News @ M-Media

Tag: WiraThu

  • The Outsider

    ဇူလိုင် ၃ ၊ ၂၀၁၄
    M-Media
    .ရေးသူ- ခရစ်စတယ်လင်း

    The Outsider
    ကျွန်မဟာ ဗုဒ္ဓဘာသာဝင် တစ်ဦးမဟုတ်ပေမဲ့ မြန်မာပြည်မှာမွေး မြန်မာပြည် မှာ ကြီးပြင်းခဲ့သူ တစ်ဦးအနေနဲက ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ ပြောဆိုဆက်ဆံရာမှာ ကျင့်သုံးရတဲ့ Protocol တွေကိုနားလည်ပါတယ်။ ပြောလဲပြောတတ်ပါတယ်။ ဒါပေမဲ့ ဒီဦးဇင်း(ဦးဝီရသူ) ကိုတော့ ဒီလိုRespect မျိုးနဲ့ မထိုက်တန်ဘူးလို့ ကျွန်မယူဆပါတယ်။

    ဒီဦးဇင်းရဲ့ လုပ်ရပ်တွေနဲ့ သူ့ရဲ့ Facebook စာမျက်နှာပေါ်က အခြေအနေ အရပ်ရပ်တွေအရ ဒီဦးဇင်းဟာပြောဆို ဆွေးနွေး ညှိနှိုင်း လို့ရတဲ့ လူမျိုး မဟုတ်ဘူး ဆိုတာ သံသယ ဖြစ်စရာမလိုဘူး။ သူ့ Facebook Post တွေမှာလည်း ကြောက်စရာကောင်းလောက်အောင် အယုတ္တ အနတ္တ၊ ဖရုသ ဝါစာ တွေနဲ့ ပြည့်နေတာဟာ သာမန် လူတစ်ယောက်အတွက်တော့ ဥပေက္ခာပြု လက်ခံနိုင် လောက်တဲ့ အခြေအနေမျိုး မဟုတ်ဘူး။

    ဒါပေမဲ့ ဦးဇင်းကတော့ ဒါတွေကို အရသာ တွေ့နေပုံပဲ။ ဒီနေ့ မြန်မာပြည်ရဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း တွေဟာ ဦးဇင်းတစ်ယောက်တည်း ကြောင့်လို့ မပြောနိုင်ပေမဲ့ ဦးဇင်းရဲ့ ပယောဂ ရာနှုန်း တော်တော်များများ ပါဝင်နေတာကတော့ဖြင့် ဂုဏ်ယူစရာပါပဲ ဦးဇင်း။

    လူတွေသေကြတယ် ဦးဇင်း၊ ဘာရန်ငြှိုးရန်စမှမရှိပါဘဲ တစ်ယောက်ကိုတစ်ယောက် ဓားနဲ့ခုတ်ကြတယ်၊ လူတွေဟာလူသား အချင်းချင်း ဆိုတဲ့ လူစိတ်ပျောက်ပြီး ကြီးနိုင်ငယ်ညှင်း ဆိုတဲ့ တိရိစ္ဆာန် စိတ်ကိုဦးဇင်းက သူတို့ဆီမှာ ယုံကြည်သက်ဝင်စေတယ်။ သွေးတွေဦးဇင်း လမ်းမပေါ်မှာသွေးတွေ၊ ဦးနှောက်တွေ ထွက်ပြီး လူတွေသေ ကြတယ်။ သူတို့မိန်းမတွေ ဟာ အသေဆိုးနဲ့ လမ်းမပေါ်သွေးအိုင် ထဲမှာလဲနေတဲ့၊ မီးလောင်ကျွမ်းနေတဲ့ သူတို့ ခင်ပွန်း၊ သား တွေကို ကြည့် ပြီး ပူဆွေးသောက တွေဟာ သူတို့လည်ချောင်း ထဲမှာ တစ်ဆို့နေကြတယ် ဦးဇင်း။

    ကလေးတွေ မိဘမဲ့ ကုန်တယ် ဦးဇင်း။ ဒီမိဘမဲ့ ကလေးတွေရဲ့ အဖေရေ၊ အမေရေ ခေါ်တဲ့အသံတွေကိုများ ဦးဇင်း ကြားမိလေသလား? မီးလောင်သွားတဲ့ သူတို့ရဲ့ စီးပွါး အိမ်ယာ တွေကြောင့်သူတို့ခေါင်းပေါ်က အမိုးပျောက် သွားရတဲ့ အိမ်ယာမဲ့သူ တွေရဲ့ သောက၊ ဒုက္ခ၊ ပူလောင်မှု ဆင်းရဲတွေ၊ သူတို့ရင်ထဲက လူသား ဂုဏ်သိက္ခာ ညှိုးနွမ်း ရတဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှု တွေကို ဦးဇင်းရဲ့ မစိုးရိမ် ကျောင်းတိုက် ကြီးထဲ ကစက်ရာပေါ်မှာ ကြိမ်းစက် ဖို့လဲလျောင်း တဲ့အခါမှာ ယောင်လို့များ တွေးမိလေသလား ဦးဇင်း။

    ဒုက္ခသည်တွေရဲ့ မျက်ရည် ပေါက်ကြီးငယ် တွေဟာ ဦဇင်း အပေါ်မှာ အနည်းငယ်မျှ သက်ရောက် မှုတစုံတရာ တကယ်ပဲ မရှိလေရော့သလား? လူတွေဟာ သူတို့ရဲ့ တွေးခေါ် ခွဲခြားနိင်စွမ်း အဆင့်ဆင့်အရ အဆင့်အတန်း အမျိုးမျိုး ကွဲပြားခြာနားကြတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာ နိမ့်ကျလို့ အမြင့်ဆုံး ရာဇဝတ်မှုတွေ ကိုကျူးလွန်သူတွေတောင် သူတို့ရဲ့ မကောင်းမှုတွေအတွက် နောင်တဆိုတာရှိတယ် ဦးဇင်း။

    မုဒိမ်းသမား၊ လူသတ်သမား တွေဟာ ဒေါသအလျောက်၊ ကာမဆန္ဒ အလျောက်၊ အကြောင်းအမျိုးမျိုး ကြောင့် ရုတ်တရက် ခြေလွန် လက်လွန် ကျူးလွန်လိုက်မိပေမဲ့ အများစုဟာ အဲဒီ အခိုက်အတန့် ပြီးသွားတဲ့ အခါမှာ ပထမဆုံးသူတို့ရင်ဆိုင်ရတာကတော့ နောင်တတရားပဲလို့ လေ့လာသူတွေကဆိုတယ်။ တချို့သောသူတွေဟာ သူတို့ရဲ့မကောင်းမှု ဒုစရိုက် အတွက် တစိမ့်စိမ့် ထိခိုက်နာကျင်ရင်း သူတို့ကိုယ်သူတို့ ဒဏ်ခတ်လေ့ရှိကြတယ်လို့ဆိုတယ် ဦးဇင်း။ (ပြောသာ ပြောရတယ် ဦးဇင်းနားလည် ပါ့မလားလည်းမသိ)

