မတ် ၂၁၊ ၂၀၁၅
M-Media
– မွတ်စလင်လူငယ်များအား အမှောင်ထဲသို့ သွားစေမည့်အစား ၎င်းတို့၏ အယူဝါဒနှင့်ပတ်သက်၍ အသိပညာပေးရန်အတွက် ဘာသာရေးဆရာများကို စုဆောင်းရန် ဘယ်လ်ဂျီယံ မွတ်စလင် လူ့အဖွဲ့အစည်းက ဥရောပ တာဝန်ရှိသူများကို တိုက်တွန်းပြောကြားလိုက်သည်။
ဥရောပတစ်ဝှမ်း မွတ်စလင်ဆန့်ကျင်ရေး လှုံ့ဆော်မှုများ မြင့်မားလာချိန်တွင် ဘရက်ဆဲလ်မြို့၌ အင်္ဂါနေ့က ကျင်းပပြုလုပ်ခဲ့သည့် အစွန်းရောက်ဆန့်ကျင်ရေး ညီလာခံတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“ဘယ်လ်ဂျီယံက မွတ်စလင်လူငယ်တွေဟာ အလုပ်လက်မဲ့ပုံစံမျိုးနဲ့သာမက သူတို့ရဲ့ဘာသာတရား၊ ယဉ်ကျေးမှုကို ဖော်ပြတဲ့ပုံစံမျိုးနဲ့ပါ လူ့အဖွဲ့အစည်းကနေ ခွဲထုတ်ခံထားရတယ်လို့ ခံစားနေရပါတယ်” ဟု ဘရက်ဆဲလ်မြို့ရှိ ရှေ့ဆောင်အီမာမ်တစ်ဦးဖြစ်သူ ကာစစ် မွတ်စ်တာဖာက အဆိုပါ ညီလာခံတွင် ပြောကြားခဲ့သည်။
ဥရောပတာဝန်ရှိသူများက လုံခြုံရေးနှင့် အစွန်းရောက်ဆန့်ကျင်ရေး နည်းလမ်းများကို တိုးမြှင့်ရန် တိုက်တွန်းခဲ့သောကြောင့် အဆိုပါ ညီလာခံကို ကျင်းပခဲ့ခြင်းဖြစ်ပြီး လူမှုအစေးကပ်ရေး ဥရောပမွတ်စလင် ရှေ့ဆောင်အဖွဲ့ EMISCO မှ ဘုတ်အဖွဲ့ဝင်ဖြစ်သူ ကမာလ် မက်ဇီတီအပါအ၀င် ဘရက်ဆဲလ်ရှိ မွတ်စလင်ခေါင်းဆောင်များက ဥရောပတွင် မွတ်စလင်လူငယ်များအတွက် ဘာသာရေးနှင့်ပတ်သက်၍ အသိပညာပေးမည့် ဘာသာရေးဆရာများ မရှိခြင်းကြောင့် အဆိုပါ ဘာသာရေးဆရာများကို
စုဆောင်းသင်တန်းပေးခြင်းမှာ အရေးကြီးသည်ဟု ပြောကြားခဲ့ကြသည်။
အစွန်းရောက်မှုနှင့် နိုင်ငံရေးအကြမ်းဖက်ခြင်း လေ့လာမှုဆိုင်ရာ နိုင်ငံတကာစင်တာမှ ထုတ်ပြန်သော စာရင်းအရ ပြီးခဲ့သည့် ၂ နှစ်အတွင်း ဥရောပမှ အစွန်းရောက်အဖွဲ့များနှင့် သွားရောက်ပူပေါင်းသူမှာ ၃၀၀ နီးပါးရှိပြီး ဘယ်လ်ဂျီယံနိုင်ငံမှာ အနောက်ဥရောပတွင် ထိခိုက်မှုအရှိဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ဖော်ပြထားသည်။
လန်ဒန်ရှိ တတ်သိပညာရှင်များအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗေဆဲလ် ဖိလစ်ဇ်က မွတ်စလင်လူ့အဖွဲ့အစည်းမှ ကလေးငယ်များအား အစွန်းရောက်အခြေခံများမှ ဝေးကွာစေပြီး တာဝန်ယူတတ်သော အပြုအမူများမွေးမြူလာနိုင်ရေး သွန်သင်ညွှန်ကြားပေးသည့် ကျောင်းပညာရေးစနစ်ကလည်း အရေးပါသည်ဟု ပြောကြားခဲ့သည်။
အဲဒီလို ပညာရေးက မွတ်စလင်ကလေးငယ်တွေကို သူတို့ရဲ့ ကိုယ်ပိုင် ဘာသာအယူယုံကြည်သက်ဝင်မှုရဲ့ အသိတရားနဲ့ မွတ်စလင်မဟုတ်တဲ့ကလေးငယ်တွေအတွက် သတင်းအချက်အလက်တွေကို ပိုမိုရရှိစေပါတယ်” ဟု ဖီလစ်ဇ်က ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံနိုင်ငံ၏ ၁၁.၂ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ ၆ သိန်းကျော်ရှိနေသည်ဟု Pew Research Center မှ ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ဘရက်ဆဲလ်မြို့တွင်ပင် ဗလီဝတ်ကျောင်းတော်ပေါင်း ၇၇ လုံးရှိပြီး ဘယ်လ်ဂျီယံနိုင်ငံတစ်ဝှမ်းတွင် ၃၀၀ ကျော် ရှိနေသည်။
Ref: Onislam
Leave a Reply
You must be logged in to post a comment.