News @ M-Media

ဂျိမ်းစ်ဘွန်းဇာတ်ကောင် အမျိုးသမီးဖြစ်လာမည် မဟုတ်သေး

ဇန်နဝါရီ ၁၈၊ ၂၀၂၀
M-Media

-အနာဂတ် ဂျိမ်းစ်ဘွန်းဇာတ်ကောင်ဟာ အသားအရောင်အပြောင်းအလဲရှိနိုင်ပေမယ့် အမျိုးသမီးဖြစ်မှာ မဟုတ်ဘူးလို့ ထုတ်လုပ်သူ ဘာဘာရာ ဘရိုကိုလီက ပြောကြားလိုက်ပါတယ်။

007 ဇာတ်ကားသစ် No Time To Die ကို လာမယ့်ဧပြီလမှာ ပြသဖို့ရှိနေပြီး ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်တဲ့ မင်းသား ဒန်နီယဲလ်ခရေ့ဂျ်ဟာ ဒီကားရိုက်ပြီးတဲ့နောက်ပိုင်း ထုတ်လုပ်ရေးကုမ္ပဏီနဲ့ လမ်းခွဲခဲ့ပါတယ်။

ဒီဇာတ်ရုပ်အတွက် သရုပ်ဆောင်သစ်လိုက်ရှာနေတဲ့ ထုတ်လုပ်သူ ဘရိုကိုလီက အနာဂတ် ဂျိမ်းစ်ဘွန်းဇာတ်ကောင်ဟာ အသားအရောင်ကွဲတာမျိုးရှိနိုင်ပေမယ့် ‌အမျိုးသမီးတော့ ဖြစ်လာမှာ မဟုတ်ဘူးလို့ Variety ကို ပြောကြားခဲ့ပါတယ်။

“ရဲရဲရင့်ရင့်ဇာတ်ရုပ်ပုံစံမျိုး အမျိုးသမီးဇာတ်ကောင်သစ်တွေ ‌ဖန်တီးသင့်တယ်လို့ ကျွန်မယုံကြည်တယ်။ ဒါပေမယ့် အမျိုးသား ဇာတ်ရုပ်ကိုဖယ်ပြီး အမျိုးသမီးကိုအစားထိုးတာမျိုးတော့ ကျွန်မ စိတ်မဝင်စားပါဘူး။ အမျိုးသမီးတွေဟာ ‌ဒါမျိုးကို စိတ်မဝင်စားဘူးလို့ ထင်ပါတယ်”

00 အေးဂျင့်အဖြစ် သရုပ်ဆောင်ခဲ့သည့် လာရှာနာ လိုင့်ချ်

No Time To Die ဇာတ်ကားမှာ ဂျိမ်းစ်ဘွန်း ရာထူးကနေနှုတ်ထွက်သွားတဲအချိန် မင်းသမီး လာရှာနာ လိုင့်ချ်က 00 အေးဂျင့်အဖြစ် သရုပ်ဆောင်ခဲ့ပြီးတဲ့နောက် အနာဂတ် ဂျိမ်းစ်ဘွန်းဇာတ်ရုပ်ဟာ အမျိုးသမီး ဖြစ်လာနိုင်တယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ထုတ်လုပ်သူ ဘရိုကိုလီကတာ့ ကောင်းကောင်းဆိုးဆိုး အမျိုးသားဇာတ်ရုပ်ကိုပဲ ဆက်လက်အသုံးပြုသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref: BBC