    လူသတ်သမားဆိုတဲ့နေရာမှာလည်း အကြံ အစည်ရှိရှိ လုပ်ကြံ သတ်ဖြတ်သူ၊ လုပ်ကြံ သတ်ဖြတ်ရာမှာ တစိတ်တပိုင်း ပါဝင်ပတ်သက်သူ (First degree murder/ Second degree murder) စသည်ဖြင့် ခွဲခြားသက်မှတ်ကြတယ်။ အတိုချုပ် ပြောရမယ်ဆိုရင်တော့ ဦးဇင်း၊ ဦးဇင်းဟာလူသတ်ကောင်ပဲ။ လူသတ်ကောင်မှ ဦးဇင်းကို တိုင်း စရာ Measurement တောင်မရှိတဲ့ ရာဇဝတ်ကောင်ပဲ။ ဒုက္ခသည်စခန်း တွေမှာ ကလေးတွေဟာ ငတ်မွတ်ခေါင်းပါးလို့ သေကြရတယ်။ ဆေးဝါးကုသခွင့်မရလို့ သေကြရတယ်။ဒီလို သွေးပျက်စရာ အဖြစ်အပျက် တွေ ကြားမှာကိုပဲ ဦးဇင်းဟာ လူသားစိတ်ကင်းမဲ့စွာနဲ့ အသစ်အသစ်သော အဓိကရုဏ်း တွေကို သွေးထိုး လှုံ့ဆော်နေခဲ့တယ်။

    ဘာ Religious Value မှမပါတဲ့( ဦးဇင်းကတရားဒေသနာလို့ခေါ်တဲ့) Hate Speech တွေနဲ့ လူ့အနတ္တတွေကို ဟောပြော လှုံ့ဆော်ပြီး လူတွေကိုလူသား အချင်းချင်း ထားရမဲ့ မေတ္တာ ကိုယ်ချင်းစာတရားတွေ ပျောက်ပျက်ပြီး တိရိစ္ဆာန်တွေလို ရိုင်းစိုင်းလာအောင် သွေးထိုး တယ်။

    ဦဇင်း Target ထားနေတဲ့ လူနည်းစုတွေရဲ့ ဘဝတွေဟာလည်း မျက်ရည်ပေါက် ကြီးငယ်စွန်းထင်းလို့၊ သူတို့ နှလုံးသားတွေဟာလည်း သွေးပျက် ခြောက်ခြားလို့။ ဝမ်းမြောက် ဝမ်းသာ ဖြစ်ပါရဲ့လား ဦးဇင်း၊ မှေးစက်လို့မှ ပျော်ပါရဲ့လား သိချင်မိပါတယ် ဦးဇင်း။

    သာမာန်လူသားစိတ်၊ ပင်ကို လူသားသဘော သဘာဝ ရှိသူတွေအတွက်တော့ ဒါတွေဟာ Beyond the limit ပါ။ ဦးဇင်းအတွက်ကတော့ ဒီလို အဓိကရုဏ်း တွေ၊သွေးပျက်ခြောက်ခြားစရာသေကြေ ပျက်စီးမှုတွေ၊ စီးပွါး ဥစ္စာ၊ ဘဝ ပျက်ကြရသူတွေ၊ အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေ၊ အယုတ္တ အနတ္တ ဆဲရေး တိုင်းထွာမှုတွေ၊ခိုးဆိုးလုယက်မှုတွေ၊ အမုန်းတရားတွေ၊ မီးဟုန်းဟုန်းတောက်လောင်နေတဲ့ အိမ်တွေ၊ဝတ်ပြုကျောင်းဆောင်တွေ၊ မိဘမဲ့ကလေးတွေရဲ့ ငိုသံတွေ………..

    ဦးဇင်း…ဦးဇင်းရဲ့ မစိုးရိမ်ကျောင်းတိုက်တော်ကြီးထဲမှာ ဘယ်လိုလူသားစိတ် အခံနဲ့များ မှေးစက်ပျော်နိုင်တာပါလဲ ?

    ပြောရမယ်ဆိုရင်တော့ ဦးဇင်းဟာ လူသားစိတ်ကင်းမဲ့သူပဲ၊ ဦးဇင်းဟာ လူယုတ်မာပဲ၊လူသားဖြစ်တည်မှုနည်းသူ၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့စည်းမှာမရှိသင့်တော့တဲ့သူမျိုး ပဲ။ ဦးဇင်းတို့လို လူမျိုးတွေဟာ လူ့အဖွဲ့စည်းတွေနဲ့ ဝေးရာ(တကျွန်း လိုနေရာမျိုး)၊ ခြံခတ် စည်းခတ် ထားသင့်တဲ့ (စိတ်ရောဂါသည် တွေလိုမျိုး)၊ သံတိုင်တွေ နောက်မှာ၊ အလုံပိတ် အခန်းတွေထဲမှာ ရှိသင့်တဲ့ စည်းမဲ့ ကမ်းမဲ့၊ စည်းမရှိ ဘောင်မရှိ၊ စည်းလွတ်ဝါးလွတ် ကျူးလွန် တတ်ကြတဲ့ စည်းအပြင်ဘက်ကလူတွေပဲ။

  • အဓမ္မ ပြုကျင့်ခံရမှုဖြင့် တရားစွဲခံရသူအား ၉၆၉ ဆရာတော် ဦးဝီရသူ ကာကွယ်ပေးထားပြီး အမှုပိတ်ပေးရန် ဖိအားပေးနေ

    ဇွန် ၃၊ ၂၀၁၄
    M-Media
    ဆူးထက်၊ လမင်း
    rape case
    ရန်ကုန်။ ။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ် နေ အသက် (၁၇) နှစ်အရွယ် မိန်းကလေးတစ်ဦးအား မန္တလေးခရိုင် တရားရုံးမှ ရုံးအုပ် ဦးတင်မောင်ဝင်းမှ အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့ကြောင်း၊ အမှုဖွင့်တိုင်ကြားထားသော်လည်း အရေးယူနိုင်ခြင်း မရှိသေးသည့် အပေါ် အဆိုပါ မိန်းကလေးနှင့် ၄င်း၏ မိခင်တို့မှ မြန်မာဂျာနယ်လစ်ကွန်ရက်တွင် သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ခဲ့ပါတယ်။

    အဆိုပါဖြစ်ရပ်မှာ  မတရားပြုကျင့်ခံခဲ့ရသူ မိန်းကလေး၏ အစ်ကိုဖြစ်သူ၏ မူးယစ်ဆေး အမှုနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် ၁၁ ပိုင်းခန့်က  တရားရုံးအုပ် ဦးတင်မောင်ဝင်းနှင့် သိကျွမ်းခဲ့ကြောင်း၊  မတ်လ ၈ ရက် ၂၀၁၄ နေ့က သူမ၏အကို အမှုနှင့်ပတ်သက်၍ ဦးတင်မောင်ဝင်းက ပြင်ဦးလွင်မြို့ရှိ ၎င်း၏အရာရှိနှင့်တွေ့ဆုံရန် သွားမည်ဖြစ်၍ သူမအားခေါ်ဆောင်ခဲ့ပြီး အလိုမတူဘဲ သားမယားပြုကျင့် ခဲ့ကြောင်း မတရားပြုခံရသူ မိန်းကလေးမှ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

