News @ M-Media
Tag: WiraThu
  • ဗမာပြည်က ထကြွသောင်းကျန်းနေသော ဗုဒ္ဓဘာသာဝင်များ၏ ပုံရိပ် (ဘာသာပြန်- စဆုံး)
    မတ် ၁၃၊ ၂၀၁၄
    M-Media
    (The Independent မဂ္ဂဇင်းမှ Kevin McKiernan ၏ Buddhist Rampage in Burmaး Burma’s Brutal Buddhists ဆောင်းပါး မြန်မာ ဘာသာပြန်စဆုံး)
    Burma's Brutal Buddhists
    ကျွန်ုပ် မြန်မာပြည်သို့ရောက်ပြီး ရက်သတ္တအပတ် အနည်းငယ်အကြာ ပြီးခဲ့သည့်လအတွင်း နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဝင်ပြည်သူ့စစ်တို့သည် အမျိုးသမီးနှင့် ကလေးငယ် အများစုပါဝင်သော ရိုဟင်ဂျာ မွတ်စ်လင်မ် အနည်းဆုံး ၄၈ ဦးအား စုပြုံသတ်ဖြတ်ခဲ့ကြသည်ဟု လူ့အခွင့်အရေးဆိုင်ရာ သတင်းများ၌ တင်ပြကြသည်။ ထိုဖြစ်စဉ်မှာ စာနယ်ဇင်းသမားနှင့် လူမှုစာနာ ကယ်ဆယ်ရေး လုပ်သားများကို အကြီးအကျယ် ကန့်သတ်ထားရာ မြန်မာနိုင်ငံ အနောက်ပိုင်း၊ ရခိုင်ပြည်နယ် အတွင်း၌ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။
    ရခိုင်ပြည်နယ်သည် ပြဿနာ အစပြုဒေသဖြစ်သည်။ ၂၀၁၂ ခုနှစ်က ဗုဒ္ဓဘာသာဝင် လူရမ်းကားအုပ်စုတို့သည် မွတ်စ်လင်မ် ၂၀၀ ဦးထက်မနည်း သတ်ဖြတ်လိုက်ကြပြီး ထောင်နှင့်ချီသော အိမ်ခြေများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ အစိုးရပိုင်းမှ ထိန်းချုပ်ကိုင်တွယ်ရမည့်အစား ရဲတပ်ဖွဲ့ဝင်တို့၏ အားဖြည့်ပါဝင်နေခြင်းက ရိုဟင်ဂျာပေါင်း တစ်သိန်းကျော်ကို စစ်တပ်ထိန်းချုပ်သည့် စခန်းများသို့ ရောက်သွားအောင် တွန်းပို့ခဲ့သည်ဟု စာနယ်ဇင်းသမားတို့၏ သတင်းများတွင် တွေ့ရသည်။ ၎င်းတို့မှာ ထိုနေရာများ၌ ယနေ့တိုင်အောင် ရှိနေကြ၏။
    သူတို့သည် အာဏာပိုင်တို့၏ ခွင့်ပြုချက်မရလျှင် ထိမ်းမြားခွင့် မရှိ၊ ရင်သွေးနှစ်ဦးထက် ပိုယူခွင့် မရှိကြ။ ထို့အတူ ရဲနှင့်စစ်တပ်၏ စစ်ဆေးရေးဂိတ်များကို ကျော်လွန်ပြီး သွားလာခွင့် မရကြချေ။ စုပြုံသတ်ဖြတ်မှု၏နောက် ၎င်းအပေါ်စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂမှ မြန်မာနိုင်ငံအား အဆောတလျင် တိုက်တွန်းခဲ့သည်။ သို့သော်လည်း ယခင်အကြမ်းဖက်ဖြစ်စဉ်များ အတိုင်း သတ်ဖြတ်ခြင်းများအတွက် တာဝန်ခံရန် အစိုးရဖက်မှ ငြင်းဆိုကြသည်။
    Kid_Sittwe_camp_t479
    မြန်မာနိုင်ငံ၊ စစ်တွေမြို့အနီးရှိ လူကြပ်သိပ်နေသော နေရပ်စွန့်ခွာပြည်တွင်းဒုက္ခသည်စခန်းတစ်ခု၏ပုံ။ ရိုဟင်ဂျာများမှာ အာဏာပိုင်တို့၏ ခွင့်ပြုချက်မရရှိဘဲ ပြည်တွင်း ခရီးသွားလာခွင့်၊ နှစ်ဦးထက်ပို၍ ရင်သွေးရယူခွင့် မရှိချေ။
    ဗုဒ္ဓဘာသာဝင် ဆိုသော စကားလုံးအား အကြမ်းဖက်မှု၌ အထူးပြုနာမ်စားတစ်ရပ်အဖြစ် အသုံးချလာ လိမ့်မည်ဟူသည်ကို ကျွန်ုပ်သည် ဘယ်သော အခါမျှ မထင်မှတ်ခဲ့ဖူးပါ။
    ယမန်နှစ်နွေရာသီတွင်တော့ တိုင်းမ်မဂ္ဂဇင်း၏ မျက်နှာဖုံးပေါ်ဝယ် “THE FACE OF BUDDHIST TERROR” ခေါင်းစီးစာတန်းဖြင့် နီညိုရောင် သင်္ကန်းဝတ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ဦး၏ ပုံရိပ်မြင်ကွင်းကို တွေ့ရသောအခါ အရာ အားလုံးပြောင်းလဲသွားပါသည်။ ရုန့်ရင်းကြမ်းကြုတ်သော နှစ် ၅၀ ကြာ စစ်အုပ်ချုပ်ရေး အဆုံးသတ်ခြင်း နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းကို အသိအမှတ်ပြုရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံသို့ သမ္မတ ဘားရက် အိုဘားမားက သမိုင်းဝင် ခရီးစဉ်အဖြစ် ရောက်လာခဲ့ပြီး များမကြာမီ ၎င်းမျက်နှာဖုံးဆောင်းပါး ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ပကတိ အနေအထားတွင်မူ နိုင်ငံတွင်း လူမျိုးရေးခွဲခြား အကြမ်းဖက်မှု ကြီးထွားနေခြင်းက ကူးပြောင်းရေးအခင်းအကျင်းကို တားဆီးလျက်ရှိ၏။ အာရှတိုက်၏ နောက်ဆုံးသော နယ်ခြားဈေးကွက်နိုင်ငံထဲတွင် အနောက်တိုင်းကော်ပိုရေးရှင်းတို့၏ ပုံစံတူဖြစ်တည်စေလိုသော အာသာဆန္ဒအား အရှိန်လျော့ကျစေတော့မည်ဖြစ်သည်။
    မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်လူဦးရေ ၉၀ ရာခိုင်နှုန်းခန့်၊ မွတ်စ်လင်မ်များမှာ ၄ ရာခိုင်နှုန်းခန့် ရှိနေကြသည်ဟု ဆိုသည်။ တိုင်းရင်းသားအုပ်စုကွဲ အနည်းဆုံး ၁၃၅ မျိုးရှိပြီး၊ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာပဋိပက္ခများလည်း ရှည်လျားသည့်ရာဇ၀င်နှင့်တစ်ကွ ရှိနေသည်။ ၁၉၄၈ ခုနှစ်တွင် ဒီမိုကရက်တစ်နိုင်ငံ တစ်ခုအဖြစ် တည်ထောင်သော်လည်း ၁၉၆၂ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းခြင်းကိုခံရပြီး ၂၀၁၀ ခုနှစ်တိုင်အောင် အာဏာရှင် စံနစ်အောက်၌ တည်ရှိနေခဲ့သည်။ ၎င်းနောက် စစ်အစိုးရသည် တင်းမာမှုလမ်းကြောင်းမှခွဲထွက်လာပြီး
    နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် အတူ ရွေးကောက်ပွဲ ကျင်းပ ခွင့်ပြုမည်၊ တရားဝင် အရပ်သားအစိုးရ လမ်းကြောင်းသို့ ဦးတည်မည်ဟု ကြေငြာသည်။ ပြုပြင်ပြောင်းလဲမှုများ အနက် မိမိ၏နေအိမ်၌ ၁၅ နှစ်မျှ အကျယ်ချုပ်ခံရသော ထင်ရှားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နာမည်ကြီး အင်းစိန် အကျဉ်းထောင်မှ လူ့အခွင့်အရေး လှုပ်ရှားသူများကို လွတ်မြောက်ခွင့်ပေးခြင်းလည်း ပါဝင်သည်။ စစ်တပ် ထိန်းချုပ်မှုဖြေလျှော့လိုက်ခြင်းက နိုင်ငံတကာ ပိတ်ဆို့မှုများကို တမဟုတ်ချင်း ရုပ်သိမ်းစေလိုက်သည်။ သို့သော် နောက်ဆက်တွဲအားဖြင့် ဗုဒ္ဓဘာသာဝင်နှင့် မွတ်စ်လင်မ်တို့ အကြား အဓိပ္ပာယ်မဲ့ လူမျိုးခွဲခြားအကြမ်းဖက်မှု တစ်ရပ်ရုတ်ခြည်းထွက်ပေါ်လာ၏။
    ယမန်နှစ်က ကျွန်ုပ်ရောက်ရှိသော ဗမာပြည်၌ ရွှေရောင်စေတီဘုရားများ၊ ရှေးဟောင်းကျောင်းဂန်များ ထောင်နှင့်ချီပြီး ရှိနေ၏။ ၁၉၈၉ ခုနှစ် စစ်အစိုးရမှ မြန်မာဟု အမည်ပြောင်းလဲသော်လည်း အနောက်တိုင်းနိုင်ငံများစွာကမူ ဗမာ – Burma ဟု ခေါ်ဆိုနေဆဲဖြစ်သည်။ ကျွန်ုပ်သည် တရုတ်နှင့်ဗီယက်နမ်မှ သတင်းများရေးသားပေးပို့နေသော်လည်း မြန်မာပြည်သည် အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းရှိ တက္ကဆက်ကဲ့သို့ မြေလွတ်မြေရိုင်းကြွယ်ဝသည့်နိုင်ငံ တစ်ခုဖြစ်မှန်း မသိခဲ့ရပါ။
    သမ္မတ အိုဘားမားအတွက် ဤနိုင်ငံအား မိတ်သဟာယသစ်ဖွဲ့ရန် အဘယ်အကြောင်းက တွန်းအားပေးသနည်း၊ ကျွန်ုပ်၏အမိမြေအတွက် နိုင်ငံရေးအရ မည်သည့်အကျိုးရှိနိုင်မည်နည်းဟူသည်ကို ကျွန်ုပ် နားမလည်ခဲ့သည်မှာ အမှန်ပင်။ အိုဘားမား၏အထက်ဆက်သမ္မတတို့သည် တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ အာဖဂန်နစ္စတန် နှင့် အီရတ်၌ အရှုံးပေါ်ခဲ့ခြင်းကြောင့် အရောင်ကပ်ခံရပြီးလေပြီ။ အိုဘားမားသည် နိုင်ငံရေးမူဝါဒမျက်နှာစာ၌ အသာစီးရရေးလိုအပ်ချက်အရ ပြုလုပ်ခဲ့သည်ဟု ကျွန်ုပ် ထင်မြင်ခဲ့မိသဖြင့် စိတ်ဝင်တစား စောင့်ကြည့်ခဲ့ပါသည်။
    အလည်အပတ်ခရီးစဉ်ပြီးနောက် သမ္မတအိုဘားမားသည် စီးပွားရေးဒဏ်ခံပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သည်။ ယင်းဒဏ်ခတ် ပိတ်ဆို့မှုများက မြန်မာပြည်အား ဆယ်စုနှ စ်များစွာ စောင့်ကြည့်နယ်မြေအဖြစ် အထီးကျန်စေခဲ့ပြီးဖြစ်သည်။ ဤအဖြစ်အပျက်များသည် ကံဆိုးလှစွာသော ရိုဟင်ဂျာတို့အပေါ် အဘယ်ကဲ့သို့ သြဇာသက်ရောက်ရိုက်ခတ်စေသနည်း ဟူသည်ကို ကျွန်ုပ် အံအားတသင့် ဖြစ်ရပေသည်။ ထိုသူတို့အား “ကမ္ဘာ့အညှင်းပန်းခံရဆုံး လူနည်းစုဝင်များ ” အဖြစ် ကုလသမဂ္ဂမှ ခေါ်ဆိုထားသည်။ ထိုသူတို့သည် နည်းပင်နည်းငြား ၎င်းတို့၏ ၀မ်းနည်းဖွယ်ဇာတ်လမ်းကို အိုဘားမား၏အထက်ဆက်အတွင်း၌ အရေးတယူ ပြုခဲ့ပါ၏လော ? သို့တည်းမဟုတ် ရိုဟင်ဂျာတို့သည် အကြီးစားဇာတ်အိမ်တစ်ခုရှိ အရံဇာတ်ဝင်ခန်းတစ်ခုပေလော ?
    မြန်မာစစ်ဗိုလ်ချုပ်များမှ ၁၉၈၂ ခုနှစ်တွင် နိုင်ငံသား ဥပဒေကို ပြန်လည်ရေးသားသည့်အခါ ရိုဟင်ဂျာတို့သည် နိုင်ငံသား အဖြစ်မှ ပယ်ဖျက် ခံလိုက်ရသည်။ အရှေ့အလယ်ပိုင်းပေါ်ရှိသည့် စိတ်ဝင်စားမှုကို ပစိဖိတ်ဒေသတွင်း တရုတ် လွှမ်းမိုးမှုဖက်သို့ အာရုံလွှဲလိုက်သော အိုဘားမား၏
    “အာရှရေးရာပဲ့ကိုင်ခြင်း”နှင့် တွဲစပ်နေသည့် ကစားကွက်တစ်ခုလေလော ?
