ဇူလိုင် ၂၃၊ ၂၀၁၅
M-Media
– ဂျာမနီနိုင်ငံ၏ ပထမဆုံး အစ္စလာမ့်နည်းကျဘဏ်တစ်ခုကို ဖရန့်ဖတ်မြို့၌ ဖွင့်လှစ်လိုက်ပြီး နိုင်ငံအတွင်း မွတ်စလင်လူ့အဖွဲ့အစည်းအား ဟာလာလ် ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်ခွင့်ရရန် လမ်းဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။
“ဒီလိုင်စင်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ရှရီအာဥပဒေနဲ့ ကိုက်ညီတဲ့ ဘဏ်လုပ်ငန်းကို အကောင်အထည်ဖော်ဖို့က ဂျာမနီရဲ့ ဘဏ္ဍာရေးအခြေအနေကို မြင့်တက်လာအောင် ဆောင်ရွက်လိုတဲ့ ဂျာမန်တွေအတွက်သာမကဘဲ ဂျာမနီရဲ့ မြို့ကြီး ၃ မြို့မှာရှိတဲ့ ဘဏ်တွေက ၀န်ဆောင်မှုတွေကို အသုံးပြုဖို့ ဆန္ဒရှိကြတဲ့ သန်းပေါင်းများစွာသော ဖောက်သည်တွေအတွက်လည်း
တော်တော်လေး အရေးပါပါတယ်” ဟု ကူဝိတ်ဘဏ္ဍာရေးရိပ်မြုံ KFH မှ ဘုတ်အဖွဲ့ဥက္ကဌ ဟာမဒ် အလ် မာဇူက်က ကူဝိတ်သတင်းဌာနဖြစ်သော KUNA သို့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
Kuveyt Turk (KT) ဟု အမည်ပေးထားသည့် အဆိုပါဘဏ် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၁ ရက်နေ့က ဖရန့်ဖတ်မြို့ရှိ ရုံးချုပ်တွင် တရားဝင်ပြုလုပ်ခဲ့ပြီး မာဇူက်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
ဘဏ်၏ အထွေထွေမန်နေဂျာဖြစ်သူ အူဂွါလူ ဆွိုင်လူက ယခုဖွင့်လှစ်လိုက်သည့် ဘဏ်အသစ်မှာ စစ်မှန်သည့် စီးပွားရေးကို တိုးမြှင့်ပေးရန် မျှော်လင့်ရသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းက အန္တရာယ်အလွန်နည်းပြီး ဘဏ်စနစ်တစ်ခုလုံး ပြိုလဲမှုမှာ မဖြစ်နိုင်သလောက်ဖြစ်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
ဖရန့်ဖတ်မြို့အား အခြေစိုက်အဖြစ် အသုံးပြုသော အဆိုပါဘဏ်သစ်မှာ ဥရောပ၏ ဒုတိယအကြီးဆုံးဖြစ်သော ဂျာမနီမွတ်စလင်လူ့အဖွဲ့အစည်းကို လှုပ်နှိုးရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
Kuveyt Turk ဘဏ်မှာ တူရကီနိုင်ငံတွင် အကြီးဆုံး အစ္စလာမ့်နည်းကျဘဏ်ဖြစ်ပြီး ရှယ်ယာ ၆၂ ရာခိုင်နှုန်းကို ကူဝိတ်ဘဏ္ဍာရေးရိပ်မြုံ KFH က ပိုင်ဆိုင်သည်။ ဂျာမနီနိုင်ငံတွင် စတင်ခဲ့သည့် အဆိုပါ ဘဏ်အတွက် ကနဦးအရင်းအနှီး ယူရို ၄၅ သန်း သုံးစွဲသွားရန် စီစဉ်ထားသည်။
အစ္စလာမ်သာသနာမှာ ငွေတိုးပေးခြင်း၊ ချေးငွေများအတွက် အတိုးယူခြင်း၊ အတိုးပေးခြင်းတို့ကို မပြုလုပ်ရန် တားမြစ်ပိတ်ပင်ထားသည်။
အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းများနှင့် ဘဏ္ဍာရေးလုပ်ငန်းများမှာ အရက်၊ လောင်းကစား၊ အပြာလုပ်ငန်း၊ ဆေးရွက်ကြီး၊ လက်နက်၊ ၀က်သားနှင့် ပတ်သက်သည့် လုပ်ငန်းများအတွက် ရန်ပုံငွေ ထောက်ပံ့ခြင်း၊ ရယူခြင်းမျိုး ဆောင်ရွက်၍မရပေ။
ရှရီအာနှင့် ကိုက်ညီသည့် ဘဏ္ဍာရေးလုပ်ငန်းများမှာ အရစ်ကျဝယ်ခြင်း၊ အချိန်ကာလတစ်ခုအထိ ငွေသွင်း၍ တန်ဖိုးပြည့်သည့်အချိန်မှ ပစ္စည်းယူခြင်း၊ အကျိုးတူးရင်းနှီးမြှုပ်နှံခြင်း စသည်တို့နှင့် ဆင်တူသည်။
ရင်းနှီးမြှုပ်နှံ့သူများအနေဖြင့် ၎င်းတို့၏ ငွေကြေးများကို မည်သည့်နေရာတွင် အသုံးပြုသည်ကို သိရှိပိုင်ခွင့်လည်း ရှိသည်။
လွန်ခဲ့သည့် နှစ်များအတွင်း အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းများမှာ ဥရောပတွင် ဖြည်းဖြည်းချင်း ခြေချနိုင်ခဲ့ပြီး ဗြိတိန်မှာ ဥရောပတွင် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်း အထွန်းကားဆုံး ဒေသဖြစ်သည်။
Ref: Onislam
Leave a Reply
You must be logged in to post a comment.