    “နင့်အစ်ကို အမိန့်ချဖို့ မလိုတော့ဘူး လူကြီးနဲ့သွားတွေ့မယ်ဆိုပြီး ခေါ်သွားတယ်။ ကျွန်မကို ဆိုင်တစ်ဆိုင်မှာထားခဲ့ပြီးပြန်လာတော့ အအေးတိုက်တယ်။ အအေးသောက်ပြီး ခဏနေတော့ မူးလာတယ်။ နောက်ပြီး တည်းခိုခန်းကို ခေါ်သွားပြိး အဓမ္မပြုကျင့်ခဲ့ကြောင်း၊ အိပ်ယာကနိုးလာတော့ သူကပြောတယ်။ ဒီကိစ္စကိုဘယ်သူ့ကိုမှ ပြန်မပြောရဘူး။ နင့်အစ်ကိုအမှုကို လျော့အောင် လုပ်ပေးမယ်ပြောတယ်” ဟု အဆိုပါ မိန်းကလေးက ပြောပါတယ်။

ူ မိန်းကလေးမှ တရားလိုလုပ်ကာ မတရား ပြုကျင့်ခံရကြောင်း ပြင်ဦးလွင်ရဲစခန်းတွင် တိုင်ကြား ထားသော်လည်း အဆိုပါ အမှုဖွင့်ခံရသူ ဦးတင်မောင်ဝင်းကို ၉၆၉(မဘသ) ဦးဆောင်ဆရာတော် ဦးဝီရသူမှ ကာကွယ်မှုများပေးနေကြောင်းကို အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ  ပြောကြားပါတယ်။

    အိမ်မှာနေရတာလည်း လုံခြုံမှုမရှိဘဲ အိမ်ကို ဘုန်းကြီးတွေက အမှုပိတ်ပေးဖို့လာပြီခြိမ်းခြောက်နေကြပြီး ယင်းအမှုအား အလျော်အစား မလိုချင်ဘဲ တရားခံအား အမြန်ဆုံး ထောင်ချတာကိုပဲ လိုချင်နေမိပါတယ် လို့ မိန်းကလေး၏ မိခင်ဖြစ်သူက သူမ၏ ခံစားချက်များကို ပြောကြားခဲ့ပါတယ်။

    ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ လူသားချင်းစာနာမှုဖြင့် လိုက်လံကူညီ ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သူ  မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုအကြံပေးဖြစ်သူ ကိုရန်နိုင်ထွေးက ဦးဝီရသူအား “တစ်ဖက်က ဦးတင်မောင်ဝင်းက တိုင်ကြားတဲ့ အသံကိုပဲ နားမထောင်နေပါနဲ့။ တစ်ဖက်က ကာယကံရှင် နစ်နာတယ်လို့ ပြောတဲ့ ကလေးမလေး မိသားစုကိုလည်း ဆရာတော်ကျောင်းကို ခေါ်တွေ့ပါ။ ခေါ်တွေ့ပြီး နှစ်ဖက် နားကို နားထောင်ပါ။ မှန်ရင် မှန်တဲ့ သူကို ၀ိုင်းကူပေးလိုက်ပါ။ မှားနေတဲ့သူကို ဆရာတော် ကိုယ်တိုင် ဆုံးမပြီး ရဲစခန်း လက်ထဲ အပ်လိုက်ပါ။ နှစ်ဖက်နားကို နားထောင်ပြီး ဆရာတော် ဆင်ခြင်တုံ တရားနဲ့ ဖြေရှင်းပါလို့ ကျွန်တော်ကိုယ်တိုင် ဖုန်းနဲ့ ဆရာတော်ဘုရားကို လျှောက်ခဲ့ပါတယ်။ ဆရာတော် ပြန်ပြောတဲ့ အဖြေကတော့ ၀မ်းနည်းဖို့ကောင်းပါတယ်။ ၃၇၆ မုဒိန်းမှုကို ပိတ်ပေးမှာ မဟုတ်ဘူးဆိုရင် ဖုန်းမဆက်နဲ့ လို့ ပြန်မိန့်ကြား လိုက်ပါတယ်”ဟု လျှောက်ထားချက်အား အထက်ပါ အတိုင်း ပြန်လည် မိန့်ကြားခဲ့ကြောင်း သိရပါတယ်။

    ဦးဝီရသူက တင်မောင်ဝင်းကိုစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်ဟုပြောဆိုခဲ့ပြီး ယင်းအမှုအား ပိတ်သိမ်းခိုင်းပြီး မပိတ်ပေးရင် နောင်တွင် သူ့ကို ဖုန်းမဆက်နဲ့ဟု ကိုရန်နိုင်ထွေးအား ထပ်ပြီး ပြောကြားခဲ့ကြောင်း သိရပါတယ်။

  • အမုန်းတရားပွားစေမည့် သတင်း ဦးဝီရသူ ထပ်ဆင့် ဖြန့်ဝေရာမှ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု မန္တလေးတွင် ဖြစ်ပွားခဲ့

    ဇူလိုင် ၃ ၊ ၂၀၁၄
    M-Media
    Source: ibtimes

    ဦးဝီရသူရဲ့”ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရ” ခေါင်းစဉ်ပါ အမုန်းတရားလှုံ့ဆော်တဲ့ ဖေ့စ်ဘုတ်သတင်းကြောင့် မန္တလေး၌ မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှု စတင်ဖြစ်ပွားစေခဲ့
    buddhist-monk-wirathu-c-leader-969-movement-greets-other-monks

    မြန်မာဘင်လာဒင်ရယ်လို့ ကိုယ့်ကိုကိုယ်သတ်မှတ်ထားတဲ့ အရှင်ဝီရသူက သူ့ရဲ့ လူသိများလှတဲ့ ဖေ့စ်ဘုတ်ပေါ်မှာ “ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရ” ခေါင်းစဉ်ပါ သတင်းကို ရှယ်ခဲ့မှုကြောင့် မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ မန္တလေးမှာ ဒေါသထွက်နေတဲ့ဗုဒ္ဓဘာသာဝင်လူအုပ်ကြီးနဲ့ မွတ်ဆလင်တွေ ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်နေရပါပြီ။

    သံဃာအပါး ၃၀ နဲ့  ဗုဒ္ဓဘာသာဝင် ၃၀၀ လောက်ပါဝင်တဲ့ ဒေါသထွက်နေတဲ့လူအုပ်ကြီးဟာ မွတ်ဆလင်တစ်ဦးပိုင်ဆိုင်တဲ့ လက်ဖက်ရည်ဆိုင်ကို ကျောက်ခဲတွေ အုတ်ခဲတွေနဲ့ စတင်ပစ်ပေါက်နေတာကို ထိန်းချုပ်ဖို့ ရဲအရာရှိပေါင်း ၆၀၀ ကျော်ကို မန္တလေးမှာ နေရာချထားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ လူ ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ မွတ်ဆလင်တွေပိုင်ဆိုင်တဲ့ ဆိုင်တွေပျက်စီးခဲ့ရပြီး ဗလီမှန်ပြုတင်းပေါက်တွေ ခွဲခြေခံခဲ့ရပါတယ်။