    Sittwe-camp-2
    လွန်ခဲ့သော နှစ်နှစ်မှစ၍ လူ့မျိုးနွယ်ရှင်း ထုတ်ရေးကြောင့် မြန်မာပြည်ရှိ ရိုဟင်ဂျာ လူမျိုး သိန်းဂဏန်းထိ အတိဒုက္ခရောက်နေကြသည်။
    မြန်မာပြည်မှ ဇာတ်လမ်းဇာတ်ကွက်များ
    စွတ်စိုထိုင်းမှိုင်းသည့် နံနက်ခင်းတစ်ခုတွင် ကျွန်ုပ် ရန်ကုန်မြေသို့ ခြေချခဲ့ပါသည်။ ဤခရီးစဉ်မတိုင်မီ လူ့အခွင့်အရေး ကျွမ်းကျင်သူများ၏ ဦးဆောင်သူ တစ်ဦးဖြစ်သော ဘီလ် ဒေးဗစ် Bill Davis က ကရင်းမ် အမည်ရှိ ရိုဟင်ဂျာလုပ်ငန်းရှင် တစ်ဦးအကြောင်း ပြောပြသည်။ ၎င်း ကရင်းမ်(အမည်လွဲ)သည် ခရီးသွားလာခွင့် ကန့်သတ်ပိတ်ဆို့မှု မချမှတ်မှီက ရန်ကုန်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်၏။ ထို့အပြင် မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့၌ အကြမ်းဖက် အုပ်စုမှ ဒါဇင်နှင့်ချီသော မွတ်စ်လင်မ်တို့အား စုပြုံ သတ်ဖြတ်ခြင်းနှင့်တစ်ကွ လူပေါင်း တစ်သောင်း သုံးထောင် အိုးအိမ်မဲ့ဖြစ်သွားခြင်း အကြောင်း၊ မွတ်စ်လင်မ် လုပ်ငန်းရှင် တစ်ဦးနှင့် ဗုဒ္ဓဘာသာဝင် တစ်ဦး၏ ရွှေအရောင်းအ၀ယ် အချင်းများမှုမှ ဥပဒေမဲ့ထင်ရာစိုင်း လုပ်ရပ်များ ပေါ်ထွက်လာခြင်း အကြောင်း၊ မြို့နေရာအများအပြားမှာ ဗုဒ္ဓဘာသာဝင်တို့၏ မီးတင်ရှို့မှုခံရကြောင်း၊ ၎င်းတို့ လက်ချက်ဖြင့် သေဆုံးသွားသူများကို ပြောင်ပြောင်တင်းတင်း မီးရှို့ဖျက်ဆီးခြင်း အကြောင်း၊ ယင်းအမှုများရှေ့မှောက်၌လည်း ရဲတပ်ဖွဲ့ဝင်များက ရပ်ကြည့်လျက်သာ ရှိခဲ့ကြောင်း၊ လူစုလူအုပ်များက “ ကုလားတွေကို သတ်ကြ ” ဟု အော်ဟစ်နေကြကြောင်း၊ ကုလားဟူသည်မှာ နိုင်ငံခြားသားတို့ကို လူမျိုးရေးဆိုင်ရာ ချိုးနှိမ်ခေါ်ဆိုသည့်အသုံးအနှုန်းတစ်ခုဖြစ်ကြောင်း၊ စင်စစ်အားဖြင့် အကြမ်းဖက်ခံမိသားစုများစွာမှာ ယင်းဒေသအတွင်း မျိုးဆက်အလီလီ နေထိုင်လာသူများသာဖြစ်ကြောင်း၊ သူ၏ အဆိုပါအဆက်အသွယ်က ကျွန်ုပ်အား တစ်စစီဖျက်ဆီးခံရသည့် ဗလီဝတ်ကျောင်းနှင့် စာသင်ကျောင်းမြင်ကွင်းကို ခေါ်ဆောင်ပြသနိုင်ကောင်းမည် ဖြစ်ကြောင်း Davis က ပြောပါသည်။
    ကျွန်ုပ်အား လေဆိပ်၌ တွေ့ဆုံရန် စီစဉ်ထားသော်လည်း လမ်းကြောပိတ်ဆို့မှု အခက်အခဲများကြောင့် ကရင်းမ်က လေဆိပ် အငှားယာဉ်ဖြင့် လာရောက်ရန် အကြံပြုခဲ့သည်။
    ကျွန်ုပ်ရန်ကုန်ရောက်ရှိပြီး တစ်နာရီမျှကြာသော် ကိုလိုနီခေတ်က Queen’s Park Hotel ဟုခေါ်တွင်ခဲ့သည့် ဟိုတယ်၌ စတည်းချသည်။ များမကြာမီ ကျွန်ုပ် အဆက်အသွယ်ပြုထားသော ကရင်းမ် အမည်ရှိ အသက်သုံးဆယ်ကျော် အမျိုးသား တစ်ဦးသည် သူ့အရွယ်နှင့်တင့်တယ်စွာ ၀တ်စားဆင်ယင်လျက် ဟိုတယ် ခန်းမသို့ ရောက်လာသည်။ ဟိုတယ်နှင့် အလှမ်းမဝေးသောနေရာတွင် မြန်မာ့ရိုးရာ အစားအစာဖြင့် နံနက်စာ စားသောက်ကြသည်။ ၎င်းနောက် သူသည် ကျွန်ုပ်ကို မိတ္ထီလာသို့ ခေါ်ဆောင် မသွားနိုင်ကြောင်း၊ အန္တရာယ်များကြောင်း၊ ကူညီ လိုလှပါသော်လည်း နောက်ခံ သတင်း အချက်အလက် ကိုသာပေးနိုင်ကြောင်း အနှူးအညွတ်ဆိုပါသည်။ “ ကျွန်တော့်ဆီမှာ သမီးငယ်သုံးဦး ရှိနေပါတယ် ” ဟု တိမ်ဝင်သော အသံနှင့် ပြောရှာသည်။
    ယမန်နှစ်ဆောင်းဦးကာလ ကျွန်ုပ်၏ခရီးစဉ်အတွင်း ဘင်္ဂလားပင်လယ်အော်မှ တဆင့် ရခိုင်ပြည်နယ်ကိုဖြတ်၍ တရုတ်နယ်စပ်သို့ သွယ်တန်းသော မိုင်တစ်ထောင်ကျော် အရှည် ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ပို့ပိုက်လိုင်း တည်ဆောက်ပြီးစီးခဲ့သည်။ ၎င်းနောက် တရုတ်နယ်စပ်မှသည် ရခိုင် ကမ်းမြှောင်ဒေသမြို့များထံသို့ ရထားလမ်း တစ်ခုကိုလည်း ဘေဂျင်းမှ ဆက်လက်ဖောက်လုပ်သည်။ ဤသည်မှာ တရုတ်ထုတ်ကုန်များအတွက် အိန္ဒိယသမုဒ္ဒရာသို့ အမြန်ဆုံးရောက်ရှိစေသော လမ်းကြောင်းဖြစ်နေသည်။ Coca-Cola ၊ General Electric နှင့် Ford အပါအ၀င် အမေရိကန်ကုမ္ပဏီ အများအပြားသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်ဟု ကြေငြာထားပြီးဖြစ်သည်။ အချို့မှာ ရန်ကုန်၌ အရောင်း ကိုယ်စားလှယ်များ ကိုပင် ခေါ်ယူထားကြသည်။
    စစ်အုပ်ချုပ်ရေးခေတ်လွန် ကမ္ဘာလှည့် ခရီးသွားလှိုင်းလုံးသည် အကြီးစားဈေးကွက် အနေအထားအနက် အပါအ၀င် တစ်ခုဖြစ်သည်သာမက လုပ်ငန်းရှင် များစွာကလည်း ဘင်္ဂလားပင်လယ်အော် သယံဇာတများအပေါ် မျက်စေ့ကျလျက်ရှိသလို မြေယာ အရောင်းအ၀ယ်ဈေးကွက်သည်လည်း ထိုးတက်လျက် ရှိနေပေသည်။
    မြန်မာနိုင်ငံသည် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို ကြုံတွေ့လာကြောင်း၊ အကောင်းဆုံးအဖြေ မထွက်နိုင်သေးကြောင်း ကျွန်ုပ် သိထားပါသည်။ အင်အားကြီးစာရင်းဝင်ဖြစ်နေသော မြန်မာစစ်တပ်သည် တရုတ်နှင့်ထိုင်းနယ်စပ်ရှိ တိုင်းရင်းအုပ်စုများနှင့် နှစ်ပေါင်း ၆၀ မျှ တိုက်ပွဲဖြစ်လာခဲ့သည်။ သူပုန်ဟုဆိုသော ထိုသူတို့မှာ မွတ်စ်လင်မ်အုပ်စုများ မဟုတ်ကြ။ မြန်မာပိုင်နက်နယ်စပ်ဒေသများမှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ (ကမ္ဘာ့ အကောင်းဆုံးကျောက်စိမ်း နှင့် ကမ္ဘာ့ ပတ္တမြား၏ ၉၀ ရာခိုင်နှုန်းအပါအ၀င်) အဖိုးတန်ကျောက်မျက်များ ကြွယ်ဝများပြားသလို မြန်မာစစ်တပ်သည် ယင်း အကျိုးအမြတ်တို့ကို ရရှိခံစားနေကြသည်ကို ကျွန်ုပ်သိရှိပါ၏။ ဘိန်းဖြူကို အမေရိကန်သို့ အဓိကတင်ပို့သည့် မြန်မာ့ရွှေတြိဂံဒေသရှိ မူးယစ်ဆေးဝါးထုတ်လုပ်မှုမှ အစိုးရဖက်ယိမ်း စစ်အုပ်စုများသည် အကျိုး အမြတ်ကြီးစွာဖြစ်ထွန်းကြောင်း ခိုင်မာသောအထောက်အထားများလည်း ရှိနေပေသည်။
    စစ်တွေ
    ရိုဟင်ဂျာများမှာ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်ဘာသာစကားရှိသော လူနည်းစုဝင် တိုင်းရင်းလူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ထိုသူများမှာ ဆော်ဒီအာရေဗျမှ မလေးရှားအထိ နိုင်ငံပေါင်း ၆ ခုထက်မနည်း ပြန့်နှံ့လျက်ရှိသည်။ အများစုဖြစ်သော လူဦးရေ ၁.၂ သန်းကို မြန်မာနိုင်ငံ၌ တွေ့နိုင်သည်။ အဓိကအားဖြင့် ရခိုင်ပြည်နယ်အတွင်းတွင် ရှိနေကြသည်။ ၂၀၁၂ ခုနှစ်တိုက်ခိုက်မှုများအလွန်တွင် သောင်းနှင့်ချီသော ရိုဟင်ဂျာမွတ်စ်လင်မ်တို့မှာ “မိမိကိုယ်ကို ခုခံကာကွယ်မှု” အတွက် ပိတ်လှောင်ခံထားရသည်။
    စစ်တွေမြို့သည် နိုင်ငံ့အခြားဒေသများနှင့် ကုန်းတွင်းပိုင်းတောင်စွယ်တောင်တန်းများဖြင့် ပိုင်းခြားခံထားရ သလို ဖြစ်နေပြီး အလွယ်တကူ လမ်းမပေါက်သော မြို့တစ်မြို့ဖြစ်သည်။ ရခိုင်ပြည်နယ်သည် ၁၇၈၄ ခုနှစ်မတိုင်မီ လွတ်လပ်သောတိုင်းပြည်တစ်ခု ဖြစ်ခဲ့သည်။ ရွှေရောင်လွှမ်းသော ထိုကာလများတွင် ဥရောပခရီးသွားတို့မှ “အရှေ့တိုင်းက ဗင်းနစ်” ဟု ခေါ်ဆိုခဲ့ကြသော ကမ်းမြှောင်ဒေသတိုင်းပြည်တစ်ခုဖြစ်သည်။ ယနေ့တိုင် အချို့ဒေသများဝယ် ရိုဟင်ဂျာတို့သည် ဗုဒ္ဓဘာသာဝင်များထက် လူဦးရေသာလွန် များပြားနေလင့် ကစား ရခိုင်လူမျိုးတို့ကမူ စပိန်နိုင်ငံရှိ ကိုယ့်ဖက်ကိုယ်ယက်သည့် လူမျိုးများ ကဲ့သို့ မိမိကိုယ်ကို သီးခြား တည်ရှိလာသော ရှေးဟောင်းလူမျိုး အင်အားစုကြီးအဖြစ် ခံယူထားဆဲဖြစ်နေကြ၏။
    ကရင်းမ်၏ မွေးရပ်မြေနှင့် ရခိုင်ပြည်နယ်မြို့တော်ဖြစ်သည့် စစ်တွေမြို့သို့ ကျွန်ုပ်သည် လေယာဉ် ခရီးစဉ်ဖြင့် ရောက်ရှိသည်။ ၎င်းမှာ လူဦးရေ နှစ်သိန်းရှိ ကျွန်းမြို့လေး တစ်မြို့ဖြစ်ကာ ပတ်လည် ၀ိုင်းရံနေသောမြစ်ချောင်းများက ပင်လယ်အော်တွင်းသို့ စီးဝင်နေကြသည်။ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ ကာလအတွင်း ၁၈၂၅ ခုနှစ်တွင် ဗြိတိသျှတို့ ၀င်ရောက်ခြေချသည်။ ထိုစဉ်ကတည်းက မွတ်စ်လင်မ် လူဦးရေ ထူထပ်နေသော်လည်း ယင်းဒေသကို ဗုဒ္ဓ၀ါဒစတင် ထွန်းကာလာရာဒေသအဖြစ် သတ်မှတ်လျက်ရှိကြသည်။
    မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှု၏ ထင်ရှားသောခေါင်းဆောင်တစ်ဦး နှင့် ရှေးရိုးထေရ၀ါဒ လမ်းစဉ်ကျင့်သုံးသူ မွန်ဘုန်းတော်ကြီး ဆရာတော် ဦးဥတ္တမသည် အစာငတ်ခံ ဆန္ဒပြ၍ ၁၉၃၉ ခုနှစ်တွင် ဗြိတိသျှအကျဉ်းထောင်ထဲ၌ ပျံလွန်တော်မူခဲ့သည်။ ၂၀၀၇ ခုနှစ်တွင်လည်း စစ်အစိုးရကို အာခံ၍ စစ်တွေ သံဃာတော်များမှ ရွှေဝါရောင်တော်လှန်ရေးကို ဆင်နွှဲရာမှ နိုင်ငံအနှံ့ ကူးစက်သွားသည်။ သို့သော် ရက်စက်ကြမ်းတမ်းစွာ နှိမ်နှင်းခံခဲ့ရသည်။
    ၂၀၁၂ ခုနှစ်တွင် ပထမဆုံးလူမျိုးရေးအကြမ်းဖက်မှု ကျယ်ကျယ်ပြန့်ပြန့် ပွင့်အံလာသည်။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်လိုက်သည် ဆိုသော မွတ်စ်လင်မ် သုံးဦးအား ချက်ခြင်းပင် သေဒဏ် ချမှတ်လိုက်သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ထပ်မံပွင့်ထွက်လာပြီး ဆူပူသောင်းကျန်းသော လူစုများက မွတ်စ်လင်မ်ရပ်ကွက် အောင်မင်္ဂလာအား ရှင်းလင်းကာ အိမ်ခြေအများအပြားကို မီးလောင် တိုက်သွင်းခဲ့ကြသည်။ နှစ်ဖက်ပေါက်ကွဲ အကြား ရိုဟင်ဂျာမွတ်စ်လင်မ် ၂၄၀ ဦးထက်မနည်း သတ်ဖြတ်ခံရပြီး လူပေါင်း တစ်သိန်းလေးသောင်းခန့်မှာ စစ်တွေမြို့အနီး ဒုက္ခသည် စခန်းများ၌ ပိတ်လှောင်ခံလိုက် ရသည်။ ထောင်နှင့်ချီသော ရိုဟင်ဂျာတို့က နိုင်ငံစွန့် ထွက်ပြေးနိုင်ရန် ကြိုးစားခဲ့ကြသည်။
    အောင်မင်္ဂလာရပ်ကွက်တွင်း ၀င်ကြည့်နိုင်အောင် ကြိုးစားရာ၌ ရဲကင်းတစ်ခုက ကျွန်ုပ်အား လှည့်ပြန်စေခဲ့သည်။ နောက်တစ်နေ့တွင် ပင်လယ်ပြင်နှင့် မဝေးလွန်းလှသည့် စခန်းတစ်ခုသို့ပို့ဆောင်ပေးနိုင်သည့် လူတစ်ဦးကို ကျွန်ုပ်မှ ငှားရမ်းသည်။ ထိုနေရာတွင် နူးရ်အလီ အမည်ရှိ အသက် ၃၀ ကျော် ရိုဟင်ဂျာအမျိုးသား တစ်ဦးနှင့် ဆုံစည်းခဲ့သည်။ သူဝတ်ဆင်ထားသည့် အဖြူရောင်တီရှပ်လေးမှာ ဟောင်းမြင်းစုတ်ချာနေပေပြီ။ အလီသည် ကျွန်ုပ်အား ခါတော်မှီ ပစ်စလက်ခတ်သင်္ချိုင်းတစ်ခုသို့ ခေါ်ဆောင်သွားကာ လတ်ဆတ်နေဆဲ မြေစုမြေပုံများကို ပြသပါသည်။ ၎င်းမှာ စုပြုံမြှုပ်နှံမှုနေရာတည်း။ စကားပြန်မှတဆင့် သူက ပြောပြခဲ့သည်။ ထိုနေ့မတိုင်မီက ရဲတပ်ဖွဲ့ဝင်တို့သည် ထရပ်ကားကြီးတစ်စင်းဖြင့် ညပိုင်းတွင် ရောက်ရှိလာကြောင်း၊ မည်သည့် ရှင်းလင်းပြောကြားမှု မရှိဘဲ အမျိုးသား၊ အမျိုးသမီး နှင့် ကလေးငယ်များပါဝင်သော ရုပ်အလောင်း ၅၈ ဦး ကားပေါ်မှ အောက်သို့ပစ်ချခဲ့ကြောင်း၊ ထိုရုပ်အလောင်းများက ဟိုတစ်စဒီတစ်စ ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ မည်သူမည်ဝါမှန်း မမှတ်မိနိုင်တော့ကြောင်း၊ အခြားစခန်းတစ်ခုမှ လူများ ဖြစ်နိုင်ဖွယ်ရှိကြောင်း၊ ထိုကိစ္စနှင့်စပ်လျဉ်း၍ ပဟေဠိဖြစ်နေရကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက မည်သည့်ပြောဆိုဖြေကြားမှုမပြုသဖြင့် ဤအရေးကို ထုတ်ဖော်ပြောဆိုရန် လူတိုင်းက ကြောက်ရွံ့ တုန်လှုပ်နေကြောင်း ဆိုပါသည်။ ၎င်းနောက် အလီက မြေပုံဟောင်းတစ်ခုထံသို့ ခေါ်ဆောင်သွားပြီး “ ကျွန်တော့်ဇနီးကို ဒီနေရာမှာ မြှုပ်နှံခဲ့တာပါ ” ဟု ပြောပြပါသည်။
    ကျွန်ုပ်တို့မှာ အတန်ကြာမျှ မှင်သက်နေမိကြသည်။ ထို့နောက် မိုးရာသီကုန်ဆုံးလုအချိန် စိမ်းစိုနှူးညံ့သော စိုက်ကွင်းကျယ်ကြီးကို ဖြတ်လျှောက်လျက် သူ၏ဇာတ်လမ်းကို ကျွန်ုပ်အား အောက်ပါအတိုင်း ရိုးစင်းစွာ ပြောပြခဲ့ပေသည်။
