သြဂုတ် ၇၊ ၂၀၁၅
M-Media
– လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲတွင် ပြိုင်ဘက်အဖြစ် အန်ဒရေဘာတိုအား ရွေးချယ်ခြင်းအတွက် ဝေဖန်ခံနေရမှုကို အမေရိကန်လက်ဝှေ့ကျော် မေ၀ယ်သာက ကာကွယ်ခဲ့ပြီး အမီးရ်ခန်းမှာ မိမိနှင့်ထိုးရန် အဆင်သင့်မဖြစ်သေးဟု ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၂ ရက်နေ့တွင် ထိုးသတ်ရန်စီစဉ်ထားသည့် ထိုပွဲအတွက် ပြိုင်ဘက်မှာ အန်ဒရေဘာတိုဖြစ်သည်ဟု ပြီးခဲ့သည့် ရက်ပိုင်းတွင် မေ၀ယ်သာက ကြေညာခဲ့သည်။
ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းမှာ မေ၀ယ်သာနှင့် ထိုးသတ်ရန် စိတ်အားထက်သန်နေသော်လည်း နောက်ဆုံးပွဲများတွင် ရှုံးနိမ့်ထားပြီး လက်ကျနေသည့် ဘာတိုအား ပြိုင်ဘက်အဖြစ် ရွေးချယ်မှုအတွက် မေ၀ယ်သာမှာ ဝေဖန်မှုများကို ခံခဲ့ရသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မေ၀ယ်သာက ထိုဝေဖန်မှုများကို တုံ့ပြန်ခဲ့ပြီး ခန်းနှင့် ထရူးမန်းတို့မှာ မိမိနှင့်ထိုးသတ်ရန် အဆင်သင့်မဖြစ်သေးဟု ဆိုသည်။
“ဂျူနီယာ မစ်ဒယ်ဝိတ်တန်းနဲ့ ၀ဲသာဝိတ်တန်းကိုကြည့်ပါ။ အဲဒီအတန်း ၂ ခုမှာ ကျွန်တော်ဟာ တစ်တန်းမှာ ချန်ပီယံဖြစ်ခဲ့ပြီး နောက်တစ်တန်းမှာ ဆုနှစ်ခု ရထားပါတယ်။ ဒီလိုရပ်တည်နိုင်တယ်ဆိုတာ မေ၀ယ်သာတစ်ယောက်တည်း ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော် ၀ိတ်တန်းကိုကြည့်တယ်။ ပြီးတော့ “ဘယ်သူက ခက်ခဲပြီး၊ စိတ်လှုပ်ရှားစရာ ထိုးသတ်မှုမျိုးရှိမလဲ၊ ဘယ်သူက
လက်သွက်မလဲ၊ ဘယ်သူက ထိုးနိုင်သူဖြစ်မလဲ၊ ဘယ်သူက ကြိုးဝိုင်းထဲမှာ ရာနှုန်းပြည့် စွမ်းဆောင်ရည်ပေးနိုင်မလဲ” ဆိုတာ ကြည့်တော့ အန်ဒရေဘာတိုကို သွားတွေ့တာပါပဲ” ဟု မေ၀ယ်သာက ပြောကြားခဲ့သည်။
အမီးရ်ခန်းအား အဘယ့်ကြောင့် ပယ်ချခဲ့သလဲဟု မေးမြန်းရာ မေ၀ယ်သာက “အမီးရ်ခန်းဟာ ဒန်နီဂါစီယာကို အရင်ကျော်ဖြတ်ဖို့လိုပါတယ်။ ဂါစီယာကို ကျော်ဖြတ်နိုင်တဲ့အချိန်ကျရင် ပွဲကဖြစ်လာမှာပါ။ ဒါပေမယ့် ဒါကို ကျွန်တော် အာရုံမစိုက်ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဘာတိုကမူ ၎င်းအား မေ၀ယ်သာက ပြိုင်ဘက်အဖြစ် ရွေးချယ်မှုကို မအံ့သြမိဟု ဆိုသည်။
“ဒီပွဲဖြစ်လာမယ်ဆိုတာ ကျွန်တော် အရင်ကတည်းက သိခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ ဒီပွဲဟာ သူဖြစ်စေချင်တဲ့ ပွဲလို့လည်း ခံစားရပါတယ်။ တစ်ကယ်တော့ ဘယ်လိုအခြေအနေမျိုးမဆို လူတွေအတွက် ရှုတ်ချဖို့ လွယ်ပါတယ်။ ဒါပေမယ့် တစ်ခြားတစ်ယောက်ဖြစ်မယ်ဆိုရင်လည်း ဒီလိုမျိုး လာအုံးမယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီအတွက် စိုးရိမ်လို့မရသလို၊ စိုးလည်း မစိုးရိမ်ပါဘူး” ဟု ဘာတိုက ပြောကြားခဲ့သည်။
မေ၀ယ်သာကမူ ဘာတိုမှာ မိမိအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်မည်ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
Ref: Dailymail
Leave a Reply
You must be logged in to post a comment.