    မန္တလေးရဲတွေက လက်ဖက်ရည်ဆိုင်ပိုင်ရှင်အပေါ် မုဒိမ်းမှုနဲ့ တရားစွဲဆိုထားတာကို အတည်ပြုခဲ့ပါတယ်။

    အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အလုပ်ရှင်တွေနဲ့ အတူတူ ခရီးသွားနေစဉ် နေပြည်တော်သို့ သွားရာလမ်းမှာ မုဒိမ်းကျင့်ခံရတယ်ဆိုတဲ့ ကောလဟာလတွေဟာ လူမှုကွန်ယက်တွေမှာ ဇွန်လ ၂၈ ရက်နေ့က ပြန့်နှံ့ခဲ့ပါတယ်။

    (1)_Wira_Thu_-_2014-07-02_02.37.56

    ဒီနေရာမှာ အငြင်းပွားဖွယ်ရာ အမျိုးသားရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ ၉၆၉ ဂိုဏ်းခေါင်းဆောင် ဦးဝီရသူဟာ ဒီသတင်းကို သူ့ရဲ့ဖေ့စ်ဘုတ်ပေါ်မှာ တင်ရှယ်ခဲ့ပြီး လက်ဖက်ရည်ဆိုင် ပိုင်ရှင်ညီအကိုတွေဟာ တရားဥပဒေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ထပ်ဆင့်ရေးသားခဲ့ပါတယ်။

    အမုန်းတရားသီးသန့် ဟောကြား ဖြန့်ဖြူးပေးတဲ့အပြင် ဗုဒ္ဓဘာသာဝင်တွေကို မွတ်ဆလင် စီးပွားရေးတွေကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်တိုက်တွန်းနေကြတဲ့ အစွန်းရောက် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေနဲ့ အလွန်အမင်း အန္တရာယ်များလှတဲ့ အစွန်းရောက် ၉၆၉ လှုပ်ရှားမှုတွေရဲ့ လှုံ့ဆော်ရန်စမှုတွေကြောင့် လွန်ခဲတဲ့ နှစ်နှစ်ကျော်ကတည်းက မြန်မာမွတ်ဆလင်မ်တွေအပေါ် အကြမ်းဖက်မှုတွေဟာ အရှိန်မြင့်လာခဲ့ပါတယ်။

    ၂၀၁၂ က ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်မ်တွေကြားမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၂၀၀ ကျော်လောက် သေကြေစေပြီး ထောင်ပေါင်း များစွာသော လူတွေကို နေရာရွှေ့ပြောင်းစေရတဲ့ ဘာသာရေးနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှု အများစုဟာ အနောက်ပိုင်းရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

    ဇန်န၀ါရီလတုန်းကတော့ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားအုပ်စုတွေ လက်ချက်ကြောင့် အနည်းဆုံး မွတ်ဆလင် ၄၈ ဦး သေဆုံးခဲ့ပြီး ဒူချီရာတန်းရွာက မွတ်ဆလင် အိမ်ခြေ အနည်းဆုံး ၇၀ ဟာ မြန်မာရဲတပ်ဖွဲ့ဝင်တွေရဲ့ မီးတင်ရှို့ခံခဲ့ရပါတယ်။

    ဗုဒ္ဓဘာသာဝင်တွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့တော်က နိုင်ငံတကာ ကူညီရေးလုပ်သားတွေကို တိုက်ခိုက်ခဲ့ပြီး ဒေသခံရဲစခန်းတစ်ခုမှာ ခိုလှုံနေရအောင်လည်း အတင်းအဓမ္မမောင်းထုတ် တိုက်ခိုက်ခဲ့ကြပါသေးတယ်။

    Gianluca Mezzofiore ရေးသားသော Wirathu’s ‘Buddhist Woman Raped’ Facebook Post Stokes Anti-Muslim Violence in Mandalay သတင်းဆောင်းပါးအား ဆွေမွန် မှ ဆီလျော်အောင်ပြန်ဆိုပါသည်။

    Ref : http://www.ibtimes.co.uk/wirathus-buddhist-woman-raped-facebook-post-stokes-anti-muslim-violence-mandalay-1455069

  • လမ်းချော်နေတဲ့ မ,သူတော်တို့ရဲ့ မဟာမိတ်

    ဧပြီ ၁၈၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ-O’Laie Manzu
    Gnanasara-and-Wirathu
    ဗုဒ္ဓမြတ်စွာဘုရားလို့ ထင်ပေါ်လာခဲ့တဲ့ သိဒ္ဓတ္ထ ဂေါတမ မြတ်စွာဘုရားဟာ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ခန့်လောက်က နီပေါ နိုင်ငံမှာ ဖွားမြင်ခဲ့တာပါ။ ဘဝအကြောင်း နားလည်သဘောပေါက်ပြီး ပွင့်လင်းဖြောင့်မှတ်တဲ့ သဗ္ဗညုတ ညဏ်တော် ကို ရရှိခဲ့တဲ့ ဘုရားရှင်လည်းဖြစ်ပါတယ်။ တချိန်က သဗ္ဗေညုတ ညဏ်တော် ရရှိစေဖို့အတွက် ညောင်ပင်ရင်းမှာ ရက်ပေါင်း ၄၀ နေရောညပါ သီတင်းသုံး ကျင့်ကြံအား ထုတ်တော်မူခဲ့ပြီ လောဘ၊ ဒေါသ၊ မောဟ တို့ကနေ လွတ်မြောက်ခဲ့တယ်။ ညဏ်အမြော်အမြင်၊ ဂရုဏာတရား၊ ခွင့်လွတ်သီးခံမှုနဲ့ လွတ်လွတ်လပ်မှုတွေကို တိုးပွားခဲ့တယ်။ သက်တော်ထင်ရှားရှိခဲ့စဉ် ကျန်ရှိတဲ့ ဘုရားရှင်ရဲ့ (၄၅) ဝါ ကာလပတ်လုံး တရားဓမ္မတွေဟောပြောတော်မူခဲ့တယ်။

    ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်လာတဲ့အခါမှာ တချို့သော ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ နောက်လိုက်တွေ၊ ဒါမှမဟုတ် တချို့သော ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓမြတ်စွာဘုရားသွန်သင်ပေးခဲ့တဲ့ တရားဓမ္မတွေဆီက သွေဖီလာခဲ့ကြတယ်။ သူတို့တွေဟာ မကောင်းမှုတွေနဲ့ အကြမ်းဖက်မှုတွေ ဖိတ်ခေါ်သူတွေဖြစ် လာတယ်။ လက်ရှိမှာတော့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ သွန်သင်မှုတွေကို လိုက်နာကျင့်သုံးဆဲဖြစ်တဲ့ အခြားသော အုပ်စုတွေကနေ အုပ်စု နှစ်စု ကွဲထွက်လာခဲ့ပါတယ်။

