News @ M-Media
Tag: UK
  • ဗြိတိန် စစ်ဆန့်ကျင်ရေး သမားများ ဆီးရီးယားကို ဆင်နွှဲမည့် စစ်ပွဲကို ကန့်ကွက်ဆန္ဒပြ
    သြဂုတ်လ – ၃၀ ၊ ၂၀၁၃
    M-Media
    against Syria attack
    ထောင်နှင့်ချီသော စစ်ဆန့်ကျင်ရေးသမား ဗြိတိန်နိုင်ငံသားများမှ ဆီးရီးယားအပေါ် အနောက်တိုင်း၏ စစ်ဆင်မှုကို ကန့်ကွက်ဆန္ဒပြကြမည်ဖြစ်သည်။
    ဆီးရီးယားအားစစ်ဆင်မှုအလိုမရှိ – “No attack on Syria” ခေါင်းစဉ်တပ် ဆန္ဒပြခြင်းကို စစ်အုပ်စုဖွဲ့မှုရပ်တန့်ရေး နှင့် နျူကလိယလက်နက်ဖျက်သိမ်းရေးအဖွဲ့(Stop the War Coalition and Campaign for Nuclear Disarmament – CND) မှ ဦးဆောင်ကာ သြဂုတ်လ ၃၁ ရက် စနေနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည်။
    ဆန္ဒပြသူများသည် Temple Place ၌ စုရုံးကာ ပါလီမန် နှင့် ဒေါင်းနင်းလမ်းသို့ ချီတက်ကြမည်ဖြစ်သည်။ ဒမတ်စကတ် အနီးတွင် ဓာတုလက်နက်များ အသုံးပြုခြင်း စွပ်စွဲချက်ဖြင့် ဆီးရီးယားအစိုးရ အပေါ် စစ်ရေးအရ ၀င်ရောက် စွက်ဖက် အရေးယူမှုကို ဆန့်ကျင်ကြောင်း ကြွေးကြော်ကြမည်ဖြစ်သည်။
    CND ၏အဖွဲ့မှူးဖြစ်သူ လင်းဆေး ဂျာမန် (Lindsey German) မှ  “ ၂၀၀၃ ခုနှစ်တုန်းက လူတွေဟာ (အီရတ်စစ်ပွဲနဲ့ပတ်သက်လို့) လိမ်ညာခံခဲ့ရတယ်။ နောက်တစ်ကြိမ် ထပ်လိမ်မှာကို လူတွေက မခံစားချင်ကြတော့ဘူး။ ကျွန်မတို့ဟာ အီရတ်၊ အာဖဂန်နစ္စတန် နဲ့ လစ်ဗျား မှာ စစ်ရေး စွက်ဖက်မှုကြီး သုံးရပ်ကြုံခဲ့ပြီးပြီ။ ဘယ်တစ်ခုကမှ ငြိမ်းချမ်းရေးကိုသော် လည်းကောင်း၊ လူ့အခွင့်အရေးကိုသော် လည်းကောင်း အနှစ်သာရပြည့်ဝအောင် မဖော်ဆောင်နိုင်ခဲ့ပါဘူး။ ဆီးရီးယားကို ထပ်ပြီး စစ်ဆင်ဖို့ ကျွန်မတို့ မလုပ်အပ်တော့ဘူး ” ဟု သူမက ဆိုခဲ့သည်။
    ကြာသပတေးနေ့အစောပိုင်းက ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကင်းမရွန်း၏ အဆိုပြုချက်ဖြစ်သော ဆီးရီးယားအစိုးရအပေါ် စစ်ဆင်ရေးမှာ မဲအရ ရှုံးနိမ့်ခဲ့သည်။ သို့သော် ဗြိတိန်၏ ထောက်ခံမှု မပါဝင်လျှင်လည်း အမေရိကန်အစိုးရသည် စုပေါင်းစစ်ဆင်ရန် အသင့်ဖြစ်နေပြီဟု အမေရိကန်အာဏာပိုင်များက ဆိုသည်။
    သြဂုတ်လ ၂၁ ရက်တွင် ဆီးရီးယား တော်လှန်ရေးသမားများက ဒမတ်စကတ် နယ်မြေ၀န်းကျင်အတွင်းရှိ စစ်သွေးကြွအုပ်စုအပေါ် အစိုးရ၏ ဓာတု လက်နက်သုံး တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၃၀၀ သေဆုံးသွားသည်ဟုဆို၏။
