News @ M-Media

Tag: China

  • တရုတ်နိုင်ငံက စမ်းသပ်ခဲ့သည့် ပျံသန်းလျှပ်စစ်ဓာတ်အားပေးစက်ရုံ

    တရုတ်နိုင်ငံက စမ်းသပ်ခဲ့သည့် ပျံသန်းလျှပ်စစ်ဓာတ်အားပေးစက်ရုံ

    စက်တင်ဘာ၂၇ ၂၀၂၅
    M-Media


    (M-Media Burmese ၏ ပို့စ်များကို Like/Share လုပ်ပေးခြင်းအားဖြင့် သတင်းမှန်များ ပြန့်နှံ့ရေး ကူညီပေးနိုင်ပါတယ်)
    တရုတ်နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး “ပျံသန်းလျှပ်စစ်ဓာတ်အားပေးစက်ရုံ” ကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ပါတယ်။
    S1500 လို့ခေါ်ဆိုပြီး လေပြင်းအားကိုသုံးကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ ဒီစနစ်ကြီးကို စက်တင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်အထိ ရှင်းကျန်းပြည်နယ်မှာ ပျံသန်းစမ်းသပ်ခဲ့တာပါ။ တစ်နာရီကို တစ်မဂ္ဂါဝပ်ရှိတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ခဲ့ပါတယ်။
    ဒီစက်ရုံကြီးဟာ ဘတ်စကက်ဘောကွင်းတစ်ကွင်းစာလောက် ကျယ်ဝန်းပြီး ၁၃ ထပ်တိုက်လောက် မြင့်ပါတယ်။ ဟီလီယမ်ဓာတ်ငွေ့ ဖြည့်ထားတဲ့ ဒီလေသင်္ဘောကြီးဟာ မိုးကောင်းကင်အမြင့်ပိုင်းမှာ ရှိတတ်တဲ့ ပြင်းထန်တဲ့လေအားကို အသုံးချဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။ ဒီနည်းပညာကြောင့် အသုံးပြုရတဲ့ ပစ္စည်းကုန်ကျစရိတ် ၄၀% လျှော့ချနိုင်ပြီး ဓာတ်အားစရိတ်ကိုလည်း ၃၀% ခန့် သက်သာစေမယ်လို့ ဆိုပါတယ်။ ဒီစနစ်ကို ဝေးလံတဲ့တောတောင်ဒေသတွေ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ နေရာတွေမှာ အမြန်ဆုံးတပ်ဆင်အသုံးပြုနိုင်ပြီး “ပျံသန်းနေတဲ့ ဓာတ်အားပေးစက်ရုံ” တစ်ခုလို အသုံးဝင်မှာပါ။
    Sawes Energy Technology ကုမ္ပဏီက တခြားသိပ္ပံသုတေသနအဖွဲ့တွေရဲ့ အကူအညီနဲ့ ဒီ S1500 ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီတီထွင်မှုဟာ သန့်ရှင်းတဲ့စွမ်းအင်နည်းပညာမှာ အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံဟာ ၂၀၂၆ ခုနှစ်မှာ ဒီစနစ်ကို အမြောက်အများ ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ဒီလို လေထဲပျံသန်းတဲ့ လျှပ်စစ်ဓာတ်အားပေးစနစ်ဟာ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံတွေထက် ကုန်ကျစရိတ်သက်သာတဲ့ အစားထိုးနည်းလမ်းတစ်ခုဖြစ်လာနိုင်ပြီး ကမ္ဘာ့စွမ်းအင်ပြောင်းလဲမှုအတွက် အဓိကနည်းပညာတစ်ခုဖြစ်လာနိုင်ပါတယ်။
    မိုးလေဝသအခြေအနေဆိုးရွားတဲ့အခါ စနစ်ရဲ့စွမ်းဆောင်ရည်အတွက် နည်းပညာပိုင်း အခက်အခဲတချို့ ရှိနေသေးပေမယ့်၊ ဒီစီမံကိန်းဟာ အနာဂတ်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနဲ့ စိမ်းလန်းစွမ်းအင်ကဏ္ဍမှာ ဦးဆောင်ဦးရွက်နေရာက ဆက်လက်ရှိနေအောင် ကြိုးစားနေတဲ့ တရုတ်နိုင်ငံရဲ့ဆုံးဖြတ်ချက်ကို ပိုမိုထင်ရှားစေပါတယ်။
    Ref: South China Morning post