    တစ်စုကတော့ မြန်မာနိုင်ငံက ထောင်ပေါင်းများစွာသော ရိုဟင်ဂျာ မွတ်စလင်တွေကို နိုင်ထက် စီးနင်းလုပ်ပြီး သွေးစာစာနဲ့ သတ်ဖြတ်နေကြတဲ့ အရှင်ဝီရသူ တို့ရဲ့ ဗုဒ္ဓဘာသာဝင်အုပ်စု တစ်စုဘဲ ဖြစ်တယ်။ နိုင်ငံရေး အရ ရိုဟင်ဂျာတွေ ပြောင်းရွှေ့ခြင်းခံရတဲ့အထိ ဖြစ်လာတာတောင် ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘလ်ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တောင်မှ သူတို့ရဲ့လုပ်ရဲ့တွေအပေါ် မတုန့်ပြန်ရဲလောက်အောင် ပါဘဲ။ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ မွတ်စလင်ထုကြီး တစ်ရပ်လုံးကို နိုင်နှင်းဖို့ကြိုးစားနေတဲ့ ဗုဒ္ဓဘာသာ အကြမ်းဖက်အုပ်စုကြီး အပေါ် ဒေါ်စုကိုယ်တိုင် ထောက်ခံနေ သလားလို့ မေးစရာတွေပေါ်လာ တာတောင်မှ နိုင်ငံအတွင်း သတ်ဖြတ်မှုတွေနဲ့ ပါတ်သက်ပြီး ဒေါ်စု အပေါ် ဝေဖန်မှုတွေကနေ အဟန့်အတားရှိနေသလိုပါဘဲ။

     မြန်မာနိုင်ငံနဲ့ သိရီလင်္ကာနိုင်ငံက ဗုဒ္ဓဘာသာဝင် အကြမ်းဖက်အုပ်စု နှစ်စုရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံခြင်းဟာ သိရီလင်္ကာမှာရှိနေတဲ့ လူနည်းစုတွေအတွက် စိတ်မချမ်းမြေ့ဖွယ်ရာပါဘဲ။ မြန်မာနိုင်ငံမှာဆိုရင် အကြီးအကျယ် ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အချို့အရပ်ဒေသတွေမှာ လူနည်းစုတွေ ပျောက်လုနီးနီး အခြေအနေကို ရောက်ရှိလာနေပါပြီ။ သိရီလင်္ကာမှာကတော့ ဒီလုပ်ရပ်တွေက သိပ်ပြီး မခက်ထန်ပေမယ့် ဒီ မ,သူတော် မဟာမိတ်ကြောင့် အခြေအနေတွေ ဆိုးရွားလာနိုင်ပါတယ်။

    ဒီလိုဘဲ အလားသဏ္ဍန်တူတဲ့ အခြားသော အကြမ်းဖက် တစ်စုကတော့ တမီလ်၊ မွတ်စလင်နဲ့ ခရစ္စယာန် လူနည်းစုတွေအပေါ် အကြမ်းဖက်လှုပ်ရှားမှုတွေ စတင်လာခဲ့တဲ့ သိရီလင်္ကာနိုင်ငံက Bodu Bala Sena (BBS) အဖွဲ့ဘဲ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ လက သိရီလင်္ကာမှာ စိတ်မချမ်းမြေ့စရာ တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကတော့ ထောင်ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို သတ်ဖြတ်ပြီး အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို လုပ်ကိုင်နေတဲ့ ၉၆၉ လှုပ်ရှားမှုရဲ့ ခေါင်းဆောင် အရှင်ဝီရသူကို သိရီလင်္ကာနိုင်ငံသို့ ဖိတ်ခေါ်လိုက်ခြင်းဘဲဖြစ်ပါတယ်။ Time Magazine က “ကြောက်မတ်ဖွယ်ရာ ဗုဒ္ဓဘာသာဝင်မျက်နှာ” လို့ ဝီရသူကို မှန်မှန်ကန်ကန် တင်စားဖော်ပြခဲ့ပါသေးတယ်။

    မြန်မာနိုင်ငံနဲ့ သိရီလင်္ကာနိုင်ငံက ဗုဒ္ဓဘာသာဝင် အကြမ်းဖက်အုပ်စု နှစ်စုရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံခြင်းဟာ သိရီလင်္ကာမှာရှိနေတဲ့ လူနည်းစုတွေအတွက် စိတ်မချမ်းမြေ့ဖွယ်ရာပါဘဲ။ မြန်မာနိုင်ငံမှာဆိုရင် အကြီးအကျယ် ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အချို့အရပ်ဒေသတွေမှာ လူနည်းစုတွေ ပျောက်လုနီးနီး အခြေအနေကို ရောက်ရှိလာနေပါပြီ။ သိရီလင်္ကာမှာကတော့ ဒီလုပ်ရပ်တွေက သိပ်ပြီး မခက်ထန်ပေမယ့် ဒီ မ,သူတော် မဟာမိတ်ကြောင့် အခြေအနေတွေ ဆိုးရွားလာနိုင်ပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay ရဲ့ ထောက်ခံမှုကြောင့် သိရီလင်္ကာရဲ့ ပြည်တွင်းစစ်နဲ့ တမီလ် လူနည်းစုတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု လုပ်ရပ်တွေကို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထက်တန်းရုံးက စတင် စစ်ဆေးမှုတွေပြုလုပ်တဲ့အချိန်မှာ Bodu Bala Sena အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးက “ဒီဟာမကို အရှင်လက်လက် အရည်ခွံခွာ လိမ့်မယ်” လို့ Navi Pillay ကို ကြုံးဝါးဟစ်ကြွေးခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့လမှာ ဝီရသူဆီက အထူးမွေးနေ့လက်ဆောင် လက်ခံရယူဖို့အတွက် မြန်မာပြည်ကို သွားရောက်ခဲ့သူလည်းဖြစ်ပါတယ်။

    ဒီအကြမ်းဖက်နှစ်စုကြောင့် သိရီလင်္ကာရဲ့ လူများစုဖြစ်တဲ့ Sinhalese လူမျိုးတွေက စိုးရိမ်မှုတွေပွားနေရသလို အကြမ်းဖက်မှုတွေကို မြင့်တွေ့ခဲ့ရပြီးဖြစ်တဲ့ လူနည်းစုတွေကလည်း သူတို့ရဲ့လူတွေ၊ ဘာသာရေး အဆောက်အဦးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အန္တရာယ်ပြု ရန်မူမှုတွေနဲ့ ရင်ဆိုင်ကြရမလားဆိုတာ စိတ် အနှောက်အယှက်ဖြစ်နေကြပါတယ်။ အမှန်တကယ်တော့ ဒါဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ သွန်သင်မှုတွေမဟုတ်ပါဘူး။

    မြန်မာပြည်က ရိုဟင်ဂျာတွေ အကြမ်းဖက် သတ်ဖြတ်မှုတွေ ကြုံတွေ့ရသလို မ,သူတော် နှစ်ဖွဲ့ပေါင်းစည်းတဲ့ မဟာမိတ် ကြောင့် သိရီလင်္ကာ ကျွန်းပေါ်က လူနည်းစုတွေလည်း ဒီအဖြစ်မျိုးကြုံတွေ့ကြရမလားလို့ စိုးရိမ်နေကြရပါတယ်။ ဒီလိုသာဆိုရင် မ,သူတော်တွေရဲ့ မဟာမိတ်ကြီးက သိရီလင်္ကာနိုင်ငံအတွက် ဘေးအန္တရာယ်ကြီး ဖိတ်ခေါ်နေ သလိုပါဘဲ။