    သို့တစေ ယင်းအဆိုမှာ အခြေအမြစ်မရှိကြောင်း ဆီးရီးယားအစိုးရမှ ငြင်းဆိုပယ်ချခဲ့သည့်အပြင် ယင်းဓာတုလက်နက်များမှာ ၄င်းစစ်သွေးကြွများကိုယ်တိုင်က ယူဆောင်လာပြီး ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ကြေငြာခဲ့သည်။
    MOS/SSM/HE
    Photo- BBC
  • အစ္စလာမ်အပေါ် တစ်ဖက်သတ် အမြင်စောင်း မုန်းတီးမှုများကို ယူကေ မွတ်စ်လင်မ် စစ်သည်များမှ တုန့်ပြန်လုပ်ဆောင်မည်
    သြဂုတ်လ-၂၈ ရက်၊ ၂၀၁၃
    M-Media
    military_2217941b-460x288
    မွတ်စ်လင်မ်ဆန့်ကျင်ရေး တိုက်ခိုက်မှုများ ကြီးထွားလာမှုအပေါ် ဒေးဗစ်ကင်မရွန်းမှ ကမကထပြုထားသော တန်ပြန် စစ်ဆင်ရေးတစ်ရပ် အနေနှင့် မွတ်စ်လင်မ် အမျိုးသား အမျိုးသမီး ၀န်ထမ်းတို့ကို ကျောင်းများထံ စေလွှတ်၍ ဟောပြောစေရန် စီစဉ်နေကြောင်း သိရသည်။
    “ ဘာသာပေါင်းစုံကလူတွေဟာ ကျွန်တော်တို့ရဲ့တပ်မတော်ထဲမှာ အတူလက်တွဲ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း မွတ်စ်လင်မ်တွေရော မွတ်စ်လင်မ်မဟုတ်သူတွေပါ တစ်ပြေးညီ သိရှိသွားစေမယ့် အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ စစ်သည်တွေကို တိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး ဒါဟာ ထိရောက်တဲ့ အသိပေးချက် တစ်ရပ် ဖြစ်ပါလိမ့်မယ်။ ဒါတင်မက တပ်မတော်ထဲမှာ မွတ်စ်လင်မ်တွေ ပါဝင်ခွင့်မရှိဘူး၊ ဗြိတိသျှ သစ္စာခံနိုင်ငံသားဖြစ် မလာနိုင်ဘူး ဆိုတဲ့ အစွန်းရောက် ပြောဆိုချက်တွေကို ချေဖျက်ရာလည်း ရောက်သွားပါမယ် ” ဟု အစိုးရအကြီးတန်းအရာရှိတစ်ဦးမှ Independent သတင်းဌာနသို့ ပြောကြားသည်။
    ဤအစီစဉ်သစ်အရ အာဖဂန်နစ္စတန် နှင့် အီရတ်၌ တာဝန် ထမ်းဆောင်ခဲ့သူများ၊ တာဝန် ထမ်းဆောင်မှုအတွင်း ထိခိုက် ဒဏ်ရာရရှိသူတို့အား နိုင်ငံတစ်ဝှန်းရှိ ကျောင်းများထံသို့ ဖိတ်ခေါ် သွားရောက်စေမည်၊ လှည့်လည်ဟောပြောစေမည်ဖြစ်သည်။
    လာမည့်ရက်သတ္တပတ်တွင် ကျင်းပမည်ဖြစ်သော အစွန်းရောက်ဝါဒအားတုန့်ပြန် စစ်ဆင်ရေးဆိုင်ရာ အစိုးရ၏ ဒုတိယမြောက် အစည်းအဝေး၌ စီမံချက်များ ဆွေးနွေးချမှတ်မည်ဟု ဆိုသည်။
    EDL ကဲ့သို့ လူ့အခွင့်အရေးကို ဂရုမစိုက်သောအဖွဲ့အစည်းများ၊ မွတ်စ်လင်မ်တို့သည် ဗြိတိန်နိုင်ငံသား မျိုးချစ်ပုဂ္ဂိုလ်များ ဖြစ်မလာနိုင်ကြောင်းဟူ၍ အစွန်းရောက်ဘာသာရေးဆရာတို့ဟောပြောချက်များ စသည်တို့မှ မြစ်ဖျား ခံလာသော အခြေမခိုင်သည့် အဆိုများကို ချေဖျက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
