သြဂုတ် ၅ ၊ ၂၀၁၄
M-Media
– အစ္စရေးနှင့် ဟားမက်စ်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခအတွက် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းအစိုးရ၏ ချဉ်းကပ်မှုမှာ လူ့ကျင့်ဝတ်အရ ကာကွယ်မပေးနိုင်သော ချဉ်းကပ်မှုဖြစ်သည်ဟု စွပ်စွဲ၍ ဗြိတိန် အစိုးရအဖွဲ့၏ ဝန်ကြီး တစ်ဦးဖြစ်သည့် ဆိုင်ယီဒါ ၀ါစီက ရာထူးမှ နှုတ်ထွက်ကြောင်း ယနေ့တွင် ကြေညာခဲ့သည်ဟု သိရသည်။
ဗြိတိန်အစိုးရမှာ ဂါဇာဒေသအပစ်ရပ်ရေး ချက်ခြင်းဆောင်ရွက်ရန်အတွက် ထပ်ခါတလဲလဲ တိုက်တွန်းခဲ့သော်လည်း အစ္စရေး၏ လုပ်ရပ်များကို ပို၍ပြင်းပြင်းထန်ထန် မဆန့်ကျင်သောကြောင့် ဒေးဗစ်ကင်မရွန်းမှာ အတိုက်အခံများ၏ ဝေဖန်မှုကို ခံနေရသည်။
ဝါစီ၏ နှုတ်ထွက်မှုမှာ အလယ်တန်းစား လူဖြူအမျိုးသားများဖြင့် အစိုးရကို အားဖြည့်ထားသည်ဟု စွပ်စွဲခံနေရသည့် ဒေဗစ်ကင်မရွန်းအတွက် အရှက်ရစရာလည်း ဖြစ်ခဲ့သည်။ ၀ါစီမှာ တင်းပြည့် ပါလီမန်အဖွဲ့ဝင် မဟုတ်သော်လည်း ပါလီမန်သို့ တက်ရောက်ခွင့်ရှိပြီး ဗြိတိန် မွတ်စလင် အသိုင်းအ၀ိုင်းနှင့် အစိုးရတို့အကြား အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
ဝါစီမှာ ဗြိတိန် အထက်ပါလီမန်အမတ်လည်းဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် ကတ်ဘိနက် အဖွဲ့တွင် ဝန်ကြီး တာဝန်ထမ်းဆောင်ရသည့် ပထမဆုံး မွတ်စလင်အမျိုးသမီး ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ဓနဿဟာယ နိုင်ငံများရေးရာ ဝန်ကြီးဌာန အကြီးတန်း ဝန်ကြီး ဖြစ်လာခဲ့သည်။
၎င်း၏ နှုတ်ထွက်မှုကို Twitter စာမျက်နှာတွင်ဖော်ပြခဲ့ပြီး နှုတ်ထွက်ရသည့် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသို့ ပေးအပ်ခဲ့သည့် နှုတ်ထွက်စွာ မိတ္တူကိုလည်း ဖြန့်ဝေခဲ့သည်။
“ဂါဇာက လက်ရှိပြဿနာဖြစ်ပွားနေစဉ်အတွင်းမှာ ကျွန်မတို့ရဲ့ချဉ်းကပ်မှုနဲ့ ဆောင်ရွက်မှုတွေဟာ လူ့ကျင့်ဝတ်အရ ကာကွယ်မှုမပေးနိုင်ပါဘူး။ ပြီးတော့ ဗြိတိန်ရဲ့ အကျိုးစီးပွားလည်း မဟုတ်ပါဘူး။ ရေရှည်မှာ ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာကို ပြည်တွင်းမှာရော ပြည်ပမှာပါ ထိခိုက်စေပါလိမ့်မယ်” ဟု ၀ါစီက ၎င်း၏ နှုတ်ထွက်စာတွင် ဖော်ပြထားသည်။
ထို့ပြင် ဂါဇာပြဿနာအတွက် ဗြိတိန်၏ တုံ့ပြန်မှုမှာ ဗြိတိန်မွတ်စလင်များ၏ အစွန်းရောက်မှု နောက်ကွယ်တွင်ရှိနေသည့် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်ဟု ပြည်ထဲရေးရုံး၏ အထောက်အထားကို ကိုးကား၍ သူမက ပြောကြားခဲ့ပြီး၊ ထိုကိစ္စ၏ အကျိုးဆက်က နှစ်ပေါင်းများစွာ ဆက်လက်ရှိနေမည်ဟုဆိုသည်။
ပေါ်တူဂီသို့ မိသားစုနှင့်အတူ အပျော်ခရီးထွက်နေသည့် ၀န်ကြီးချုပ် ကင်မရွန်းက ၀ါစီ၏ နှုတ်ထွက်မှုအတွက် စိတ်မကောင်းဖြစ်ပြီး သူမ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ပေါ်လစီကတာ့ တစ်သမတ်တည်းပါ။ ဂါဇာရဲ့အခြေအနေဟာ လက်မခံနိုင်စရာဖြစ်ပြီး ချွင်းချက်မဲ့ အပစ်ရပ်ရေး ချက်ချင်းဆောင်ရွက်ဖို့ နှစ်ဖက်စလုံးကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကင်မရွန်းက ပြောကြားခဲ့သည်။
ဝါစီမှာ ဂါဇာပြည်သူများအား ထောက်ခံကြောင်းကို ပြီးခဲ့သည့် လကတည်းက ၎င်း၏ Twitter စာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ပြောကြားမှုများရှိခဲ့ပြီး ပါလက်စတိုင်းများအနေဖြင့်လုံခြုံရှင်သန်နိုင်သော နိုင်ငံတစ်ခု လိုအပ်သည်ဟုလည်း ရေးသားခဲ့သည်။
ဇွန်လိုင်လ ၈ ရက်နေ့က အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ယနေ့အချိန်အထိ ပါလက်စတိုင်း ၁၈၆၅ ဦးသေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်များနှင့် အမျိုးသမီးများ ဖြစ်ကြသည်။ အစ္စရေးဘက်ကမူ ၆၆ ဦးသေဆုံးခဲ့ပြီး ၆၄ ဦးမှာ ဂါဇာသို့ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ရင်း သေဆုံးခဲ့သည့် စစ်သားများဖြစ်သည်။
ယခုလက်ရှိတွင် အီဂျစ်မှ ကြားဝင်စေ့စပ်ပေးသော ၇၂ နာရီအကြာ အပစ်ရပ်ရေး သက်ရောက်နေပြီး လုံးဝ အပစ်ရပ်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်။
နှုတ်ထွက်ကြောင်း ကြေညာပြီးနောက် Huffington Post သတင်းစာနှင့် အင်တာဗျူးတွင် ၀ါစီက အစ္စရေး၏ ကျူးလွန်မှုများအတွက် ငြိမ်နေမည်မဟုတ်ဟု ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်ကလည်း အစ္စရေး၏ လုပ်ရပ်မှာ လူ့ကျင့်ဝတ်အရ ရိုင်းစိုင်းပြီး ရာဇ၀တ်မှုမြောက်သည့် လုပ်ရပ်များဖြစ်သည်ဟု ပြောကြားထားသည်။
အင်္ဂလန်မြောက်ပိုင်းတွင် ပါကစ္စတန်နွယ်ဖွား မိဘနှစ်ပါးမှ မွေးဖွားခဲ့သည် ၀ါစီမှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် ပတ်သက်သည့် ဗြိတိန်အစိုးရ၏ ပေါ်လစီများတွင် ထဲထဲဝင်ဝင် တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။
Leave a Reply
You must be logged in to post a comment.