    “ ကျွန်တော်တို့ (စစ်တွေက လူ့အဖွဲ့အစည်းအားလုံး)ဟာ သင့်သင့်မြတ်မြတ် နေထိုင်လာကြတာပါ။ တစ်နေ့မှာတော့ သံဃာတွေက ဒါမင်းတို့မြေ မင်းတို့နိုင်ငံ မဟုတ်ဘူးလို့ ပြောဆိုပြီး ကျွန်တော်တို့ကို ရွာကနေ အဓမ္မထွက်ခွာစေပါတယ်။ အိမ်နီးချင်း ဗုဒ္ဓဘာသာဝင်ခေါင်းဆောင်တစ်ဦးက သူတို့နဲ့ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ရွာကနေ ခွာကိုခွာရတော့မယ်လို့ သိလိုက်ရပါတယ်။ မွတ်စ်လင်မ်ရပ်ကွက်တစ်ခုလုံးက ထိန်းမနိုင်သိမ်းမရ အုတ်အော်သောင်းနင်း ဖြစ်သွားကြတယ်။ အဲ့ဒီ ပရမ်းပတာရှုပ်ထွေးမှုကြားမှာ ကျွန်တော့်ဇနီး၊ သုံးနှစ်အရွယ်သားလေးနဲ့ ကွဲကွာသွားတယ်။ သူတို့ဟာ မြစ်တစ်ခုကို ဖြတ်ကျော်ကြရတယ်။ ဒါပေမယ့် ရေစီးသန်လွန်းနေတယ်။ သူတို့ ရေနစ်ရတယ်လေ။ နောက်ဆုံးမှာတော့ ဇနီးရဲ့အလောင်းကိုသာ ပြန်ရှာတွေ့ခဲ့ရပါတယ် ”။
    ညဖက်၌ ကျွန်ုပ် တည်းခိုသည့် ပင်လယ်ကမ်းခြေနားနေစခန်းဝယ် အတွေးပွားနေမိပါတော့သည်။ မြန်မာပြည်ကို ကမ္ဘာလှည့် ခရီးသည်များစခန်း တစ်ခုအဖြစ် အသွင်ပြောင်းရန် စွန့်ဦး လုပ်ငန်းရှင်များက မျှော်လင့်ထားကြပုံ၊ အလီနှင့်တစ်ကွ စခန်းထဲရှိအခြားသူများအကြောင်း၊ သူတို့သည် အသံဗလံများ မရောက်နိုင်သည့် ဝေးသီခေါင်ဖျား ဥပဒေမဲ့နေရာ တစ်ခုရှိ ဦးတည်ရာမဲ့ကြုံရာ ကျပန်းလူသားများသဖွယ်ဖြစ်နေကြောင်း၊ အများသွားလာနေသည့် မြေပြင်မှခွာ၍ ဝေးကွာသော အရပ်ဆီသို့ အသံတိုးညှင်းသထက် တိုးညှင်းကာ မျောပါသွားတော့သယောင် …… စသည်ဖြင့်။
    Noor-Ali_dead-wife-and-baby
    ဗုဒ္ဓဘာသာဝင်လူအုပ်မှ မီးတင်ရှို့စဉ် အလွတ်ရုန်းထွက်ပြေးခဲ့သော နူးရ်အလီ။ ထိုစဉ်က ရဲတပ်ဖွဲ့ဝင်များ ရပ်ကြည့်နေခဲ့ပြီး၊ သူ၏ဇနီးနှင့် သုံးနှစ်အရွယ်သားလေးတို့မှာ အသက်ဘေးအတွက် မြစ်ချောင်းတစ်ခုကို ဖြတ်ကျော်ရင်း နစ်မြှုပ်ခဲ့ရသည်။
    မျိုးနွယ်စုရှင်းလင်းရေးမှ လွတ်မြောက်ရန် ပင်လယ်ပြင်နှင့်မိတ်ဖွဲ့ခြင်း
    ဒုက္ခသည်စခန်းတစ်ခုမှ ကိုက် ၁၀၀ ခန့်အကွာ ဘင်္ဂလားပင်လယ်ဝတွင် ရိုဟင်ဂျာငါးဖမ်းလှေများကို ကျွန်ုပ် တွေ့ရ၏။ ယင်းလှေငယ် အုပ်စုများတွင် ရေမြုပ်နေပြီး ဆေးရောင် ကင်းမဲ့ခြောက်သွေ့သော သစ်သားလှေငယ်များ ၄၀ ခန့်ရှိသည်။ ရေမျက်နှာပြင်အထက်တွင် ပွနေသည့်ပျဉ်ခင်းများ အကြား အက်ကြောင်းများကို တွေ့နိုင်သည်။ စိမ့်ဝင်လာသည့်ရေများကို မနေမနားစုတ်ထုတ်နေသော အသံသဲ့သဲ့ကိုလည်း ကြားရပေမည်။ လှေငယ်များမှာ ပူးကပ်စီတန်းထားသော ပျဉ်ချပ်များသဖွယ်ဖြစ်လျက် ပင်လယ်သင်္ချိုင်းတစ်ခုအလား ခံစားရစေသည်။
    ရေပြင်အနီး ရွှံ့ကမ်းပါးပေါ်တွင် ရိုဟင်ဂျာများစွာက လှေငယ်တစ်စင်းအား ပြန်လည်တည်ဆောက်နေကြ၏။ ပေ ၄၀ ခန့်ရှည်လျားသော သင်္ဘောကိုယ်ထည်မှာ အရိုးစုကြီးတစ်ခုအလား ထင်မြင်ရသည်။ အမျိုးသားတစ်ဦးက တူတစ်ချောင်းကို သံချေးတက်သံချောင်းများဖြင့် တူခေါင်းတပ်ဆင်နိုင်ရန် အလုပ်ရှုပ်လျက်ရှိသည်။ ဆားဓာတ်သည် သံထည်အားလုံးကို အလျင်အမြန် တိုက်စားနိုင်ရကား အနောက်တိုင်း သစ်ထွင်းလှေ တည်ဆောက်သူတို့သည် ကြေးနီနှင့် သံချေးမတက်နိုင်သော စတီးလ်ပစ္စည်းများကိုသာ အသုံးပြုကြကြောင်း ကျွန်ုပ် သတိရနေမိပေသည်။
    DSC05490
    နိုင်ငံ့လူဦးရေ ၉၀ ရာခိုင်နှုန်းရှိ လူများစုဗုဒ္ဓဘာသာဝင်တို့၏ မျိုးဖြုတ်ရှင်းလင်းရေးကြောင့် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စ်လင်မ် တစ်သိန်းလေးသောင်းကျော် အိုးအိမ်မဲ့ဘ၀ ရောက်နေရသည်။
    “ ဒီလှေငယ်တွေထဲမှာ လူ ၆၀-၇၀ လောက်ကို တင်ဆောင်လေ့ရှိပါတယ် ” ဟု ကျွန်ုပ်၏လမ်းပြက ပြောပြသည်။ သူတို့သည် ၎င်းခနော်နီ ခနော်နဲ့လှေငယ်လေးများဖြင့် ရေကြောင်းအချက်ပြကိရိယာ တစိုးတစိမျှမပါဝင် ပင်လယ်ခရီးစဉ်သို့ ထွက်ကြကြောင်း၊ အချို့မှာ ကပ်လျက်ရှိ ဘင်္ဂလားဒေ့ရှ်သို့ လည်းကောင်း၊ အချို့မှာတော့ မလေးရှား နှင့် ထိုင်းနိုင်ငံသို့ အလွတ်ရုန်းထွက်ပြေးကြသည်ဟူ၏။
    လူ့အခွင့်အရေးအုပ်စုများ၏ အဆိုအရ ယမန်နှစ်အတွင်း သွေးပျက်နေရရှာသော ဒုက္ခသည်ထောင်ပေါင်းများစွာမှာ မျိုးဖြုတ်သုတ်သင်မှုမှ လွတ်မြောက်ရန် ပင်လယ်ပြင်၏ အန္တရာယ်များကို ရွေးချယ်ရင်ဆိုင်ခဲ့ကြသည်ဟု သိရသည်။
    ၂၀၁၂ အတွင်း ရိုဟင်ဂျာအများစုပါဝင်သော လူပေါင်း တစ်သောင်းသုံးထောင်သည် ၎င်းနည်းလမ်းဖြင့် အလွတ်ရုန်းရာမှ (တရားဝင်စာရင်းရ) ၄၈၅ ဦးမှာ နစ်မြုပ်သေဆုံးရသည်ဟု ကုလသမဂ္ဂမှ ဆိုသည်။ ယမန်နှစ် နိုဝင်ဘာလတွင် ကျွန်ုပ် ရန်ကုန်မှပြန်လာပြီး များမကြာမီ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်သော လူပေါင်း ၇၀ သည် ၀န်နှင့်အားမမျှ၍ လှေပွင့်ထွက်ခြင်းကြောင့် ဘင်္ဂလားပင်လယ်အော်အတွင်း နစ်မြုပ်သွားရသည်ကို ကြားသိလိုက်ရပါ၏။ ချေးတက်သံချောင်းများကိုင်ဆောင်ခဲ့သူအမျိုးသားမှာ နိုင်ငံစွန့် ထွက်ခွာသောထိုသူတို့အထဲ ပါမပါဟူသည်ကိုမူ ကျွန်ုပ် မသိတော့ပါလေ။
    Death-in-a-mosque_PS
    ထောင်နှင့်ချီသောအိုးအိမ်များ၊ ကျောင်းများနှင့် ဗလီများမှာ လတ်တစ်လောအကြမ်းဖက်မှုအတွင်း မီးလောင်တိုက်သွင်းခံခဲ့ရသည်။ ဖော်ပြပါပုံမှာ စစ်တွေအနီးရှိ ပျက်စီးသွားသော ဗလီတစ်လုံးဖြစ်သည်
    မီးသင့်လောင်ကျွမ်းထားသည့် ဗလီတစ်လုံး
    ကျွန်ုပ်အားအကျိုးဆောင်ပေးသူ အသက် ၆၀ အရွယ် ဦးအောင်ဝင်းနောက်မှ ကျွန်ုပ်သည် စစ်တွေအနီးရှိ မီးတင်ရှို့ခံဗလီ၏ပြာပုံများ အကြား ဖြတ်သန်း လိုက်ပါခဲ့သည်။ ကပ်လျက်နေရာရှိ စာသင်ဆောင်ဟောင်းနေရာသို့လည်း ၀င်ရောက်ကြည့်ရှုသည်။ ထိုဗလီသို့ နေ့စဉ်လာရောက် ၀တ်ပြုသူမှာ ၃၅၀ ခန့်ရှိသည်ဟု ဦးအောင်ဝင်းက ပြောပြသည်။ အကြွင်းအကျန်အပိုင်းအစများဖြင့် ဖရိုဖရဲဖြစ်နေသော စာသင်ခန်း တစ်ခုကို ဖြတ်သန်းရာ ထောင်မတ်နေဆဲ နံရံများ၊ မဲတူးကျွမ်းလောင်ထားသော ကြမ်းပြင်၊ တစ်ချိန်က ကျောင်းသားများ အတွက် နေ့လည်စာပြင်ဆင် စီမံပေးရာ မီးဖိုဆောင် အပျက်အစီးပုံများ၊ လျှောက်လမ်းမြေပြင်ပေါ် ပြန့်ကျဲနေသည့် ပန်းကန်ခွက်ယောက်အကျိုးအပဲ့ အစိတ်အပိုင်းများ စသည်တို့ကို တွေ့ရလေ၏။
    “ ဇွန်လ ၁၂ ရက်က ဗုဒ္ဓဘာသာဝင်တွေဟာ မဲမဲမြင်သမျှ မီးရှို့ခဲ့တယ်။ ၁၃ နဲ့ ၁၄ ရက်မှာလည်း ထပ်လုပ်ကြတယ်။ အဲ့ဒီအခါ ထွက်ပြေးဖို့ကြိုးစားတဲ့ သူတွေကို ရဲတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ပါတယ် ” ဟု သူက ဆိုသည်။
    နံရံသာကျန်ရစ်သည့် နောက်ထပ်အခန်းတစ်ခုထဲ ကျွန်ုပ်တို့ ၀င်ရောက်ခဲ့ကြသည်။ ထိုအခိုက်အတန့်တွင် ကျွန်ုပ်တို့သည် ၀န်းကျင်မှအစောင့်များ၏ မျက်ကွယ်၌ ရှိခဲ့ကြ၏။ ဤတွင် ဦးအောင်ဝင်းမှ “ အကြမ်းဖက်မှုထဲမှာ ကျွန်တော့် ယောက်ဖနှစ်ဦးကို ဆုံးရှုံးခဲ့တယ်။ တစ်ယောက်က ရိုက်နှက် သတ်ဖြတ်ခံရတယ်။ နောက်တစ်ယောက်ကတော့ (သူ့လည်ပင်းကို လက်ညှိုးဖြင့် ကန့်လန့်ဖြတ်ဆွဲပြကာ) ဓားရှည်တစ်ချောင်းနဲ့ လည်မျိုကို ခုတ်ပိုင်းခံရပါတယ်။ ကျွန်တော် သိပ်ဝမ်းနည်းပါတယ်။ မြန်မာပြည်မှာ တရားမျှတမှု ခုချိန်ထိ မရှိသေးပါဘူးဗျာ ” ဟူ၍ တိုးညှင်းသောလေသံဖြင့် မျက်ရည်ဝဲလျက် ပြောပြပါသည်။
    Wirathu_Indy-cover_alternate-2
    အစွန်းရောက် ဗမာဘုန်းကြီး အရှင် ၀ီရသူသည် မွတ်စ်လင်မ်တို့အား သတ်ဖြတ်ရန် လှုံဆော်မှုဖြင့် ၂၀၀၃ ခုနှစ်တွင် ထောင်ဒဏ် ၂၅ နှစ် စီရင်ခံရ၏။ သို့သော် ၂၀၁၀ ခုနှစ်တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည်
    ဦးဝီရသူ
    မြန်မာနိုင်ငံ၌ ဗုဒ္ဓ၀ါဒ နှင့် အမျိုးသားရေး အယူအဆတို့မှာ ရာစုနှစ်တစ်ခုကျော်ကြာညောင်းသည် အထိ ဒွေးရောယှက်တင် ဖြစ်နေခဲ့သည်။ ၁၉၂၀ နှစ်များက ဗြိတိသျှ ရဲအရာရှိအဖြစ် မြန်မာပြည်သို့ရောက်လာခဲ့သော ပထမဆုံး စာရေးဆရာ ဂျော့ဂ်ျ အော်ဝဲလ် George Orwell က ရဟန်းသံဃာတို့သည် ၀ိနည်းနှင့် မလျော်ညီစွာ ဆန့်ကျင် ဆန္ဒပြမှုများတွင် ပါဝင်သည်ကို မြင်တွေ့ ရကြောင်း ဖော်ပြခဲ့သည်။ နှစ်တစ်ရာနီးပါး လွန်မြောက်သော် အစွန်းရောက်ဗမာဘုန်းတော်ကြီး အရှင်ဝီရသူမှာ မွတ်စ်လင်မ်ဆန့်ကျင်ရေး ၉၆၉ လှုပ်ရှားမှု၏ အထင်ကရခေါင်းဆောင် အဖြစ် ပေါ်ထွက်လာပြီး အမုန်းတရားဟောပြောချက်များကြောင့် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချပြစ်တင်ခံရသူဖြစ်သည်။ သူသည် မွတ်စ်လင်မ် ၁၀ ဦးကို သတ်ဖြတ်အောင်လှုံ့ဆော်ခဲ့မှုကြောင့် ၂၀၀၃ ခုနှစ်တွင် ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံရသော်လည်း ၂၀၁၀ ခုနှစ်၌ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည်။ သူ၏ ဗလောင်းဗလဲရာဇ၀င်နှင့်ဆန့်ကျင်စွာ အရပ် ၅ ပေ ၇ လက္မသာရှိပြီး နှစ်လိုဖွယ် အသွင်ဖြင့် ကြည်ညိုစရာ ဓမ္မဆရာအသွင်ဆောင်၍ ၄၅ နှစ်ဆိုသောအရွယ်နှင့် မလိုက်အောင် နုပျိုနေခြင်းကို တွေ့မြင်ရသော အခါ ကျွန်ုပ်မှ မယုံနိုင်အောင်ဖြစ်ရလေ၏။
    ရိုဟင်ဂျာတို့သည် ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င်ပြောင်းရွှေ့လာပြီး မြေယာနှင့်အလုပ်အကိုင် လက်ဝါးကြီးအုပ်ထားသူများအဖြစ် ၉၆၉ အဖွဲ့မှ သတ်မှတ်ကြသည်။ တစ်ဦးသောသူမှ ကျွန်ုပ်အား “ သူတို့ဟာ ခင်ဗျားတိုင်းပြည်က စိမ့်ဝင်လာတဲ့မက္ကဆီကန်တွေလိုမျိုးဘဲပေါ့ ” ဟု သံယောင်လိုက်ပြောဆိုပါသည်။
    ဗုဒ္ဓဂုဏ်တော်များကို ရည်ညွှန်းသည်ဟုယူဆရသော ၉၆၉ ဂဏန်းကို ဦးဝီရသူမှ ၂၀၁၁ ခုနှစ်တွင် စတင် ဆုပ်ကိုင်သည်။ ကျောက်တိုင်တစ်ခု အပေါ်ရှိသော ခြင်္သေ့သုံးကောင်မှ ရောင်ခြည်စက်ကွင်းဖြာထွက်နေသည့် ထိုအဖွဲ့၏လက်စွဲတံဆိပ်(လိုဂို)အား မြန်မာပြည်တစ်ဝှမ်း ပစ္စည်း အရောင်းဆိုင်များ၊ အငှားယာဉ်များ၊ ပုဂ္ဂလိက ယာဉ်များပေါ်တွင် အလွယ်တကူ တွေ့မြင်နိုင်ပါ၏။
    ဦးဝီရသူထံ၌ ထောင်နှင့်ချီသော ဖေ့စ်ဘွတ်နောက်လိုက်များရှိနေသည်။ မွတ်စ်လင်မ်တို့ကို “ခွေးများ”၊ “ငါးဖယ်/ငါးကြင်းများ” နှင့် အခြား အမည်တို့ဖြင့် ကင်ပွန်းတပ်ခေါ်ဆိုထားသော သူ၏ YouTube ဗီဒီယိုများက အင်တာနက်တစ်ခွင်၌ ပျံ့နှံ့နေ၏။
    မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်တွင် ကျွန်ုပ် သူနှင့်ဆုံတွေ့ခဲ့သည်။ သူ့လက်အောက်တွင် သံဃာ ၂၅၀၀ ခန့်ရှိသည်။ ကမ္ဘာ့မွတ်စ်လင်မ်တို့၏ပူးပေါင်းကြံစည်ချက်ကြောင့် ဗုဒ္ဓဘာသာသံဃာများ ရုပ်ပိုင်းဆိုင်ရာအရ ၀ပ်လျှိုးနေရသည့်ပန်းချီကားကို သူက ရေးဆွဲခြယ်သပြသ ထား၏။ “သူတို့ရဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံကို အစ္စလာမ်မစ် နယ်ပယ်အဖြစ် အသွင်ပြောင်းဖို့ဖြစ်တယ် ” ဟု ဦးဝီရသူက ဆိုသည်။ ရိုဟင်ဂျာအားလုံးနီးပါးမှာ အလ်ကိုင်ဒါကဲ့သို့ အကြမ်းဖက်အုပ်စုတို့နှင့် ဆက်စပ်မှုမရှိသော်လည်း အများစုမှာ ယင်းတို့၏သြဇာ လွှမ်းမိုးမှုအောက်၌ရောက်နေသည်ဟု သူက ပြောကြားသည်။
    ၀ီရသူ၏ ကျောင်းဝင်းပြင်ပတွင် ရုပ်ပျက်ဆင်းပျက် သံဃာအလောင်းများ၏ မြင်မကောင်းလှသောဓာတ်ပုံများကို ဆိုင်းဘုတ်ကြီးနှစ်ခုဖြင့် စိုက်ထူထား၏။ ယင်းပုံများ၏အထက်၌ ငြိမ်းချမ်းရေးချိုးငှက်များ ၀ိုင်းရံထားသည့် ဦးဝီရသူ၏ပုံတူကို တခမ်းတနား ဖော်ပြထား၏။ ၎င်းသံဃာများသည် မွတ်စ်လင်မ်တိုက်ခိုက်ရေးသမားများ၏ မသေမချင်းသတ်ဖြတ်မှုခံရသူများဖြစ်ကြောင်း သူက ဆိုသည်။ ထိုပုံများကို မည်သည့်နေရာမှရရှိပါသနည်းဟု ကျွန်ုပ်မှမေးမြန်းသည့်အခါ ထိုင်းနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှဖြစ်ကြောင်း၊ ထိုနှစ်နိုင်ငံလုံးတွင် ရိုဟင်ဂျာလူဦးရေ အနည်းအကျဉ်း ရှိနေကြောင်း၊ ဆက်လက်ပြီး နောက်ထပ်ဆိုင်းဘုတ်တစ်ခုမှ အလားတူဓာတ်ပုံများမှာမူ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရရှိလာခြင်းဖြစ်ကြောင်း သူက ပြောဆိုသည်။ သို့သော် ထိုဓာတ်ပုံများမှာ ခိုင်လုံမှု မရှိသလို ကြောင်းကျိုးဆက်စပ်မှုဟူ၍လည်း မရှိပါလေ။ အကြောင်းသော် ဗုဒ္ဓဘာသာဝင်လူများစုရှိနေသော လူ့အဖွဲ့အစည်းအတွင်း၊ သံဃာတော်များကို ကြည်ညိုလေးစားကြသော နေရာဒေသတစ်ခုအတွင်း ဤရွေ့ဤမျှများပြားလှသည့် သံဃာတော်များ သတ်ဖြတ်ခံရသည်ဆိုသည့် ဤအချက်မှာ ယုံကြည်လက်ခံရန် မဖြစ်နိုင်လွန်းလေပြီ။ ဤသို့သောတိုင်းနိုင်ငံတစ်ခု၌ ဤရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ရှိသော် သတင်းများတွင် အဘယ်ကြောင့် မဖော်ပြ မတင်ဆက်လေသနည်း ? အဆီအငေါ်မတည့်လွန်းလေစွ။