    လက်ရှိကာလ၌ ရှေ့တန်းစစ်မျက်နှာပြင်ကဏ္ဍအပါအ၀င် တပ်မတော်အတွင်း တာဝန် ထမ်းဆောင်နေကြသည့် မွတ်စ်လင်မ်များမှာ ၆၅၀ ၀န်းကျင်ရှိသည်။
    “ အနောက်တိုင်းက အစ္စလာမ်အပေါ် စစ်ဆင်နေတယ်ဆိုတဲ့အဆိုကို ချေဖျက်သွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲ့ဒီလိုအမြင်စောင်းမှု မှန်သမျှကို ရင်ဆိုင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” ဟု ထိပ်တန်းအာဏာပိုင်အသိုင်းအ၀ိုင်းမှ ဆိုလိုက်သည်။
    လာမည့်နှစ်တွင် ပထမကမ္ဘာစစ်ကြီး နှစ်တရာပြည့် အထိမ်းအမှတ်ကျင်းပရန်ရှိနေရာ  ယင်းခရီးစဉ်၌ ပထမ ကမ္ဘာစစ်အတွင်း ဗြိတိန်အတွက် တိုက်ခိုက်ခဲ့သော၊ ကျဆုံးခဲ့သော သောင်းနှင့်ချီသည့် မွတ်စ်လင်မ်တို့အား အမှတ်တရဂုဏ်ပြုခြင်းကိုလည်း ထည့်သွင်းထားသည်။ ထိုစဉ်က ဗြိတိသျှစစ်သည်တော်ပေါင်း ၇၄၀၀၀ ဦး ကျဆုံးခဲ့ရသည်။
    ယနေ့ဖြစ်ပေါ်နေသော တင်းမာမှုများသည် ရာပြည့် အခမ်းအနားကို ပိုမို ကြေကွဲဖွယ်ဖြစ်သွားစေသည်ဟု ဒုတိယကမ္ဘာစစ်၌ ပါဝင်ခဲ့သူများ၏ မြေးတစ်ဦးဖြစ်သူ Baroness Warsi မှ လတ်တစ်လောရင်ဖွင့်ပြောဆိုသွားခဲ့သည်။
    Ref: OnIslam
  • လန်ဒန်၌ ၂၀၁၂ ခုနှစ်အတွင်း “မုဟမ္မဒ်” ဟူသော အမည်နာမသည် ရေပန်းအစားဆုံးဖြစ်ခဲ့
    သြဂုတ်- ၁၃ ရက်၊ ၂၀၁၃
    M-Media
    rasouli_amir20130813070906087
    ယခုအခါ မွေးကင်းစယောက်ျားလေးများအား “မုဟမ္မဒ်” ဟု ကင်ပွန်းတပ်မှုသည် လန်ဒန်၌ ရေပန်းအစားဆုံးနှင့် ဗြိတိန်နိုင်ငံတစ်ဝှန်း၌ ဒုတိယမြောက်ရေပန်းအစားဆုံးဖြစ်နေကြောင်း  Britain’s Office for National Statistics (ONS) ၏ စာရင်းစစ်တမ်းမှ ဖော်ပြလိုက်သည်။
    ၂၀၁၂ ခုနှစ်အတွင်း မွေးကင်းစကလေးငယ်စုစုပေါင်း ၁၂၉၂ ဦးကို စာလုံးပေါင်းအမျိုးမျိုးဖြင့် မုဟမ္မဒ် ဟု အမည်ပေးခဲ့ကြသလို ယောက်ျားလေး ၇၁၃၉ ဦး၏ ကိုယ်ပိုင် အမည်ရှေ့တွင် လည်းကောင်း၊ ၂၉ ဦး၏ ကိုယ်ပိုင်အမည်နောက်တွင်လည်းကောင်း မုဟမ္မဒ် ဟူသော စကားလုံးကို ထည့်သွင်းမှည့်ခေါ်ခဲ့ကြသည်။
    ၂၀၁၂ ခုနှစ်အတွင်းမွေးဖွားခဲ့သည့် ကလေးငယ်ပေါင်း ၇၂၉,၆၇၄ ဦးအနက် ၆၄,၀၀၀ ဦးအား ယင်းသို့ပုံဟန်မူကွဲများဖြင့် အမည်တပ်ခဲ့ခြင်းဖြစ်သည်။
