News @ M-Media
Author: editor
  • စဉ်ကိုင်မြို့နယ် ကြက်လျှာကျေးရွာသို့ လူနာတင်ယာဉ် လှူဒါန်း
    စဉ်ကိုင်မြို့နယ် ကြက်လျှာကျေးရွာသို့ လူနာတင်ယာဉ် လှူဒါန်း
    ဇွန် ၁၃ ၊ ၂၀၁၆
    M-Media
    13394186_1598818450448132_1016428241766160346_n
    မန္တလေးတိုင်းဒေသကြီး ၊စဥ့်ကိုင်မြို့နယ် ၊ ကြက်လျှာကျေးရွာရှိ စိတ္တသုခ လူမှုကူညီရေး အသင်းသို့  လူနာတင်ယာဉ် တစ်စီးနှင့် ငွေလှူဒါန်းသည့် အခမ်းအနားကို ၂၀၁၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
    အလှူရှင်မှာ မန္တလေးမြို့ ၂၅ လမ်းနေ ဟာဂျီဦးမြင့်သိန်း + ဟာဂျီမ ဒေါ်စန်းရီ (ရွှေမြိုင်သံဆိုင် မိသားစုဖြစ်ပြီး ) NISSAN ကုမ္ပဏီထုတ် ELGRAND အမျိုးအစား လူနာတင်ယာဉ်နှင့် အထွေထွေ အသုံးပြုရန် ပဒေသာပင် စိုက်ထူငွေ ကျပ်  ၅ သိန်းကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
    အလှူရှင်မိသားစုမှ အဆိုပါ လူနာတင်ယာဉ်ကို လူမျိုးဘာသာမရွေး၊ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်၍ လှူဒါန်းတာဖြစ်ကြောင်း သိရှိရပါတယ်။
    13406720_1598818407114803_6573827240534691372_n13419240_1598818717114772_6544792873674368649_n
    Photo and Info-BL Thura Aung
  • ၂၀၁၆ ရမဿွာန်ဥပုတ်လ ပန်းသေးမိသားစု များ၏ ဝါထွက်ချိန် ပုံရိပ်များ (ဓါတ်ပုံ သတင်း)
    ၂၀၁၆ ရမဿွာန်ဥပုတ်လ ပန်းသေးမိသားစု များ၏ ဝါထွက်ချိန် ပုံရိပ်များ (ဓါတ်ပုံ သတင်း)
    ဇွန် ၁၂ ၊ ၂၀၁၆
    M-Media
    .
     13419187_1085022831557263_6137709214884993992_n
    ဇွန် ၁၁ ရက်၊ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တို့ရဲ့ ရမဿွာန်ဥပုတ်လ (၅) ရက်မြောက်နေ့ ဥပုတ်ထွက်ဖို့ ပြင်ဆင်နေကြတဲ့ မန္တလေးမြို့မှ ပန်းသေးမိသားစု၏ မြင်ကွင်းပဲ ဖြစ်ပါတယ်။
    .
    ဥပုတ် ဝါထွက်ချိန် စုပေါင်း စားသောက်တဲ့ နေရာကတော့ ၁၈၆၈ ခုနှစ် က တည်ဆောက်ခဲ့တဲ့ သမို်င်းဝင် ပန်းသေးဗလီ(မန္တလေး) မှာပဲဖြစ်ပါတယ်။
    .
    ဓါတ်ပုံ(ဦးဝင်းအောင်)
    .13417484_1085022901557256_8658997975996544900_n13435428_1085022691557277_9126952796420411891_nPanthay-Masjid-in-Mandalay
    ပန်းလုံ ပန်းသေးတို့၏ သမိုင်းဆောင်းပါးများဖတ်ရှုလိုလျှင်
    .
