News @ M-Media

မျက်စိမမြင်သူများအတွက် လမ်းပြ၀တ်စုံ ဒီဇိုင်းကို ပါလက်စတိုင်း ကျောင်းသားများမှ ပုံစံထုတ်

မတ် ၂၂ ၊ ၂၀၁၅
M-Media
palestinian_students_design_vest_to_help_the_blind_navigate_GOXV
ဟီဘရွန်ရှိ နည်းပညာလေ့ကျင့်ရေး တက္ကသိုလ် Polytechnic University မှ ပါလက်စတိုင်းကျောင်းသားတို့သည် မျက်မမြင်လမ်းပြ ၀တ်စုံ တစ်မျိုးကို ပုံစံထုတ်ဖန်တီးလိုက်ပြီဖြစ်သည်။ ၎င်းသည် မျက်မမြင်များ၊ အကူအညီမပါဘဲ လမ်းလျှောက်ရန်မလွယ်သည့် ဆိုးဝါးစွာအမြင်အာရုံချို့တဲ့အားနည်းသူများအား တုန်ခါမှုနှင့် အသံကိုသုံး၍ လမ်းညွှန်ပေးနိုင်မည်ဖြစ်သည်။ သူတို့၏ (SASB) Smart Assist System for Blind People ကို  မျက်မမြင်များအသုံးပြုနေသော တုတ်ကောက်တောင်ဝှေးနေရာတွင် အစားထိုးအသုံးပြုရန် ပုံစံထုတ်ခြင်း ဖြစ်သည်။

ထိုစနစ်မှာ ရိုးရှင်းပြီး အသုံးပြုရလွယ်ကူသည်ဟု SASB ဒီဇိုင်းထုတ်မှုတွင် ပါဝင်ခဲ့သော ဘွဲ့ကြိုတန်းအင်ဂျင်နီယာကျောင်းသား အဗ်ဒုလ်ရဟ်မာန်း အလ်ဗာရ်မီးလ်မှဆိုသည်။

“ အရင်ပရောဂျက်များနဲ့မတူညီတဲ့ အဖြေများစွာကို ဒီပရောဂျက်က ထုတ်ပေးခဲ့ပါတယ်။ ဥပမာအားဖြင့် ဒီနယ်ပယ်မှာ ကြမ်းခင်းအာရုံခံ စနစ်က အလွန်ထိရောက်ပြီး ထူးခြားတာကို တွေ့ရတယ်။ အသံပြုခြင်း၊ တုန်ခါမှုပေးခြင်းနဲ့ လူတွေကို လမ်းညွှန်ပေးတဲ့ စနစ်ဖြစ်ပါတယ်”။

ဘက်ထရီအားမကုန်မှီ စွမ်းအင်ချွေတာရေးခလုတ်ဖွင့်လိုက်ခြင်း၏အလျင် အင်အားကျန်ရှိမှုအခြေအနေကို သိနိုင်စေသည့် အသံအချက်ပြမှုလည်း ထည့်သွင်းထားသည်။

ဤပရောဂျက်ကို အင်ဂျင်နီယာဌာနဦးစီးနှင့် ပရောဂျက်ကြီးကြပ်သူ ဒေါက်တာ ရမ်ဇီ အလ်က၀ါ့စ်မီ၏ ကြီးကြပ်မှုဖြင့် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

“စက္ခုအာရုံချို့တဲ့လွန်းတဲ့သူတွေဟာ ဒီဝတ်စုံကိုစွပ်ထားခြင်းဖြင့် အနှောင့်အယှက်အတားအဆီးကင်းစွာ လူမှုအသိုင်းအ၀ိုင်းထဲ သွားလာဝင်ဆန့်နိုင်စေဖို့၊ ညွှန်ကြားထိန်းကျောင်းပေးချက်တွေနဲ့ လူတွေကို ဆက်သွယ်သွားနိုင်ဖို့အတွက် ဒီပရောဂျက်ကို အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ ကျောင်းသားတွေဟာ သူတို့စွမ်းသမျှ ရသမျှအရင်းအမြစ်နဲ့သာ ဒီပရောဂျက်ကို ဒီဇိုင်းထုတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းကို ပြုလုပ်ခဲ့ကြတယ်။ ဒါကြောင့် ထပ်မံအဆင့်မြှင့်တင်နိုင်အောင် ငွေအင်အားအရ စိတ်အင်အားအရ ထောက်ကူပေးဖို့ ၊ ပညာရှင်ရပ်ဝန်းနဲ့ လူငယ်စပွန်ဆာတို့ရဲ့ ကြိုဆိုမှုလည်း လိုအပ်နေပါသေးတယ်” ဟု အလ်က၀ါ့စ်မီက စက္ခုအာရုံ ချို့တဲ့သူများ၏ဘ၀မြှင့်တင်ပေးနိုင်ရေး အရေးကြီးကြောင်း၊ နည်းပညာစနစ်ဖြင့် ဆက်သွယ်ထားသည့် နားကြပ်များမှတဆင့် အသံလမ်းညွှန်မှုအတိုင်း ၀တ်စုံဝတ်သူမှ လိုက်နာဆောင်ရွက်နိုင်ကြောင်း ရှင်းပြသည်။

၎င်းကို စမ်းသပ်ဝတ်ဆင်ကြည့်ပေးသူ မျက်မမြင် အိုင်ယုဗ် အလ်စာစူးက “တကယ့်ကို ထူးခြားကောင်းမွန်လှတယ်” ဟု ရိုက်တာသတင်းဌာနကင်မရာပေါ်မှ ပြောကြားသွားသည်။

ထိုဂျက်ကက်အင်္ကျီဒီဇိုင်းထုတ်နိုင်ရေးအတွက် ကျောင်းသားများက  ကျွမ်းကျင်သူတို့ကို ငှားရမ်းနိုင်ရန် လခြမ်းနီအဖွဲ့နှင့်ပေါင်း၍ လုပ်ကိုင်ခဲ့ကြသည်။

အဆိုပါဝတ်စုံသည် ပထမဆုံးဈေးကွက်ဝင်ပစ္စည်းတော့ မဟုတ်ပါ။ ယမန်နှစ်က Eyeronman အမည်ရှိ ကိရိယာကို ထုတ်နိုင်ခဲ့သည်။ ၎င်းသည် လက်ကိုင်လက်စွဲပြုရန်မလိုဘဲ အာရုံခံကိရိယာများ၊ အတားအဆီး အချက်ပေးကိရိယာများအသုံးပြု ပစ္စည်းတစ်မျိုးဖြစ်သည်။ ၎င်း၌ LiDar လေဆာရောင်ခြည်၊ Ultrasound နှင့် အလင်းပြန်နည်းပညာတို့ကို ထည့်သွင်းအသုံးပြုထားသည်။

Ref : Reuters

Comments

Leave a Reply