    (ရိုဟင်ဂျာအပေါင်းကို နယ်နှင်လိုက်ကြရန် သံဃာများမှ လှုံ့ဆော်ဟောကြားပြီး မရှေးမနှောင်းမှာပင် ရခိုင်ပြည်နယ် အတွင်း ၂၀၁၄ ဇန္န၀ါရီ စုပြုံသတ်ဖြတ်မှု ပေါ်ပေါက်ခဲ့ကြောင်း မြန်မာမီဒီယာများက အခိုင်အမာ တင်ပြထားကြသည်မှာ သတိပြုစရာဖြစ်၏)။
    ယမန်နှစ်က အငြင်းပွားဖွယ်ရာ Times မဂ္ဂဇင်း၏အင်တာဗျူးတွင် ဦးဝီရသူအား “ဗမာဘင်လာဒင်” ဟူ၍ ခေါင်းစည်းတပ်ခဲ့သည်။ မဂ္ဂဇင်းထွက်ရှိလာပြီးနောက် သံဃာတစ်ထောင်ကျော်နှင့် ဗမာလူမျိုးတစ်စုက စီတန်းကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်သည်လည်း မုန်းတီးရေးစကားပြန့်နှံ့မှု ရပ်တန့်လိုက်ရန် လိုအပ်ချက်ကြောင့်ဟုဆိုကာ မဂ္ဂဇင်းကိုပိတ်ပင်ခဲ့သည်။ ထိုဆောင်းပါးတွင် မွတ်စ်လင်မ်တို့သည် ကမ္ဘာ့အကြမ်းဖက်မှု၏ ပင်မအကြောင်းတရားဖြစ်ကြောင်း၊ သူ့နောက်တော်ပါး ဒကာဒကာမများအနေနှင့် နိုးကြား သတိဝီရှိဖို့ နှိုးဆော်ထားကြောင်းဟူသော ဦးဝီရသူ၏ပြောဆိုချက်ကို ဖော်ပြထား၏။
    “ အသင်တို့အနေနဲ့ မေတ္တာနဲ့ကြင်နာမှုကို အပြည့်အ၀ပေးနိုင်ပါမယ်။ ဒါပေမယ့်ခွေးရူးနဲ့တော့ တွဲအိပ်ဖို့ မဖြစ်နိုင်ပါဘူး ”။
    ကျွန်ုပ်တို့၏အင်တာဗျူး ညနေခင်းပိုင်းတွင် ရုပ်ပျက်ဆင်းပျက်အလောင်းကောင်ဓာတ်ပုံများအနီး ကျွန်ုပ်သည် ချွေးနစ်နေသည့် ရှပ်အင်္ကျီနှင့်ရပ်လျက် ဦးဝီရသူ၏ ရင်ဖွင့်စကားများကို နားထောင်ခဲ့ပါသည်။ ဖိလစ်ပိုင်ရှိ ကိုရာဇန် အကွီနို၊ ပါကစ္စတန်မှ ဘနာဇီရ် ဘူတို၊ အိန္ဒိယမှ မဟတ္တမ ဂန္ဒီ အစရှိသည့် သမိုင်းဝင် ပုဂ္ဂိုလ်ကျော်များကို လေးစားအားကျကြောင်း သူကဆိုသည်။
    “ ငြိမ်းချမ်းစွာ ခုခံကာကွယ်ရေးနည်းလမ်းကို ပြသခဲ့တဲ့ မာတင် လူသာကင်းလို ခေါင်းဆောင်မျိုးကို  အထူးအားကျလေးစားမိပါတယ်။ သူ့စံနမူနာနောက်လိုက်တဲ့လူတွေ မြန်မာပြည်မှာ လက်တစ်ဆုပ်စာသာသာပဲ ရှိပါတယ်။ အဲ့ဒီထဲကတစ်ယောက်ကတော့ ကျုပ်(ဦးဝီရသူ) ပါပဲ ”။
    Monks-film-Kevin1
    အစွန်းရောက်သံဃာဦးဝီရသူမှ သူ၏ဓာတ်ပုံနှင့်ဗီဒီယိုများကို ထိုးပြရန် ကိုရင်ငယ်သုံးဦးအား စေခိုင်းသည်၌ စာရေးသူကိုယ်တိုင် စိတ်ဝင်တစားဖြစ်လာကြောင်း သတိပြုမိသည်
    ကျွန်ုပ်မှာ တအံ့တသြဖြင့် အူယားလိုက်လေခြင်း။ အမေရိကန်ဧည့်သည်တစ်ဦးအဖြစ် အလိုက်သင့် ဆက်ဆံနေရသော ကျွန်ုပ်အဖို့ မွတ်စ်လင်မ်တို့အား ဗုဒ္ဓဘာသာဝင်တို့၏ညှင်းဆဲမှုဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာများနှင့် ရင်းနှီးပြီးဖြစ်ပါသည်။ (အားလုံးမဟုတ်သော်လည်း) ရိုဟင်ဂျာတို့အပေါ် အကြမ်းဖက်စုပြုံသတ်ဖြတ်မှု အများစုနောက်ကွယ်၌ ရှိနေသည်ဟု ညွှန်းခံရသည့် သေးညှက်ညှက် လူမွန်တစ်ဦးနှင့် စကားပြောဆိုနေသည်(ကို သူကိုယ်တိုင်မှသိပါ၏လော)။ သို့နှင့် ကျွန်ုပ်က “ အဲ့ဒီ ရိုဟင်ဂျာတွေ ဘာကြောင့် အသတ်ခံရတာလဲ ? ဘာကြောင့်မို့ ဒုက္ခသည်စခန်းတွေထဲမှာ သူတို့ဦးရေ တစ်သိန်းလေးသောင်းအထိ ရှိနေရတာလဲ ? ” ဟူ၍ သံသယကြီးစွာဖြင့် မေးမြန်းလေရာ ဦးဝီရသူမှ “ အဲ့ဒါဟာ လုပ်ကြံဝါဒဖြန့်ချက်ပါ ” ဟု သိမ်မွေ့စွာ ပြန်ဖြေလိုက်ပါတော့သည်။
    DSC05753
    မြန်မာစစ်အစိုးရမှ ၁၉၈၂ ခုနှစ်တွင်ဥပဒေပြန်လည်ရေးဆွဲလိုက်သည့် အခါ နိုင်ငံသားဖြစ်မှုကို ပယ်ဖျက်ခံလိုက်ရသော တိုင်းရင်းရိုဟင်ဂျာများ
    Buddhist-peacemaker_Horiz
    အမာနီအနောက်ဖက်တွင်တွေ့ရသည်မှာ မြန်မာနိုင်ငံ၏ထင်ရှားသောအတိုက်အခံခေါင်းဆောင် နှင့် နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဖြစ်သည်။ ၀ါရှင်တန်ဒီစီ၌ လူ့အခွင့်အရေးခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြည်ညို ခံရသော ဒေါ်စုကြည်မှာ မြန်မာမွတ်စ်လင်မ်တို့ အပေါ် မျိုးနွယ်ရှင်းလင်းခြင်းနှင့်စပ်လျဉ်း၍ နှုတ်ဆိတ်လျက် ရှိနေသည်။ (ဓာတ်ပုံ)
    အမာနီ စိန်လှိုင်သည် ဗုဒ္ဓဘာသာဝင်နှင့်မွတ်စ်လင်မ်တို့အကြား ငြိမ်းချမ်းရေးတိုးမြှင့်ဖော်ဆောင်ရေးအတွက် ကြိုးပမ်းနေသည့်အုပ်စုဝင်များ အတက်မှဖြစ်သည်။ မြန်မာနိုင်ငံတွင် လူမျိုးရေးပဋိပက္ခများကိုအသုံးချ၍ စစ်တပ်မှ အာဏာပြန်လည်ရယူလိုနေခြင်းဖြစ်ကြောင်း သူမက ပြောကြားသည်။
    ဗုဒ္ဓဘာသာဝင် ငြိမ်းချမ်းရေးသမား
    မန္တလေးရှိ သူမ၏ သန့်ရှင်းသပ်ရပ်သောဒုတိယတန်းစားအိမ်ငယ်လေးအတွင်း ပထမဆုံး သတိပြုမိစရာသည်ကား မြန်မာနိုင်ငံ၏ ထင်ရှားသော အတိုက်အခံခေါင်းဆောင် နှင့် နိုဗယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကားချပ်ကြီးဖြစ်၏။ ထိုအိမ်သည် ငြိမ်းချမ်းရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ အမာနီ စိန်လှိုင်၏နေအိမ်ဖြစ်သည်။ သူမသည် ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များက ကျောင်းသူတစ်ဦးဖြစ်ပြီး စစ်အုပ်ချုပ်ရေးကာလဆန္ဒပြမှုကြောင့် ထိန်းသိမ်းခံရသည်။ တစ်ခါ သူမ၏ ကောလိပ်ကျောင်းသူငယ်ချင်များ အဖမ်းခံရသည့်နောက် တစ်လတာ တောခိုခဲ့ဖူးသည်။ ၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်မှ သမ္မတနေရာဝင်ရောက်ယှဉ်ပြိုင်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ် အမှန်တကယ် ရှိမရှိဟူသည်မှာ သံသယ၀င်စရာအဆင့်များစွာ ရှိနေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲပြုပြင်ရန် စစ်တပ်မှ လက်ခံရန် လိုအပ်ကြောင်း၊ ထိုဖွဲ့စည်းပုံ၌ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံသူ၏ မိသားစုသည် မြန်မာနိုင်ငံ တွင် မွေးဖွားသူများသာ ဖြစ်ရမည်ဟု ဖော်ပြထားကြောင်း၊ ဒေါ်စုကြည်၏ခင်ပွန်းနှင့်ရင်သွေးများမှာ အင်္ဂလန်တွင် မွေးဖွားသူများဖြစ်ကြောင်း၊ သို့ရှိရာ ပြောင်းလဲပြုပြင်ပေးနိုင်ဖွယ်မရှိကြောင်း သူမက ပြောပြပါသည်။
    အမာနီက ဤသို့ထပ်မံပြောပြ၏။
    “ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုပါတယ်။ အထူးသဖြင့် သတင်းစာလွတ်လပ်ခွင့်ကိုပေါ့။ ဒါပေမယ့် မွတ်စ်လင်မ်တွေအပေါ် အကြမ်းဖက်မှုတွေကို ဖန်တီးနေတယ်။ ဒါဟာ လာမည့်ရွေးကောက်ပွဲရလဒ်ကို လမ်းကြောင်းချော်သွားအောင်ဖန်တီးတဲ့ အစိုးရရဲ့ တမင်ကြံစည်ချက်ခြေလှမ်းတစ်ရပ်ပါ။ အလျင်က လုံးလုံးမကြားဖူးတဲ့ မေတ္တာလှုပ်ရှားမှုတွေ အပူတပြင်း ခေါင်းထောင်လာပါတယ်။ အလားအလာကောင်းတဲ့ လက္ခဏာတစ်ရပ်လို့ ထင်မြင်စရာရှိပါတယ်။ တကယ်တမ်းကျတော့ လက်တွေ့ရင်ဆိုင်နေကြရတဲ့ပြဿနာတွေ ကနေ အာရုံလွှဲဖို့ အစိုးရပိုင်းက ကြိုးစားနေတာပါပဲ။ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စ်လင်မ်တွေ တိုက်ခိုက်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ကျွန်မတို့အားလုံး တစ်မြေတည်းမှာ မွေးဖွားလာကြတယ်။ ကျွန်မတို့အားလုံးဟာ မောင်ရင်းနှမတွေလိုပါပဲ။ ဒါပေမယ့် တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာဖြစ်တယ်။ ကြိုးဆွဲတဲ့ဇာတ်ဆရာ ရှိကိုရှိနေပါတယ် ”။
    KM_refugee_PS
    သနပ်ခါးလူးခြယ်ထားသော လုံမငယ်နှင့်အတူတွေ့ရသော စာရေးသူ ကီဗင် မက် ကီယာနန် Kevin McKiernan
    အပြန်ခရီး
    =======
    ကျွန်ုပ် ရန်ကုန်မှာရှိနေစဉ် နောက်ဆုံးရက်များအတွင်း ဗုံးငါးလုံး ပေါက်ကွဲခဲ့၏။ ပေါက်ကွဲမှုတစ်ခုတွင် ၄၃ နှစ်အရွယ် ထရေးဒါးဟော်တယ်ရှိ အမေရိကန်ခရီးသွားဧည့်သည်တစ်ဦး ဒဏ်ရာအများအပြား ရရှိခဲ့သည်။ မြန်မာ စစ်တပ်ကို နှစ်ပေါင်း ၆၀ လုံးလုံး အာခံတိုက်ခိုက်နေခဲ့သော ကရင်သူပုန်များလက်ချက်ဟု အစိုးရက ပြစ်တင်စွပ်စွဲ၏။
    သတင်းစာလွတ်လပ်ခွင့်ကို စမ်းသပ်ဖွင့်လှစ်ပေးထားခြင်းကြောင့်လောမသိ – သတင်းစာတစ်စောင်က ၂၀၁၅ ရွေးကောက်ပွဲ အတွက် အကြောက်တရားသွတ်သွင်းရန် အစိုးရ၏အားထုတ်မှုများဟုဆိုကာ ရဲထောက်လှမ်းရေးတို့ကို ပြစ်တ င်ထားသည်ကို တွေ့ရသည်။ ပြည်တွင်း အာဏာရှင်တို့၏ လမ်းကြောင်းများအရ ဤသုံးသပ်ချက်က အခြားအရာတို့ထက် ပိုမိုဆီလျော်လျက်ရှိနေပေသည်။
    ၎င်းမှာ ဗုဒ္ဓဘာသာဝင်တို့၏ ၀ါတွင်းကာလအကုန် သီတင်းကျွတ်အားလပ်ရက်ကာလ မိုးရာသီကုန်လွန်စ အချိန်၌ဖြစ်သည်။ ကမ္ဘာ့အစ္စလာမ်ဘာသာဝင်တို့၏ သားကောင် စွန့်လှူပွဲတော် – အီးဒုလ်အသ်ွဟာ နှင့် သီတင်းကျွတ်မှာ ထူးထူးခြားခြား တိုက်ဆိုင်နေသည်။ ထိုပွဲတော်နှစ်ခုလုံး၏ ရသကို ကျွန်ုပ် မြည်းစမ်းခွင့် ရခဲ့၏။ နှစ်စဉ်ကျင်းပသော သီတင်းကျွတ်မီးထွန်းပွဲတော်အတွင်း ကျွန်ုပ် လမ်းသလား လည်ပတ်နိုင်ခဲ့သည်။ ၎င်းနောက် ကျွန်ုပ်အား ကရင်းမ်မှ လာရောက်ခေါ်ဆောင်ကာ မွတ်စ်လင်မ်ရပ်ကွက်တစ်ခုသို့သွားသည်၊ ထိုနေရာတွင် ထုံးတမ်းစဉ်လာအတိုင်း အသားလှူဒါန်းမှုကို တန်းစီလက်ခံရယူနေသည့် သူဆင်းရဲများအား တွေ့ရသည်။
    Kyaw_family_imprisoned
    ထောင် ၇ နှစ်ကျခဲ့သော ၁၉၉၀ လွှတ်တော်အမတ်ဟောင်း ဦးကျော်မင်း(ညာဖက်မှ ဒုတိယ)ကို သူ့မိသားစုဝင်များနှင့် အတူ တွေ့ရစဉ်
    ထို့နောက်တွင် ထင်ရှားသော ရိုဟင်ဂျာနိုင်ငံရေးသမား ဦးကျော်မင်း၏နေအိမ်သို့ ကျွန်ုပ်တို့ သွားကြသည်။ ဦးကျော်မင်းသည် ၁၉၉၀ ခုနှစ်တွင် ပါလီမန်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ သူ၏ ရိုဟင်ဂျာအရေး လှုပ်ရှားမှုကြောင့် မြန်မာနိုင်ငံသည် ပြည်ပ၌ အမည်ဆိုးတွင်ရသည်ဟုဆိုကာ ထောက်လှမ်းရေး ရဲတပ်ဖွဲ့မှ သူ့အား ၂၀၀၆ ခုနှစ်တွင် ဖမ်းဆီးခဲ့သည်။ ၎င်းနောက်ဆက်လက်၍ သူ၏မိသားစုဖြစ်သော သူ့ဇနီးနှင့်ရင်သွေးသုံးဦးကိုပါ ရဲတပ်ဖွဲ့မှ သူနှင့်အတူ ခေါ်ယူထိန်းသိမ်းခဲ့လေသည်။ ထိုစဉ်က အသက် ၁၈ နှစ်သာရှိသေးသည့် အငယ်ဆုံး သမီးဖြစ်သူ ဝေေ၀မှ ကျွန်ုပ်အား ပြောပြသည်မှာ – ညဥ့်သန်းခေါင်ချိန်တွင် အမည်ဆိုးဖြင့်ကျော်ကြားလှသည့် အထူးရဲတပ်ဖွဲ့ဌာနမှ ၎င်းတို့နေအိမ်သို့ ရောက်လာကြောင်း၊ မည်သည့်ချေပရှင်းလင်းခွင့်မပြုဘဲ အကျဉ်းထောင်ထဲ၌ နှစ်လတာထားရှိပြီးနောက် သူမမိခင်နှင့် သူမ၏သွေးချင်းများ အားလုံးကို ထောင်ဒဏ် ၁၇ နှစ်ချမှတ်လိုက်ကြောင်း၊ အဓိကပစ်မှတ်ဖြစ်သော သူမ၏ဖခင်မှာ ၄၆ နှစ်ထောင်ဒဏ် စီရင်ချက်ချခံရကြောင်း၊ နာမည်ကြီး အင်းစိန်အကျဉ်းထောင်၌ သူတို့အားလုံးကို ချုပ်နှောင်ထားခဲ့ကြောင်း စသဖြင့်ဖြစ်ပါ၏။ အင်းစိန်အကျဉ်းထောင်ကို ၁၈၇၁ ခုနှစ် ဗြိတိသျှခေတ်တွင် အကျဉ်းသား ငါးထောင်အတွက် တည်ဆောက်ခဲ့ပြီး၊ ထိုခေတ်က ဗြိတိသျှအင်ပါယာ၌ အကြီးမားဆုံးထောင် တစ်ခုဖြစ်သည်။ မြန်မာစစ်အစိုးရ လက်ထက်တွင် လူဦးရေ တစ်သောင်းအထိ မဆန့်မပြဲ ထည့်သွင်းခဲ့သည်ဟု ဦးကျော်မင်းက ဆိုသည်။
    ကျွန်ုပ်၏ခရီးစဉ်မတိုင်မီ လအနည်းငယ်ခန့်ကမှ ဦးကျော်မင်းမိသားစုတို့မှာ အကျဉ်းထောင်မှ လွတ်လာခဲ့ပါသည်။ သံတိုင်များနောက်ကွယ်မှ သူတို့၏ နာကြင်ကြေကွဲဖွယ်အဖြစ်က ကျွန်ုပ်အား စိတ်ထိခိုက်စေခဲ့ပါသည်။ (ပြန်လည်လွတ်မြောက်လာသည့်အတွက်လည်း) ပီတိဖြစ်ရပါသည်။