  • မြန်မာနိုင်ငံသား မွတ်ဆလင် ရှေ့နေများအသင်း အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုနှင့် တွေ့ဆုံခြင်း
    မြန်မာနိုင်ငံသား မွတ်ဆလင် ရှေ့နေများအသင်း အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုနှင့် တွေ့ဆုံခြင်း
    “တခြားဘာသာဝင်တွေထဲက ထိခိုက်တာတွေကို ကျွန်တော်တို့ ကူညီဆောင်ရွက်ပေးမှာပါ”
    U Khin Mg Cho
    ဇွန်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသား မွတ်ဆလင် ရှေ့နေများအသင်းကို စတင်ဖွဲ့စည်းခဲ့သည်။ အသင်း၏နာယကအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေရေးရာ အကြံပေး ဦးကိုနီကို တင်မြှောက်ခဲ့ကြသည်။ ထို့နောက် အွန်လိုင်းတွင် အဆိုပါ အသင်းဖွဲ့စည်းမှုများနှင့် ပတ်သက်၍ အမြင်မတူသူများ၏ ဝေဖန်မှုမှာ မြင့်တက်လာခဲ့ရာ The Voice က အဆိုပါအသင်း၏ အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုနှင့် ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ရပါသည်။
    .
    The Voice – အသင်းရဲ့ ဖွဲ့စည်းပုံ အကျဉ်းလောက် ပြောပြပါ။
    .
    UKMC – ဥက္ကဋ္ဌက ဦးကျော်ငြိမ်း၊ အတွင်းရေးမှူးက ကျွန်တော် ဦးခင်မောင်ချို။ List က အကုန်တော့ ပြောလို့ မရသေးဘူး။
    .
    The Voice – အသင်းဝင်ရှိနေပြီလား။
    .
    UKMC – အဲဒါမပြောခင် ပြောချင်တာက ကျွန်တော်တို့ အသင်းရဲ့နာမည်က မြန်မာနိုင်ငံသား မွတ်ဆလင် ရှေ့နေများအသင်း။ အဲဒါကို မီဒီယာမှာ ရေးကြတာ မှားနေတယ်။ တချို့မီဒီယာတွေမှာ မြန်မာနိုင်ငံဆိုပြီး ရေးနေကြတယ်။ အတိုကောက်က MCMA ပေါ့။ နောက်တစ်ခုက ဒီအဖွဲ့ကို တရားဝင် မှတ်ပုံတင်ဖို့ လုပ်မှာပါ။ တရားဝင် မှတ်ပုံတင်ဖို့ သင်းဖွဲ့စည်းမျဉ်း ရှိရမယ်။ နောက်တစ်ခါ အမှုဆောင်စာရင်း ရှိရမယ်။ တခြားလိုအပ်တာတွေလည်း ရှိမှာပေါ့နော်။ အဓိက ဒီနှစ်ခုပေါ့။ ဒါကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။
    .
    The Voice – ရည်ရွယ်ချက်က ဘာလဲ။ ဘာ့ကြောင့်ဖွဲ့လဲ။ ဘာလုပ်မှာလဲ ရှင်းပြပါဦး။
    .
    UKMC – တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ ညီမျှခြင်းဆိုတဲ့ လောကပါလ တရားများ ထွန်းကားလာရေး။ နောက်တစ်ခုက တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေး၊ ဘာသာရေး လူမျိုးရေး ခွဲခြားဆက်ဆံမှု မရှိစေရေးနှင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ တားဆီး ကာကွယ်ရေး၊ မြန်မာနိုင်ငံသား မွတ်ဆလင်များ ဥပဒေအရာမှာ တန်းတူညီမျှ အခွင့်အရေး ရရှိရေးနှင့် နိုင်ငံသားဆိုင်ရာ မူလ အခွင့်အရေးများ အပြည့်အဝ ရရှိရေး။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော မွတ်ဆလင်များ ဥပဒေအရ အကာအကွယ် ရရှိစေရေး၊ အရည်အသွေး ထက်မြက်ပြီး ဂုဏ်သိက္ခာ မြင့်မားသော မွတ်ဆလင်ရှေ့နေ ရှေ့ရပ်များ၊ ဥပဒေပညာရှင်များ ပေါ်ထွန်းရေး၊ မတူကွဲပြားသော ဘာသာအယူဝါဒ ရှိသူများကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတူတဲ့ အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရေး စုစုပေါင်း ရှစ်ချက်လောက် ရှိပါတယ်။
    .
