News @ M-Media

လွတ်လပ်သော နိုင်ငံသည်သာ မိမိတို့၏ ရွေးချယ်မှုဟု ထရမ့်ကို ပါလက်စတိုင်းသမ္မတ ပြော

မေ ၄၊ ၂၀၁၇
M-Media

– ပါလက်စတိုင်းနှင့် အစ္စရေးအကြား ရပ်တန့်နေသည့် ငြိမ်းချမ်းရးလုငန်းစဉ် ပြန်လည်ရှင်သန်လာရေး လုပ်ဆောင်ပေးသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပါလက်စတိုင်း ခေါင်းဆောင် မဟ်မူးဒ်အဘတ်စ်နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

ထရမ့် သမ္မတအဖြစ် တာဝန်ယူပြီးနောက် ယမန်နေ့တွင် အဘတ်စ်နှင့် ပထမဆုံး တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ‘နှစ်နိုင်ငံ ပြည်သူများနှင့် ဒေသတွင်း ဘေးအန္တရာယ်ကင်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို ဆောင်ကျဉ်းပေးမည့် အရေးပါသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ထိုးမည့် ခေါင်းဆောင်အဖြစ်’ အဘတ်စ်ကို လက်ခံသည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။

သို့သော်လည်း နှစ်ကာလရှည် ကြာမြင့်နေသည့် အဆိုပါ ပြဿနာကို ဖြေရှင်းရန်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိပေ။

“အစ္စရေးတွေနဲ့ ပါလက်စတိုင်းတွေအကြား သဘောတူညီချက်ဟာ အခက်ခဲဆုံး လုပ်ရမယ့် သဘောတူညီချက်လို့ ပြောကြတာတွေကို ကျွန်တော် အမြဲတမ်း ကြားပါတယ်။ သူတို့မှားကြောင်း သက်သေပြနိုင်မလားဆိုတာကို ကြည့်ရအောင်။ ကျွန်တော်တို့ ရအောင်လုပ်သွားမှာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။

အဘတ်စ်ကမူ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထား၍ ၁၉၆၇ ခုနှစ် မတိုင်ခင် နယ်မြေများအတိုင်း ပါလက်စတိုင်းနိုင်ငံအဖြစ် ထူထောင်လိုသည့် ပါလက်စတိုင်းပြည်သူများ၏ တောင်းဆိုမှုကို ထပ်လောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ မဟာဗျူဟာနဲ့ တစ်ခုတည်းသော ရွေးချယ်မှုက နှစ်နိုင်ငံအဖြေထွက်ရေးပါ။ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ် သတ်မှတ်တဲ့ ပါလက်စတိုင်း နိုင်ငံဟာ ၁၉၆၇ နယ်စပ်မျဉ်းတစ်လျှောက် အစ္စရေးနိုင်ငံနဲ့ ငြိမ်းချမ်းစွာ၊ တည်ငြိမ်စွာ၊ ဘေးအန္တရာယ်ကင်းစွာနဲ့ အတူတကွ ရှိနေဖို့ပါပဲ။ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ ကျူးကျော်သိမ်းပိုက်ခံထားရတဲ့ တစ်ခုတည်းသော လူမျိုးပါ။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ လွတ်လပ်မှု၊ ဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို တောင်းဆိုနေတာ ဖြစ်ပါတယ်” ဟု အဘတ်စ်က ဆိုသည်။

ထို့ပြင် ပါလက်စတိုင်းပြည်သူများမှာ ၎င်းအပေါ် မျှော်လင့်နေသည်ဟုလည်း အဘတ်စ်က ထရမ့်အား ပြောကြားခဲ့သည်။

ထရမ့်ကမူ အမေရိကန်အနေဖြင့် မည်သည့်သဘောတူညီချက်မှ သတ်မှတ်ပေး၍ မရဘဲ ပါလက်စတိုင်းများနှင့် အစ္စရေးများကသာ သဘောတူညီချက် ရရှိအောင် ဆောင်ရွက်ရမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

ပါလက်စတိုင်း-အစ္စရေး ပြဿနာတွင် နှစ်နိုင်ငံအဖြေ ထွက်ရမည်ဟု အမေရိကန်က ကာလရှည် ရပ်တည်လာခဲ့သော်လည်း ယခုနှစ်အစောပိုင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံစဉ် ထရမ့်က မိမိမှာ နှစ်နိုင်ငံမဟုတ်လည်း ပြဿနာပြေလည်နိုင်သည့် နည်းလမ်းကို လက်ခံကြောင်း ပြောကြားခဲ့သည်။

Ref: Aljazeera