    ဦးကျော်မင်းသည် လုပ်ငန်းခွင်ပြန်ဝင်ခဲ့သည်။ ၂၅ နှစ်အရွယ် ထက်မြက်သော သမီးဖြစ်သူမှာလည်း ထောင်တွင်း၌ အင်္ဂလိပ်စာပေကို အားစိုက်လေ့လာခဲ့ရာ ယခုအချိန်တွင် အတော်အတန် ကျွမ်းကျင်နေလေပြီ။ အမေရိကန်သံရုံး၌ လူထုရေးရာ သင်တန်းများ တက်ရောက်သည်။ သူမနှင့်သူမ၏ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှာ အမေရိကန် ခရီးစဉ်သို့ ဖိတ်ကြားခံရကာ မကြာသေးမီကပင် နယူးယော့ခ်နှင့်ဝါရှင်တန် ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာပါသည်။ ၎င်းမှာ အသေးအဖွဲ အစီအစဉ်ဖြစ်သော်လည်း အလားအလာကောင်းသော လက္ခဏာဆောင်ခဲ့ပါသည်။
    တရုတ်လေကြောင်းလိုင်းဖြင့် အိမ်ပြန်ခရီးစဉ်ဝယ် မန်ဒရင်တရုတ်စာတန်းထိုး The Lone Ranger ကို ကြည့်ရှုရင်း၊ စားကောင်းသောက်ဖွယ်များကို စားသုံးရင်း ကမ္ဘာကြီး မည်မျှကျဉ်းမြောင်းသွားသည်ကို လည်းကောင်း၊ မြန်မာပြည်သည် အဘယ်မျှ ခေတ်နောက်ကျ ကျန်ရစ်ခဲ့သည်ကိုလည်းကောင်း ကျွန်ုပ်မှ သြချသုံးသပ်နေမိပေသည်။
    စန်တာဘာဘရာသို့ ကျွန်ုပ်ပြန်ရောက်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာ အပယ်ခံ ရိုဟင်ဂျာတို့အား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ကုလသမဂ္ဂက မြန်မာနိုင်ငံသို့ တိုက်တွန်း စာထုတ်ပြန်သည်။ ကုလသမဂ္ဂအနေဖြင့် ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ၀င်မစွက်ဖက်ပါရန် မြန်မာနိုင်ငံမှ မတုန့်မဆိုင်း တုန့်ပြန်လိုက်လေသည်။ ထို့နောက်တွင် ရိုဟင်ဂျာတို့အပေါ် ညှင်းပန်းနှိပ်စက်မှုနှင့်ခွဲခြားဆက်ဆံမှုအဆုံးသတ်ရန်၊  လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ လူနည်းစုဝင်များအတွက် နိုင်ငံတကာအသိအမှတ်ပြု လူ့အခွင့်အရေးများကို လေးစားကျင့်သုံးရန် မြန်မာနိုင်ငံအား တွန်းအားပေးရေးအဆိုတစ်ရပ်ကို အမေရိကန် ကွန်ကရက်၌ တင်သွင်းသည်။  မိန်းပြည်နယ်မှ အမေရိကန်လွှတ်တော်အမတ်ဟောင်း တွမ် အင်ဒရူးစ်မှ မူကြမ်းဆွဲပေးထားသော ယင်းအဆိုမှာ အကျယ်တ၀င့် သုံးသပ်တင်ပြချက်များ ပါဝင်သည်။  လွန်ခဲ့သည့် ၂၅ နှစ်က ဆန္ဒပြသူများကို သွေးချောင်းစီးဖြိုခွင်း လိုက်ပြီးနောက် မြန်မာနိုင်ငံအား စစ်ရေး အကူအညီဖြတ်တောက်လိုက်ခြင်း ဟူသော နောက်ဆုံးအကြီးစားပိတ်ဆို့မှုကို ဖယ်ရှားမည့် အိုဘားမားအစိုးရ၏နောက်ကွယ်မှမြင်ကွင်းများ တစ်စိတ်တစ်ပိုင်းကို ၎င်းက ဦးတည်တင်ပြထား၏။ “ လက်နက်အကြောင်း ဆွေးနွေးတာကိုက မှားယွင်းပါတယ်။ မြန်မာစစ်တပ်ဟာ အစိုးရလက်အောက်ခံလား၊ အစိုးရဟာ စစ်တပ်ရဲ့လက်အောက်ခံ အဖြစ်ရှိနေဆဲလား ဆိုတဲ့ အချက်ဟာ အရေးကြီးတဲ့မေးခွန်းဖြစ်တယ်။ ဒါကြောင့် အမေရိကန်ရဲ့စစ်ရေး အကူအညီပေးလိုက်မှာကို ကျွန်တော် စိုးရိမ်နေရတာပါ ” ဟု သူက ကျွန်ုပ်အား ပြောပါသည်။
    “ မွတ်စ်လင်မ်တွေဟာ တတိယမြောက် နိုင်ငံရေး အကာအရံ ဖြစ်နေလို့ပါဘဲ။ မြန်မာပြည်မှာ ဘယ်နိုင်ငံရေးသမား ကမှ လူနည်းစုဝင်တွေနဲ့ ပတ်သက်ပြီး ပြင်းထန်ပြတ်သားစွာ မရပ်တည်နိုင်ကြဘူးလေ ” ဟူ၍ သူက ခပ်ဘွင်းဘွင်းပင် ပြောချလိုက်ပါတော့သည်။
    xxxxxxxxxxxx
    **   ၂၀၁၄ ခုနှစ် မတ်လ ၆ ရက်ထုတ် The Independent မဂ္ဂဇင်းမျက်နှာဖုံးတွင် Burma’s Brutal Buddhists စာတန်းဖြင့်ဖော်ပြခဲ့သော Kevin McKiernan ၏ Buddhist Rampage in Burma ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ အရှိအတိုင်း ပြန်ဆိုရေးသားသည်။
    ကီဗင် မက်ကီယာနန် သည် ဂျာနယ်လစ်တစ်ဦး၊ ၎င်းအပြင် ရုပ်ရှင်ဖန်တီးသူတစ်ဦးလည်းဖြစ်၏။ Good Kurds, Bad Kurds ဟူသော မှတ်တမ်းရုပ်ရှင်အတွက် ဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့ပြီး၊ The Kurds: A People in Search of Their Homeland (St. Martin’s Press, 2006) စာအုပ်ကို ပြုစုရေးသားသူလည်းဖြစ်သည်။
    ————————–————————–——-
    ** Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် editor@m-mediagroup.com
  • INDEPENDENT မဂ္ဂဇင်း မျက်နှာဖုံးတွင် ဦးဝီရသူ ဖော်ပြခံရ
    မတ် ၈ ၊ ၂၀၁၄
    M-Media
    ၂၀၁၄ ခုနှစ် မတ်လထုတ် INDEPENDENT မဂ္ဂဇင်း မျက်နှာဖုံးတွင် ဦးဝီရသူ ဖော်ပြခံရ
    Burma's Brutal Buddhists
    မျက်နှာဖုံး ဆောင်းပါး ဖတ်ရန် =>http://www.independent.com/news/2014/mar/06/buddhist-rampage-burma/?on
  • ၉၆၉ သီချင်းတွေ ဖွင့်ခွင့်ပိတ်လိုက်ရင် ထန်းကုန်းမှာလို ဗလီတွေ ကြေကုန်မယ်ဟု ဦးဝီရသူပြော
    ဇန်န၀ါရီလ ၂၅
    M-Media
    သတင်း – ဆူးထက်
    P1010007
    ၉၆၉ ဦးဆောင် ဆရာတော် အမျိုးသားရေး ၀ါဒီ ဓမ္မကထိက ဦးဝိစိတ္တာ ဘိဝံသ၊ ဦးဝီရသူ (မစိုးရိမ်ကျောင်းတိုက်) နှင့် ငြိမ်းချမ်းရေး နှင့် ချစ်ကြည်ရေး သံတမန် ကွန်ယက်တို့ ပူးတွဲကျင်းပသည့် သံသယ ကင်းရှင်းရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး အခမ်းအနားကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် ကျောင်းတိုက်တွင် ဇန်န၀ါရီလ ၂၃ ရက်နေ့က နေ့လည် ၁နာရီမှ ညနေ ၃နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ အခမ်းအနားတွင် အစ္စလာမ် ဘာသာဝင်များမှ မေးမြန်းခြင်း အစီအစဉ်တွင် အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးမှ ၀ီရသူအား မေးခွန်း လေးခု မေးမြန်းခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။  M-Media မှ ကြားတွေ့ခဲ့ရသော အဆိုအပါအမေးအဖြကို စာဖတ်ပရိတ်သတ်အတွက် တင်ဆက်လိုက်ပေးလိုက်ပါတယ်။
    မေးခွန်း (၁)    ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု တွေနဲ့ ပတ်သက်ပြီး ရှေ့ဆက် အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရန် ဆရာတော်အနေနဲ့ ဘာသာနှစ်ခု စလုံးကို ဘာများ မိန့်ကြားလိုပါသလဲ။
    ဦးဝီရသူဖြေ။    ။”နိုင်ငံသား၊ တိုင်းရင်းသား အခွင့်အရေးကို လိုချင်ရင် တိုင်းရင်သား လက္ခဏာ ပြည့်စုံအောင်နေပါ။ နိုင်ငံခြားကနေ ခိုးဝင်လာလာ၊ ဗြောင်ဝင်လာလာ ဘယ်လိုပုံစံနဲ့ ၀င်ဝင် ဦးဇင်းတို့ အပိုင်း မဟုတ်ဘူး အစိုးရအပိုင်း။ ဦးဇင်းတို့ ကတော့ ဒီနိုင်ငံထဲမှာ ဘယ်လိုပုံစံနဲ့ ရောက်လာရောက်လာ နိုင်ငံသား ဖြစ်ရင် နိုင်ငံသား လက္ခဏာနဲ့ ပြည့်စုံအောင် နေရင် ကြည်ဖြူမယ်။ နံပါတ် (၁) အဖြေက ငြိမ်းချမ်းစွာ အတူနေဖို့ မငြိမ်းချမ်းဘူး ဆိုတာ နိုင်ငံသား တိုင်းရင်းသား လက္ခဏာနဲ့ မပြည့်စုံသူတွေက ဒီဘက်က ဒေသခံ ပြည်သူတွေနဲ့ သဟဇတ ဖြစ်အောင် မနေနိုင်လို့ မငြိမ်းချမ်းတာ”
    မေးခွန်း (၂)။    ။ သံဃာတော် ဆရာတော်တွေဟာ သာမာန် လူဝတ်ကြောင်ထက် ပိုပြီး နှုးညံ့ သိမ်မွေ့ကြသူ လို့ ထင်ပါတယ်။ဒါကြောင့် ပဋိပက္ခတွေ (အကြမ်းဖက်) မှုတွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေအတွက် ဘယ်လိုများ ခံစားရပါသလဲ။
    ဦးဝီရသူဖြေ။    ။”ဦးဇင်းတို့ လိုချင်တာက ကိုယ့်ကလည်း သူ့ကို ထိခိုက်နစ်နာအောင် မလုပ်နဲ့၊ ကိုယ့်ကိုလည်း သူတစ်ပါးထိခိုက်နစ်နာအောင် မလုပ်နိုင်ဖို့ အတွက် အခုထဲက ကာကွယ်တာ။ ဒါကြောင့်မို့ နှစ်ဦးနှစ်ဖက် နစ်နာ ဆုံးရှုံးသွားတဲ့ မည်သည့် ဒုက္ခသည် မဆို ဦးဇင်းတို့ တတွေက စာနာမှု အပြည့်ရှိပါတယ်”ဟု ဆိုသည်။
    မေးခွန်း (၃)    ။    ။အခု စာရေးဆရာ မောင်သွေးချွန်တို့ အယ်ဒီတာ လုပ်ပြီး ထုတ်ဝေဖြန့်ချီနေတဲ့ အောင်ဇေယျတု စတဲ့ စာစောင်တွေဟာ ထုတ်လိုက်တိုင်း အစ္စလာမ်ဘာသာအပေါ် တဖက်သတ် စွပ်စွဲပြီး မုန်းတီးရေး စာတွေ၊ ဆောင်းပါးတွေကို ရေးနေတာကို တွေ့ရပါတယ်။ ဒီလို ရေးတဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေအတွက် ဘယ်လိုများ အကျိုးများ ရရှိနိုင်ပါသလဲ။
    မေးခွန်း (၄)    ။    ။အဲဒီစာစောင်တွေမှာရော အစ္စလာမ် ဘာသာဝင်တွေက ပြန်လည် ဖြေရှင်းတာမျိုး ထည့်ပေးသင့်တယ်လို့ ဆရာတော်အနေနဲ့ မြင်ပါသလား။
    ဦးဝီရသူဖြေ။    ။” ဦးဇင်း Facebook မှာ မုဒိန်းမှုတွေ ဆိုရင် နာမည် တိုက်ရိုက်ရေးတယ်။ နှစ်ဦးနှစ်ဖက် စလုံးကို လိပ်စာ အပြည့်ထည့်တယ်။ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်တွေပါ ထည့်ပြီး အဲဒီလို အချက်အလက် ခိုင်မာရင် ဦးဇင်း နာမည်နဲ့ တိုက်ရိုက်ရေးတဲ့ အတွက် ပြည်သူလူထု အကုန်လက်ခံတယ်။
    အဲဒီလို အချက်အလက်မှန်မှန် ကန်ကန်ရေးတဲ့ မည့်သည့် ဂျာနယ်မဆို မွတ်စလင်မ် ဂျာနယ်လည်း လက်ခံတယ်။ ဒါပေမယ့် အချက်အလက်လည်း ဘယ်ဆီနေမှန်း မသိဘူး။ ရင်ထဲက ခံစားချက်တွေကို ရေးထားတဲ့ စာတွေ တွေ့ရတယ်။ ပြည်တွင်းစာစောင်တွေကို ရေးထားတဲ့ စာတွေ တွေ့ရတယ်။ ပြည်တွင်း စာစောင်တစ်ခု ဆိုရင် ၀ီရသူ အကြမ်းဖက်၊ ၀ီရသူ အစွန်းရောက်၊ ၀ီရသူ လူသတ်သမား၊ ၀ီရသူ တရားခံ အထောက်အထားမဲ့တဲ့  သက်သေမဲ့တဲ့ စာတွေကို မည်သည့် ဂျာနယ်တွေမှ မရေးစေချင်ပါဘူး။ အထောက်အထား ရှိရှိရေးမယ်ဆိုရင် ဦးဇင်းတို့ မှားတဲ့ အကြောင်း ထောက်ပြပါ။ လက်ခံတယ်။
    အဲလိုရေးတဲ့ အတွက်ကြောင့် ဦးဇင်းတို့ ဘက်မှာ နောင်ကြဉ်စရာ၊ နောင် ရှောင်စရာတွေ၊ သင်ခန်းစာ ယူစရာတွေ၊ ကိုယ့်လူကိုယ် ဆုံးမစရာ အချက်အလက်တွေ တိုးပွားလာတာပေါ့။
    အဲဒီလိုပဲ မွတ်စလင်မ်ဂျာနယ်တွေက ရေးရင် အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရေးပါ။ ဦးဇင်းတို့တတွေလည်း ရေးလို့ရှိရင် အထောက်အထား အပြည့်အစုံနဲ့ ရေးပါမယ်။
    အထောက်အထား မပြည့်စုံတဲ့ မည်သည့် ဂျာနယ်၊ မဂ္ဂဇင်းမဆို နစ်နာတဲ့ သူတွေက တရားစွဲကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟုဆိုသည်။
    ဆက်လက်၍ အခမ်းအနားမှူး ဦးသန်းတင်မှ လမ်းတွေလမ်းတွေမှာ တရားပွဲတွေ၊ အလှူမဏမ်တွေမှာ သွေးအေးနေလို့ မနေသင့်ပြီ ဒို့တွေ နိုးကြားဖို့ အချိန်တန်ပြီလို့ အခွေတွေကို မဖွင့်ပေးဖို့ တပည့်တော်အနေနဲ့ မေတ္တာရပ်ခံ ခဲ့သည့်အပေါ်ဦးဇင်း ၀ီရသူမှ အောက်ပါအတိုင်း ဖြေကြားခဲ့သည်။
    “ဒီသီချင်းမှာ မွတ်စလင်မ်ဆိုတာ ပါလား၊ ၇၈၆ ဆိုတာ ပါလား၊ အစ္စလာမ်ဘာသာဝင်ဆိုတာ ပါလား၊ ကုလား ဆိုတာ ပါလား ဒကာကြီးတို့ ဘာသာ၊ ဒကာကြီးတို့ လူမျိုးကို ဘယ်လို ထိခိုက်လဲ၊ တိုက်ခိုက်သလဲ အဲဒါတွေ မပါဘဲနဲ့ ဦးဇင်းတို့က အမိန့်အာဏာနဲ့ ဒီသီချင်းကို ရုတ်သိမ်းရင် ဦးဇင်းနဲ့ ပြည်သူနဲ့ ပဋိပက္ခ ဖြစ်မှာပေါ့။ သူပြောတဲ့ စကားက ဘောင်ဝင်တယ်။ ဒါကြောင့် ဒီသီချင်းတွေကို လွတ်လွတ်လပ်လပ် သူတို့တွေ ပေါက်ကွဲနိုင်အောင် ဖွင့်တာကို ခွင့်ပြုတယ်။
    ဒီသီချင်းကို သူတို့တွေ ခံစားမှ၊ သူတို့ တွေရဲ့ ရင်ထဲက အစိုင်အခဲတွေက ကြေသွားတာ။ တကယ်လို့သာ ဒီသီချင်းတောင်မှ ဖွင့်ခွင့်မရဘူးဆိုရင် သူတို့ရင်ထဲမှာ အစိုင်အခဲတွေ ဖြစ်နေပြီး ထန်းကုန်းလို ဗလီတွေ ကြေကုန်မယ်” ဟုဖြေကြားခဲ့သည်။
  • မြန်မာမွတ်စ်လင်မ် ဒုက္ခသည်များနဲ့တဒင်္ဂဆုံစည်းမှု (ဘာသာပြန် ဆောင်းပါး)
    စက်တင်ဘာ ၁၆- ၂၀၁၃
    M-Media
    မြင့်မိုရ် မောင်မောင် ဘာသာပြန်ဆိုသည်။
    1
    (ဓာတ်ပုံ- ခရိုင်အားကစားကွင်းရှိ ပြည်တွင်းဒုက္ခသည်ယာယီစခန်း IDP Camp ကို နေအိမ်သဖွယ်သဘောထားနေရသော ဒုက္ခသည်များ)
    ပြီးခဲ့တဲ့လအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ်ကင်တားနားဟာ မိတ္ထီလာမြို့ထဲက မွတ်စ်လင်မ်ဒုက္ခသည်များ စခန်းကိုသွားရောက်နိုင်ဖို့ကြိုးစားစဉ်က လူရမ်းကားတစ်စုရဲ့ဝိုင်းရံမှုကို ခံခဲ့ရတယ်။
    “ လူ ၂၀၀ လောက် ရှိတဲ့ လူအုပ်ကြီးက ကျွန်တော့် ကားကို ၀ိုင်းပြီး ရပ်တန့်စေခဲ့တယ်။ သူတို့က ဆဲဆိုအော်ဟစ်ပြီး ကားရဲ့ပြူတင်းနဲ့တံခါးတွေကို ရိုက်ပုတ် ကန်ကျောက်ခဲ့ကြတယ် ” လို့ ကင်တားနားရဲ့ပြောဆိုချက်မှာ တွေ့ရတယ်။