    မှတ်ချက်။ Tariq A. Al-Maeena ရေးသားပြီး Sri Lanka Guardian မှာဖော်ပြခဲ့တဲ့ An Unholy Alliance of Buddhist Terrorists ဆောင်းပါးကို O’Laie Manzu မှ ဆီလျှော်အောင် ဘာသာပြန်ထားပါတယ်။

  • အမုန်းတရား တိုက်ဖျက်ဖို့ Facebook သုံးကြစို့

    ဧရာဝတီ မှ ကူးယူဖော်ပြပါသည်။
    .ရေးသူ- ငြိမ်းချမ်းအေး

    အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အင်တိုက် အားတိုက် ဆော်သြ ဆောင်ရွက်နေသူ ဆရာတော် အရှင်ဝီရသူက အခု ရခိုင်ပြည် ခရီးစဉ် သံတွဲမှာ စာနယ်ဇင်း သင်တန်း ဖွင့်လှစ် ဆိုတဲ့ သတင်းတပုဒ် ဖတ်လိုက်ရတယ်။
    wirathu-fb

    စာရေးသူ အနေနဲ့ အရှင်ဝီရသူကို အွန်လိုင်း၊ ပုံနှိပ် မီဒီယာများမှာ ဆောင်းပါးများ ရေးသားနေသူ တယောက် အဖြစ် သိထားတယ်။  နိုင်ငံတကာ ရုပ်သံ မီဒီယာ တွေ့ဆုံမေးမြန်းခန်းတွေကနေ အရှင်ဝီရသူ သီတင်းသုံး နေထိုင်ရာ ကျောင်းမှာ လူမှုကွန်ရက်စာမျက်နှာတွေပေါ် စာတွေရေးတင်၊ ဆရာတော်ရဲ့ လှုပ်ရှားမှုတွေကို သတင်းတွေ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ရှိကြောင်း၊ အာဘော် ဆောင်းပါးတွေကို ဆရာတော် ကိုယ်တိုင် ရေးကြောင်း မှတ်သားခဲ့ရဖူးတယ်။

    အရှင်ဝီရသူမှာ စာနယ်ဇင်းနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်အမြင်၊  ဗဟုသုတ၊ အတွေ့အကြုံနဲ့ ပြောစရာတွေ အများကြီး ရှိမယ် ဆိုတာ ခန့်မှန်းနိုင်တယ်။  ဒါပေမယ့် အခုလို စာနယ်ဇင်း သင်တန်းဖွင့် အခြားသူများကို ပြန်လည် ပို့ချနိုင်တဲ့ စာနယ်ဇင်း အတတ်ပညာနဲ့ အရည်အသွေး ရှိ မရှိ ဆိုတာတော့ ဝေဖန် ဆန်းစစ်ရမယ့် ကိစ္စ ဖြစ်တယ်။

    Journalism ဆိုတဲ့ စာနယ်ဇင်း အတတ်ပညာဟာ အသက်မွေးဝမ်းကြောင်းမှု တမျိုး ဖြစ်တယ်။ စနစ်တကျ လေ့လာသင်ယူ ရတဲ့ ပညာရပ် တခု ဖြစ်တယ်။ ဝါသနာအလျောက် လေ့လာလိုက်စားသူများလည်း ရှိနိုင်တယ်။  ဒါပေမယ့် Professional Journalism အသက်မွေးဝမ်းကြောင်း စာနယ်ဇင်း အတတ်ပညာမှာ ကျယ်ပြန့်တဲ့ အကြောင်းအရာ၊ ကဏ္ဍ၊ ကျင့်ဝတ် ပေါင်း မြောက်မြားစွာအတွက် စည်းကမ်းတကျ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ လိုတယ်။  သတင်း ရယူပုံ၊ သတင်း တင်ပြပုံ၊ ရေးသားပုံ၊ နေရာ အထားအသို၊ စာသား၊ ရုပ်သေ/လှုပ်ရှားမှု ရုပ်ပုံ၊ အသံ အသုံးပြုပုံ အစရှိတဲ့ စာနယ်ဇင်း အလုပ် အသီးသီးအတွက် ပညာရပ်ပိုင်းဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်တွေ ရှိတယ်။ စောင့်ထိန်းရမယ့် သီလတွေ ရှိတယ်။  ရဟန်းမှာ ရဟန်းဝိနည်း ရှိသလို စာနယ်ဇင်းသမားများမှာလည်း စာနယ်ဇင်း ကျင့်ဝတ် သီလ ထိန်းသိမ်းရမှုတွေ ရှိတယ်။

    အရှင်ဝီရသူဟာ ရဟန်းဖြစ်တာကြောင့် စာနယ်ဇင်းအလုပ်ကို အသက်မွေးဝမ်းကြောင်း မလုပ်ခဲ့၊ မလုပ်နေဘူး ဆိုတာ ထင်ရှားတယ်။ စနစ်တကျ ကိုယ်ပိုင် လေ့လာဖူးသလား ဆိုတာတော့ မနီးစပ်တဲ့အတွက် အတပ် မပြောနိုင်ပါ။ ဒါပေမယ့် စာနယ်ဇင်း မေးမြန်းခန်းတွေ၊ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွေကနေ သူ့ရဲ့ ပြောဆိုဟောကြားချက်တွေဟာ စာနယ်ဇင်း ကျင့်ဝတ်၊ သီလ၊ တာဝန် ရှုထောင့် ကနေ ဆိုရရင် စံမမီတာ တွေ့နိုင်သလို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ စံသတ်မှတ်ချက် သဘောထားတွေနဲ့ မလျော်ညီတာတွေကိုလည်း တွေ့နိုင်တယ်။

    ဒီလို လူမျိုး ဘာသာ အုပ်စုတခုကို ပုံစံချ သတ်မှတ်မှုဟာ နိုင်ငံတကာ စံနှုန်း၊ ဥပဒေတွေ အရ လူမျိုး/ဘာသာ ခွဲခြားမှု မြောက်ပါတယ်။  ဗမာပြည်သာ ၁၉၆၉ လူမျိုးရေးခွဲခြားမှု ပပျောက်ရေး ညီလာခံ ကို လက်မှတ်ထိုး သဘောတူထားခဲ့ရင် ဥပဒေအရ အရေးတောင် ယူနိုင်တယ်။

