News @ M-Media

သခင် မြ (၁၈၉၇ – ၁၉၄၇)

ဇူလိုင်-၁၄၊၂၀၁၃
M-Media

အာဇာနည်များ အထ္ထုပ္ပတ္တိ (အာဇာနည်နေ့ အထိမ်းအမှတ်)

photo

၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တဲ့ နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ပါတယ် ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။

သခင် မြ (၁၈၉၇ – ၁၉၄၇)

takhin Mya

အာဇာနည် ခေါင်းဆောင်ကြီး သခင်မြကို ဖခင် ဦးဘိုးချွန်နှင့် မိခင် ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ပြည်မြို့နယ် ထုံးဘိုရွာ၌ ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ ညီမ မမြငွေ တစ်ဦးသာ ရှိ၍ ညီမမှာ သီလရှင် ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာခဲ့သည်။ သခင်မြသည် သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်းအောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်း ကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့် ကာလတ္တား တက္ကသိုလ် တို့မှ အိုင်အက်စ်စီ တန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေးကောင်စီတွင်လည်း အဖွဲ့ဝင်တစ်ဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသား ကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။

၁၉၂၇ ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသောအခါ သာယာဝတီသို့ ပြန်၍ ရှေ့နေအလုပ်ဖြင့် အသက်မွေးခဲ့သည်။ ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံသားများဘက်မှ ရှေ့နေလိုက်ရာတွင် ထင်ရှား လာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ဗမာ အစည်းအရုံး ဝင်ရာမှ သခင် ဖြစ်လာပြီး သခင်မြဟု ထင်ရှား လာခဲ့သည်။ ထို့နောက် တို့ဗမာ အစည်းအရုံး၏ ကိုယ်ပွား ဖြစ်သော ‘ကိုယ်မင်း ကိုယ်ချင်း အဖွဲ့’ ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုယ်မင်း ကိုယ်ချင်းအဖွဲ့၏ တာဝန် ပေးချက် အရ သာယာဝတီ တောင်ပိုင်းမှ အမတ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွှေး ခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော် အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော် အတွက် ပထမဆုံး အရွေးခံ ရသော သခင် အမတ် သုံးဦး အနက် တဦး အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ် အဖြစ် အရွေးခံ ရသော်လည်း အင်္ဂလိပ် နယ်ချဲ့ အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင် အမတ် တဦးလည်း ဖြစ်သည်။

ပြည်သူ့ အရေးတော်ပုံ ပါတီ ဖွဲ့သော အခါတွင် ဗိုလ်ချုပ် အောင်ဆန်းက ပြည်ပ ဆက်သွယ်ရေး တာဝန် ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန် ယူခဲ့ ရသည်။ ၁၉၄၁ ခုတွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခံရသည်။ ရဲဘော် သုံးကျိပ် ဂျပန် နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ရသူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရ အဖွဲ့တွင် ဒုတိယ ဝန်ကြီးချုပ် ဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ဖတပလကို ဖွဲ့သော အခါ ပြည်သူ့ အရေးတော်ပုံ ပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင် ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီကို မြန်မာပြည် ဆိုရှယ်လစ် ပါတီဟု ပြင်ဆင် ဖွဲ့စည်းသော အခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ကြားဖြတ် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန ဝန်ကြီး တာဝန်များ ယူခဲ့ရ သူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြု လွှတ်တော် ယာယီ သဘာပတိ အဖြစ် တာဝန်များ ပေးအပ်ခြင်းခံရသည်။ အောင်ဆန်း အက်တလီ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင် ခဲ့သည်။ လယ်သီးစား ဥပဒေ ဋီကာ ကိုလည်း ရေးသားခဲ့သေးသည်။ သခင်မြသည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ယင်းကဲ့သို့ တိုင်းပြည်တာဝန် ထမ်းဆောင်နေစဉ်  ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့ လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏ လုပ်ကြံခံရပြီး အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည်။

 

–  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။

–  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။

Comments

Leave a Reply