News @ M-Media

အင်္ဂါဂြိုဟ်ရောက် ဒုတိယနိုင်ငံအဖြစ် တရုတ် မှတ်တမ်းဝင်

မေ ၁၅၊ ၂၀၂၁
M-Media

Zhurong ဂြိုဟ်ဆင်းယာဉ်

-တရုတ်နိုင်ငံရဲ့ လူမဲ့ဂြိုဟ်ဆင်းယာဉ်ဟာ ဒီနေ့မနက်ပိုင်းက အင်္ဂါဂြိုဟ်ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

ဒါ့ကြောင့် တရုတ်ဟာ အမေရိကန်ပြီးရင် အင်္ဂါဂြိုဟ်ကို အောင်မြင်စွာရောက်ရှိတဲ့ ဒုတိယမြောက်နိုင်ငံအဖြစ် စာရင်းဝင်သွားပါပြီ။

အင်္ဂါဟ်ဂြိုဟ်ကိုပတ်နေတဲ့ အာကာသယာဉ် Tianwen-1 ကနေ ထွက်ခွာသွားတဲ့ ဂြိုဟ်ဆင်းယာဉ် Zhurong ဟာ Utopia Planitia လို​ခေါ်တဲ့လွင်ပြင်ကို ဆင်းသက်ခဲ့တာပါ။

တောတောင်၊ ရေမြေအခြေအနေကို အထူးရိုက်ကူးနိုင်တဲ့ အဆင့်မြင်ကင်မရာအပါအဝင် သုတေသနကိရိယာ ၆ ခု တပ်ဆင်ထားတဲ့ Zhurong ယာဉ်ဟာ အင်္ဂါဂြိုဟ်ရဲ့ မြေဆီနဲ့ လေထုတို့ကို လေ့လာမှာ ဖြစ်ပါတယ်။

မြေအောက်ရေ၊ ရေခဲနဲ့ အရင်က သက်ရှိတွေ ရှိ၊ မရှိကိုလည်း လေ့လာသွားဖို့ ရှိနေပါတယ်။

အင်္ဂါဂြိုဟ်သွား အာကာသယာဉ် Tianwen-1 ကို တရုတ်က ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ လွှတ်တင်ခဲ့ပြီး ၆ လကြာပြီးတဲ့နောက် ဖေဖော်ဝါရီက အင်္ဂါဂြိုဟ်ပတ်လမ်းထဲကို ရောက်ရှိခဲ့ပါတယ်။

Zhurong ဂြိုဟ်ဆင်းယာဉ်သာ အပြည့်အ၀ အလုပ်လုပ်နိုင်မယ်ဆိုရင် ပထမဆုံး အင်္ဂါဂြိုဟ် ခရီးစဉ်မှာပဲ ဂြိုဟ်ကိုပတ်နိုင်၊ ဂြိုဟ် ဆင်းယာဉ်လွှတ်နိုင်၊ အလုပ်လုပ်နိုင်တဲ့ ပထမဆုံးနိုင်ငံအဖြစ် တရုတ်က မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလအတွင်း အင်္ဂါဂြိုဟ်ပတ်လမ်းထဲကို ရောက်ရှိခဲ့တဲ့ အာကာသယာဉ်က ၃ စင်း ရှိခဲ့ပြီး အမေရိကန်ရဲ့ Perseverance၊ တရုတ်ရဲ့ Tianwen-1၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က လွှတ်တင်တဲ့ ယာဉ်တို့ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ Perseverance အာကာသယာဉ်က ဂြိုဟ်ဆင်းယာဉ်ဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဆင်းသက်နိုင်ခဲ့ပြီး၊ ယူအေအီးရဲ့ အာကာသယာဉ်ကတော့ ပတ်လမ်းကနေတစ်ဆင့် လေ့လာဖို့သာ ရည်ရွယ်တာဖြစ်ပါတယ်။

အမေရိကန်ဟာ ၁၉၇၆ ခုနှစ်က ပထမဆုံးအကြိမ် အင်္ဂါဂြိုဟ်ကို ယာဉ်ဆင်းသက်နိုင်ခဲ့ပြီး၊ ၁၉၇၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုက ဆင်းနိုင်ခဲ့ပေမယ့် စက္ကန့်ပိုင်းအကြာမှာပဲ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။

Ref: Reuters