  • အနောက်ကမ္ဘာနဲ့ တရုတ်လုပ် လက်နက်တွေ အားစမ်းကြတဲ့ အိန္ဒိယ-ပါကစ္စတန် တင်းမာမှု

    အနောက်ကမ္ဘာနဲ့ တရုတ်လုပ် လက်နက်တွေ အားစမ်းကြတဲ့ အိန္ဒိယ-ပါကစ္စတန် တင်းမာမှု

    မေ ၁၀၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – တရုတ်ထုတ် J-10 တိုက်လေယာဥ်များ)

    လက်ရှိ ဖြစ်ပွားနေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန် အပြန်အလှန် တိုက်ခိုက်မှုတွေကို အမေရိကန်နဲ့ တရုတ်အပါအဝင် တစ်ကမ္ဘာလုံးက အထူးအာရုံစိုက်နေပါတယ်။ ပါကစ္စတန်ရဲ့ တရုတ်လုပ် J-10 တိုက်လေယာဉ်တွေနဲ့ အိန္ဒိယရဲ့ ပြင်သစ်လုပ် Rafale တိုက်လေယာဉ် စီးချင်းထိုးပွဲဟာ တစ်ကမ္ဘာလုံးကို အံ့သြ မှင်သက်စေခဲ့ပါတယ်။ ဒီတိုက်ပွဲဟာ ခေတ်သစ် အဆင့်မြင့် လေကြောင်းတိုက်ခိုက်ရေးစွမ်းရည်တွေကို လက်တွေ့စမ်းသပ်တဲ့ ပွဲလည်းဖြစ်ပါတယ်။

    အမေရိကန်အစိုးရ တာ၀န်ရှိသူတွေရဲ့ပြောကြားချက်အရ ပါကစ္စတန်ဘက်က အိန္ဒိယလေယာဉ် အနည်းဆုံး ၂စီးကို ပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုပစ်ချတဲ့နေရာမှာ တရုတ်လုပ် PL-15 ဒုံးကျည်ကို အသုံးပြုခဲ့တာပါ။ ကမ္ဘာ့လက်နက်လောကကို အချိန်ကြာ လွှမ်းမိုးထားတဲ့ အနောက်ကမ္ဘာကို တရုတ်က ယှဥ်လာနိုင်ပြီလားဆိုပြီး ကမ္ဘာတစ်၀ှမ်းက စောင့်ကြည့်လာကြပါတယ်။

    အချက်အလက်အချို့ကို အတည်မပြုနိုင်သေးပေမယ့် ခေတ်သစ် လေကြောင်းတိုက်ပွဲသမိုင်းမှာ ဒါဟာ နည်းဗျူဟာ၊ နည်းပညာနဲ့ လေယာဉ်မှူးတွေရဲ့ ကျွမ်းကျင်မှုကို လေ့လာနိုင်တဲ့ ရှားပါး အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ လေ့လာဆန်းစစ်သူတွေကတော့ ဒီဖြစ်ရပ်ဟာ အနာဂတ်မှာ ကမ္ဘာ့နိုင်ငံတွေရဲ့ လက်နက်ဝယ်ဖို့ ဆုံးဖြတ်ချက်တွေ၊ စက်ဖက်ဆိုင်ရာ နည်းပညာအဆင့်မြှင့်တင်မှုတွေအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။

    ပစ်မှတ်ကို မမြင်နိုင်တဲ့ အခြေအနေမှာတောင် ရှာဖွေ ဖျက်ဆီးပစ်နိုင်တဲ့ တရုတ်ထုတ် PL-15 ဒုံးကျည်ရဲ့ အစွမ်းကို လက်ရှိ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲမှာ တစ်ကမ္ဘာလုံးက မြင်တွေ့ခဲ့ကြရပါတယ်။ တရုတ်ဟာ ကာကွယ်ရေးမှာ ဆိုဗီယက်နည်းပညာတွေကို မှီခိုနေရတဲ့ အနေအထားကနေ လုံး၀ဖောက်ထွက်လာနိုင်ခဲ့တာပါ။ အမေရိကန်၊ ကာကွယ်ရေးနည်းပညာမှာ အမေရိကန်အပေါ် လုံး၀ မှီခိုနေရတဲ့ ဥရောပတို့ဟာ သူတို့ရဲ့ လက်ရှိ လေကြောင်း ကာကွယ်ရေးနည်းစနစ်တွေကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ဖို့ စဥ်းစားနေကြပြီဖြစ်ပါတယ်။

