စက်တင်ဘာ ၂၁၊ ၂၀၁၆
M-Media
– ပြည်သူများ သဘာဝဘေးအန္တရာယ်များအကြောင်း နားလည်ကာ၊ ပြန်လည်တုန့်ပြန်နိုင်စွမ်း ရှိစေရေးအတွက် အထောက်အကူဖြစ်စေမည့် ‘သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လက်စွဲစာအုပ်’ (Handbook on Disaster Recovery) ကို မြန်မာနှင့် အင်ဒိုနီးရှားတို့ ပူးပေါင်းကာ ပြုစုနေသည်ဟု သိရသည်။
အဆိုပါလက်စွဲစာအုပ်တွင် အာဆီယံနိုင်ငံများ၌ ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များအကြောင်း အသေးစိတ်လေ့လာထားမှုများ၊ သဘာဝဘေးအန္တရာယ် တားဆီးရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ချက်များကို အဓိကထား ဖော်ပြမည်ဖြစ်ကာ ဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူများ၏ ရေးသားမှုများလည်း ပါဝင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်တီမှ ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုနိုင်ကမူ အဆိုပါ လက်စွဲစာအုပ်ကို သိပ်မကြာခင် အချိန်တွင် ဖြန့်ချီသွားမည်ဟု အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့က ပြီးခဲ့သည့်တစ်ပတ်တွင် ပြုလုပ်ခဲ့သည့် ၆ ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးကို နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အနာဂတ် သဘာဝဘေးအန္တရာယ် တားဆီးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အဆိုပါ လက်စွဲစာအုပ်က မည်ကဲ့သို့ အသုံးဝင်မည်ဆိုခြင်းနှင့်ပတ်သက်၍ ရှင်းလင်းခဲ့ကြသည်။
ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း အာဆီယံဒေသမှာ ကြီးမားသည့် သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရပြီး ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆူနာမီ၊ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆိုက်ကလုံးနာဂစ်၊ ၂၀၁၀ တွင် ထိုင်းနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှု၊ ၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင်၌ ၀င်ရောက်ခဲ့သည့် ဆိုက်ကလုံး ဟိုင်ယန်တို့မှာ ထင်ရှားသည်။
ကမ္ဘာ့ ရာသီဥတုအန္တရာယ်ဆိုင်ရာ အညွှန်းကိန်း (Global Climate Risk Index) တွင် မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်တို့မှာ ကမ္ဘာပေါ်တွင် ရာသီဥတုနှင့်ဆက်စပ်သည့် သဘာဝဘေးအန္တရာယ်များကို ခံစားရမှု အန္တရာယ်အများဆုံး နိုင်ငံများအဖြစ် ပါဝင်ခဲ့သည်။
Ref : mmtimes
Leave a Reply
You must be logged in to post a comment.