    တမန်တော်မုဟမ္မဒ်(PBUH)၏အမည်ကို ရှေ့ထားလျက် မွတ်စ်လင်မ်အမည်နာမများ တိုးပွားလာခြင်းမှာ ဗြိတိန် နှင့် လန်ဒန်၌ အာရှအနွယ် အခြေချသူဦးရေ မြင့်မားတိုးပွားလာခြင်းနှင့် ဆက်နွှယ်နေကြောင်း ဆိုကြသည်။
    တရားဝင်စာရင်းဇယားများအရ ယခုအခါ လန်ဒန်ရှိ နိုင်ငံခြားသားအုပ်စုတွင် အိန္ဒိယလူမျိုးမှာ အများဆုံးဖြစ်၍ အခြေချနေထိုင်သောနိုင်ငံခြားသားအားလုံး၏ ၉ % ရှိကြောင်း၊ လန်ဒန်၏လူဦးရေ သုံးသန်းအနက် ပြောင်းရွှေ့အခြေချနေထိုင်သူနိုင်ငံခြားသားများမှာ ၃၇ % အထိ ရှိလာကြောင်း ဖော်ပြနေသည်။
    ၂၀၁၁ လူဦးရေစစ်တမ်းတွင် ဗြိတိန်လူဦးရေပမာဏစုစုပေါင်း၏ ၅ % မှာ မွတ်စ်လင်မ်များ ဖြစ်ကြပြီး၊ ဤနှစ်မေလ မတိုင်မီအထိ ဗြိတိန်ရှိ အသက် ၂၅ နှစ်အောက် လူဆယ်ဦးတွင် တစ်ဦးမှာ မွတ်စ်လင်မ်များ ဖြစ်နေသည်ဟု ONS မှ ထုတ်ပြခဲ့သည်။
    AMR/HE
  • မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို ယူကေမှ စစ်ဆင်ရေး တပ်ဖွဲ့ဖြင့် ကိုင်တွယ်
    သြဂုတ်-၁၂၊ ၂၀၁၃
    M-Media
    UK Taskforce Tackles Anti-Muslim Violence
    လန်ဒန်။    ။ မွတ်စ်လင်မ်တို့ထံဖြစ်ပွားနေသော စိုးရိမ်သောကများပြေလျော့ရန်အတွက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် မှ လက်ရှိကာလအတွင်း မွတ်စ်လင်မ်နှင့်ဗလီဝတ်ကျောင်းတော်တို့ကို ဦးတည် တိုက်ခိုက်နေမှုများအပေါ် ရှုတ်ချလိုက်သည်။ ၄င်းအပြင် မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှု ထပ်မံကြုံဆုံပါက ကိုင်တွယ်ရန် အစွန်းရောက်ဝါဒအား တန်ပြန်မည့် အဆင့်မြင့်စစ်ဆင်ရေး တပ်ဖွဲ့ဖွဲ့ထားကြောင်း ကြေငြာထုတ်ပြန်ခဲ့သည်။
    ဤရက်သတ္တပတ်အစောပိုင်း မန်ချက်စတာရှိ ဂျာမီယဟ် ဗလီဝတ်ကျောင်းတော်သို့ သွားရောက်လည်ပတ်စဉ် ကင်မရွန်က “ ဒီတိုက်ခိုက်မှုတွေကို ကျွန်တော် အကြွင်းမဲ့ ရှုတ်ချတယ်။ ဒါပေမယ့် ဝေဖန်ရှုတ်ချနေတာထက် ပိုမို အရေးကြီးတာက အရေးယူဖို့ဘဲ ဖြစ်တယ် ” ဟု ပြောကြားကြောင်း သြဂုတ်လ ၁၀ ရက်၊ စနေနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်၌ The Muslim News သတင်းဌာနမှ တင်ပြသည်။
    “ ဒီအာဏာပိုင်အစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးယူနေကြောင်း ပြောနိုင်ပြီထင်တယ်။ ရဲတပ်ဖွဲ့တွေကလည်း ဒီတိုက်ခိုက်မှုတွေအပေါ် ပြတ်ပြတ်သားသား တုန့်ပြန်ဆောင်ရွက်လျက်ရှိနေလို့ဖြစ်တယ် ”။