    Ref: Reuters

  • Untitled post 101225

    ပစိဖိတ်၀ေဟင်မှာ အမေရိကန်ကို အသာရတော့မယ့် တရုတ်

    ဧပြီ ၂၇၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – တရုတ်၏ J-20 တိုက်လေယာဥ်များ)


    တရုတ်ဟာ ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းတစ်လျှောက် အမေရိကန်ရဲ့ လေကြောင်းအသားစီရမှုကို အန်တုဖို့အတွက် သူတို့ရဲ့လေတပ်အင်အားကို အလျင်အမြန်တိုးချဲ့နေတယ်လို့ အမေရိကန် အိန္ဒိယ-ပစိဖိတ် စစ်ဌာနချုပ်ရဲ့ ဗိုလ်ချုပ်ကြီး ဆမ်မြူယဲလ် ပါပါရိုက ပြောပါတယ်။

    တရုတ်လေတပ် (PLAAF) မှာ တိုက်လေယာဉ် ၂,၁၀၀ ကျော်နဲ့ H-6 ဗုံးကြဲလေယာဉ် ၂၀၀ ကျော်ရှိပြီး၊ လေယာဥ်ထုတ်လုပ်နိုင်မှုမှာလည်း အမေရိကန်နဲ့ ကွာဟာမှု သိပ်မရှိတော့ပါဘူး။ F-22 နဲ့ F-35 လို ပဉ္စမမျိုးဆက် လေယာဉ်တွေနဲ့ အမေရိကန်က အသားစီးရနိုင်ပေမယ့် တရုတ်ကလည်း J-20 လို အဆင့်မြင့်တိုက်လေယာဉ်တွေကို ပိုမိုထုတ်လုပ်ပြီး အမှီလိုက်လာနေပါတယ်။

    တရုတ်ရဲ့ စစ်ရေးအားသာချက်ဟာ လေယာဉ်တွေတင်မကဘဲ၊ ကီလိုမီတာရာချီအကွာက ပစ်မှတ်တွေကို ထိအောင်ပစ်နိုင်တဲ့ PL-17 လို ဒုံးခွင်းစနစ်တွေ ပိုင်ဆိုင်ထားတာပါ။ အမေရိကန် ကာကွယ်ရေးဌာနရဲ့ အချက်အလက်တွေအရ တရုတ်လေတပ်နဲ့ ရေတပ်က လေကြောင်းဌာန နှစ်ခုပေါင်းရင် လေယာဉ်ပေါင်း ၃,၁၅၀ ရှိပြီး အိန္ဒိယ-ပစိဖိတ်ဒေသမှာ အကြီးဆုံးဖြစ်ပါတယ်။ အဲဒီအထဲက ၁၉၀၀ က တိုက်လေယာဥ်တွေဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ၄၀၀ လောက် ပိုများလာတာပါ။ ဒီနှုန်းအတိုင်း သွားမယ်ဆိုရင် အမေရိကန်လေတပ်ကို သိပ်မကြာခင် ကျော်တက်သွားလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

    ဒုံးကျည်စွမ်းရည်မှာတော့ တရုတ်ဟာ အမေရိကန်ထက် သာနေပြီလို့ စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။ တရုတ်ဒုံးလက်နက်တပ်ဖွဲ့ (PLARF) ဟာ ဂျပန်၊ ဂူအမ်နဲ့ ပစိဖိတ်ဒေသက အမေရိကန်လေတပ်စခန်းအားလုံးကို ဖျက်စီးနိုင်စွမ်း ရှိနေပါပြီ။
    တစ်ဖက်မှာတော့ အမေရိကန်ရဲ့ ပစိဖိတ်လေတပ်စခန်းတွေမှာ လုံလောက်တဲ့ ကာကွယ်ရေးအဆောက်အအုံတွေ မရှိဘူးလို့ စစ်ရေးအစီရင်ခံစာတွေက ဆိုပါတယ်။ တရုတ်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို ခံနိုင်ရည်မရှိတဲ့အတွက် ထိုင်ပေကိစ္စနဲ့ပတ်သက်တဲ့ ပဋိပက္ခမှာ အမေရိကန်တပ်တွေဟာ မြေပြင်မှာတင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံရနိုင်ပါတယ်။

