ဇူလိုင် ၂၂၊ ၂၀၁၆
M-Media
– အသစ်ခေါ်ယူထားသည့် ဆွစ်ကွင်းလယ်လူ ဂရာနစ် ဇာခါမှာ အသင်းအတွက် ကြီးမားသည့်အထောက်အကူ ဖြစ်မည်ဖြစ်ပြီး ခြေစွမ်းကောင်းများကို ပို၍ မြင်ရမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
ယူရို ၂၀၁၆ တွင် ဆွစ်ဇာလန်အသင်းနှင့်အတူ ခြေစွမ်းပြခဲ့သည့် ဇာခါမှာ အာဆင်နယ်သို့ရောက်ရှိမည်ဟု မေလကတည်းက သတင်းများ ထွက်ပေါ်နေခဲ့သူဖြစ်သည်။ ဖလာမီနီ၊ ရိုစစ္စကီးနှင့် အာတီတာတို့ ထွက်သွားပြီးနောက် အားနည်းနေသည့် အာဆင်နယ်ကွင်းလယ်မှာ ဇာခါရောက်လာမှုကြောင့် အသက်ရှုချောင်သွားခဲ့သည်။
ဝင်းဂါးကမူ ဇာခါ၏စွမ်းရည်က ရာသီသစ်တွင် အသင်းအား တောင့်တင်းစေမည်ဟု ယုံကြည်နေသည်။
“ကွင်းလယ်မှာ အထိုင်ကစားမှုနဲ့အတူ သူ့ရဲ့ ဘောလုံးပေးပို့မှုစွမ်းရည်က ကောင်းမွန်တယ်။ လုပ်အားနှုန်းနဲ့ အမြင့်ဘောကစားရာမှာလည်း သူက ကောင်းပါတယ်။ လူငယ်တစ်ဦးဖြစ်ပြီး ၂၃ နှစ်သာ ရှိပါသေးတယ်။ သူ့ဆီက ခြေစွမ်းကောင်းတွေ တော်တော်များများ တွေ့ရဖို့ ရှိပါတယ်။ ကျွန်တော်တို့ အလယ်တန်းကစားသမား ၃ ဦး ဆုံးရှုံးခဲ့တယ်။ အခုတော့ တော်တော်လေး တောင့်တင်းသွားပါပြီ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.