    မေလအတွင်း ၀ူးလ်ဝိခ်ျ လူသတ်မှုနောက်ပိုင်း အစ္စလာမ်ဆန့်ကျင်ရေး တိုက်ခိုက်မှုများမှာ ဆယ်ဆခန့် တဖြည်းဖြည်း မြှင့်တက်လာမှုကြောင့် လူတို့သည် စိုးရိမ်ထိတ်လန့်နေကြရသည်။ ဇူလိုင်လတွင် မစ်ဒ်လန်းစ် အနောက်ပိုင်း(West Midlands) ရှိ ဗလီဝတ်ကျောင်းများအား သုံးကြိမ်တိုင်တိုင် အကြမ်းဖက်ဗုံးခွဲခြင်းအပါအ၀င် မွတ်စ်လင်မ်တို့ကို ဦးတည်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
    ဗြိတိန်ရှိ မွတ်စ်လင်မ်ဆန့်ကျင်ရေးတိုက်ခိုက်မှုများကိုစောင့်ကြည့်လျက်ရှိသည့် Tell Mama project အဆိုအရ ၀ူးလ်ဝိခ်ျ ဖြစ်စဉ်နောက်ပိုင်း မွတ်စ်လင်မ် ဆန့်ကျင်ရေးဖြစ်ရပ်များ ၂၁၂ ခု ရှိကြောင်း၊ ၄င်းအနက် ဗလီဝတ်ကျောင်းများကို ဦးတည် တိုက်ခိုက်မှု ၁၁ ကြိမ် ပါဝင်ကြောင်းသိရသည်။
    ဗုံးထောင်ဖောက်ခွဲမှုအပါအ၀င် ဆက်တိုက် တိုက်ခိုက်မှုဖြစ်နေလင့်ကစား ကင်မရွန်ထံမှ ပြတ်သားသော ရှုတ်ချချက် ထွက်မလာခဲ့ချေ။ သို့သော် ဂျာမီယဟ်ဗလီဝတ် ကျောင်းရောက်သည့်အခါ သူက “ ဗလီတွေကို ဗုံးခွဲတိုက်ခိုက်ခြင်း အားလုံးကို ကျွန်တော် ရှုတ်ချ ကန့်ကွက်ပါတယ်။ ဒီတိုက်ခိုက်မှု အားလုံးကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ ဒီလိုကိစ္စမျိုးကို ကျွန်တော်တို့နိုင်ငံထဲမှာ လုံးလုံးလျားလျား လက်သင့်မခံပါဘူး။ ကျွန်တော်ပြောခဲ့သလိုပါဘဲ၊ ရှုတ်ချကန့်ကွက်နေခြင်းထက် လက်တွေ့ကျကျ အရေးယူဆောင်ရွက်ခြင်းက ပိုပြီး ပဓာနကျပါတယ် ” ဟု The Muslim News သို့ ပြောကြားခဲ့သည်။
    မေလက ဖူစီလီယာ ရစ်ဂ်ဘီ သေဆုံးမှုအပေါ် တုန့်ပြန်ဖွဲ့စည်းခဲ့သည့် စစ်ဆင်ရေးတပ်ဖွဲ့၌ ကက်ဘိနက်ဝန်ကြီးများ၊ ထိပ်တန်းရဲဝန်ထမ်းနှင့်လုံခြုံရေးဆိုင်ရာအရာရှိများ ပါဝင်ကြသည်။
    မွတ်စ်လင်မ်တို့၏ဝေဖန်ချက်များထွက်ပေါ်လာသဖြင့် မိမိတို့အစိုးရသည် အစ္စလာမ်အပေါ် တစ်ဖက်သတ် တစ်လွဲမြင်ရွံကြောက်ခြင်းပြဿနာ (Islamophobia)ကို လွန်ခဲ့သောအစိုးရများ ထက်သာလွန်အောင် ကိုင်တွယ် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၀န်ကြီးချုပ်က ဤသို့ပြောဆိုလိုက်သည်။
    “ လက်ရှိ ကျွန်တော်တို့အစိုးရဟာ  Islamophobia အပေါ် ယခင် အစိုးရများထက် သာလွန်အောင် ပုံစံမျိုးစုံနဲ့ ကိုင်တွယ် ဆောင်ရွက်နေတာကို ကျွန်တော် ပြောနိုင်ပါတယ်။ ကာကွယ်ရေးဗျူဟာကို ကျွန်တော်တို့ ပြောင်းလဲထားတယ်။ ရဲတပ်ဖွဲ့အင်အားကို တိုးမြှင့်ထားတယ်။ မုန်းတီးပွင့်အံမှုတွေကို လူ့အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲစောင့်ကြည့်ကြပါတယ်။ နောက်ထပ် အဆင့်တွေကိုတော့ ထုတ်ဖော်မပြောလိုသေးပါဘူး။ ကျွန်တော့်ရဲ့ အစွန်းရောက် ဆန့်ကျင်မှုစစ်ဆင်ရေးအဖွဲ့အနေနဲ့ နောက်ထပ်ကဏ္ဍ တစ်ရပ်အဖြစ် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းအတွင်း ခံစားနေရတဲ့ အစွန်းရောက်အကြမ်းဖက်မှုတွေအပေါ် ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့သာ ပြောဆိုရခြင်းဖြစ်ပါတယ် ”။
    ဗြိတိန်နိုင်ငံ၌ မွတ်စ်လင်မ်လူထုမှာ ၂.၇ သန်းဝန်းကျင်ရှိနေကြသည်။ The Independent သတင်းစာတိုက်၏ ဇွန်လတွင် ထုတ်ပြန်သော လတ်တစ်လော သုတေသနတစ်ရပ်အရ ၉/၁၁ အရေး အချိန်မှစ၍ ဗလီဝတ်ကျောင်းနှင့် အစ္စလာမ့်စင်တာများ၏ ၄၀ % မှ ၆၀ % ထိ ပစ်မှတ်ထားခံ ခဲ့ကြရကြောင်း၊ မေလအတွင်း ၀ူးလ်ဝိခ်ျ ၌ ဖြစ်ပွားခဲ့သော လူသတ်မှုနောက်ပိုင်း အစ္စလာမ်ဆန့်ကျင်ရေး တိုက်ခိုက်မှုများမှာ ဆယ်ဆခန့် မြှင့်တက်လာကြောင်း ဖော်ပြထားသည့်အပြင် ဗြိတိန်တစ်လွှား အစ္စလာမ် အပေါ်အမြင်မှား တိုက်ခိုက်မှုများမှာ ဗလီဝတ်ကျောင်းများကိုသာ မဟုတ်တော့ဘဲ မွတ်စ်လင်မ် ပြည်သူများကိုပါ ဦးတည် လာကြောင်း သတိပေးခဲ့သည်။
  • အမေရိကန်၊ ဗြိတိန် တို့နှင့်အတူ ထားရှိသော စုံစမ်းခွင့် ပဋိညာဉ်အား ဂျာမနီမှ ပယ်ဖျက်
    သြဂုတ်-၀၃၊၂၀၁၃
    M-Media
    စနိုးဒင်းမှ လျှိုဝှက်ချက်ကို ဖော်ထုတ်ပြီးနောက်တွင် အမေရိကန်၊ ဗြိတိန် တို့နှင့်အတူ ထားရှိသော  စုံစမ်းခွင့် ပဋိညာဉ်အား ဂျာမနီမှ ပယ်ဖျက်
    Germany ends
    အီလက်ထရွန်းနစ်နည်းပညာအရ စုံစမ်းထောက်လှမ်းရေး အကြောင်းများအား သိရှိလိုက်ရပြီးနောက် ဂျာမနီသည်  အမေရိကန် ၊ ဗြိတိန်တို့နှင့်အတူ ပြုလုပ်ခဲ့သော စစ်အေးခေတ်ပဋိညာဉ်အား  ပယ်ဖျက်လိုက်သည်။
    အတ္တလန်တိတ်တစ်ဖက်ခြမ်းမှ မဟာမိတ်နိုင်ငံများ၏ သတင်းအချက်အလက်များကို လျှို့ဝှက်လေ့လာသော ပရိုဂရမ်များမှာ အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးမှ ကျွမ်းကျင်ပညာရှင်အက်ဒ်ဝါ့ဒ် စနိုဒင် (Edward Snowden) ကြောင့် မီဒီယာများသို့ ပေါက်ကြားခဲ့သည်။
    ထိုပေါက်ကြားမှုကြောင့် လာမည့်လတွင် ရွေးကောက်ပွဲကျင်းပတော့မည့် ဂျာမနီနိုင်ငံ အနှံ့အပြားတွင် ဂယက်ရိုက်သွားခဲ့သည်။
    ဤသဘောတူညီချက်သည် ၁၉၆၈-၉ မှ စတင်ခဲ့ပြီး၊ ၄င်း၏ ပယ်ဖျက်မှုနှင့်စပ်လျဉ်း၍ အကြီးအကျယ် အချေအတင်ဖြစ်နေကြရသည်။