    တရုတ်ရဲ့ လေတပ်နဲ့ ဒုံးကျည်အင်အား အလျင်အမြန် တိုးတက်လာမှုကို ကာကွယ်ဖို့အတွက် အမေရိကန်ဟာ ခိုင်ခံ့တဲ့ လေတပ်စခန်းအဆောက်အအုံတွေ၊ အဆင့်မြင့် ကွပ်ကဲရေးစနစ်တွေနဲ့ ပိုဝေး၀ေး ပစ်နိုင်တဲ့ ဒုံးခွင်းစနစ်တွေမှာ အမြန်ဆုံး ရင်းနှီးမြှုပ်နှံဖို့ အရေးကြီးတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ လက်ရှိအနေအထားတိုင်း သွားမယ်ဆိုရင် တရုတ်ဟာ ထိုင်ပေနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ လေကြောင်းအသာစီးရပြီး ပဋိပက္ခဖြစ်လာခဲ့ရင် အစောပိုင်းအဆင့်တွေမှာ အမေရိကန်ရဲ့တုံ့ပြန်မှုက နှေးကွေးကာ၊ စရိတ်ထောင်းပြီး အကျိုးမရှိဖြစ်နိုင်တယ်လို့လည်း သတိပေးထားတယ်။


    Ref: Asia Times

  • ဖေဖော်၀ါရီ ၁၇ ရက်နေ့ နိုင်ငံတကာသတင်းများ

    ဖေဖော်၀ါရီ ၁၇ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    တရုတ်သမ္မတ ရှီကျင့်ဖျင်

    မလေးရှားတွင် ဟာလာလ်လိုဂို အလွဲသုံးစားပြုမှု ဖြစ်ပွား
    ———————–
    မလေးရှား စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်တဲ့ Shake and Bake Cafe ဟာ သူတို့ထုတ်တဲ့ အသားညှပ်ပေါင်မုန့်တွေမှာ အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ ဟာလာလ်လိုဂိုတွေ အသုံးပြုခဲ့တာကြောင့် တရားစွဲဆိုခြင်း ခံထားရပါတယ်။

    မလေးရှားရဲ့ အကြီးဆုံးတက္ကသိုလ် Universiti Malaya က KK ကုန်စုံဆိုင်တွေမှာ ရောင်းချတဲ့ အသားညှပ်ပေါင်မုန်တွေကနေတစ်ဆင့် ဒီကိစ္စကို သိရှိသွားတာဖြစ်ပါတယ်။ တူနာ၊ အာလူး၊ ကြက်သားတို့အပါအ၀င် အသားညှပ်ပေါင်မုန့် အမျိုးပေါင်း ၃၆၀ ကျော်လောက်ကို ဒီကုမ္ပဏီက ထုတ်လုပ်ပါတယ်။ ကုမ္ပဏီပိုင်ရှင်ကတော့ သူတို့ရဲ့ ထုတ်ကုန်တွေမှာ ဟာလာလ်မဟုတ်တဲ့ ပစ္စည်းတွေ ဘာမှ အသုံးမပြုထားတာကြောင့် အပြစ်မရှိဘူးလို့ တရားရုံးမှာ လျှောက်လှဲခဲ့ပါတယ်။

    Ref: CNA

    တရုတ်သမ္မတ ရှီကျင့်ဖျင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ
    ———————
    နိုင်ငံစီးပွားရေး ကျဆင်းနေပြီး အမေရိကန်နဲ့ ကုန်သွယ်ရေးတင်းမာမှုတွေ ပိုဆိုးလာနိုင်ချေ ရှိနေတဲ့အချိန် တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖေဖော်၀ါရီ ၁၇ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တရုတ်အစိုးရနဲ့ အဆင်သိပ်မပြေတဲ့ Alibaba ပိုင်ရှင်ဂျက်မာ၊ Huawei ပိုင်ရှင် ရန်ကျန်ဖေး၊ Xiaomi သူဌေး လီဂျွန်၊ BYD ပိုင်ရှင် ၀မ်ချွမ်ဖူးတို့ အပါအ၀င် ထိပ်တန်းလုပ်ငန်းရှင် တော်တော်များများ တက်ရောက်ခဲ့ပါတယ်။ တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်း၊ ပြည်ပမှာ လုပ်ငန်းတွေ ချဲ့ထွင်ကြဖို့ ရှီက ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိပါဘူး။