    ဥပမာ – ဆရာတော်ကို BBC Jonah Fisher က တွေ့ဆုံ မေးမြန်းရာမှာ လူမျိုး ဘာသာ အုပ်စုတစု မှာ တဦးချင်း သဘော ကောင်းသူ၊ ဆိုးသူ ဒွန်တွဲ ရှိနေမှုကို မရှုမြင်ဘဲ အားလုံး တသမတ်တည်း ပုံသေကားချပ်ချ (Stereotype)၊ အစွဲ နဲ့ ကောက်ချက်ချ (Prejudice) ပြန်ဖြေထားတာ တွေ့ရတယ်။ “မွတ်ဆလင်တွေဟာ အင်အားများလာပြီ ဆိုရင်တော့ ဝံပုလွေတွေ၊ မြေခွေးတွေလိုပဲ အုပ်စုဖွဲ့ပြီး တခြား သတ္တဝါတွေကို အနိုင်ကျင့်တတ်တယ်..။”  (YouTube URL: http://youtu.be/nSihfWY41So တွင် နားဆင်နိုင်ပါတယ်။) ဒီလို လူမျိုး ဘာသာ အုပ်စုတခုကို ပုံစံချ သတ်မှတ်မှုဟာ နိုင်ငံတကာ စံနှုန်း၊ ဥပဒေတွေ အရ လူမျိုး/ဘာသာ ခွဲခြားမှု မြောက်ပါတယ်။  ဗမာပြည်သာ ၁၉၆၉ လူမျိုးရေးခွဲခြားမှု ပပျောက်ရေး ညီလာခံ ကို လက်မှတ်ထိုး သဘောတူထားခဲ့ရင် ဥပဒေအရ အရေးတောင် ယူနိုင်တယ်။

    ဆရာတော် ရဲ့ တရားဝင် Facebook စာမျက်နှာမှာလည်း အနည်းဆုံး အဆင့် အခြား ဘာသာလူမျိုးကွဲ အပေါ် ခေါ်ဝေါ်တဲ့ အသုံးအနှုန်းတွေဟာ တဖက်အုပ်စုက ရင့်သီး၊ စော်ကားတယ်လို့ ခံယူထားတဲ့ အသုံးအနှုန်းတွေကို လှိုင်လှိုင်သုံး သတင်းတွေ တင်ဆက်၊ စာတွေ ရေးသားနေတာ တွေ့ရတယ်။ ဒါ့အပြင် ဆရာတော်ဘုရားရဲ့ တရားပွဲတွေမှာ ဟောကြားနေတဲ့ အသုံးအနှုန်းတွေ၊ သဘောထားတွေကလည်း နိုင်ငံတကာ စံနှုန်းတွေ၊ ဥပဒေတွေအရ ကြည့်ရင် “အမုန်းတရား (Hate Speech)” အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုနိုင်တယ်။

    “ကုလား မှန်သမျှ ဗမာမြင်ရင် ကြောက်လန့်နေရမယ်” ဆိုတဲ့ ဟောပြောမှုမျိုးတွေ အပြင် ဆရာတော် သက်တော် ငယ်ရွယ်ချိန်က ဟောကြားခဲ့တယ်လို့ ယူဆရတဲ့ ရုပ်သံမှတ်တမ်းဟောင်း တခုမှာဆိုရင် “မန္တလေးက မွတ်ဆလင်တွေ နေစရာ၊ စားစရာ မရှိအောင် လုပ်ပြမယ်” ဆိုတဲ့ အဟောမျိုး အထိ ကြားနာခဲ့ရဖူးတယ်။ ဒီလို ဟောပြောမှုမျိုးဟာ တဖက် လူမျိုး ဘာသာ အုပ်စုဝင်တွေကို ကာယကံမြောက် အကြမ်းဖက်မှုမျိုး မပြုသည့်တိုင် ခြိမ်းခြောက်မှုမြောက်နေတာ တွေ့ရတယ်။ အမုန်းတရားပွားမှုကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ တိုင်းပြည်မျိုးသာ ဆိုရင် ဆရာတော်ကို ဥပဒေ အရ အရေးယူနိုင်တယ်။

    ဒီလို သဘော၊ အလုပ်တွေကို ထောက်ချင့်ပြီး ဆရာတော်မှာ နိုင်ငံတကာ စံနှုန်းတွေကို သိနားလည်မှု နည်းကြောင်း၊ မတူကွဲပြားမှုတွေကို သည်းခံ နားလည်နိုင်စွမ်းတဲ့ ယဉ်ကျေးပြီး ၂၁ ရာစု လူသား တဦး စောင့်ထိန်းရမယ့် အသိ၊ ကျင့်ဝတ်တွေကို သိနားလည် လက်ခံမှု နည်းနေကြောင်း၊ သတင်း ဆောင်းပါးများ ရေးသားရာမှာ စောင့်ထိန်းရမယ့် စာနယ်ဇင်း တာဝန်၊ ကျင့်ဝတ်တွေကို လျစ်လျူရှု ပျက်ကွက်နေကြောင်း သုံးသပ်နိုင်တယ်။ ဒီလို နောက်ခံမှာ အခု ဆရာတော်က ပြန် စာနယ်ဇင်း သင်တန်း ပေးမယ် ဆိုနေပြန်တော့ ဘယ်လို သဘောထားတွေ၊ ဘယ်လို စံနှုန်းတွေ သွန်သင် ဟောကြား ပြောဆိုမယ် ဆိုတာကို နိုင်ငံသား တယောက် အနေနဲ့ စိုးရိမ်မိတယ်။

    “ကမ္ဘာကြီး အမှန်ကို သိစေဖို့ Facebook ကိုယ်စီ သုံးကြစို့” ခေါင်းစဉ် နဲ့ အစပြု သံတွဲမြို့၊ သိမ်ကုန်းကျောင်းတိုက်မှာ ဆရာတော် မီဒီယာသင်တန်းပို့ချနေမှု သတင်းဓာတ်ပုံကိုလည်း ကြည့်လိုက်ရတယ်။  ခေတ်သစ် အိုင်တီ နည်းပညာ ကမ္ဘာကြီးမှာ လူထုကြားက လူထုစာနယ်ဇင်းသမားများ ထွန်းကား များပြား၊ လူမှုကွန်ရက်စာမျက်နှာတွေ အသုံးချ လူထု အသံတွေ ထုတ်ဖော်လာခြင်းဟာ ကောင်းမွန်တဲ့ တိုးတက်မှု ဖြစ်တယ်။ ကမ္ဘာမှာ နိုင်ငံရေး အပြောင်းအလဲတွေတောင် လူမှုကွန်ရက်စာမျက်နှာများ ကျေးဇူးမကင်းပါဘူး။

    အခု ဆရာတော်ဘုရားကလည်း စာနယ်ဇင်းမှာ လူထုမီဒီယာ သဘော Facebook ကို အသုံးပြု ကမ္ဘာကြီးကို အမှန်တွေ တင်ပြကြစို့ တိုက်တွန်း သင်ကြားခြင်းကို စာရေးသူအနေနဲ့ အပြည့်အဝ ထောက်ခံ ကြိုဆိုတယ်။  ဆရာတော် တင်ပြတဲ့ “အမှန်” ဆိုတဲ့ အချက်ကို အကြောင်းအရာ အပေါ် ကိုယ်ပိုင် ဆင်ခြင်သုံးသပ်ပြီး စာရေးသူ လက်ခံခြင်း မခံခြင်းက တကဏ္ဍ ဖြစ်တယ်။  ဆရာတော်ရဲ့ မိမိ ယုံကြည်ရာ အမှန်တရားကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် အတွက် စာရေးသူ အနေနဲ့ အသက်နဲ့ရင်းပြီး ကာကွယ်ချင်တဲ့ ဆန္ဒရင်းခံ အမှန်ရှိတယ်။