    ဒါပေမယ့် မြန်မာအစိုးရကတော့ ဒါဟာ အနှောင့်အယှက်ပေးတာ မဟုတ်ပါဘူးတဲ့။ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ကင်တားနားဟာ အဲ့ဒီအဖြစ်အပေါ် အမြင်မှားအထင်လွဲတာပါဆိုပြီး မီဒီယာအသိုင်းအ၀ိုင်းကို ပြောကြားခဲ့တယ်။ အဲ့ဒီလူအုပ်ဟာ လူရမ်းကားတွေ လုံးဝ မဟုတ်ပါဘူးတဲ့။ ငြိမ်းချမ်းစွာ ဆန္ဒပြယင်း ကြိုဆိုနေကြတဲ့ လူစုပါတဲ့။ သူတို့က ကင်တားနားကို စာတစ်စောင်ပေးနိုင်ဖို့ ကြိုးစားခဲ့ကြတာပါတဲ့။ အဲ့ဒီဖြစ်ရပ်မတိုင်ခင် ရက်ပိုင်းလောက်မှာ နိုင်ငံရေးကိစ္စ အလျဉ်းမပါဝင်ဘဲ ကျွန်တော် နဲ့ ဓာတ်ပုံဆရာ အင်ဒရူး စတင်းဘရစ်ဂ်ျ တို့က ကင်တားနားသွားချင်ခဲ့တဲ့နေရာနဲ့အနီးတစ်ဝိုက်ကလူတွေဆီ ရောက်ရှိခဲ့တယ်။ ကုလသမဂ္ဂရဲ့နာမည်ကြီးပုဂ္ဂိုလ်တွေမဟုတ်တော့ အဲ့ဒီလိုမျိုး မကြုံဆုံခဲ့ရပါဘူး။ ကားကိုရပ်တန့်စေပြီး ပြူတင်းပေါက်ကတဆင့် စာတွေကမ်းပေးဖို့ ရာဂဏန်းရှိ လူတစ်စုရဲ့နှုတ်ဆက်မှုမျိုး မဖြစ်ခဲ့ကြပါဘူး။
    ဒီနှစ်အတွင်း ဗုဒ္ဓဘာသာဝင်တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာခဲ့ကြတဲ့ မွတ်စ်လင်မ် ၁၆၀၀ လောက်က IDP စခန်းမှာ ဇဝေဇ၀ါနဲ့ နေနေရစဲပါ။ ရွှေဆိုင် ပိုင်ရှင် မွတ်စ်လင်မ်တစ်ဦး နဲ့ ရွှေရောင်းသူဗုဒ္ဓဘာသာဝင် တစ်ဦး အငြင်းပွားပြဿနာဖြစ်ရာကနေ လမ်းအပြင်ဖက်ရောက်လာပြီး မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှု စတင်ခဲ့တာ ဖြစ်တယ်။ အခြေအနေ အလှည့်အပြောင်း မြန်ဆန်လှပါတယ်။ မော်တော်ဆိုင်ကယ်စီးလာတဲ့ ဘုန်းကြီးတစ်ပါးကို မွတ်စ်လင်မ်တွေက ဆွဲချပြီး မီးရှို့သတ်ဖြတ်တယ်ဆိုပြီးတဲ့နောက် ဗုဒ္ဓဘာသာဝင်တွေဟာ လက်စားချေသောအားဖြင့် မွတ်စ်လင်မ်တွေရဲ့ နေအိမ်၊ ဆိုင်ခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့ကြကုန်တယ်။ လူတွေကို လိုက်လံဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်တဲ့အထိ ဖြစ်ကုန်တယ်။ ရဲတွေကတော့ ကူညီခွင့်မရှိလို့လား ကူညီချင်စိတ်မရှိလို့လား မသိဘူး။ အနီးမှာ ရပ်ကြည့်လျက်သာ ရှိခဲ့ကြတယ်။
    နေရာအနှံ့က အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့သူတွေဟာ ၁၀၀၀၀ ကနေ ၁၈၀၀၀ ကြားမှာရှိပြီး အနည်းဆုံး ၄၃ ဦး သတ်ဖြတ်ခံခဲ့ရတယ်။ မိတ္ထီလာ အာဏာပိုင်များရဲ့အဆိုအရ လက်ရှိ ကယ်ဆယ်ရေး စခန်းတွေမှာ လူ ၄၀၀၀ လောက် ရှိနေကြောင်း၊ မွတ်စ်လင်မ်တွေအတွက် စခန်း ၃ ခု နဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် စခန်း ၁ ခု စီစဉ်ထားပေးထားကြောင်း သိရပါတယ်။
    2(ဓာတ်ပုံ  ဗုဒ္ဓဘာသာဝင်အကြမ်းဖက်အုပ်စုများ ဖျက်ဆီးသွားခဲ့သော မိတ္ထီလာရှိမွတ်စ်လင်မ်နေအိမ်အပျက်အစီးပုံအကြား ထိုင်နေသော လူတစ်ဦး)
    စစ်အုပ်ချုပ်ရေးအပေါ် အုံကြွပေါက်ကွဲခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးပြီးတဲ့နောက် မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့လွတ်လပ်မှုဖက်ကို စတင်ကူးပြောင်းလာခဲ့တယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်ကတည်းက ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စ်လင်မ်တွေအကြား ထိပ်တိုက်တွေ့စေမှုက ပြဿနာတက်လာစေခဲ့တယ်။
    မြန်မာပြည်ရဲ့အနောက်ပိုင်းကမ်းမြှောင်ဒေသတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ၂၀၁၂ နှစ်လယ်ပိုင်းက ဒေသခံ ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာမွတ်စ်လင်မ်တွေအကြား အကြမ်းဖက်မှု စတင်ဖြစ်ပွားတယ်။ ရိုဟင်ဂျာတွေက လူနည်းစုဝင် တစ်ရပ်ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်မြန်မာများက သူတို့ကို နိုင်ငံသားအဖြစ် လက်မခံကြပါဘူး။ ရခိုင်ပြည်နယ်ထဲမှာ ဗုဒ္ဓ ဘာသာဝင်တွေ နဲ့ မွတ်စ်လင်မ်များအကြား ကာလအတန်ကြာအောင် တင်းမာမှုရှိနေခဲ့ကြတယ်။ မိတ္ထီလာကျတော့ လုံးဝကွဲပြားခြားနားနေပြီး မွတ်စ်လင်မ်တွေရဲ့ဆင်းသက်မှု၊ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်လို့ အငြင်းပွားမှုမရှိသလို သာမန်အသေးအဖွဲလောက်နဲ့ ပဋိပက္ခဖြစ်ရတဲ့ရာဇ၀င်မျိုးလည်း မရှိခဲ့တာ အမှန်ပါ။ အခုလို ရက်စက်မှုတွေ ပွင့်ထွက်လာလိမ့်မယ်လို့ ဘယ်တုန်းကမျှ ထင်မထားဘဲ ဗုဒ္ဒဘာသာဝင်တွေနဲ့ သင့်တင့်မျှတညီညွတ်စွာ အတူနေထိုင်လာခဲ့ကြောင်း ဒေသတွင်း မွတ်စ်လင်မ်များစွာတို့က ဆိုပါတယ်။
    ဒီပြောဆိုချက်တွေအမှန်ဖြစ်ကြောင်း မွတ်စ်လင်မ်ခေါင်းဆောင်နဲ့ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးအောင်သိန်းက အတည်ပြုခဲ့ပါတယ်။ သူ့ကို မိတ္ထီလာမြို့ဗလီတွေထဲက အဖျက်ဆီးမခံရပဲကျန်ရစ်နေတဲ့ တစ်ခုတည်းသောဗလီဝတ်ကျောင်းတော်မှာ ကျွန်တော်တို့တွေ့ဆုံခဲ့ကြပါတယ်။ အလားတူ အမည်မဖော်လိုတဲ့ အခြား မွတ်စ်လင်မ်များစွာကလည်း ပြောပြကြပါတယ်။ တိုက်ခိုက်မှုမဖြစ်ပွားခင်က မွတ်စ်လင်မ်နဲ့ဗုဒ္ဓဘာသာဝင်တွေဟာ တော်တော်လေး သင့်မြတ်ပြေလည်မှုရှိကြတယ်၊ အတူ သွားလာစားသောက်စီးပွားလုပ်နေခဲ့ကြတာပါတဲ့။ အာဃာတ တောက်လောင်လာအောင် ကျယ်ကျယ်ပြန့်ပြန့်အမုန်းတရား သွတ်သွင်းဟောပြောနေချက်တွေက ပြစ်တင် ရှုတ်ချစရာပါဘဲ။ ဒီလို အစ္စလာမ်ဆန့်ကျင်ရေး အမျက်သိုမုန်းတီးရေး တရားပွဲများစွာကို ဖန်တီးနေခဲ့သူကတော့ အစွန်းရောက်ဘုန်းကြီး အရှင်ဝီရသူ နဲ့ သူ့နောက်လိုက် ၉၆၉ အဖွဲ့သားတွေဖြစ်ကြတယ်။ ၉၆၉ ဆိုတာ များမကြာသေးတဲ့ကာလတစ်ခုကဖွဲ့စည်းခဲ့တဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသားရေးဝါဒီအုပ်စုပါ။
    3
    ( ဓာတ်ပုံ  –  မန္တလေးမြို့၊ ၉၆၉ အဖွဲ့ဌာနချုပ်ဖြစ်သော မစိုးရိမ်ကျောင်းတိုက်မှ ဦးဝီရသူ )
    သူ့ကျောင်းတိုက်ကို ရောက်ခဲ့စဉ်က မွတ်စ်လင်မ်တွေဟာ ဘာသာရေးအဓိကရုဏ်းတွေကို စတင်ဖန်တီးသူတွေဖြစ်ကြောင်း၊ သူ့နောက်လိုက်တွေကတော့ မိမိကိုယ်ကိုကာကွယ်သူတွေသာဖြစ်ကြောင်း “ မွတ်စ်လင်မ် အများစုဟာ သွေးကြွသူတွေဖြစ်ကြတယ်။ ဒီလူမျိုးရေးပဋိပက္ခရဲ့ အဓိက အကြောင်းရင်းဟာ သူတို့တွေပဲဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေက သည်းညည်းမခံနိုင်တော့လို့ သူတို့ကို တန်ပြန်တိုက်ခိုက်ပြီး ကိုယ်ပိုင်ဥပဒေနဲ့စီရင်လိုက်တာပါဘဲ ” ဆိုပြီး ဦးဝီရသူက ကျွန်တော့်ကိုပြောပါတယ်။
    မွတ်စ်လင်မ်များက မြန်မာပြည်ကို ဒုက္ခရောက်အောင်လုပ်နေတယ်လို့ မကြာခဏဟောပြောနေပေမယ့် “ ဘာသာ အသီးသီးက လူတွေနဲ့ ညီညွတ်မျှတစွာနေထိုင်ဖို့ အားလုံးကိုတိုက်တွန်းနေပါတယ်။ ငြိမ်းချမ်းရေးနဲ့သင့်မြတ်ရေးထဲ နေထိုင်နိုင်မယ့်အစီအစဉ်ကို စတင်ချမှတ်နေပါပြီ ” ဆိုပြီး ပြဿနာ မှန်သမျှကနေ ရှောင်ကြဉ်ဖို့ကြိုးစားနေတယ်လို့ ဦးဝီရသူက ဆိုပါတယ်။
    မိတ္ထီလာမြို့ခံ တစ်ချို့က ဦးဝီရသူရဲ့စကားကို ပယ်ချခဲ့ကြတယ်။ ၉၆၉ ခေါင်းဆောင်ကြီးရဲ့တရားပွဲပြီးတဲ့နောက် မိတ္ထီလာတစ်ခွင်လုံးမှာ မွတ်စ်လင်မ်ဆန့်ကျင်ရေးအတွက် မှိုင်းတိုက်ဝါဒဖြန့်စာစောင်တွေ၊ ဒီဗီဒီတွေကို ပလူပျံအောင် ဖြန့်ဖြူးခဲ့တယ်လို့ ဆိုကြပါတယ်။ “ ရခိုင်ပြည်နယ်အကြမ်းဖက်မှုနောက်ပိုင်း ဒီဖက်မှာ အမုန်းမှိုင်းတိုက် တရားပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်လာကြတယ်။ ဒေသတွင်း အာဏာပိုင်တွေကလည်း ဒါကိုရပ်ဆိုင်းစေဖို့ ဘာဆိုဘာမှ မလုပ်ခဲ့ကြပါဘူး ”။
    မြို့ခံရဲတပ်ဖွဲ့ကလည်း မွတ်စ်လင်မ်တွေကို စုရုံးခွင့်မပြုပါဘူး။ “ တကယ်လို့ သူတို့အမိန့်ကို မလိုက်နာယင် နောက်တစ်ကြိမ်ထပ်မံဖြစ်ပွားဦးမယ်လို့ အာဏာပိုင်တွေက ကျွန်တော်တို့ကို အမြဲတစေ ဖိအားပေးနေပါတယ် ” လို့ တွေ့ဆုံခဲ့သူတစ်ဦးက ဆက်လက်ရှင်းပြတယ်။ ဒေါသအုံကြွမှုတွေ ဆုံးခန်းတိုင်သွားပေမယ့် သူကတော့ လုံခြုံပြီလို့ မခံစားရသေးဘူး၊ ယာယီဒုက္ခသည်စခန်းတွေကနေ မိမိနေအိမ်များကို ပြန်ခွင့်မပြုဘဲ အာဏာပိုင်တွေက အကြောင်းပြချက်အမျိုးမျိုးပေးနေပါတယ် ဆိုပြီး ဆိုပါတယ်။
    မြို့ထဲမှာ တင်းမာမှုတွေ ကြွင်းကျန်နေဆဲဖြစ်ပြီး မွတ်စ်လင်မ်တွေအနေနဲ့ အကျဉ်းအကြပ်ထဲရှိနေဆဲဆိုတာတွေ့ရတယ်။ မိမိတို့ရဲ့မိတ်ဆွေတွေ၊ မိသားစုဝင်တွေကို သတ်ဖြတ်တဲ့ထဲမှာ အိမ်နီးချင်းတွေလည်း ပါဝင်တယ်လို့ လူများစွာက ပြောကြားကြတယ်။ “ အကြမ်းဖက်အုပ်စုထဲပါဝင်တဲ့လူတစ်ချို့ဟာ လှည့်ပတ်သွားလာနေဆဲပါဘဲ။ မိမိခင်ပွန်းကို သတ်ဖြတ်လိုက်သူကို သိခဲ့တဲ့ အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာကို တိုင်ကြားပေမယ့် အာဏာပိုင်တွေက လုံးဝ အရေးတယူမလုပ်ကြပါဘူး ”။
    မြန်မာမွတ်စ်လင်မ်တွေအပေါ် ဖိနှိပ်ဆက်ဆံမှုတွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးသုံးသပ်ချက်အစီရင်ခံစာတစ်စောင်ကို ပြီးခဲ့တဲ့ လနှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တယ်။ အနာဂတ်ကာလမှာ လူ့အခွင့်အရေးချိုးဖောက်မှု၊ မျိုးတုန်းရှင်းလင်းမှုအပါအ၀င် အကြမ်းဖက်မယ့်လက္ခဏာအစွန်းအစတွေ တွေ့နေရဆဲဖြစ်တယ်လို့ ဖော်ပြထားတယ်။
    ဘက်လိုက်မျက်နှာလွှဲထားမှုတွေ၊ ပြစ်မှုကျူးလွန်ပြီး တရားရုံးမရောက်သူတွေ၊ နှိပ်စက်မှုမှာ အားပေးအားမြှောက်လုပ်တဲ့ ရဲဝန်ထမ်းတွေရှိခဲ့ကြောင်း “ ရဲဝန်ထမ်းတွေဟာ တိုက်ခိုက်မှုတစ်ချို့အတွင်း တိုက်ရိုက်ပါဝင်ပတ်သက်မှု ရှိခဲ့ကြတယ်။ ကဏ္ဍတော်တော်များများမှာလည်း တားဆီးမှုမရှိဘဲ ရပ်ကြည့်နေခဲ့ကြတယ် ” လို့လည်း အစီရင်ခံစာထဲ ပါရှိနေတယ်။
    ဒီအစီရင်ခံစာကို  Bangkok Foreign Correspondents Club မှာထုတ်ပြန်တဲ့အခါ ရေးသားသူ ဘီလ် ဒေးဗစ် (Bill Davis) က “ ခုချိန်မှာ ပြဿနာ ရပ်ဆိုင်းသွားခဲ့ပြီဖြစ်ပေမယ့် အကြမ်းဖက်မှုကိုဖြစ်ပွားစေတဲ့ အခြေခံအချက်ကတော့ ကျန်ရှိနေတုန်းပါဘဲ။ အဲ့ဒါက အမုန်းတရားအစဉ်အလာကိုဖန်တီးပြီး ဆက်လက် မီးစိမ်းပြဦးမယ့် အမျိုးအစားဖြစ်နေပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။
    နောက်ဆုံးရ အချက်အလက်များက အဖမ်းခံရသူ ၈၇ ဦးမှာ ဗုဒ္ဓဘာသာဝင် ၃၈ ဦးသာ ပါဝင်နေကြောင်း ပြသနေပါတယ်။ “ ဒီစီမံမှုထဲ အမှန်တကယ် ပါဝင်နေသူ အများစုက လွတ်မြောက်နေဆဲဖြစ်ပါတယ်။ အဖမ်းခံထားရသူတွေက နောက်လိုက် သက်သက်ပါ။ ခေါင်းဆောင်တွေ မဟုတ်ကြပါဘူး ” လို့ ကျွန်တော်တို့ကို IDP က မွတ်စ်လင်မ်တစ်ဦး ပြောပြခဲ့တယ်။
    ဗုဒ္ဓဘာသာဝင်တွေ အုံကြွလာအောင် မှိုင်းတိုက်မှုအတွက် ကန့်လန့်ကာနောက်ကွယ်က တာဝန်အရှိဆုံးသူတွေဟာ ဦးဝီရသူနဲ့သူ့နောက်လိုက်တွေသာဖြစ်တယ်လို့ လက်ခံသူတွေ များစွာရှိနေကြတယ်။ တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းကနေဖယ်ခွာပြီး စစ်အုပ်ချုပ်ရေးဖက်ပြန်လည်တွန်းပို့လိုတဲ့ အာဏာပိုင်အချို့က ကြံဆောင်မှုဖြစ်တယ် လို့လည်း အမြင်ရှိသူတွေ မနည်းလှပါဘူး။ မိတ္ထီလာရဲ့ဈေးကွက်ဝင်ဧရိယာထဲက မွတ်စ်လင်မ်တွေကို ဖယ်ထုတ်ပြီး ပြန်လည် ဆုပ်ကိုင်ရယူအမြတ်ထုတ်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေကြပါတယ်။
    အမြင်နှစ်ရပ်လုံးထဲမှာ စစ်အာဏာရှင်ဟောင်းတွေရဲ့လက်တွဲဖော် ခရိုနီအုပ်စုတွေဆိုတဲ့ စကားလုံးက ၀ိုင်းရံနေပါတယ်။ စစ်အာဏာရှင်အုပ်စုဟောင်းတွေက မိမိတို့ရဲ့အာဏာ ဆက်လက်တည်မြဲဖို့ (သို့တည်းမဟုတ်) စီးပွားရေးတံခါးဖွင့်ချိန်မှာ ပိုမိုကြွယ်ဝလာဖို့ ခုတုံးလုပ်တာ ဖြစ်နိုင်ပါတယ်။ “ ဒီခရိုနီတွေနဲ့အာဏာပိုင်တွေဟာ တိုင်ပြည်ကို နောက်ပြန်ဆုတ်စေချင်ကြတယ်။ ဒီမိတ္ထီလာအကြမ်းဖက်မှုကြီးကို သူတို့က စံနစ်တကျ ကြိုတင်ကြံစည် ဖန်တီးခဲ့ကြတာပါ ” ဆိုပြီး ကုန်သည်တစ်ဦးက ကျွန်တော်တို့ကို ဗလီထဲမှာ ပြောပြခဲ့ပါတယ်။
