News @ M-Media

အလ်ဂီရီကိုအနိုင်ရလျှင် မေ၀ယ်သာနှင့် ထိုးနိုင်မည်ဟု အမီရ်းခန်းပြော

မေ ၂၄၊ ၂၀၁၅
M-Media

amir

– လာမည့် သောကြာနေ့တွင် နယူးယောက်၌ ထိုးသတ်မည့် အလ်ဂီရီနှင့်ပွဲတွင် အနိုင်ရရှိပါက မိမိအနေဖြင့် မေ၀ယ်သာဖြင့် ထိုးသတ်ရန် အခွင့်အရေးရရှိမည်ဟု ယုံကြည်ကြောင်း ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်းက ပြောကြားလိုက်သည်။

အမီရ်းခန်မှာ မေ၀ယ်သာနှင့် ထိုးသတ်ရန် ၂ နှစ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ပက်ကွီအိုအား အနိုင်ရရှိခဲ့ပြီးနောက် မေ၀ယ်သာက လာမည့်စက်တင်ဘာလတွင် ၎င်း၏ နောက်ဆုံးပွဲကို ထိုးသတ်သွားမည်ဟု ပြောကြားထားသောကြောင့် အမီရ်းခန်းက နောက်ဆုံးအခွင့်အရေးအဖြစ် မျှော်လင့်နေသည်။

အယ်ဂီရီမှာ လွန်ခဲ့သည့် ၇ လက ပက်ကွီအိုနှင့် ထိုးသတ်ရာတွင် ရှုံးနိမ့်ခဲ့သူဖြစ်သည်။

“အလ်ဂီရီနဲ့ပွဲမှာ ကျွန်တော် ဂရုစိုက်ရပါမယ်။ ဒါပေမယ့် သူ့ကို ကျွန်တော်နိုင်ရင် မေ၀ယ်သာနဲ့ ထိုးဖို့ ဖြစ်သွားမှာပါ။ အလ်ဂီရီကို ထိုးပြီး ပက်ကွီအိုက မေ၀ယ်သာနဲ့ ထိုးခဲ့ပါတယ်။ ကမ္ဘာကြီးက ဒီပွဲကို ကြည့်ချင်ပါတယ်။ ဒါပေမယ့် အလ်ဂီရီကသာ ပက်ကွီအိုကို မေ၀ယ်သာဆီ ပို့ပေးခဲ့တာပါ” ဟု ခန်းက ပြောကြားခဲ့သည်။

ထို့ပြင် ကမ္ဘာကြီးက ကြည့်ချင်နေသည့် စိတ်လှုပ်ရှားစရာ ထိုးသတ်မှုကို မေ၀ယ်သာနှင့်ပွဲတွင် မိမိက ပေးနိုင်မည်ဟု အမီရ်းခန်းက ယုံကြည်နေပြီး ပက်ကွီအိုနှင့်မူ ထိုးသွားမည်မဟုတ်ဟု ဆိုသည်။

“ပက်ကွီအိုနဲ့ မေ၀ယ်သာတို့ပွဲကို ကျွန်တော်သွားကြည့်ပါတယ်။ ပြီးတော့ ကျွန်တော်ဘယ်သွားသွား လူတွေက ကျွန်တော်ဟာ မေ၀ယ်သာနဲ့ ထိုးသင့်တယ်လို့ ပြောကြပါတယ်။ မေ၀ယ်သာရဲ့ ပရိတ်သတ်တွေတောင်မှ မန်နီ(ပက်ကွီအို)ထက် ကျွန်တော်က မေ၀ယ်သာကို ပိုပြီး ဒုက္ခပေးနိုင်တယ်လို့ ပြောကြပါတယ်”

အမီရ်းခန်းမှာ နောက်ဆုံးပွဲအဖြစ် အမေရိကန်ဘောက်ဆာသမား ဒီဗွန် အလက်ဇန်းဒါနှင့် ထိုးသတ်ခဲ့ပြီး အမှတ်ဖြင့် အနိုင်ရခဲ့သည်။

Ref: Dailymail

Comments

Leave a Reply