    ဒါပေမယ့် ဟောပြောမှု၊ သင်ကြားပြသမှုတွေ အားလုံးဟာ လူမျိုး၊ ဘာသာ၊ လူမှု အလွှာ၊ နိုင်ငံရေး အုပ်စု၊ ကျားမ လိင်၊ လိင်တိမ်းညွတ်မှု အစရှိတဲ့ မတူကွဲပြားမှု ရှိတဲ့ အုပ်စု တစုစု ကို ချိုးနှိမ်ခြင်း၊ ခွဲခြားခြင်း၊ ထိခိုက်စေခြင်း၊ အမုန်းပွားစေခြင်း ကင်းဖို့တော့ လိုတယ်။  ဒါမှသာ ခေတ်သစ် ၂၁ ရာစု ယဉ်ကျေးပြီး ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်းနဲ့ ကိုက်ညီတဲ့ လွတ်လပ်စွာ ပြောဆို၊ ဆန္ဒ သဘော ထုတ်ဖော်ခွင့် (Freedom of Expression/ Freedom of Speech) ဖြစ်ပါမယ်။

    လူမျိုး၊ ဘာသာ အုပ်စုတခုခု အပေါ် အမုန်းပွားစေမှု၊ မတူကွဲပြားတဲ့ အုပ်စုများ အကြား အမြင် မကြည်လင်၊ လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်စေ၊ အငြိုးအတေး၊ အာဃာတတွေ တည်ဆောက်၊ အမုန်းတွေ ဖွဲ့၊ ပဋိပက္ခတွေဖြစ်စေမယ့် ပြောဆိုမှုမျိုး မဖြစ်ရင် ဆရာတော် ရဲ့ ရေးသား၊ ဟောကြား၊ ပို့ချချက် အားလုံးကို စာရေးသူအနေနဲ့ လုံးဝ ဘာမှ စောဒက တက်စရာ မရှိပါ။ တဖက် အုပ်စု တခုခုကို မတိုက်ခိုက်၊ ထိခိုက် နစ်နာစေခြင်း မရှိဘဲ လူမှုကွန်ရက် အွန်လိုင်စာမျက်နှာများကို အသုံးချပြီး ဗုဒ္ဓ ရဲ့ တရား၊ ဓမ္မတွေကို ဘုရား သားတော် တပါး အနေနဲ့ ပြန်လည် ဖြန့်ဖြူးခြင်း၊ လူမျိုး၊ ဘာသာ၊ သာသာနာ ဖွံ့ဖြိုးတိုးတက် စည်ပင်အောင် ကြံဆောင်ခြင်း အားလုံးကိုလည်း အပြည့်အဝ လက်ခံတယ်။

    ကမ္ဘာ့ အထင်ရ ဗုဒ္ဓဘာသာ ခေါင်းဆောင် ဘုန်းတော်ကြီး တပါး ဖြစ်တဲ့ ဒလိုင်လားမားမှာ တရားဝင် Facebook နဲ့ Web Page ရှိတယ်။  ဗုဒ္ဓ တရားမြတ်တွေကို ဟောကြား၊ သာသနာပြုနေရင်းနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ဘာသာပေါင်းစုံ ချစ်ကြည်ရေး တွေကို အွန်လိုင်းမီဒီယာ အသုံးချ ကျယ်ကျယ်ပြနြ့်ပန့် ဆောက်ရွက်နေတယ်။  ကမ္ဘာမှာ အခြား ဘာသာကွဲများ အပါအဝင် လူသား သန်းပေါင်းများစွာရဲ့ ကြည်ညို လေးစား ထောက်ခံမှု ရနေတာက သဓကပါ။

    ဗုဒ္ဓ ဘာသာရဲ့ အဓိက လမ်းစဉ်ကြီးဟာ မေတ္တာတရား ပွားများခြင်း ဖြစ်တယ် လို့ စာရေးသူ အနေနဲ့ နှစ်နှစ်ကာကာ ယုံကြည်တယ်။  တနည်းအားဖြင့် ဗုဒ္ဓ လမ်းစဉ်ဟာ သံသရာ မလွတ်မြောက်ခင် စပ်ကြားမှာ လောဘ၊ ဒေါသ၊ မောဟ ကို ကင်းအောင်ထား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားကို ရှုမြင်၊ အမုန်း အာဃာတ တရားတွေကို ချေဖျက်၊ လူသားအချင်းချင်း ချစ်ခြင်း မေတ္တာတည်ဆောက်မှုကိုသာ အဓိက ဇောင်းပေး သင်ကြားပြသတယ်လို့ မှတ်သိခဲ့ရတယ်။  ဒီ သဘောဟာ ခေတ်သစ် လူ့အခွင့်အရေး စံနှုန်း၊ နိုင်ငံတကာ ယဉ်ကျေးမှု အမြင်တွေနဲ့လည်း ကိုက်ညီ၊ ပေမီ ဒေါက်မီပြီး ဖြစ်တယ်။

    ဒါကြောင့် ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ၊ ကုလ မျိုးနွယ်၊ ဇာတိ၊ အသားအရောင် ဆိုတဲ့ တကယ် စစ်မှန်မှု ပရမတ်တရား မဟုတ်တဲ့ ပညတ်ချက်တွေကို ထည့်သွင်း မစဉ်းစားဘဲ ရုပ် နာမ် နှစ်ပါးနဲ့သာ ဖွဲ့စည်း တည်ရှိတဲ့ လူသားအချင်းချင်း မေတ္တာ ပွား၊ အမုန်းတရား လျော့ပါးစေရေး တရား၊ ဗုဒ္ဓ ဝါဒ လမ်းစဉ် အစစ် နဲ့ အညီ ဆိုရင် တရား ဓမ္မ ဟောပြောမှုတွေကို Facebook သုံးပြီး ဖြန့်ခိုင်းတာ ဆရာတော်ကို ထောက်ခံ ကြိုဆိုရပါမယ်။ ဗမာ့ လူ့ အဖွဲ့အစည်း ငြိမ်းချမ်း သာယာ၊ ဖွံ့ဖြိုးတိုးတက် စိတ္တ၊ သုခ နှစ်ဖြာ ချမ်းသာရေး ရည်မျှော် “အမုန်းတရား တိုက်ဖျက်ဖို့ Facebook သုံးကြစို့” လို့တောင် ပြန်လည် ကြွေးကြော်၊ နှိုးဆော်၊ တိုက်တွန်းချင်ကြောင်းပါ ခင်ဗျာ။

    (စာရေးသူ သည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာ သင်ယူခဲ့ပြီး ခေတ္တ နေထိုင်လျက်ရှိကာ အွန်လိုင်း မီဒီယာ များတွင် မျက်မှောက် ရေးရာ နှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။  ဤ စာနှင့် ပတ်သက်၍ ဝေဖန်၊ အကြံပြုလိုသူများ nyeinchanaye81@gmail.com သို့ စာရေးဆက်သွယ်နိုင်သည်။

    မူရင်း Link =>http://burma.irrawaddy.org/opinion/viewpoint/2014/03/20/56506.html