန့်ကျင်ရေးကို) ပြည်သူ အတွက် လုပ်တယ်လို့ ကျွန်တော်ထင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ နာမည်ကြီးချင်လို့ လုပ်တာပါပဲ။ တစ်ခုခုကို ဆောင်ရွက်ပေးတာမျိုး၊ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတာမျိုးထက် နာမည်ကြီးအောင် စတန့်ထွင်ခြင်းပါပဲ” ဟု Britain First ပါတီ အဖွဲ့ဝင်ဟောင်း လက်စတာက Huffington Post သို့ ပြောကြားခဲ့သည်။
    လက်စတာမှာ BNP ပါတီမှ အဖွဲ့ဝင်ဟောင်းများဖြစ်သည့် ပေါလ်ဂိုလ်ဒင်းနှင့် ခရစ်ယာန် ဧ၀ံဂေလိအသင်းတော်မှ သဘောထားတင်းမာသည့် ကလေးဖျက်ချမှု ဆန့်ကျင်ရေး လှုပ်ရှားသူ ဂျင်မ်ဒေါ်ဆန်တို့ ဦးဆောင်သည့် Britain First ပါတီသို့ ပြီးခဲ့သည့် ၆ လခန့်က ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။
    Britain First ပါတီမှာ ပြီးခဲ့သည့် လများအတွင်း လန်ဒန်၊ ဘရက်ဖို့ဒ်နှင့် ဂလက်စကိုရှိ ဗလီဝတ်ကျောင်းတော်များသို့ ကျူးကျော်ဝင်ရောက်ကာ ခရစ်ယာန်ဘာသာနှင့် သက်ဆိုင်သည့် လက်ကမ်းစာစောင်များကြဲချခြင်း၊ သမ္မာကျမ်းစာများ ဝေငှခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းမှာ အစ္စလာမ်ဘာသာဝင်များအပေါ် ခရစ်ယာန်ဘာသာဝင်များက ခရူးဆိတ်စစ်ပွဲ ဆင်နွှဲခြင်းဖြစ်သည်ဟု ထိုပါတီမှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။
    ပါတီဝင်ဟောင်း လက်စတာကမူ ထိုပါတီ၏ အမုန်းတရားဖြန့်ဖြူးသည့် လုပ်ရပ်များကို ရှုတ်ချခဲ့ပြီး ခရေးဖို့ဒ် ဗလီဝတ်ကျောင်းတော်သို့ လာရောက်ကာ တောင်းပန်ခဲ့သည်။
    “ကျွန်တော် ဗလီထဲကိုဝင်တဲ့အခါ ဖိနပ်ချွတ်၊ ဦးထုပ်ချွတ်ခဲ့ပါတယ်။ သူတို့က အလ္လာဟ်အရှင်မြတ်ဟာ အသင့်ရဲ့နှလုံးသားထဲမှာဘာရှိလဲဆိုတာ သိတယ်လို့ ပြောပါတယ်။ အဲဒီနောက် ကျွန်တော့်ရဲု့လုပ်ရပ်အတွက် တောင်းပန်ခဲ့ပါတယ်” ဟု လက်စတာက ပြောကြားခဲ့သည်။
    လက်စတာ၏ ထိုပြုအမူနှင့်ပတ်သက်၍ ဗြိတိန်ပြည်သူများက ကြိုဆိုခဲ့ကြပြီး ဆိုရှယ်မီဒီယာများတွင်လည်း ချီးကျူးခဲ့ကြသည်။ လက်စတာမှာ ဆစ်ခ် ဟိန္ဒူနှင့် ဂျူးများအပါအ၀င် မတူညီသော ဘာသာတရားများ စုစည်းညီညွတ်မှုကိုလည်း မြင်ချင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “ဆစ်ခ်၊ ဟိန္ဒူနဲ့ ဂျူးဘာသာဝင်တွေအနေနဲ့ အခုအချိန်မှာ အတူတကွ ပေါင်းစည်းမှုကို ပြသဖို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ လူသားတွေဖြစ်ပြီး မတူညီတဲ့ ယုံကြည်မှုတွေရှိပါတယ်။ ဒါဟာ ကောင်းပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    တရားဝင် တွက်ချက်ထားမှုများ မရှိသော်လည်း ဗြိတိန်တွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများမှာ ၂ သန်းခန့်ရှိသည်ဟု ခန့်မှန်းထားသည်။
    ref_ OnIslam & Newspapers
  • ဆယ်စုနှစ်များ အတွင်း ပထမဆုံး အဖြစ် အီရန်သမ္မတနှင့် ဗြိတိန် ၀န်ကြီးချုပ်တို့ တွေ့ဆုံ
    ဆယ်စုနှစ်များ အတွင်း ပထမဆုံး အဖြစ် အီရန်သမ္မတနှင့် ဗြိတိန် ၀န်ကြီးချုပ်တို့ တွေ့ဆုံ
    စက်တင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    201492423225056734_20
