News @ M-Media

Tag: WuhanVirus

  • ကိုဗစ်ဇစ်မြစ်ကို ပညာရှင်များ ရှာတွေ့ပြီ

    ကိုဗစ်ဇစ်မြစ်ကို ပညာရှင်များ ရှာတွေ့ပြီ

    ဇူလိုင် ၂၇၊ ၂၀၂၂
    M-Media


    -ကမ္ဘာတစ်၀ှမ်း ပြန့်နှံ့သွားတဲ့ ကိုဗစ်ကပ်ရောဂါဟာ ၀ူဟန်မြို့ လယ်ကောင်က သားရိုင်းတိရစ္ဆာန်စျးကနေ ပြန့်နှံတယ်ဆိုတာ ခိုင်မာတဲ့အထောက်အထား တွေ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    သီးခြားလေ့လာမှု နှစ်ခုကို ပညာရှင်တွေက အပြန်အလှန် ဆက်စပ် သုံးသပ်ခဲ့ကြကြီး ၂၀၁၉ ခုနှစ် နို၀င်ဘာလအတွင်း ဒါမှမဟုတ် ဒီဇင်ဘာအစောပိုင်းမှာ ၀ူဟန်မြို့လယ်ကောင် သားရိုင်းတိရစ္ဆာန်စျေးနား တစ်၀ိုက် ကိုဗစ်မျိုးကွဲနှစ်ခု စတင်ကူးစက်ဖြစ်ပွားတယ်ဆိုတာ ကောက်ချက်ချနိုင်ခဲ့ပါတယ်။

    အချက်အလက်တွေကို လေ့လာဆန်းစစ်မှုအရ Sars-Cov-2 ဗိုင်းရပ်စ်ဟာ Huanan စျေးက တိရစ္ဆာန်တွေမှာ ရှိနေခဲ့ပြီး အဲဒီစျေးမှာ အလုပ်လုပ်တဲ့လူ ဒါမှမဟုတ် စျေးသွား၀ယ်တဲ့သူ နှစ်ဦးကို သီးခြားစီကူးစက်ကာ နောက်ပိုင်းမှာ ပြန့်နှံ့သွားတာဖြစ်တာကို တွေ့ခဲ့ရပါတယ်။

    လေ့လာမှုမှာပါ၀င်တဲ့ ဗိုင်းရပ်စ်ဗေဒပညာရှင် ပရော်ဖက်ဆာ ဒေးဗစ်ရော်ဘတ်ဆန်က ဓာတ်ခွဲခန်းကနေ ပေါက်ထွက်တယ်ဆိုတဲ့ သတင်းမှားကို အခုအချက်အလက်တွေက ချေဖျက်ပေးလိုက်တယ်လို့ ပြောပါတယ်။

    ပညာရှင်တွေဟာ ကိုဗစ်ရဲ့ ဇစ်မြစ်ကို သိရဖို့အတွက် ၂ နှစ်ကြာ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

    အစောပိုင်း ကူးစက်သူတွေထဲက ထက်၀က်ကျော်လောက်ဟာ Huanan စျေးနဲ့ ဆက်စပ်ပတ်သက်မှုမရှိပေမယ့် စျေးနားတစ်၀ိုက်မှာ နေထိုင်သူတွေဖြစ်ပြီး၊ တိုက်ရိုက်ထိတွေ့သူတွေကနေတစ်ဆင့် ဆင့်ပွားကူးစက်လာတာလို့ ပညာရှင်တွေက ကောက်ချက်ချခဲ့ပါတယ်။

    Ref: BBC

  • လတ်တလော ကူးစက်မှု မြင့်တက်လာတဲ့ ကိုဗစ် BA.5

    လတ်တလော ကူးစက်မှု မြင့်တက်လာတဲ့ ကိုဗစ် BA.5

    ဇူလိုင် ၁၄၊ ၂၀၂၂
    M-Media

    -BA.5 ဟာ အိုမီခရွန်မျိုးကွဲတစ်ခုဖြစ်ပြီး လတ်တလော ကမ္ဘာတစ်၀ှမ်းမှာ ပြန့်နှံ့ကူးစက်မှု မြင့်တက်လာပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ဇွန်လနှောင်းပိုင်း ကမ္ဘာတစ်၀ှမ်း စုစုပေါင်း ကိုဗစ်ကူးစက်မှုရဲ့ ၅၂ ရာခိုင်နှုန်းဟာ BA.5 မျိုးကွဲ ဖြစ်နေပါတယ်။