    Ref: CNA

    အိန္ဒိယရထားဘူတာတွင် လူအုပ်တိုး၀ှေ့၍ သေဆုံးမှုဖြစ်
    ————————–
    နိုင်ငံမြောက်ပိုင်းမှာ ၁၂ နှစ်တစ်ကြိမ် ပြုလုပ်တဲ့ Kumbh Mela ဘုရားပွဲကို သွားဖို့အတွက် နယူးဒေလီမြို့က ဘူတာရုံမှာ ရထားပေါ်တက်ဖို့ တိုး၀ှေ့ရာကနေ လူအုပ်ပြိုမှုတစ်ခု ဖေဖော်၀ါရီ ၁၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဘုရားပွဲကို နိုင်ငံတစ်၀ှမ်းက လူပေါင်းသန်းချီ သွားရောက်မှာပါ။ ပြီးခဲ့တဲ့လကလည်း ယမုံနာနဲ့ ဂင်္ဂါမြစ်မှာပြုလုပ်ပြီး လူသန်းချီ ပါ၀င်တဲ့ ဘုရားပွဲတော်အတွင်း လူအုပ်တိုး၀ှေ့မှု ဖြစ်ပွားတာကြောင့် အနည်းဆုံး လူ ၃၀ လောက် သေဆုံးခဲ့ပါတယ်။

    Ref: CNA

  • ဒီဇင်ဘာ ၂၇ ရက်နေ့ နိုင်ငံတကာသတင်းများ

    ဒီဇင်ဘာ ၂၇ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    တောင်ကိုရီးယားတွင် ယာယီသမ္မတ ဖြုတ်ချခံရ
    —————
    ယာသီသမ္မတ ဟန်ဒက်ဆူးကို တောင်ကိုရီးယား လွှတ်တော်က အယုံအကြည်မရှိအဆို တင်သွင်းမဲခွဲပြီး ဒီကနေ့မှာ ဖြုတ်ချလိုက်ပါတယ်။ အခြေခံဥပဒေခုံရုံးက လစ်လပ်နေတဲ့ တရားသူကြီး ၃ ဦးနေရာကို ခန့်အပ်ဖို့ ယာယီသမ္မတက နှောင့်နှေးနေတာကြောင့် ဒီလို ဖြုတ်ချခံလိုက်ရတာဖြစ်ပါတယ်။ လက်ရှိမှာ ဘဏ္ဏာရေး၀န်ကြီး ချွိုင်ဆန်မော့က်က ယာယီသမ္မတ ဖြစ်လာမှာပါ။ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလည်း မာရှယ်လော ကြေငြာမှုအတွက် ပြီးခဲ့တဲ့ ၂ ပတ်မှာ လွှတ်တော်ရဲ့ ဖြုတ်ချမှုကို ခံခဲ့ရပါတယ်။

    အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြည့်မှုကို တရုတ်က တိုးမြှင့်လုပ်ဆောင်
    ———–
    ဒီဇင်ဘာလ၀က်ကနေစပြီး အဆုပ်ရောင်ရောဂါတစ်မျိုး ကူးစက်ဖြစ်ပွားမှု မြင့်တက်လာခဲ့တဲ့နောက် အနီးကပ် စောင့်ကြည့်လေ့လာရေးစနစ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ကူးစက်မှု ဘယ်လောက်ရှိနေပြီဆိုတာ မပြောသေးဘဲ ဆောင်းရာသီနဲ့ နွေဦးရာသီတွေမှာ ပိုမိုမြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

    ရုရှားလက်ချက်ကြောင့် အဇာဘိုင်ဂျန်လေယာဥ်ပျက်ကျ
    ———————-
    ကာဇက်စတန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ပျက်ကျခဲ့တဲ့ အဇာဘိုင်ဂျန် ခရီးသည်တင်လေယာဥ်ဟာ ရုရှားရဲ့ ဒုံးကျည်နဲ့ ပစ်ချမှုကို ခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ အဇာဘိုင်ဂျန်နဲ့ အမေရိကန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဒီပျက်ကျမှုမှာ ခရီးသည် ၃၈ ဦး သေဆုံးခဲ့ပါတယ်။ ယူကရိန်းဒရုန်းတွေ လှုပ်ရှားနေတဲ့ နေရာအနီးကနေ ပျံသန်းတာကြောင့် မှားယွင်းပစ်ခတ်ခံရတာ ဖြစ်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ရုရှားကတော့ စုံစမ်းစစ်ဆေးမှုမပြီးခင် မစွပ်စွဲဖို့ သတိပေးထားပါတယ်။

    Ref: CNA