စက်တင်ဘာ ၂၁၊ ၂၀၁၆
M-Media
– ၂၀၁၄ ခုနှစ်က ဂါဇာအား အစ္စရေး၏ လေကြောင်းမှ ကျူးကျော်တိုက်ခိုက်မှုအတွင်း အိုးအိမ်များ ပျက်ဆီးသွားသည့် မိသားစု ၃၀၀ ကျော်ကို နေအိမ်များ ပြန်လည်ဆောက်လုပ်ရန်အတွက် ကူဝိတ်ရှိ အကူအညီပေးရေးအဖွဲ့တစ်ခုမှ ငွေကြေးထောက်ပံ့ပေးမည်ဟု ပါလက်စတိုင်း ပြည်သူ့ရေးရာဝန်ကြီး မူဖီဒ် ဟာဆေနာဟ်က ပြောကြားခဲ့သည်။
ယခုတစ်ပတ်အတွင်း ထုတ်ပြန်သည့် ကြေငြာချက်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ကူဝိတ်မှ ထောက်ပံ့မည့် အဆိုပါငွေများကို မိသားစု ၃၀၅ စုသို့ ဝေငှပေးသွားမည်ဖြစ်ကာ ၎င်းတို့၏ နေအိမ်များဆောက်လုပ်ရန် အကူအညီဖြစ်မည်ဟုလည်း ထပ်လောင်းပြောဆိုခဲ့သည်။
ကူဝိတ်၏ ယခုထောက်ပံ့မှုမှာ အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်ဆီးသွားခဲ့သည့် ဂါဇာပြည်သူများ နေအိမ်ပြန်လည်ဆောက်လုပ်ရေးအတွက် ဒုတိယအကြိမ်မြောက်လည်း ဖြစ်သည်။
ပထမအကြိမ် ထောက်ပံ့မှုအတွင်း မိသားစု ၁၇၀၄ ဦး အကျိုးခံစားခဲ့ရပြီး ဟာဆေနဟ်ကမူ ကူဝိတ်၏ ထိုကဲ့သို့ ကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ် နွေရာသီက ရက် ၅၀ နီးပါး ကြာမြင့်ခဲ့သည့် အစ္စရေး၏ ထိုတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကာ ကလေးငယ် ၅၀၀ ကျော်ပါဝင်သည်။ နေအိမ်များ၊ ကျောင်းများ၊ ဆေးရုံများ၊ အားကစားရုံများ၊ မသန်စွမ်းကုသရေးစင်တာများ အပါအ၀င် အဆောက်အဦး ထောင်နှင့်ချီ ပျက်ဆီးခဲ့သည်။
Ref: IINA
Leave a Reply
You must be logged in to post a comment.