    တစ်ပတ်အတွင်း ၃၇ ရာခိုင်နှုန်းကနေ ၅၂ အထိ တက်လာတာ ဖြစ်ပါတယ်။

    BA.5 မျိုးကွဲကို ဇန်န၀ါရီလမှာ စတွေ့ခဲ့ပြီး ဧပြီလကစတင်ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စောင့်ကြည့်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒီမျိုးကွဲအပါအ၀င် ကမ္ဘာတစ်၀ှမ်း ကိုဗစ်ကူးစက်မှုဟာ ၄ ပတ်အတွင်း အမြင့်ဆုံးကို ရောက်လာပါတယ်။

    BA.4 လိုပဲ BA.5 ဟာ ကာကွယ်ဆေး၊ အရင်ကိုဗစ်ကူးစက်မှုကနေ ရထားတဲ့ ကိုယ်ခံစွမ်းအားကို ကျော်လွှားကူးစက်နိုင်ပါတယ်။ ဒ့ါကြောင့် ကာကွယ်ဆေး ထိုးပြီးသားသူတွေ၊ အရင် ကိုဗစ်ကူးစက်ပြီးသား သူတွေမှာပါ BA.5 ကူးစက်မှုကို တွေ့နေရပါတယ်။

    BA.5 ကူးစက်မှုကြောင့် ဆေးရုံတက်ကုသရတာမျိုးတွေ များလာပေမယ့် သေဆုံးမှုကတော့ သိသိသာသာ မရှိပါဘူး။ အရင်ကာကွယ်ဆေးတွေက ကိုဗစ်ကြောင့် အကြီးအကျယ် နေမကောင်းဖြစ်တာ၊ သေဆုံးတာမျိုးကို ကာကွယ်ပေးနိုင်ပြီး ဆေးကုမ္ပဏီတွေကလည်း BA.5 အတွက် သီးသန့် ကာကွယ်ဆေးမျိုးထုတ်ဖို့ ကြိုးစားနေပါတယ်။

    BA.5 ဟာ အခြားအိုမီခရွန်မျိုးကွဲတွေထက် ပိုပြီး အန္တရာယ်ရှိတယ်ဆိုတဲ့ အနေအထားမျိုးကို မတွေ့ရပါဘူး။ ဒါပေမယ့် ကူးစက်မှု ပိုမိုများပြားလာနိုင်တယ်လို့ WHO က သတိပေးထားပါတယ်။

    ကမ္ဘာတစ်၀ှမ်း ကာကွယ်ဆေးမညီမျှမှုတွေ၊ တစ်ချို့နိုင်ငံတွေက ကိုဗစ်ကို အလျင်အမြန်ကျော်လွားဖို့ ကြိုးစားနေတာတွေကြောင့် နောက်ထပ် ကိုဗစ်မျိုးကွဲတွေ တွေ့ရမယ့်အန္တရာယ် ရှိတယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်၊

    အိန္ဒိယမှာ ပထမဆုံးတွေ့ခဲ့တဲ့ အိုမီခရွန်မျိုးကွဲ BA.2.75 ဟာ အသွင်ပြောင်းမှုတွေ အလွန်များပြားပြီး ကူးစက်မှု မြန်ဆန်တာကြောင့် ပညာရှင်တွေက အဓိကထား စောင့်ကြည့်နေပါတယ်။

    Ref: The Star

  • ကိုဗစ်ရေရှည်ခံစားရသူများ အဆုတ်ပျက်ဆီးနိုင်ကြောင်း လေ့လာမှုတွင် တွေ့ရှိ

    ကိုဗစ်ရေရှည်ခံစားရသူများ အဆုတ်ပျက်ဆီးနိုင်ကြောင်း လေ့လာမှုတွင် တွေ့ရှိ

    ဇန်နဝါရီ ၃၀၊ ၂၀၂၂
    M-Media

    -ကိုဗစ်ရောဂါလက္ခဏာကို အချိန်အတော်ကြာ ခံစားရသူအချို့မှာ အဆုတ်ပျက်ဆီးမှုတွေရှိကြောင်း ယူကေမှာပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    ပုံမှန်အသုံးပြုနေကျ ဓာတ်မှန်တွေနဲ့ မဖော်မထုတ်နိုင်တဲ့ အဆုတ်ပျက်ဆီးမှုကို ပညာရှင်တွေက ‘ဇီနွန်ဓာတ်ငွေ့’ (Xenon Gas) အသုံးပြုပြီး ဖော်ထုတ်ခဲ့တာပါ။

