ဇူလိုင် ၂၈၊ ၂၀၁၅
M-Media
– ဖီဖာဥက္ကဌ ဆပ်ဘလတ္တာအနေအဖြင့် ၎င်း၏ ကြိုးပမ်းအားထုတ်မှုများအတွက် နိုဘယ်ဆုနှင့်ပင် ထိုက်တန်သည်ဟု ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က ပြောကြားလိုက်ပြီး ဖီဖာ၏ ချစားမှု ပြဿနာ အချိန်ကိုက်ထွက်ပေါ်လာခြင်းအတွက်လည်း ဝေဖန်ခဲ့သည်။
ဘလတ္တာမှာ ပူတင်နှင့် စနေနေ့က စိန့်ပီတာစဘာ့ဂ်မြို့တွင် တွေ့ဆုံခဲ့ပြီး ရုရှားက ကျင်းပမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားအတွက် ဖီဖာမှ အပြည့်အ၀ထောက်ခံသည်ဟု ကြေညာခဲ့သည်။ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မဲခွဲမှုကိုလည်း ထိုနေ့တွင်ပင် ပြုလုပ်ခဲ့သည်။
ဖီဖာအား ပစ်မှတ်ထားသည့် ချစားမှု စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ရှုတ်ချခဲ့သည့် ပူတင်ကမူ ဘလတ္တာအား ကာကွယ်ပြောကြားခဲ့သည်။
“အခုအချိန်မှာ မစ္စတာ ဘလတ္တာရဲ့ဝန်းကျင်မှာရှိနေတဲ့ အခြေအနေကို ကျွန်တော်တို့အားလုံး သိပါတယ်။ အသေးစိတ်တော့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမယ့် ချစားမှုမှာ သူ ပုဂ္ဂိုလ်ရေးအရ ပါဝင်ခဲ့တယ်ဆိုတဲ့ စကားတစ်လုံးကိုတောင် ကျွန်တော် မယုံပါဘူး။ မစ္စတာ ဘလတ္တာလိုမျိုး ဒါမှမဟုတ် နိုင်ငံတကာအားကစားအဖွဲ့ကြီး၊ အိုလံပစ်အာကစားအဖွဲ့ကြီးတွေရဲ့ အကြီးအကဲတွေဟာ
အထူးအသိအမှတ်ပြုမှုနဲ့ ထိုက်တန်ပါတယ်။ နိုဘယ်ဆုနဲ့ ထိုက်တန်တဲ့သူတွေဆိုရင်လည်း သူတို့ပါပဲ” ဟု ပူတင်က ဆွီဒင်မီဒီယာတစ်ခုဖြစ်သော RTS သို့ ပြောကြားခဲ့သည်။
ထို့ပြင် ပူတင်မှာ ချစားမှုစွဲချက်များဖြင့် ဖီဖာအရာရှိများအား ဖမ်းဆီးမှုကိုလည်း ဝေဖန်ခဲ့ပြီး ကမ္ဘာ့ဖလားကျင်းပချင်သည့် နိုင်ငံအချို့က ကျင်းပခွင့်ရရေးအတွက် နောက်ဆုံးကြိုးပမ်းမှုအဖြစ် အချိန်ကိုက်လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
“ချစားမှုကို တိုက်ဖျက်တဲ့ ဒီလိုနည်းလမ်းမျိုးက ၂၀၁၈နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပွဲတွေကို ဆက်လက်ကျင်းပဖို့ မရှိတော့ဘူးလား ဆိုပြီးတော့တောင် ကျွန်တော့်ကို အတွေးဝင်စေခဲ့ပါတယ်”
Ref: Goal
Leave a Reply
You must be logged in to post a comment.