    – အီရန်၏ နျူကလီးယား အစီအစဉ်အပေါ် ရေရှည်ခံမည့် သဘောတူညီချက်တစ်ခု ရရှိရန်အတွက် အီရန်သမ္မတ ရူဟာနီနှင့် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကမရွန်းတို့ ကတိပြုခဲ့ကြသည်ဟု ဗြိတိန်အာဏာပိုင်များက ပြောကြားလိုက်သည်။
    ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လာသည့် ခေါင်းဆောင်နှစ်ဦးမှာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် ယမန်နေ့က တွေ့ဆုံးခဲ့ကြခြင်းဖြစ်ပြီး ၁၉၇၉ အီရန် အစ္စလာမ့်မစ်တော်လှန်ရေးပြီးနောက်ပိုင်း ပထမဆုံအကြိမ် တွေ့ဆုံခြင်းလည်းဖြစ်သည်။
    နျူကလီးယား ကိစ္စအပြင် ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ နယ်မြေများကို သိမ်းပိုက်ထားသည့် ISIL အဖွဲ့ အကြောင်းကိုလည်း ၎င်းတို့က ဆွေးနွေးခဲ့ကြသည်။
    “ယခင်က နှစ်နိုင်ငံအကြား သိသာတဲ့ ကွဲလွဲမှုတွေရှိခဲ့တယ်ဆိုတာ ၀န်ကြီးချုပ်နဲ့ သမ္မတ တို့ဟာ ၀န်ခံခဲ့ကြပါတယ်။ ပြီးတော့ မိမိတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေး တစ်ဖြည်းဖြည်း တိုးတက်လာအောင် ဆောင်ရွက်ဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်” ဟု ဗြိတိန်ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    ၂၀၁၁ ခုနှစ်က တီဟီရန်ရှိ ဗြိတိန်သံရုံးကို အီရန်ရှိ တက်ကြွလှုပ်ရှားသူများက စီးနင်းပြီးနောက်ပိုင်း ဗြိတိန်နှင့် အီရန်တို့၏ တိုက်ရိုက် သံတမန်အဆက်အသွယ်မှာ ဆိုးရွားခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် အလယ်အလတ်ဝါဒီ ရူဟာနီ သမ္မတ ဖြစ်လာပြီးနောက် ဆက်ဆံရေးမှာ ပြန်လည်ကောင်းမွန်လာခဲ့သည်။
    ထိုနောက်ပိုင်းတွင် မိမိတို့၏ သံရုံအား လာမည့်လများတွင် ပြန်လည်ဖွင့်လှစ်သွားမည်ဟု ဗြိတိန်က ပြီးခဲ့သည့် ဇွန်လတွင် ကြေညာခဲ့သည်။
    ref_ Agencies
  • ဂါဇာအရေး ဗြိတိန်အစိုးရ မူဝါဒကို လက်မခံနိုင်၍ ဝန်ကြီး တစ်ဦးရာထူးမှ နှုတ်ထွက်
    ဂါဇာအရေး ဗြိတိန်အစိုးရ မူဝါဒကို လက်မခံနိုင်၍ ဝန်ကြီး တစ်ဦးရာထူးမှ နှုတ်ထွက်
    သြဂုတ် ၅ ၊ ၂၀၁၄
    M-Media
    Sayeeda Warsi
    – အစ္စရေးနှင့် ဟားမက်စ်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခအတွက် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းအစိုးရ၏ ချဉ်းကပ်မှုမှာ လူ့ကျင့်ဝတ်အရ ကာကွယ်မပေးနိုင်သော ချဉ်းကပ်မှုဖြစ်သည်ဟု စွပ်စွဲ၍ ဗြိတိန် အစိုးရအဖွဲ့၏ ဝန်ကြီး တစ်ဦးဖြစ်သည့် ဆိုင်ယီဒါ ၀ါစီက ရာထူးမှ နှုတ်ထွက်ကြောင်း ယနေ့တွင် ကြေညာခဲ့သည်ဟု သိရသည်။
    ဗြိတိန်အစိုးရမှာ ဂါဇာဒေသအပစ်ရပ်ရေး ချက်ခြင်းဆောင်ရွက်ရန်အတွက် ထပ်ခါတလဲလဲ တိုက်တွန်းခဲ့သော်လည်း အစ္စရေး၏ လုပ်ရပ်များကို ပို၍ပြင်းပြင်းထန်ထန် မဆန့်ကျင်သောကြောင့် ဒေးဗစ်ကင်မရွန်းမှာ အတိုက်အခံများ၏ ဝေဖန်မှုကို ခံနေရသည်။
    ၀ါစီ၏ နှုတ်ထွက်မှုမှာ အလယ်တန်းစား လူဖြူအမျိုးသားများဖြင့် အစိုးရကို အားဖြည့်ထားသည်ဟု စွပ်စွဲခံနေရသည့် ဒေဗစ်ကင်မရွန်းအတွက် အရှက်ရစရာလည်း ဖြစ်ခဲ့သည်။ ၀ါစီမှာ တင်းပြည့် ပါလီမန်အဖွဲ့ဝင် မဟုတ်သော်လည်း ပါလီမန်သို့ တက်ရောက်ခွင့်ရှိပြီး ဗြိတိန် မွတ်စလင် အသိုင်းအ၀ိုင်းနှင့် အစိုးရတို့အကြား အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
