မတ် ၄၊ ၂၀၁၆
M-Media
– ယမန်နေ့က ကစားခဲ့သည့် လာလီဂါပွဲတွင် ဘာစီလိုနာအသင်းမှာ ၃၅ ပွဲဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်းကို ရရှိခဲ့ပြီး ရီးယဲမက်ဒရစ်တင်ထားသည့် ၃၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်ဟု သိရသည်။
ရီးယဲလ်မက်ဒရစ်မှာ ၂၅ ပွဲနိုင် ၉ ပွဲသရေဖြင့် ထိုစံချိန်ကို ၁၉၈၈-၈၉ ဘောလုံးရာသီက တင်ထားခြင်းဖြစ်ပြီး ယမန်နေ့က ဗယ်လက်ကာနိုအသင်းအား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ဘာစီလိုနာမှာ ၂၉ ပွဲ နိုင် ၆ ပွဲသရေဖြင့် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။ မက်ဆီမှာ ထိုပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ၎င်း၏ လာလီဂါ ၃၅ ကြိမ်မြောက် ဟက်ထရစ်လည်း ဖြစ်သည်။
“စံချိန်ရမယ်ဆိုရင်လည်း အဲဒါက အခုအချိန်မှာ ကျွန်တော်တို့အတွက် ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ ဒီလိုဆက်တိုက်နိုင်တာဟာ ရာသီကုန်ရင် ကျွန်တော်တို့ ဖလားရဖို့ အထောက်အကူဖြစ်မှသာ အဓိပ္ပါယ်ရှိမှာပါ” ဟု နည်းပြအန်းရစ်က ပွဲမတိုင်မီ ပြောကြားခဲ့သည်။
ထိုပွဲတွင် နေးမာမှာ ဂိုးမသွင်းနိုင်ခဲ့သော်လည်း မက်ဆီသွင်းခဲ့သော အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည့်အတွက် ဘရာဇီးလ်ကစားသမားဟောင်း ရော်နယ်ဒင်ဟိုက တစ်ရာသီအတွင်း ရရှိထားသည့် သွင်းဂိုး ၁၈ ဂိုးနှင့် ဖန်တီးမှု ၁၀ ခု ပြုလုပ်သော မှတ်တမ်းနှစ်ခုစလုံးနှင့် တူညီခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.