    ကိုဗစ်ကူးပေမယ့် ဆေးရုံတက်ရလောက်တဲ့အထိ ရောဂါလက္ခဏာ မဆိုးရွားတဲ့ လူ ၁၁ ဦးကို လေ့လာရာမှာ အသက်ရှုမ၀မှုကို ရေရှည်ခံစားနေရတယ်ဆိုတာ လေ့လာမှုမှာ တွေ့ရပါတယ်။

    ကိုဗစ်အချိန်ကြာကြာကူးစက်ခံရသူတွေမှာ အသက်ရှုမ၀မှု ဘာ့ကြောင့် ပုံမှန်လိုလို ဖြစ်နေတာလဲဆိုတာ သိနိုင်ဖို့ အခုတွေ့ရှိချက်က အထောက်အကူ ဖြစ်နိုင်ပေမယ့် တကယ့်အကြောင်းအရင်တွေက များပြားပြီး ရှုပ်ထွေးနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    အခုတွေ့ရှိချက်ကို အတည်ပြုနိုင်မယ့် နောက်ထပ်လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ရအုံးမှာ ဖြစ်ပါတယ်။

    ကိုဗစ်အချိန်ကြာကြာ ကူးစက်ခံရမှုဆိုတာ ကိုဗစ်ကူးစက်ပြီးနောက် ရောဂါလက္ခဏာတွေကို သီတင်းပတ် အတော်ကြာတဲ့အထိ ခံစားရတာကို ဆိုလိုပါတယ်။

    ဇီနွန်ဓာတ်ငွေ့နဲ့ စမ်းသပ်မှုမှာ ဓာတ်ငွေ့ကို ခန္ဓာကိုယ်ထဲ ရှူသွင်းခိုင်းပြီး အဆုတ်က အောက်ဆီဂျင်ကို စုပ်ယူကာ ခန္ဓာကိုယ်တစ်ဝှမ်း ပေးပို့မှုကို စောင့်ကြည့်တာ ဖြစ်ပါတယ်။ ကိုဗစ် အချိန်ကြာကြာ ကူးစက်ခံရသူတွေမှာ ဒီလို ပေးပို့မှုဟာ သာမန်လူတွေလောက် ထိရောက်မှု မရှိတာကို တွေ့ရပါတယ်။

    ဒါပေမယ့် ဒီပြဿနာကို အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်တာ၊ အခြား ကုသရေးနည်းလမ်း စတာတွေနဲ့ ကုစားနိုင်တယ်လို လေ့လာမှုမှာပါဝင်တဲ့ ပညာရှင်တွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • ကိုဗစ်သောက်ဆေး Molnupiravir ကို ထိုင်းနှင့် အင်ဒိုနီးရှားတို့က ထုတ်လုပ်မည်

    ကိုဗစ်သောက်ဆေး Molnupiravir ကို ထိုင်းနှင့် အင်ဒိုနီးရှားတို့က ထုတ်လုပ်မည်

    ဇန်နဝါရီ ၁၄၊ ၂၀၂၂
    M-Media

    -ကိုဗစ်သောက်ဆေး Molnupiravir ကို ပြည်တွင်းမှာ ထုတ်လုပ်သုံးစွဲနိုင်ဖို့ ထိုင်းနဲ့ အင်ဒိုနီးရှားတို့က စီစဉ်နေပါတယ်။

    Molnupiravir သောက်ဆေးကို အမေရိကန် ဆေးဝါးကုမ္ပဏီနှစ်ခုဖြစ်တဲ့ Merck & Co Inc နဲ့ Ridgeback Biotherapeutics တို့ ပူးတွဲထုတ်လုပ်တာဖြစ်ပြီး ကိုဗစ်ကူးစက်သူတွေ ရောဂါလက္ခဏာ ဆိုးဆိုးရွားရွား ခံစားရမှုနဲ့ ဆေးရုံတက်ရမှုတို့ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

    ထိုင်းကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပုံပြောင်းကိုဗစ် အိုမီခရွန်ကြောင့် ကူးစက်မှု မြင့်တက်နေတဲ့အချိန် ဒါကို တုန့်ပြန်နိုင်ဖို့အတွက် Molnupiravir သောက်ဆေးကို ပြည်တွင်းမှာ ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    ထုတ်လုပ်ရာမှာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယလို အခြားနိုင်ငံတွေနဲ့ ပူးပေါင်းသွားမယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