    The Voice – ရည်ရွယ်ချက်ထဲမှာ မြန်မာနိုင်ငံသား မွတ်ဆလင်တွေ ဥပဒေအရာ တန်းတူညီမျှခွင့် ရရှိရေးနဲ့ နိုင်ငံသားဆိုင်ရာ မူလအခွင့်အရေး အပြည့်အဝရဖို့ ဆိုတာပြောသွားတယ်။ အခုက အဲလို မရဘူးလား။
    .
    UKMC – ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ခွဲခြားထားတာ မရှိဘူး။ ဒါပေမဲ့ လက်တွေ့မှာ အဲဒီလို ခွဲခြားဆက်ဆံမှုတွေရှိတာ တွေ့ရတယ်။ ဥပမာ – နိုင်ငံသားမှတ်ပုံတင် ကိစ္စတွေ၊ လူမှုစီးပွားရေး ကိစ္စတွေ။
    .
    The Voice – လူမှုစီးပွားကိစ္စဆိုတာ ဘယ်လိုမျိုးကို ဆိုလို တာလဲ။ နည်းနည်း တိတိကျကျ ပြောပါလား။
    .
    UKMC – လူမှုစီးပွားဆိုတာ နေ့စဉ်စားသောက် နေထိုင်တဲ့ကိစ္စတွေမှာ တားဆီးတာတွေ၊ ကန့်ကွက်တာတွေ ဒါမျိုးတွေပေါ့ ရှိတာကို တွေ့ရတယ်။ ဘာသာရေးအရလည်းပဲ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်က (ပြဋ္ဌာန်းထား) ရှိတယ်နော်။ ရှိပေမဲ့လည်း အဲဒါတွေနဲ့ ပတ်သက်ပြီး ထိခိုက်လာတာတွေ ရှိတယ်။ အဲဒါကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်က သိချင်မှသိမယ်။ ဘယ်ဥပဒေတွေ၊ အချက်အလက်တွေနဲ့ ဆန့်ကျင်နေတယ်၊ ငြိစွန်းနေတယ်ဆိုတာ သူတို့ သိချင်မှသိမယ်။ အဲဒါတွေကို သက်ဆိုင်ရာကို တင်ပြပေးမယ်။ ဒါမျိုးတွေပါ။
    .
    နောက်တစ်ခုက အွန်လိုင်းမှာ (ယခုအသင်းအဖွဲ့ကို) ဝေဖန်တာတွေ ရှိတယ်။ ပြောရလို့ရှိရင် ဘာ့ကြောင့် ဒီအသင်းအဖွဲ့တွေ ဖွဲ့ရလဲဆိုလို့ရှိရင် ကျွန်တော်တို့ အစ္စလာမ် ဘာသာဝင်တွေတင် မဟုတ်ဘူး။ ဘာသာရေးကြောင့် ခွဲခြားဆက်ဆံခံရတဲ့ တခြားဘယ်သူပဲဖြစ်ဖြစ် ဘာသာရေးကို ခုတုံးလုပ်ပြီး အလွဲသုံးစားလုပ်ပြီး ဖြစ်နေတာတွေမှာ မနစ်နာစေရအောင် ကူညီဆောင်ရွက် ပေးမှာပါ။
    .
    The Voice – ဘာသာရေးကြောင့် ခွဲခြားဆက်ဆံခံရတဲ့ ဘယ်ဘာသာဝင်ကိုမဆို ကူညီမယ်လို့ ဆိုလိုတာလား။
    .
