မတ် ၂၆၊ ၂၀၁၉
M-Media

– ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှုအတွက် မဟာမိတ်နိုင်ငံတွေအပါအ၀င် ကမ္ဘာတစ်ဝှမ်းက အမေရိကန်အပေါ် ဝေဖန်ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အစ္စရေးဟာ ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ဂိုလန်ကုန်းမြင့်ဒေသကို ကျူးကျော်သိမ်းပိုက်ထားတာပါ။ ကုလနဲ့ ကမ္ဘာ့နိုင်ငံတွေဟာ ဂိုလန်ကုန်းမြင့်ဒေသကို ဆီးရီးယားပိုင်အဖြစ် သတ်မှတ်ထားကြပြီး အစ္စရေးကို ကျူးကျော်သူအဖြစ်နဲ့သာ ပြောဆိုသုံးနှုန်းကြပါတယ်။
အရင်က အမေရိကန်ရဲ့ရပ်တည်ချက်ဟာ ဒီအတိုင်းဖြစ်ခဲ့ပေမယ့် သမ္မထရမ့်က ဂိုလန်ကို အစ္စရေးရဲ့ အချုပ်အခြာပိုင်ဒေသအဖြစ် သတ်မှတ်ဖို့ အချိန်ကျပြီလို့ ပြီးခဲ့တဲ့တစ်ပတ် ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ မနေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ တွေဆုံစဉ်မှာ အမေရိကန်က ဂိုလန်ကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုကြောင်း ထရမ့်က တရားဝင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။
နေတန်ယာဟုက ထရမ့်ရဲ့ ဒီလုပ်ရပ်ကို ကြိုဆိုခဲ့ပြီး အမေရိကန်လောက် မိတ်ဆွေပီသတဲ့နိုင်ငံမျိုး အစ္စရေးမှာ မရှိဘူးလို့ ပြောကြား ခဲ့ပါတယ်။ နေတန်ယာဟုဟာ ဂိုလန်ဒေသကို အစ္စရေးပိုင်ဖြစ်ရေး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဆော်သြခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံများ ရှုတ်ချ
ဒီလုပ်ရပ်ကို ဆီးရီးယားနိုင်ငံက လျင်လျင်မြန်မြန်ပဲ ရှုတ်ချခဲ့ပြီး မိမိတို့ရဲ့ အချုပ်အခြာအာဏာ၊ မိမိတို့ရဲ့ပိုင်နက်ကို “ပြောင်ပြောင်တင်းတင်း တိုက်ခိုက်မှု” ဖြစ်ကြောင်း၊ ဂိုလန်ဒေသကိုပြန်ယူဖို့ မိမိတို့မှာ အခွင့်အရေးအပြည့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေ၀န်ကြီး ၀ါလစ် အလ်-မူအာလင်က ဂိုလန်ဟာ ကျူးကျော်သိမ်းပိုက်ခံထားရတဲ့ ဆီးရီးယားပိုင်နက်ဖြစ်တယ်ဆိုတဲ့ အမှန်တရားဟာ အချိန်ဘယ်လောက်ကြာကြာ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ ဂါဇာအခြေစိုက် ဟားမက်စ်အဖွဲ့တို့ကလည်း အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပါတယ်။
ပါလက်စတိုင်းသမ္မတရုံးရဲ့ ထုတ်ပြတ်ကြေငြာချက်မှာ ဂိုလန်ဟာ ဆီးရီးယားပိုင်နက်သာဖြစ်တယ်ဆိုတဲ့ ကုလ လုံခြုံရေးကောင်စီရဲ့ ကြေငြာချက်တွေကို ကျော်လွန်လုပ်ဆောင်နိုင်တဲ့ အခွင့်အာဏာ ဘယ်သူ့ဆီမှာမှ မရှိဘူးလို့ ဖော်ပြထားပါတယ်။
ဟားမက်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာက ဂိုလန်ကုန်းမြင့်ဒေသဟာ “ထာဝရ ဆီးရီးယားပိုင်နက် ဖြစ်နေမယ်” လို့ ပြောကြားခဲ့ပါတယ်။
ကုလအထွေထွေအတွင်းရးမှူး အန်တိုနီယို ဂူတာရက်စ်က ‘ဂိုလန်ကုန်းမြင့်ဒေသရဲ့ လက်ရှိအနေအထားဟာ လုံးဝ ပြောင်းလဲမှာ မဟုတ်ဘူး’ လို့ ပြောကြာခဲ့ပါတယ်။
“ဂိုလန်ဒေသနဲ့ပတ်သက်တဲ့ ကုလရဲ့ ပေါ်လစီဟာ လုံခြုံရေးကာင်စီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်းသားဖြစ်ပြီး၊ ဒီမူဝါဒ ပြောင်းလဲမှာ မဟုတ်ပါဘူး” လို့ ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖနီ ဒူဂျာရစ်က ပြောဆိုခဲ့ပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံ တူရကီက အမေရိကန်ရဲ့ ဒီအသိအမှတ်ပြုမှုဟာ လက်မခံနိုင်စရာဖြစ်ပြီး ကုလအပါအ၀င် နေရာတိုင်းမှာ ဆန့်ကျင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အာရပ်လိဂ်ကတော့ ထရမ့်ရဲ့ ဒီလုပ်ရပ်ဟာ ဂိုလန်ဒေသရဲ့ လက်ရှိအနေအထားကို ပြောင်းလဲစေမှာမဟုတ်ဘူးလို့ ရှုတ်ချပြောဆိုခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ ဥရောပသမဂ္ဂ၊ အီဂျစ်၊ ရုရှား၊ ဗင်နီဇွဲလားနဲ့ ဘိုလီဗီးယားနိုင်ငံတို့ကလည်း အမေရိကန်ရဲ့ ဒီလုပ်ရပ်ကို
ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။
Ref: Aljazeera