    ဂျာမနီ၏ နိုင်ငံခြားရေးဝန်ကြီး ဂွီဒို ၀က်စ်တာဝီလ် (Guido Westerwelle) က ထုတ်ပြန်ချက်တစ်ခုတွင် “ မကြာသေးမီ ရက်သတ္တပတ်အနည်းငယ်အတွင်းက ကျွန်ုပ်တို့ ဆိုင်းပြင်းနေခဲ့သော စီမံမှုဆိုင်ရာသဘောတူညီချက် ဖျက်သိမ်းရေးမှာ လိုအပ်သော လုပ်ဆောင်ချက် တစ်ခုဖြစ်ပြီး၊ ကိုယ်ရေးကိုယ်တာအတွင်းရေး ကာကွယ်မှုနှင့်စပ်လျဉ်းသည့် လတ်တစ်လောငြင်းခုံခြင်းများက အခိုင်အမာ ဆက်လက်ပေါ်ထွက်လာသည် ” ဟု ပြောကြားခဲ့သည်။
    ကွန်မြူနစ်ဝါဒီ နှင့် နာဇီအာဏာရှင်များ လက်အောက်တွင် အလွန်အကျွံ စုံစမ်းထောက်လှမ်းမှုအတွေ့အကြုံများက သူတို့အား ကိုယ်ရေးကိုယ်တာ စွက်ဖက်မှုများနှင့် ပတ်သက်လာလျှင် အထိမခံခဲ့ကြပေ။  ထို့အတူ နိုင်ငံအတွင်း၌လည်း အချက်အလက် ကာကွယ်ရေး ဥပဒေများလည်း အခိုင်အမာပြဋ္ဌာန်းထားကြ၏။
    သောကြာနေ့က ပဋိညာဉ်ဖျက်သိမ်းခဲ့မှုသည် ဂျာမနီအနောက်ပိုင်းတွင် တပ်စွဲထားကြသည့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စသော အနောက်နိုင်ငံများကို ထိုတပ်ဖွဲ့တို့အား စောင့်ရှောက်ရန် အလို့ငှာ စုံစမ်းထောက်လှမ်းခွင့် တောင်းခံရေး အတွက် မေတ္တာရပ်မှု ဖြစ်သွားစေခဲ့၏။
    “ အကျိုးသက်ရောက်မှု မရှိ ”
    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၏ ပြောရေးဆိုခွင့်ရှိသူက ထိုပဋိညာဉ်သည် ၁၉၉၀ နောက်ပိုင်းမှ စတင်ကာ အသုံးမ၀င်တော့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
    ဂျာမနီအစိုးရသည် ယခု အရေးအရာသည် အလေးထားအပ်သောသဘောဆောင်သည့် ဆန္ဒထုတ်ဖော်မှုတစ်ရပ်ရပ်အား ပြည်တွင်း၌ လုပ်ဆောင်ပြသရန်လိုအပ်ကြောင်း ဂျာမနီ နိုင်ငံတကာဆက်ဆံရေးကောင်စီမှ ဟဲန်နင်း ရိခ်ကီ (Henning Riecke) က AP သတင်းဌာနသို့ ထုတ်ပြောလိုက်၏။
    “ အင်တာနက် အကြိုခေတ်က ပြုလုပ်ခဲ့သည့် ပဋိညာဉ်အား ဖျက်သိမ်းအဆုံးသတ်လိုက်ပါပြီဟုဆိုခြင်းမှာ ဂျာမန်တို့အဖို့ မိမိတို့မှ တစ်စုံတစ်ရာပြုလုပ်နေပြီ ဟု ပြသခွင့် ရသွားပြီး၊ တစ်ချိန်တည်းမှာပင် အမေရိကန်များကလည်း ၄င်းတို့အား မည်သို့မှ ထိခိုက်နစ်နာစေရာ မရှိနိုင်ကြောင်း သိထားကြပါသည်။
    စုံစမ်းထောက်လှမ်းရေးဌာနများကြားက ကောင်းမြတ်သောပတ်သက်ဆက်နွှယ်မှုကို ပြသသည့်ခြင်းဖြင့်လည်း သူတို့လိုအပ်သော သတင်းအချက်အလက်များအား တစ်နည်းမဟုတ် တစ်နည်း ဆက်လက် ရယူသွားဦးမှာ ဖြစ်သည် ” ဟု သူက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: BBC