စက်တင်ဘာ ၁၅၊ ၂၀၁၅
M-Media
– ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာအတွင်း ချစားမှုကိစ္စနှင့် ပတ်သက်၍ အမေရိကန်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုကို ချဲ့ထွင်လိုက်ပြီး ထပ်မံတရားစွဲဆိုမှုများ ရှိလာနိုင်သည်ဟု အမေရိကန် တရားသူကြီးချုပ် လော်ရက်တာ လင့်ခ်ျက ပြောကြားခဲ့သည်။
ယခုနှစ်မေလက ဆွဇ်ဇာလန်နိုင်ငံ၌ ဖီဖာ၏ အစည်းအဝေး မတိုင်ခင် ဖီဖာမှအကြီးတန်း အရာရှိ ၇ ဦးမှာ ဖမ်းဆီးခံခဲ့ရပြီး အမေရိကန်သို့ လွှဲပြောင်းပို့ဆောင်ကာ တရားစွဲဆို ခံနေရသည်။ ဆွစ်ဇာလန် အာဏာပိုင်များကလည်း ၂၀၁၈နှင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှု လုပ်ငန်းစဉ်တွင် လာဘ်ပေး၊ လာဘ်ယူမှုများ ရှိခဲ့လားဆိုသည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
“အခုဆောင်ရွက်နေတဲ့ တရားစွဲဆိုမှုကလွဲလို့ ကျွန်တော် ပြောနိုင်တာက ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ အသက်ဝင်ပြီး၊ ဆက်လက်လုပ်ဆောင်နေတယ် ဆိုတာပါပဲ။ တကယ်တော့ မေလကတည်းက ချဲ့ထွင် စုံစမ်းနေတာပါ” ဟု လင့်ခ်ျက ဆွစ်ဇ် တရားသူကြီးချုပ် မီခေးလ် လောင်ဘာနှင့်အတူ ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“(ဆွစ်ဇ်အာဏာပိုင်တွေနဲ့) ပူးပေါင်းဆောင်ရွက်မှုနဲ့ သက်သေအထောက်အထား အသစ်တွေအပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ဟာ လူတစ်ဦးတစ်ယောက်ချင်းနဲ့ အဖွဲ့တွေကို တရားစွဲဆိုမှု အသစ်တွေလုပ်ဖို့ လိုက်နေပါတယ်”
ထိုစုံစမ်းမှုများတွင် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာအား ပစ်မှတ်ထားခြင်း ရှိ၊ မရှိကို လင့်ခ်ျက ပြောကြားခဲ့ခြင်း မရှိချေ။
ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်မှုတွင် ငွေကြေးခ၀ါချခြင်းအတွက် ဆွစ်ဇာလန်က ပြုလုပ်နေသည့် စုံစမ်းစစ်ဆေးမှုများအတွင်း အဲလ်ပ်စ် တောင်တန်းရှိ နေအိမ်များမှ ပစ္စည်းများကို အစိုးရက သိမ်းယူခဲ့သည်။ လောင်ဘာကမူ နိုင်ငံအနောက်ပိုင်းရှိ အိမ်များကို ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး၊ သက်သေအထောက်အထားများကို သိမ်းဆည်းနိုင်ခဲ့ကာ ဘဏ်အကောင့် ၁၂၁ ခုမှာ သံသယဖြစ်ဖွယ်အနေအထား ရှိသည်ဟု ထောက်လှမ်းရေးဌာနက သတင်းပို့ထားကြောင်း ပြောကြားခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.