    5
    ( ဓာတ်ပုံ  – ဗုဒ္ဓဘာသာဝင်အကြမ်းဖက်သမားတို့မှ ဖျက်ဆီးခဲ့သော မိတ္ထီလာရှိ မွတ်စ်လင်မ်တို့၏နေရာတစ်ခု)
    ရွှေဝါရောင်တော်လှန်ရေးဦးဆောင်ဆရာတော်တစ်ဦးဖြစ်တဲ့ ဦးပုည၀ံသ ကလည်း ဒီအကြမ်းဖက်မှုနောက်ကွယ်မှာ ခရိုနီတွေရှိကြောင်း လက်ခံခဲ့တယ်။ ဒါပေမယ့် ငွေကြေးလောဘ ဆိုတာထက် လက်လွှတ်သွားတဲ့စစ်အုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းလိုတာကြောင့် ဒီလိုလုပ်တာလို့ သူက အမြင်ရှိတယ်။ ပြည်တွင်း မွတ်စ်လင်မ်တွေ ဘယ်ပုံဘယ်နည်း နှိပ်စက်ခံရတယ်ဆိုတာကို မပြောကြားမီ သူက “ မြေပိုင်ဆိုင်ရေး နဲ့ အကျင့်ပျက်ခြစားမှု ပြဿနာတွေ ရှိနေကြတယ် ” လို့ ဆိုပါတယ်။ အာဏာပိုင်တွေက မှန်ကန်တဲ့ အထောက်အထားမပြနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မွတ်စ်လင်မ်တွေကို ခုထိ မြေပြန်မပေးသေးတာကတော့ ထင်ထင်ရှားရှားတွေ့နေရတယ်။ နေရာတော်တော် များများအတွက် အထောက်အထားဆိုတာ မကျန်ရှိခဲ့ပါဘူး။ (မီးရှို့ဖျက်ဆီးမှုထဲ ပါသွားပြီလေ)။ မြေနေရာပြန်ပေးဖို့ငြင်းဆန်ခြင်းဟာ အကယ်၍ အဲ့ဒါတွေကို ပြန်လည်ပြုပြင် တည်ဆောက်ယင် မြန်မာအစိုးရဟောင်း အဖွဲ့ဝင်အများအပြားကို အကြီးအကျယ် ချမ်းသာကြွယ်ဝသွားစေမှာဖြစ်ပါတယ်။
    ဒီပြဿနာနဲ့စပ်လျဉ်းပြီး ဘီလ်ဒေးဗစ္စ က “ သူတို့ကို အိမ်ပြန်ခွင့်မပေးဖို့ အမိန့်တွေပေးထားကြတယ်။ သူတို့ဟာ ဒီမြေတွေကို တကယ်ပိုင်ဆိုင်ကြောင်း အထောက်အထားတွေပြရမယ်လို့ ဒီလူတွေက ပြောတယ်။ ဒီလိုပြောဆိုတဲ့ ပထမအကြောင်းက မြန်မာနိုင်ငံမှာ မြေပိုင်ဆိုင်မှုစံနစ်ဆိုတာ မရှိပါဘူး (အားလုံးက နိုင်ငံပိုင်မြေ ဖြစ်တယ်)။ ဒုတိယအချက်က အထောက်အထားပြသနိုင်ယင်တောင်မှ အိမ်တွေဖျက်ဆီးခံလိုက်ရပြီဖြစ်လို့ ဘယ်လိုမှ ရယူပြသလို့မရတော့တာကြောင့်ဖြစ်တယ် ” လို့ပြောတယ်။ သက်သေအချက်အလက်မရှိတဲ့အတွက် ဒီသီအိုရီအတိုင်း အသေအချာဖြစ်တယ်လို့ အတည်ပြုပြောကြားတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် “ (အဖျက်ဆီးခံ) မြေနေရာအများစုဟာ စီးပွားရေး နဲ့ ကုန်ကူးသန်းမှုမှာ အရေးပါတဲ့ လမ်းမကြီး တစ်လျှောက်ပေါ် တည်ရှိနေတယ်။ အထူးသဖြင့် စီးပွားရေးလက်ဝါးကြီးအုပ်လိုသူတွေအဖို့ ဒီမြေတွေကို လိုချင်နေတာအမှန်ပါဘဲ။ ကချင်ပြည်နယ် နဲ့ ကရင်ပြည်နယ်လို မြန်မာပြည် အခြားဒေသများမှာလည်း အာဏာပိုင်တွေက အဓမ္မမြေသိမ်းတဲ့ အလားတူအခြေအနေမျိုး ရှိနေပါတယ် ” ဆိုပြီး ဖြည့်စွက်ပြောဆိုသွားခဲ့တယ်။
    ဗလီထဲမှာ တွေ့ဆုံပြောဆိုမှုပြီးစီးတဲ့နောက် ကျွန်တော်တို့ဟာ အကြမ်းဖက်အပျက်အစီးမြင်ကွင်းတွေကို ကြည့်ရှုဖို့ လမ်းသလားခဲ့ကြပါတယ်။ မြို့ရဲ့အချို့အစိပ်အပိုင်းဟာ လေကြောင်းစစ်ဆင်ရေးခံထားရသလိုမျိုးနဲ့ ခပ်ဆင်ဆင် တူနေပါတယ်။ လေလွင့်သူတွေကလည်း အပျက်အစီးပုံထဲက ပစ္စည်းကောင်းတွေကို ရှာဖွေတူးဆွနေကြတယ်။ မီးကျွမ်းပြိုလဲနေတဲ့ အိမ်ဝင်းတစ်ခုထဲမှာတော့ ဆိတ်ကျောင်းသားနဲ့ဆိတ်အုပ်တွေက သွားလာကျက်စားနေကြတယ်။ အဲ့ဒီနေရာဟာ တစ်ချိန်တုန်းက တောက်ပြောင်ခမ်းနားတဲ့ စားသောက်ခန်းတစ်ခု ဖြစ်ချင်ဖြစ်ခဲ့မှာပါဘဲ။ ခုချိန်မှာတော့ ……….။
    6
    ( ဓာတ်ပုံ  – အဖျက်ဆီးခံမွတ်စ်လင်မ်အိမ်များ၌ သွားလာကျက်စားနေသည့် ဆိတ်များ)
    နေ့လည်စာစားပြီးအခိုက်အတန့်မှာ ကျွန်တော်တို့အတွက်စီစဉ်သူက အရပ်သားအသွင်ဆောင်ထားတဲ့ ရဲထောက်လှမ်းရေးအရာရှိတစ်ယောက်ကို ညွှန်ပြပါတယ်။ အဲ့ဒီလူဟာ မြို့လယ်နဲ့အတန်ငယ် လှမ်းတဲ့နေရာတစ်ခုမှာ ကယ်ဆယ်ရေးစခန်းက လူတစ်ချို့နဲ့ကျွန်တော်တို့တွေ့ဆုံဆွေးနွေးမေးမြန်းတာကို နောက်ယောင်ခံ လိုက်ခဲ့တဲ့သူပါ။ အိမ်တစ်အိမ်မှာ IDP  ကလူတစ်ချို့ကို ကျွန်တော်တို့နဲ့တွေ့ဆုံစကားပြောဖို့ ခေါ်ထုတ်လာခဲ့တယ်။ ကျွန်တော်တို့ အင်တာဗျူးလုပ်ကြမယ့်အိမ်ထဲကို စီစဉ်သူက အဲ့ဒီသူကို ၀င်ရောက်စေခဲ့တယ်။ ကျွန်တော်လည်း အဲ့ဒီလူနဲ့အပေးအယူ တစ်ခုလုပ်ခဲ့တယ်။ သူက လက်နှစ်ဖက်လုံးသုံးပြီး အင်ဒရူးက လက်တစ်ဖက်ထဲနဲ့ လက်မောင်းလှဲအားပြိုင်လို့ သူနိုင်ယင် အထဲမှာစောင့်ကြည့်နိုင်တယ်။ တကယ်လို့ အင်ဒရူးကနိုင်သွားခဲ့ယင် သူက ထွက်ခွာသွားပေးရမယ်ဆိုပြီးတော့ပေါ့။ ဆယ်မိနစ်ကျော်ကျော်ကြာလွန် သွားတဲ့နောက် အဲ့ဒီလူက မအီမလည်အောင့်သက်သက်နဲ့ ထွက်ခွာသွားရတယ်လေ။
    သူက အနောက်တိုင်းဂျာနယ်လစ်နှစ်ဦးကို ကိုင်တွယ်ဖို့၊ ခြိမ်းခြောက်မှုလုပ်ဖို့အနေအထား မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့အင်တာဗျူးအကြောင်းအရာ နဲ့ စီစဉ်သူကိုတော့ ဒီလို သဘောထားချင်မှ ထားပါလိမ့်မယ်။ “မြန်မာ့နွေဦး” လို့ဆိုရမယ့်အပြောင်းအလဲဖြစ်နေသော်လည်း၊ သမ္မတဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးမယ်လို့ တစိုက်မတ်မတ်ဆိုနေသော်လည်း မြန်မာနိုင်ငံရဲ့ မွတ်စ်လင်မ်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူအပေါင်းက အနောက်တိုင်း ဂျာနယ်လစ်များနဲ့တွေ့ဆုံပြောဆိုမှုအပေါ် ရဲထောက်လှမ်းရေးနဲ့သတင်းပေးတွေဖက်က ရှေ့ဆက်ဒုက္ခပေးလာမှာကို စိုးရိမ်မှု ရှိနေတယ်လို့ ပြောပြကြပါတယ်။
    ဇူလိုင်လတုန်းက အာဏာပိုင်တွေကို ထောက်ပြပြောဆိုလေ့ရှိတဲ့ လှုပ်ရှားတက်ကြွသူ ရိုဟင်ဂျာအမျိုးသားကြီးတစ်ဦးကို အရေးယူပြီးထောင်ချခဲ့ကြတယ်။ အဲ့ဒီပုဂ္ဂိုလ်ဟာ ကျန်းမာရေးလည်း မကောင်းသလို ဆေးကုသမှုခံယူခွင့်လည်း ကောင်းကောင်းမရခဲ့ပါဘူး။ ရခိုင်ပြည်နယ်ကယ်ဆယ်ရေးစခန်းက ယာယီတဲတွေကို ဖြိုလှဲနေတဲ့ ရဲဝန်ထမ်းတစ်ယောက်ရဲ့ဓာတ်ပုံကို ဖေ့စ်ဘွတ်ပေါ်တင်လိုက်တဲ့ လူမှုလှုပ်ရှားသူတစ်ဦးဟာလည်း ရက်သတ္တပတ် အနည်းငယ်အတွင်း အဖမ်းခံခဲ့ရပါတယ်။
    7
    ( ဓာတ်ပုံ  – ကျွန်ုပ်တို့အား နောက်ယောင်ခံလိုက်ခဲ့သည့် ထောက်လှမ်းရေးရဲအရာရှိ )
    ကျွန်တော်တို့တွေ့ဆုံခဲ့တဲ့ IDP စခန်းထဲကလူအားလုံးဟာ အကြမ်းဖက်မှုစတင်စဉ်ကတည်းကြုံတွေ့ရမှုကို ပြောပြခဲ့တာ ထပ်တူထပ်မျှဖြစ်နေပါတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာဝင်များနဲ့ ကာလရှည်ကြာစွာ ငြိမ်းငြိမ်းချမ်းချမ်း အတူနေထိုင်ခဲ့ကြတယ်။ ဒါပေမယ့် တင်းမာမှုတွေ တဖြည်းဖြည်းမြှင့်တက်လာမှုကိုလည်း သတိထားမိခဲ့ကြတယ်။ မိမိအိမ်ကို မီးတင်ရှို့ခံလိုက်ရတဲ့ အငြိမ်းစားရဲအရာရှိတစ်ဦးက “ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ဘာမှမကျူးလွန်ခဲ့ပဲနဲ့ ဘာကြောင့်ဒီလိုဖြစ်ပျက်ရတယ်ဆိုတာ မသိရပါဘူး ” လို့ ပြောပါတယ်။ မိမိရပ်ကွက်ထဲက ဗုဒ္ဓဘာသာဝင်တွေကို မိမိကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးပေးတဲ့အထိ ရင်းနှီးကျွမ်းဝင်ခဲ့ကြတာပါလို့ နောက်တစ်ဦးကလည်း ဆိုပြန်တယ်။
    တိုက်ခိုက်မှုအတွက် သူတို့အားလုံး အပြစ်တင်တာကတော့ ဦးဝီရသူ ပါဘဲ။ စစ်တပ်နဲ့အာဏာပိုင်တွေ ပါဝင် ပတ်သက်မှုရှိတယ်လို့လည်း ပြောကြတယ်။ “ တစ်ချိန်တုန်းက ကျွန်တော်တို့ ငြိမ်းချမ်းသင့်မြတ်နေခဲ့ကြပါတယ်။ ဒါပေမယ့် စံနစ်တကျကြံစည်ထားတဲ့ အမုန်းမီးမွှေးမှု ပျံ့နှံ့လာခဲ့တယ်။ အဲ့ဒီနောက် လူတွေကြားထဲ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားခဲ့တာပါဘဲ ” လို့ တစ်ဦးသောသူက ရှင်းပြခဲ့တယ်။
    လူ့အသိုင်းအ၀ိုင်းအချင်းချင်းအကြားမှာ အယုံအကြည်ကင်းမဲ့သွားခဲ့ပါပြီ။ မိမိတို့လုံခြုံမှုကိုအာမခံပေးတဲ့ မူဝါဒတစ်ခုကို အစိုးရဖက်က ပြုလုပ်ဖို့လိုအပ်ကြောင်း ပြောဆိုကြပါတယ်။ အခုလက်ရှိအချိန်မှာတော့ သူတို့အဖို့ IDP စခန်းထဲကနေ ထွက်ခွာနိုင်ဖို့က အရေးအကြီးဆုံးဖြစ်နေပါတယ်။
    8
    ( ဓာတ်ပုံ  – ခရိုင်အားကစားကွင်းထဲရှိ ကယ်ဆယ်ရေးစခန်းအဖြစ်ပြုလုပ်ထားသောအားကစားရုံ )
    ကျွန်တော်တို့ ပထမဆုံးသွားရောက်ခဲ့တဲ့စခန်းက ခရိုင်အားကစားကွင်းဖြစ်ပါတယ်။ သေးငယ်တဲ့အားကစားရုံထဲမှာ လူ ၆၀၀ ကျော် ပြွတ်သိပ်ပြီးနေနေတာကို တွေ့ခဲ့ရပါတယ်။ မတ်လ ၂၁ ရက်နေ့ကစပြီး ဒီပုံစံနဲ့ နေထိုင်လာခဲ့တာ ငါးလ ရှိပါပြီ။ သီးခြားအကန့်မရှိဘဲ ကြမ်းပြင်ပေါ်ဖြစ်သလို ဖျာတွေ၊ စောင်တွေခင်းပြီး အ၀တ်အိတ်နဲ့ပိုင်ဆိုင်မှုတွေ နံဘေးမှာကိုယ်စီချထားလို့ နေအိမ်သဖွယ် နေထိုင်နေရတာပါ။ လူနှစ်ယောက် ပခုံးချင်းယှဉ်ဖြတ်လျှောက်လို့မရတဲ့အထိ ကြမ်းပြင်တစ်ကြော လူတွေပြည့်ကျပ်နေပါတယ်။ မိမိရဲ့ဖျာတစ်ချပ်စာနေရာမှာ သူ့မိသားစု ၇ ဦးနေထိုင်နေရတယ်လို့ လူတစ်ဦးက ပြောပြတယ်။
    မိမိတို့ရဲ့အနာဂတ် ဘာဖြစ်လာမလဲ၊ ဘာကိုရွေးချယ်ရမလဲဆိုတာ ဘယ်သူမှ သေသေချာချာ မပြောနိုင်ပါဘူး။ ဒီမှာမလွတ်လပ်ဘူး၊ ကိုယ့်အိမ်ကိုယ်ပြန်မှဖြစ်မယ်၊ နောက်တစ်နေ့ပြန်ခွင့်ရတာနဲ့ထွက်ခွာမယ် စသဖြင့် ကိုယ်စီ ဆိုနေကြပါတယ်။
    အချို့ကျတော့ လမ်းပြင်ရောက်ယင် လုံခြုံမှု မရှိဘူးလို့ ဆိုကြပြန်တယ်။ “ ကျွန်မတို့ဆီမှာ အနာဂတ် မရှိတော့လို့ အိမ်ကိုလည်း မပြန်ချင်တော့ဘူး ” ဆိုပြီး နေအိမ်တစ်ခုလုံး မီးထဲပါသွားတဲ့ အမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။
    ကျွန်တော်တို့ရောက်ဖူးတဲ့ မြန်မာပြည်အခြားဒေသက IDP စခန်းတွေနဲ့မတူပဲ မိတ္ထီလာမှာ ကျွန်တော်တို့သွားတဲ့နေရာတိုင်း ရဲတစ်စုက လိုက်နေခဲ့ကြတယ်။ အချို့က ယူနီဖောင်းနဲ့၊ တစ်ချို့ကျတော့ အရပ်ဝတ်နဲ့ဖြစ်တယ်။ ရဲအရာရှိတစ်ဦးရှေ့မှာဖြစ်စေ၊ စကားဝိုင်းထဲ သူဝင်ပါတဲ့အခါဖြစ်စေ မေးမြန်းပြောဆိုမှုတွေကို ခက်ခဲသွားစေပါတယ်။ အဲ့လိုဝင်စွက်လိုက်ယင် ရှေ့ဆက်တိုးဖို့ မလွယ်တော့ပါဘူး။
    အားကစားရုံအပြင်ဖက်မှာ ၀ါးတဲထိုးပြီး နေထိုင်နေကြတဲ့ ဒုက္ခသည်တွေလည်းရှိကြတယ်။ တစ်ချို့က ချက်ပြုတ်နေကြတယ်။ တစ်ချို့က ဆိုင်ငယ်လေးတွေခင်းပြီး သွားရေစာနဲ့ဟင်းသီးဟင်းရွက်တွေကို ရောင်းချနေကြတယ်။ အဲ့ဒါက ဘောလုံးကွင်းထဲမှာပါ။ တစ်ချို့ကတော့ အမိုးမိုးဖို့ ကွန်ကရစ်တိုင်သုံးမယ့်အထိ စိတ်ကူးနေကြတယ်။
    9
    ( ဓာတ်ပုံ  – ကယ်ဆယ်ရေးစခန်းတစ်ခု၏ပြင်ပမှ ရဲအရာရှိများ )
    ခရိုင်အားကစားကွင်းကနေထွက်ခွာလာပြီးတဲ့နောက် မြို့ထဲနဲ့နီးတဲ့ ဗုဒ္ဓဘာသာဝင်ဒုက္ခသည်စခန်းတစ်ခုကို ၀င်ပါတယ်။ အဲ့ဒီကအခြေအနေတွေကလည်း သိပ်ပြီးမထူးခြားပါဘူး။ မှောင်ပိန်းညစ်ပတ်တဲ့တဲတွေထဲမှာ လူတွေ နေနေကြရတယ်။ အဲ့ဒီမှာတော့ အာဏာပိုင်တွေ သိပ်မရှိကြပါဘူး။
    ကင်တားနား သွားရောက်ဖို့ရည်ရွယ်ထားတဲ့ နောက်ထပ်စခန်းတစ်ခုကို ကျွန်တော်တို့ရောက်ပြန်တယ်။ ဒုက္ခသည်စခန်း လုပ်ထားတဲ့ ရေပေးဝေရေးစက်ရုံတစ်ခုပါ။ အပြင်ဖက်မှာ လူတစ်ချို့ ၀ိုင်းဖွဲ့ထိုင်နေကြတယ်။ ထင်းခွေသူတွေ ခွေကြ၊ ခြင်းလုံးခတ်သူတွေ ခတ်ကြနဲ့ပေါ့။ ၀ါးတဲများနဲ့ တစ်ထပ်တိုက်အဆောက်အဦထဲမှာ မိသားစုတစ်စုအတွက် ၁၀ ပေ ပတ်လည်ကန့်သတ်နေရာချထားပေးတယ်။ ဒီစခန်းက အခြေအနေတော်တော်ကောင်းပုံရပါတယ်။
    ဒီလိုစခန်းမျိုးထဲမှာတောင် ရဲနဲ့ထောက်လှမ်းရေးအရာရှိတွေက အချင်းချင်းရယ်မောစကားဆိုယင်း ကျွန်တော်တို့နောက်ကို ထပ်ကြပ်မကွာ လိုက်နေခဲ့ကြတယ်။ ဒါကြောင့် အင်တာဗျူးလုပ်ဖို့ကြိုးပမ်းချက်အများစုက သဲထဲရေသွန်ဖြစ်သွားရတယ်လေ။ ခြောက်သွေ့ပူပြင်းတဲ့ဒဏ်၊ ဖရိုဖရဲဝန်းကျင်အခြေအနေတွေ၊ စခန်းပတ်လည်က လုံခြုံရေးအစောင့်တွေကြောင့် ကျွန်တော့်မှာ ပျို့အန်ချင်သလို ခံစားလာခဲ့ရပါတယ်။ အကျဉ်းသဘောလောက်သာ လျှောက်ကြည့်ပြီး ရဲအစောင့်တွေကို ကောင်းမွန်စွာ နှုတ်ဆက်ထွက်ခွာလာကြပါတယ်။