    “Molnupiravir ဆေးကို အစိုးရ ဆေးဝါးအဖွဲ့အစည်းနဲ့ Chulabhorn သုတေသနဌာနတို့ ပူးပေါင်းပြီး ထုတ်လုပ်သွားမှာပါ။ နောက်ပိုင်းဖြစ်လာမယ့် အခြေအနေတွေမှာ အထောက်အပံ့ဖြစ်စေနိုင်မယ့် ဆေးဝါးတွေကို ကော်မတီက သုတေသနလုပ်ကာ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်”

    အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin ကလည်း ပုဂ္ဂလိက ဆေးကုမ္ပဏီအချို့နဲ့ အစိုးရ ပူးပေါင်းကာ လာမယ့် ဧပြီ၊ မေလလောက်ကစပြီး Molnupiravir သောက်ဆေး ထုတ်လုပ်သွားမယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားဟာ Molnupiravir သောက်ဆေး လေးသိန်းလောက်ကို အရေးပေါ်အသုံးပြုနိုင်ဖို့ အခုတစ်ပတ်မှာ ခွင့်ပြုခဲ့ပါတယ်။

    Ref: Bangkok Post

  • ကိုဗစ်တတိယလှိုင်းကြုံနေသည့် အိန္ဒိယတွင် ကန့်သတ်မှုအသစ်များလုပ်

    ကိုဗစ်တတိယလှိုင်းကြုံနေသည့် အိန္ဒိယတွင် ကန့်သတ်မှုအသစ်များလုပ်

    ဇန်နဝါရီ ၉၊ ၂၀၂၂
    M-Media

    -အိန္ဒိယနိုင်ငံမှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကူးစက်မှု မြင့်တက်လာပြီး ကိုဗစ် တတိယလှိုင်းကို ကြုံလာရတာကြောင့်​ လူများတဲ့ မြို့တွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်တာလို ကန့်သတ်တင်းကြပ်မှုအသစ်တွေ လုပ်ဆောင်လာပါတယ်။

    တစ်ချို့ပြည်နယ်တွေမှာ ရုပ်ရှင်ရုံတွေ၊ ကျောင်းတွေ ပြန်ပိတ်ခဲ့သလို လူစုလူဝေးလုပ်နိုင်တဲ့ ပမာဏကိုလည်း လျှော့ချခဲ့ပါတယ်။ မြို့တော်​ နယူးဒေလီ၊ တမီလ်နာဒူးပြည်နယ်မြို့တော် ချန်နိုင်း၊ ကာနာတာကာပြည်နယ်မြို့တော် ဘန်ဂလောရ်တို့အပါအဝင် ပြည်နယ်မြို့တော်တွေမှာ အာဏာပိုင်တွေက ပိတ်ရက် ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

    စနေနေ့က အိန္ဒိယမှာ ကိုဗစ်ကူးစက်မှုဟာ ၁ သိန်း ၄ သောင်းကျော်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် မေလနောက်ပိုင်း အများဆုံးပါ။ သေဆုံးမှုကလည်း ၂၈၅ ဦး ရှိပါတယ်။

    ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေ အိုမီခရွန်ကြောင့် ဖြစ်လာတဲ့ အခုတတိယလှိုင်းမှာ သေဆုံးမှု နည်းပေမယ့် ကူးစက်မှု အလွန်များတာကြောင့် အရင်ကတည်းက အားနည်းခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပိုမို ထိခိုက်စေလိမ့်မယ်လို့ သတိပေးထားပါတယ်။

    ပြည်နယ်ရွေးကောက်ပွဲတွေ ရှိတာကြောင့် အိန္ဒိယနိုင်ငံရေးသမားတွေဟာ မဲဆွယ်ပွဲပြုလုပ်ဖို့ စီစဉ်နေပြီး ကိုဗစ်ကူးစက်မှု ပိုမိုမြင့်တက်လာမှာကိုလည်း ပြည်သူတွေက စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ် Delta မျိုးကွဲ အကြီးအကျယ်ကူးစက်ခဲ့တဲ့ အကြောင်းအရင်းတွေထဲမှာ အာဏာရ BJP ပါတီရဲ့ မဲဆွယ်ပွဲတွေ၊ လူ သိန်းချီတက်ရောက်တဲ့ ဘာသာရေးအခမ်းအနားတွေက အဓိကကျခဲ့ပါတယ်။

    Ref: Aljazeera