News @ M-Media

Tag: Syria

  • ဆီးရီးယားအာဏာရှင် အလ်အာဆတ် တိုင်းပြည်က ထွက်ပြေး

    ဆီးရီးယားအာဏာရှင် အလ်အာဆတ် တိုင်းပြည်က ထွက်ပြေး

    ဒီဇင်ဘာ ၈၊ ၂၀၂၄
    M-Media


    -တိုင်းပြည်ကို နှစ်ပေါင်း ၂၀ ကျော် ချုပ်ကိုင် အုပ်စိုးခဲ့တဲ့ အာဏာရှင် ဘာရှာ အလ်အာဆတ်ဟာ ဒီဇင်ဘာ ၈ ရက်နေ့ မနက်အစောပိုင်းမှာ တိုင်းပြည်ကနေ ထွက်ပြေးသွားပြီလို့ သိရပါတယ်။

    ဟာဖစ်ဇ် အလ်အာဆတ်နဲ့ ဘာရှာ အလ်အာဆတ်တို့ သားအဖနှစ်ယောက် ထူထောင်ခဲ့တဲ့ နှစ် ၅၀ ကျော်ကြာ အာဏာရှင်စနစ်တစ်ခု အရှေ့အလယ်ပိုင်းမှာ အဆုံးသတ်သွားတာလည်း ဖြစ်ပါတယ်။

    ဆီးရီးယားမှာ အာဏာရှင် အလ်အာဆတ် ရာထူးကဆင်းပေးရေး လူထုဆန္ဒပြမှုတွေ ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့ပြီး ပြင်းပြင်းထန်ထန် နှိမ်နှင်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် လက်နက်ကိုင် တော်လှန်ရေးအသွင် ပြောင်းလဲသွားခဲ့ပြီး ၁၃ နှစ်တာ ကြာမြင့်ကာ ယခုအချိန်မှ အလုံးစုံအောင်မြင်မှုရရှိခဲ့တာ ဖြစ်ပါတယ်။

    ဆီးရီးယားစစ်တပ်အကြီးအကဲကလည်း အာဆတ်ရဲ့ အုပ်ချုပ်မှု အဆုံးသတ်သွားပြီဖြစ်ကြောင်း စစ်တပ်ကို အကြောင်းကြားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ လက်နက်ချခဲ့ပါတယ်။

    တော်လှန်ရေးတပ်ပေါင်းစုကို ဦးဆောင်တဲ့ Hayat Tahrir al-Sham အဖွဲ့က ဆီးရီးယားနိုင်ငံ လွတ်မြောက်ပြီဖြစ်ကြောင်း ကြေငြာကာ တိုက်ခိုက်မှုတွေရပ်တန့်ဖို့၊ နိုင်ငံပိုင် အဆောက်အဦးတွေကို တိုက်ခိုက်မှု မလုပ်ဖို့ တပ်ဖွဲ့၀င်တွေကို အမိန့်ပေးခဲ့ပါတယ်။

    Ref: Aljazeera

  • ဆီးရီးယား ပြည်တွင်းစစ်အတွင်း လူ ၁ သိန်း ၃ သောင်းကျော် ပျောက်ဆုံးမှု ကုလ စစ်ဆေးမည်

    ဆီးရီးယား ပြည်တွင်းစစ်အတွင်း လူ ၁ သိန်း ၃ သောင်းကျော် ပျောက်ဆုံးမှု ကုလ စစ်ဆေးမည်

    ဇွန် ၃၀၊ ၂၀၂၃

    M-Media 


    -၁၂ နှစ်တာ ဆီးရီးယားပြည်တွင်းစစ်မှာ ပျောက်ဆုံးသွားတဲ့ လူပေါင်း ၁၃၀၀၀၀ ကျော်ရဲ့ ကံကြမ္မာကို စုံစမ်းဖော်ထုတ်ဖို့အတွက် ကုလ အထွေထွေညီလာခံက လွတ်လပ်တဲ့ အဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ပါတယ်။ 

    အဖွဲ့ဖွဲ့ဖို့ မနေ့က မဲခွဲရာမှာ ၈၃ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြပြီး၊ ၁၁ နိုင်ငံက ကန့်ကွက်မဲပေးကာ ၆၂ နိုင်ငံက ကြားနေခဲ့ပါတယ်။ ပျောက်ဆုံးသွားသူတွေရဲ့ မိသားစု၀င်တွေက ဒီကိစ္စကို ဖြေရှင်းဖို့ တောင်းဆိုရာကနေ ကုလမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ 