    10
    ( ဓာတ်ပုံ – ရေပေးစက်ရုံစခန်းပတ်လည်မှ ကျွန်ုပ်တို့နောက်လိုက်နေသည့် လုံခြုံရေးအုပ်စုဝင်များ )
    ဒုက္ခသည်တွေကို ဘယ်နေ့ဘယ်ရက်မှာအိမ်ပြန်ခွင့်ပြုမယ်ဆိုတာ ကယ်ဆယ်ရေးစခန်းတွေက တပ်အပ်သေချာ မပြောကြပါဘူး။ လူ့အဖွဲ့အစည်းတွေအကြား ရင်ကြားစေ့ရေးအစီအစဉ်ပြုလုပ်ပေးမယ့်လမ်းလည်း မမြင်ရဘူး။ နောက်ထပ်အကြမ်းဖက်လာနိုင်ချေရှိတဲ့အရာကို ထိန်းချုပ်ထားတဲ့ မူဝါဒစံနစ်တစ်ရပ်ကိုပင် မချမှတ်ထားတာလည်း တွေ့ခဲ့ရတယ်။
    မိတ္ထီလာအကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ ကင်တားနားက “ အနီးအနားမှာ ရဲတပ်ဖွဲ့ဝင်တွေရှိနေပါလျက် အကာအကွယ်မဲ့နေရတဲ့ ဒီအဖြစ်ကိုကြုံတွေ့လိုက်ရတဲ့အခါ စိုးရိမ်ထိတ်လန့်မှုကို ခံစားလိုက်ရတယ်။ လွန်ခဲ့တဲ့မတ်လ အကြမ်းဖက်မှုကြီးအတွင်း လူရမ်းကားအုပ်စုတွေက လူ ၄၃ ဦးကို သေတဲ့အထိ ရိုက်နှက်၊ ထိုးခုတ်၊ မီးရှို့နေပါလျက် ရဲတွေက စောင့်ဆိုင်းရပ်ကြည့်နေချိန်မှာ မြို့ခံလူတွေရဲ့သောကဝေဒနာကို ကျွန်တော့်ရဲ့ဒီအဖြစ်က ကိုယ်ချင်းစာနားလည်မှု ဖြစ်သွားစေပါတယ် ” လို့ ဖော်ထုတ်ပြောကြားခဲ့ပါပြီ။
    ကုလသမဂ္ဂသံတမန်တစ်ဦးကိုပင်လျှင် အာဏာပိုင်တွေက မကာကွယ်နိုင်ဘူး ဒါမှမဟုတ် ကာကွယ်ပေးလိုစိတ်မရှိဘူး ဖြစ်နေတဲ့အခါ မိတ္ထီလာက မွတ်စ်လင်မ်တွေအတွက် အနာဂတ်အလားအလာကောင်းဖို့ မမြင်တော့ပါဘူးဗျာ။
    ( International Centre For Journalists ထံသို့ Danny Gold ၏  Spending time with the displace muslims of Myanmar ခေါင်းစဉ်ဖြင့်တင်ပြချက်ကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည် )
    Photos Credit: Andrew Stanbridge
  • “ပထမ ပစ်မှတ် အင်န်အယ်လ်ဒီ အမတ် ဦးဝင်းထိန်”
    “ပထမ ပစ်မှတ် အင်န်အယ်လ်ဒီ အမတ် ဦးဝင်းထိန်”
    စည်သူအောင်မြင့် FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
    ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မိတ္တီလာမြို့ခံ တစ်ချို့ အင်န်အယ်လ်ဒီ ပါတီက ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းထိန်ကို ဆန့်ကျင်ကန့်ကွက်မယ့် ဆန္ဒပြပွဲတစ်ခု လုပ်ဖို့ ခွင့်ပြုချက် တင်ခဲ့ကြပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက ခွင့်မပြုတဲ့အတွက် ဆန္ဒမပြခဲ့ကြပါဘူး။ အခု နောက်ထပ် လုပ်တာကတော့ ဦးဝင်းထိန်ကို အမတ်တာဝန်ကနေ ပြန်ရုပ်သိမ်းရေး တင်ပြနိုင်ဖို့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ လက်မှတ်တွေ ကောက်ခံ တင်ပြသွားမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ရတဲ့ အကြောင်းကတော့ သိပ်မကြာသေးမီက ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကင်တားနား ကာဖျူးအမိန့် ထုတ်ထားတဲ့ ည ၁၀ နာရီခွဲ အကျော် မိတ္တီလာ မြို့ကို ရောက်လာစဉ် မြို့ခံတစ်ချို့က ဥပဒေချိုးဖေါက်ပြီး မစ္စတာ ကင်တားနား ကားကို ၀ိုင်းဝန်းခဲ့တဲ့ ကိစ္စ၊ ဒါကို ရဲတပ်ဖွဲ့ကလည်း မတားဆီးခဲ့တဲ့ကိစ္စ ဦးဝင်းထိန်က သတင်းမီဒီယာတွေကို အမှန်အတိုင်း ပြောဆိုခဲ့လို့ ဖြစ်ပါတယ်။
    U Win Htein
    ၂၀၁၂ ခုနှစ် ပြည်သူဂုဏ်ရည် ဆု ချီးမြှင့်ခြင်းခံခဲ့ ရသူများ ဦးဖိုးဖြူ၊ ဒေါ်သန်းမြင့်အောင်၊ ဒေါ်ရှု၊ ဦးဝင်းထိန်၊ ဒေါက်တာ ထားထား Photo- http://www.myanmarij.com
    သတင်းမီဒီယာတွေကို ဦးဝင်းထိန် ပြောဆိုခဲ့တာမှာ ရှုတ်ရှုတ်ထွေးထွေး ဘာမှ မပါပါဘူး။ ည ၁၀း၀၀ နာရီကျော်ရင် လမ်းပေါ်မထွက်ရဆိုတဲ့ တင်းကြပ်တဲ့ လုံခြုံရေးဆိုင်ရာ စည်းကမ်း ထုတ်ထားတာ ည ၁၀း၃၀ တိုင်အောင် အဲဒီ လူစု ဘာကြောင့် လမ်းပေါ်မှာ ရှိနေခဲ့ရသလဲ၊ နောက် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ ပြန်ကြားရေးဒုဝန်ကြီး ပြောသလို ရဲလုံခြုံရေးတွေ အလုံအလောက် ချထားတယ် ၊ လူအုပ်ကြီးကို လူစုခွဲပါလို့ ပြောတယ် ဆိုပါလျက်နဲ့ လူအုပ်ကြီးက မစ္စတာကင်တားနား ကား အနားကို ဘာကြောင့် ချဉ်းကပ် ကားမှန်ကို ထုနိုင်ရတာလဲ။ အဲဒါတွေကို မေးခွန်းထုတ်ပြီး အမှန်တွေကို ပြောခဲ့တာပါ။ ဒီအတွက် ဘာကြောင့် အင်န်အယ်လ်ဒီ အမတ် ဦးဝင်းထိန် ဆန့်ကျင်ရေး ပေါ်ပေါက်လာ ရသလဲ၊ ဘာသာရေး ခေါင်းစဉ်တပ် လှုပ်ရှားနေသူတွေရဲ့ နောက်ကွယ်က ဇာတိရုပ် ပေါ်လာပြီလား ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားမယ် ဖြစ်ပါတယ်။
    ရခိုင်ပြည်နယ်မှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် ဒါကို အသုံးချပြီး တစ်ချို့ပုဂ္ဂိုလ်တွေက ပြသနာကို ပြည်မ ထဲ ဆွဲသွင်းလာခဲ့ပါတယ်။ အဲလို ပြသနာကို ဆွဲသွင်းလာပြီး အကြမ်းဖက်မှုတွေ၊ မီးလောင်မှုတွေ၊ လူသတ်မှုတွေ၊ ဒုက္ခသည်ဖြစ်မှုတွေ ဖြစ်ပွားလာတဲ့ အခါ အကြမ်းဖက်မှုကို မလိုလားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံရေးသမားတစ်ချို့နဲ့ သတင်းစာဆရာ တစ်ချို့က ဒါတွေနဲ့ ပါတ်သက်တဲ့ သဘောထား အမြင်တွေကို ထုတ်ဖော်ပြောဆိုလာကြပါတယ်။ ဒီအခါ ဘာသာရေးခေါင်းစဉ်တပ် လှုပ်ရှားနေသူတွေက ဒေါ်အောင်ဆန်း စုကြည်၊ မင်းကိုနိုင် အပါအ၀င် အကြမ်းဖက်မှုကို မလိုလားတဲ့၊ ဆန့်ကျင်တဲ့၊ ငြိမ်းချမ်းရေးကို လိုလားတဲ့၊ လူ့အခွင့်အရေးကို လေးစားတဲ့၊ လူပုဂ္ဂိုလ်တွေကို စော်ကား ပုတ်ခတ်မှုတွေ စပြီး လုပ်လာပါတော့တယ်။
    အဲဒီလို တစ်စွန်းတစ်စ လုပ်ကိုင်မှုတွေ ပေါ်ထွက်လာပြီးတဲ့နောက် လက်ရှိ အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်သူ ရှိရမယ်၊ အဲဒီ လူတွေဟာ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံတွေ အပေးအယူ အလျော့အတင်း လုပ်ပြီး ငြိမ်းချမ်းစွာ သွားနေတဲ့ အပြောင်းအလဲကို မလိုလားသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် အပါအ၀င် ပြည်သူလူထု ထောက်ခံမှု အပြည့်အ၀ ရထားသူတွေကို ဘာသာရေး ခေါင်းစဉ်တပ် တိုက်ခိုက်ပြီး ပြည်သူတွေကို လမ်းလွဲရောက်အောင် ပို့မယ့် သူတွေဖြစ်တယ် ဆိုပြီး အစိုးရဘက်က ပုဂိုလ်တစ်ချို့ရော အတိုက်အခံနိုင်ငံရေးသမားတွေ ဘက်ကပါ သုံးသပ်ပြောဆိုမှု ရှိခဲ့ပါတယ်။
    တကယ့်တကယ်လည်း အဲလို ဖြစ်တယ်ဆိုတာ သက်သေ အထောက်အထားတွေ ဟိုနေရာ တစ်စ ဒီနေရာ တစ်စ တွေ့မြင်လာနေ ရပါတယ်။ အေးမြငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာကိုခံယူထားတဲ့ ဘုရားသားတော် တစ်ပါးဆိုရင် သံဃာဖြစ်ပါလျက် မြတ်ဗုဒ္ဓရဲ့ ငြိမ်းချမ်းတဲ့ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးရမယ့်အစား ဘာသာခြားတွေကို မုန်းတီးဖို့ တရားဟောပါတယ်။ ဒါပေမယ့် သူ့ အဓိက နောက်ဆုံး ဦးတည်ပစ်မှတ်ဟာ အဲဒီ ဘာသာဝင်တွေ ဟုတ်ဟန် မတူပါဘူး။ သူဟောတဲ့ တရားထဲမှာ ဘာသာခြား တွေက ဗုဒ္ဓဘာသာတွေကို ဘယ်လို စော်ကားနေတယ်၊ ဘယ်လို မဟုတ်တာ လုပ်နေတယ်ဒါကြောင့် မြန်မာပြည်ဟာ ဘာသာခြားလွှမ်းမိုးတဲ့ အိမ်နီးချင်း နိုင်ငံတစ်ချို့လို ဖြစ်သွားနိုင်တယ် စသဖြင့် မမှန်ကန်တဲ့ အချက်အလက်တွေနဲ့ အမုန်းတရား ပွား အောင် လုပ်နေတဲ့အပြင် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ခွတ်ဒေါင်းအလံကို မွတ်ဒေါင်း အလံဖြစ်သွားပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင် ဆိုရင်လည်း ဘာသာခြားတွေရဲ့ ကိုယ်စားလှယ် ဖြစ်သွားပြီ စသဖြင့် ဘာသာရေးမှိုင်းတိုက် တိုက်ခိုက်တာတွေ လုပ်တာ တွေ့လာရပါတယ်။
    ဒီအတွက်လည်း ဘာသာရေးအကြမ်းဖက်မှု ပြသနာတွေဖြစ်ပေါ်တိုင်း၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဖြစ်ပေါ်တိုင်း ဒေါ်အောင်ဆန်း စုကြည်နဲ့ အတိုက်အခံ အင်အားစုတွေဟာ အတော့်ကို သတိကြီးကြီးထား ပြောရ ဆိုရ ချဉ်းကပ်ရတာ တွေ့လာရပါတယ်။ တစ်ခုခု ပြောလိုက်တာနဲ့ ဘာသာခြားဘက် လိုက်တယ် ဆိုတဲ့ တံဆိပ်ကပ်ပြီး ပြည်သူကို လိမ်ညာစည်းရုံး မှိုင်းတိုက်ကြပါတော့တယ်။ အဲဒီကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး၊ မင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ဆန့်ကျင်ရေး၊ အတိုက်အခံအင်အားစု ဆန့်ကျင်ရေး ဆိုတာမျိုးအထိ သွားကြဖို့ ရည်ရွယ်ကြဟန်တူပါတယ်။ ဒီအတွက် အဲဒီ နောက်ကွယ်က အင်အားစုတွေဟာ အမုန်းတရား ဖြန့်ဖြူး သူတွေကို နောက်ကွယ် ကနေ ငွေကြေးထောက်ပံ့တာ လုပ်ပါတယ်။ ဒါ့အပြင် အခြား အကြမ်းဖက်မှုတွေထဲလည်း ထဲထဲဝင်ဝင် မပါဝင်ပါဘူးလို့ မပြောနိုင်ပါဘူး။ တစ်ဖက်မှာတော့ အဲဒါတွေကို ဝေဖန်၊ ထောက်ပြ ပြောဆိုရဲသူ မရှိတော့ဘူး ဆိုပြန်ရင်လည်း အမုန်းတရားတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်၊ ပြသနာ တစ်ခု ပေါ်လာတာနဲ့ အကြမ်းဖက်အောင် လှုံ့ဆော်တာတွေ ရဲရဲတင်းတင်း ပြုလုပ်နိုင်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ အဓိက ရည်ရွယ်ချက် ပစ်မှတ်ဟာ အဲဒီ ဘာသာခြားတွေကို နှိပ်ကွပ်ဖို့ ချည်းသက်သက် မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ပြည်သူတွေဘက်က စွန့်လွှတ် အနစ်နာခံ တိုက်ပွဲဝင်ရင်း ပြည်သူလူထုကြီးရဲ့ ယုံကြည်ကိုးစားမှု၊ လေးစားထောက်ခံမှုကို အပြည့်အ၀ ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ ပါတီ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့နဲ့ တိုးတက်တဲ့ အတိုက်အခံ အင်အားစုတွေ ဖြစ်ပါတယ်။
    ဒီနေရာမှာ ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံတွေကလည်း မေးခွန်းထုတ်စရာပါ။ မစ္စတာ ကင်တားနား လာချိန် ဆန္ဒပြတယ်လို့ ဆိုသူတွေဟာ ကာဖျူးချိန် ၁၀ နာရီ ကျော်သည်အထိ လမ်းပေါ်ကနေ ထွက်ခွာမသွားပဲ စုရုံးနေကြတာဟာ အတော် သတ္တိကောင်းတယ် လို့ ယူဆ စရာရှိပါတယ်။ ဒါပေမယ့် တကယ့် တကယ် ဦးဝင်းထိန်ကို ဆန္ဒပြဖို့ ခွင့်ပြုချက်တင်၊ ခွင့်ပြုချက် မရတဲ့ အခါမှာတော့ ဆန္ဒပြမယ့် အစီအစဉ်ကို အလွယ်တကူ ဖျက်သိမ်းလိုက်တာကိုကြည့်ရင် ကာဖျူးကို ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့ ကွာခြားနေတာ တွေ့ရပြန်ပါတယ်။ ရန်ကုန်မှာ ပုဒ်မ ၁၈ ကို တခြိမ်းခြိမ်း ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေချိန် အဲဒီ ပုဂ္ဂိုလ်တွေက ခွင့်ပြုချက် မရတာနဲ့ အသာတကြည် နောက်ဆုတ်သွားသူတွေပါ။ အဲလို လူတစ်ချို့ဟာ အခန့်မသင့်ရင် သေနတ်နဲ့ အပစ်ခံရနိုင်တဲ့ ည အချိန်မတော် လူစုရဲနိုင်တာဟာ ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်ကြောင့် မဟုတ်ရင် ဖြစ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။
    အခုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာ ရေးသူ မစ္စတာ ကင်တားနား ကိစ္စ အမှန်အတိုင်း ဝေဖန်ပြောဆိုလိုက်တဲ့ အင်န်အယ်လ်ဒီ အမတ် ဦးဝင်းထိန်ဟာ ပထမ ဦးဆုံးပစ်မှတ် ဖြစ်သွားပါပြီ။ ဒီလိုနည်းနဲ့ အမုန်းတရားတွေ ဆက်ဖြန့်ဖြူး၊ အကြမ်းဖက်မှုတွေ ဖြစ်အောင်၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ပေါ်ပေါက်အောင် ဆက်ပြီး လှုံ့ဆော်ကြပါဦးမယ်၊ ဒီအခါ ဒါကို ဝေဖန် ထောက်ပြကြသူတွေဟာ ဦးဝင်းထိန်နည်းတူ ဒုတိယ တတိယ ပစ်မှတ်တွေ ထပ် ထပ်ပြီး ပေါ်ပေါက်လာဦးမှာပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
    စည်သူအောင်မြင့်
    Link >>https://www.facebook.com/sithu.aungmyint/posts/196719130510895