    ၎င်း၏ နှုတ်ထွက်မှုကို Twitter စာမျက်နှာတွင်ဖော်ပြခဲ့ပြီး နှုတ်ထွက်ရသည့် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသို့ ပေးအပ်ခဲ့သည့် နှုတ်ထွက်စွာ မိတ္တူကိုလည်း ဖြန့်ဝေခဲ့သည်။
    “ဂါဇာက လက်ရှိပြဿနာဖြစ်ပွားနေစဉ်အတွင်းမှာ ကျွန်မတို့ရဲ့ချဉ်းကပ်မှုနဲ့ ဆောင်ရွက်မှုတွေဟာ လူ့ကျင့်ဝတ်အရ ကာကွယ်မှုမပေးနိုင်ပါဘူး။ ပြီးတော့ ဗြိတိန်ရဲ့ အကျိုးစီးပွားလည်း မဟုတ်ပါဘူး။ ရေရှည်မှာ ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာကို ပြည်တွင်းမှာရော ပြည်ပမှာပါ ထိခိုက်စေပါလိမ့်မယ်” ဟု ၀ါစီက ၎င်း၏ နှုတ်ထွက်စာတွင် ဖော်ပြထားသည်။
    ထို့ပြင် ဂါဇာပြဿနာအတွက် ဗြိတိန်၏ တုံ့ပြန်မှုမှာ ဗြိတိန်မွတ်စလင်များ၏ အစွန်းရောက်မှု နောက်ကွယ်တွင်ရှိနေသည့် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်ဟု ပြည်ထဲရေးရုံး၏ အထောက်အထားကို ကိုးကား၍ သူမက ပြောကြားခဲ့ပြီး၊ ထိုကိစ္စ၏ အကျိုးဆက်က နှစ်ပေါင်းများစွာ ဆက်လက်ရှိနေမည်ဟုဆိုသည်။
    ပေါ်တူဂီသို့ မိသားစုနှင့်အတူ အပျော်ခရီးထွက်နေသည့် ၀န်ကြီးချုပ် ကင်မရွန်းက ၀ါစီ၏ နှုတ်ထွက်မှုအတွက် စိတ်မကောင်းဖြစ်ပြီး သူမ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ရဲ့ ပေါ်လစီကတာ့ တစ်သမတ်တည်းပါ။ ဂါဇာရဲ့အခြေအနေဟာ လက်မခံနိုင်စရာဖြစ်ပြီး ချွင်းချက်မဲ့ အပစ်ရပ်ရေး ချက်ချင်းဆောင်ရွက်ဖို့ နှစ်ဖက်စလုံးကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကင်မရွန်းက ပြောကြားခဲ့သည်။
    ဇွန်လိုင်လ ၈ ရက်နေ့က အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ယနေ့အချိန်အထိ ပါလက်စတိုင်း ၁၈၆၅ ဦးသေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်များနှင့် အမျိုးသမီးများ ဖြစ်ကြသည်။ အစ္စရေးဘက်ကမူ ၆၆ ဦးသေဆုံးခဲ့ပြီး ၆၄ ဦးမှာ ဂါဇာသို့ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ရင်း သေဆုံးခဲ့သည့် စစ်သားများဖြစ်သည်။
    ယခုလက်ရှိတွင် အီဂျစ်မှ ကြားဝင်စေ့စပ်ပေးသော ၇၂ နာရီအကြာ အပစ်ရပ်ရေး သက်ရောက်နေပြီး လုံးဝ အပစ်ရပ်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်။
    နှုတ်ထွက်ကြောင်း ကြေညာပြီးနောက် Huffington Post သတင်းစာနှင့် အင်တာဗျူးတွင် ၀ါစီက အစ္စရေး၏ ကျူးလွန်မှုများအတွက် ငြိမ်နေမည်မဟုတ်ဟု ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်ကလည်း အစ္စရေး၏ လုပ်ရပ်မှာ လူ့ကျင့်ဝတ်အရ ရိုင်းစိုင်းပြီး ရာဇ၀တ်မှုမြောက်သည့် လုပ်ရပ်များဖြစ်သည်ဟု ပြောကြားထားသည်။
    အင်္ဂလန်မြောက်ပိုင်းတွင် ပါကစ္စတန်နွယ်ဖွား မိဘနှစ်ပါးမှ မွေးဖွားခဲ့သည် ၀ါစီမှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် ပတ်သက်သည့် ဗြိတိန်အစိုးရ၏ ပေါ်လစီများတွင် ထဲထဲဝင်ဝင် တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။