    ကန့်ကွက်တဲ့ နိုင်ငံတွေထဲမှာ ဆီးရီးယားအစိုးရ၊ ရုရှား၊ တရုတ်၊ ဘယ်လာရုဇ်၊ မြောက်ကိုရီးယား၊ ကျူးဘားနဲ့ အီရန်တို့ ပါ၀င်ပါတယ်။ 

    အခုအဖွဲ့မှာ ပျောက်ဆုံးသွားသူတွေရဲ့ မိသားစုတွေပါ ကိုယ်စားပြု ပါ၀င်မှာဖြစ်ပြီး မျှတရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ အချက်အလက် လုံခြုံမှုရှိရေး စတဲ့ မူတွေအပေါ်မှာ အခြေခံ စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ 

    ကုလ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်ဟာ ရက်ပေါင်း ၈၀ အတွင်း လုပ်ဆောင်ရမယ့် လုပ်ငန်းစဥ်တွေကို ရေးဆွဲတင်ပြမှာ ဖြစ်ပါတယ်။ 

    ကုလဆိုင်ရာ ဆီးရီးယားသံအမတ် ဘာဆမ် ဆဘ်ဘာက ဒီအဖွဲ့ ဖွဲ့စည်းတာဟာ နိုင်ငံရေးလှုံ့ဆော်မှုတွေ ပါ၀င်နေပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ဆီးရီးယားအပေါ် ရန်လိုတဲ့ ဆောင်ရွက်မှုဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။ 

    ၂၀၁၁ ခုနှစ်မှာ အာဏာရှင်အာဆတ်ကို ဆန့်ကျင်တဲ့ ပြည်သူ့ ဆန္ဒပြမှုကနေ ဆီးရီးယားမှာ ပြည်တွင်းစစ်မီး တောက်လာခဲ့တာဖြစ်ပြီး အနည်းဆုံး လူသန်း၀က်လောက် သေဆုံးကာ ၂၃ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ 

    Ref: Aljazeera 

  • ဆီးရီးယားအာဏာရှင် အာဆတ်ကို အာရပ်လိဂ်က ပြန်လက်ခံ

    ဆီးရီးယားအာဏာရှင် အာဆတ်ကို အာရပ်လိဂ်က ပြန်လက်ခံ

    မေ ၉၊ ၂၀၂၃

    M-Media


    -၁၁ နှစ်ကြာ ထုတ်ပယ်ထားတဲ့ ဆီးရီးယားကို အာရပ်လိဂ်အဖွဲ့က တနင်္ဂနွေနေ့မှာ အဖွဲ့၀င်အဖြစ် ပြန်လည် လက်ခံလိုက်ပါတယ်။ 

    ဆန္ဒပြပြည်သူတွေကို အာဏာရှင် အာဆတ်က အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က စတင်ပြီး ဆီးရီးယားမှာ ပြည်တွင်းစစ် ဖြစ်လာခဲ့တာပါ။ 

    အာရပ်လိဂ်ဟာ ၂၀၁၂ ခုနှစ်မှာ ဆီးရီးယားကို အဖွဲ့၀င်အဖြစ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ 

    လက်ရှိ ဆီးရီးယားမှာ အာဆတ်အစိုးရက နိုင်ငံရဲ့ နယ်မြေအများအပြားကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး လက်နက်ကိုင်သူပုန်တွေက နယ်မြေအနည်းငယ် သိမ်းပိုက်ထားပါတယ်။ 

    ဆီးရီးပြည်တွင်းစစ်ကို လက်တွေ့ကျကျနဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေးအတွက် အဖွဲ့၀င်အဖြစ် ပြန်လည်လက်ခံတာလို့ အာရပ်လိဂ်က ထုတ်ပြန်ပါတယ်။ 

    ဆော်ဒီအာရေဗျမှာ မကြာခင်ကျင်းပမယ့် ထိပ်သီးအစည်းအ၀ေးမှာ ဆီးရီးယားသမ္မတ အာဆတ်ကို အာရပ်လိဂ်က ဖိတ်ကြားဖို့ ရှိနေပါတယ်။ 

