ဇွန် ၁၅၊ ၂၀၁၅
M-Media
– အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ ဟီဂျဘ်ဝတ်ဆင်ရာတွင် သက်တောင့်သက်သာ ဖြစ်စေရန်အတွက် မွတ်စလင်စွန့်ဦးတီထွင်သူ တစ်ဦးက အသားအေးပြီး၊ ရေစိုခံနိုင်ကာ တွန့်ကြေမှုမရှိသည့် နည်းပညာမြင့် ဟီဂျဘ်ခေါင်းဆောင်းပုဝါကို တီထွင်လိုက်သည်ဟု သိရသည်။
“အပြင်မှာ ဘယ်လောက်ပဲပူပူ ကိစ္စမရှိပါဘူး။ သူတို့ ဒါကိုဝတ်လိုက်ပါ။ ဂုဏ်သိက္ခာရှိစွာနဲ့ ဒါကို သူတို့ ၀တ်လို့ရပါတယ်။ သူတို့ရဲ့ဘ၀တွေ ပိုပြီး သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးဖို့ ကျွန်တော်တို့အပေါ်မှာ မူတည်ပါတယ်” ဟု အဆိုပါခေါင်းဆောင်ပုဝါကို တီထွင်ခဲ့သူ အသက် ၂၂ နှစ်အရွယ် အမေရိကန်မွတ်စလင် အဟ်မဒ် ဂါနင်မ်က ပြောကြားခဲ့သည်။
အစ္စလာမ်သာသနာမှာ ဟီဂျဘ်ခေါင်းဆောင်ပုဝါကို အမျိုးသမီးများအတွက် မ၀တ်မနေရအဖြစ် သတ်မှတ်ထားပြီး တစ်ဦးတစ်ယောက်၏ ဘာသာအယူဝါဒကို ဖော်ပြသော အမှတ်အသားအဖြစ် ၀တ်ဆင်ခိုင်းခြင်း မဟုတ်ပေ။
တစ်နှစ်ပတ်လုံး ၀င်ဆင်ရသည့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးများအနေဖြင့် ပူပြင်းသော နွေရာသီရောက်သည့်အခါ အချို့အတွက် အဆိုပါ ဟီဂျဘ်မှာ ကသိကအောက်ဖြစ်စရာ ဖြစ်လေ့ရှိသည်။ ထို့ကြောင့် ဂါနင်မ်မှာ ထိုကဲ့သို့ အဆင့်မြင့်ဟီဂျဘ်ကို တီထွင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ရာသီဥတုတိုင်းနှင့် လိုက်လျောညီထွေဖြစ်သည့် ကမ္ဘာ့ပထမဆုံး ဟီဂျဘ်လည်း ဖြစ်သည်။
အဆိုပါဟီဂျဘ်ကို အရည်အသွေးမြင့်သည့် လူ့အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်သော Nike နှင့် Under Armour တို့ကလည်း စိတ်ဝင်စားနေကြသည်။
Cool Dry ဟု အမည်ပေးထားသည့် ထိုဟီဂျဘ်ကို သာမန်ပိတ်စများထက် ၇ ဒီဂရီမှ ၁၀ ဒီဂရီအထိ ပိုအေးသော နိုင်လွန်ချည်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ အဆိုပါဟီဂျဘ် တီထွင်ထုတ်လုပ်ရန်တွက် ဂါနင်မ်မှာ ၂ နှစ်ကြာ အချိန်ယူခဲ့ရပြီး ပိတ်စအတွက် ရွေးချယ်မှုများလည်း ပြုလုပ်ခဲ့ရကာ နောက်ဆုံးတွင် နေအပူရှိန်ကို ၈၀ ရာခိုင်နှုန်း တားဆီးနိုင်ပြီး UV ဓာတ်ရောင်ခြည်ကို ကာကွယ်မှုပေးသည့် နိုင်လွန်သားကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ထို့ပြင် အဆိုပါဟီဂျဘ်မှာ လုံးဝ ရေစိုခံလည်း ဖြစ်သည်။
“ကျွန်တော် ဆက်လက်ပြီး တီထွင်ချင်တယ်။ ဖောက်ထွက်ချင်ပါတယ်။ ဟီဂျဘ်အပေါ် လူတွေရဲ့ အမြင်ကိုလည်း ပြောင်းလဲချင်ပါတယ်။ ဒီအမျိုးသမီးတွေဟာ အကြံ့ခိုင်ဆုံးနဲ့ အတည်ကြည်ဆုံး ဖြစ်ပါတယ်။ သူတို့ဟာ အရာအားလုံးနဲ့ ထိုက်တန်ပါတယ်။ သူတို့ခံစားနေရတဲ့ အမုန်းတရားတွေ၊ နှုတ်နဲ့ စော်ကားပြောဆိုမှုတွေဟာ မှားယွင်းပြီး မျှတမှုလည်း မရှိပါဘူး။ ကျွန်တော်ရဲ့တံဆိပ်က သူတို့
အပြင်ထွက်ဖို့ တွန်းအားဖြစ်စေပြီး သူတို့လိုချင်တာ ဖြစ်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ဂါနင်မ်က ထပ်လောင်းပြောကြားခဲ့သည်။
Ref: Onislam
Leave a Reply
You must be logged in to post a comment.