    Ref: CNN

  • ဆီးရီးယားငလျင်တွင် မိသားစုတစ်စုလုံး အံ့ဖွယ် အသက်ရှင်လွတ်မြောက်

    ဆီးရီးယားငလျင်တွင် မိသားစုတစ်စုလုံး အံ့ဖွယ် အသက်ရှင်လွတ်မြောက်

    ဖေဖော်၀ါရီ ၈၊ ၂၀၂၃

    M-Media 


    -ဆီးရီးယားနိုင်ငံ အီဒလစ်မြို့က ငလျင်ကြောင့် ပြိုကြသွားတဲ့ လူနေတိုက်ခန်းအောက်ကနေ မိသားစုတစ်စုလုံး အံ့သြဖွယ် အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။

    လူကြီး ၂ ဦးနဲ့ ကလေးငယ်လေးဦးဖြစ်ပြီး အသက်အငယ်ဆုံးက ၄ နှစ်အရွယ် သမီးငယ်လေးဖြစ်ပါတယ်။ အဆောက်အဦးတစ်ခုလုံး လုံး၀ပြိုကျသွားပြီး ပိတ်မိနေတဲ့အနေအထားကနေ အံ့ဖွယ် အသက်ရှင်လွတ်မြောက်လာတာပါ။

    ဆီးရီးယား ကယ်ဆယ်ရေးအဖွဲ့ White Helmets က ဒီမိသားစုကို ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရပြီး ပြည်သူလူထုကလည်း ချီးကျူးသြဘာ ပေးခဲ့ကြပါတယ်။ 

    တူရကီနိုင်ငံတောင်ပိုင်းနဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းတို့ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ တနင်္လာနေ့ငလျင်ကြောင့် သေဆုံးသူဟာ ၈၇၀၀ ကျော်လာပြီဖြစ်ပါတယ်။ 

    တူရကီမှာ သေဆုံးသူ ၆၂၃၄ ဦးရှိပြီး ဆီးရီးယားမှာတော့ ၂၅၀၀ လောက် ရှိနေပြီဖြစ်ပါတယ်။ အပျက်အဆီးတွေကြားထဲ ပိတ်မိနေသူတွေလည်း ရှိပြီး ကယ်ဆယ်ရေးအတွက် အချိန်နှောင့်နှေးနေပြီလို့ ပညာရှင်တွေက သတိပေးထားပါတယ်။ 

    Ref: ABC

  • တူရကီနှင့် ဆီးရီးယားငလျင် လူရာချီသေဆုံး

    တူရကီနှင့် ဆီးရီးယားငလျင် လူရာချီသေဆုံး

    ဖေဖော်၀ါရီ ၆၊ ၂၀၂၃

    M-Media 

    -တူရကီနဲ့ ဆီးရီးယားမြောက်ပိုင်းမှာ ဒီကနေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၆၀၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ 

    ငလျင်ဟာ ပြင်းအား ၇.၈ မဂ္ဂနီကျုရှိပြီး တူရကီက ဂါဇီယံတက်မြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငလျင်ဒဏ်ကို လက်ဘနွန်နဲ့ ဆိုက်ပရက်စ်နိုင်ငံတွေကလည်း ခံစားခဲ့ရပါတယ်။ 

    နှစ်ပေါင်း ၈၀ အတွင်း တူရကီမှာ လှုပ်ခတ်တဲ့ အင်အားအပြင်းဆုံး ငလျင်လည်း ဖြစ်ပါတယ်။ 

    တူရကီမှာ သေဆုံးအရေအတွက် ၂၈၄ ဦးအထိ ရှိလာပြီး ဆီးရီးယားမှာတော့ ၂၃၇ ဦး ရှိနေပါတယ်။ အဆောက်အဦးထောင်ချီ ပြိုကျပျက်ဆီးမှုရှိပြီး ပိတ်မိနေသူတွေလည်းရှိတာကြောင့် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာဖွယ် ရှိနေပါတယ်။ 

    ဆီးရီးယားက အစိုးရထိန်းချုပ်ရာဒေသမှာရော၊ အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ ဒေသမှာပါ အရေးပေါ်အခြေအနေ ကြေငြာထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ 

    ကျွမ်းကျင်သူတွေက လာမယ့်ရက်အနည်းငယ်အထိ နောက်ဆက်တွဲငလျင်တွေ ဆက်လက်လှုပ်ခတ်ဖွယ်ရှိတယ်လို့ သတိပေးထားပါတယ်။ 

    Ref: Aljazeera