    UKMC – ဟုတ်ကဲ့။ တခြားဘာသာဝင်တွေထဲက ထိခိုက်တာတွေကို ကျွန်တော်တို့ ကူညီဆောင်ရွက် ပေးမှာပါ။ နောက်တစ်ခုက ရည်ရွယ်ချက် မတူ၊ လုပ်ငန်း မတူတဲ့အဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုတာ ကျွန်တော်တို့ အစ္စလာမ် ဘာသာအဖွဲ့တွေတင် မဟုတ်ဘူး။ တခြားအဖွဲ့အစည်းတွေ ပါတယ်။ အဲလိုပူးပေါင်း ဆောင်ရွက်မှာတွေ ရှိတယ်။ ဒါ့အပြင် ဥပဒေရေးရာ အထောက်အကူပြု အဖွဲ့တွေဆိုတာ ဖွဲ့စည်းထားတာ ရှိတယ်။ တကယ်လို့ လိုအပ်လာရင် ကူညီပေးမှာပါ။ တိုင်းပြည်အတွက် လိုအပ်တဲ့ အထောက်အကူ ဖြစ်စေမယ့် ကိစ္စတွေကို ဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်ပေးဖို့ လုပ်ဆောင်သွားမှာပါ။
    .
    The Voice – နောက်ဆုံးမေးခွန်းပါ။ အသင်းနာမည်က မြန်မာနိုင်ငံသား မွတ်ဆလင်ရှေ့နေများ အသင်းလို့ အမည်ပေးထားတော့ မွတ်ဆလင်မဟုတ်တဲ့ တခြားသော ဘာသာဝင်များကိုရော ကိုယ်စား မပြုဘူးလား။ မွတ်ဆလင် ဘာသာဝင်တွေဘက်ကပဲ ရှေ့နေလိုက်မယ်ဆိုတာမျိုးတွေ ကြားနေရတယ်။
    .
    UKMC – နှစ်ချက်ရှိပါတယ်။ တစ်ချက်က မြန်မာနိုင်ငံ မွတ်ဆလင် ဘာသာဝင်တွေရဲ့ ဥပဒေအရ အခွင့်အရေးတွေ၊ နိုင်ငံသား အခွင့်အရေးတွေ အဲလိုကိစ္စမျိုးတွေ ဒါတွေနဲ့ပတ်သက်ပြီး တခြားက ဆောင်ရွက်ပေးတာ နည်းပါးပါတယ်။ တခြားကိစ္စတွေ ဆောင်ရွက်ကြတာ ရှိပေမယ့် ဒီကိစ္စမှာ ဆောင်ရွက်ကြတာ နည်းပြီး ကွက်လပ်ဖြစ်နေပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့က စုစည်းပြီး ဆောင်ရွက်တာပါ။
    .
    ဒုတိယကတော့ မြန်မာနိုင်ငံသား မွတ်ဆလင် ရှေ့နေများ အသင်းရယ်လို့ နာမည်တပ်ထားပေမယ့် ခုနကပြောတယ်။ ရည်ရွယ်ချက် လုပ်ငန်းစဉ်တူတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ မွတ်ဆလင် မဟုတ်တဲ့ အဖွဲ့အစည်းတွေပါပါတယ်။ နောက်တစ်ခါ မြန်မာနိုင်ငံသား တခြားဘာသာဝင်တွေ ဘာသာရေးကို ခုတုံးလုပ်ပြီး ခွဲခြားဆက်ဆံခံရရင် နစ်နာမှုတွေရှိလာရင် ကျွန်တော်တို့က ဥပဒေအရ လိုက်ပါ ဆောင်ရွက်ပေးမှာပါ။ ဒါက မွတ်ဆလင်အတွက်ချည်း မဟုတ်တော့ဘူး။ တခြားဟာတွေအတွက်လည်း ပါတယ်။ မြန်မာနိုင်ငံသား မွတ်ဆလင်ရှေ့နေများအသင်းလို့ အမည်တပ်ထားတယ်ဆိုပေမယ့် လူမျိုးခြား တရားသူကြီးတွေ ပါတယ်။ လူမျိုးခြား ဥပဒေအရာရှိတွေ ပါတယ်။ သူတို့ဟာ တစ်ဖက်တစ်လမ်းကနေ နိုင်ငံတော်ကို အထောက်အကူပြုဖို့၊ အကြံဉာဏ်ကောင်းတွေ ပေးနိုင်ပါတယ်။
    .
    ရဲနိုင်ဦး
    The Voice Weekly မှ ကူးယူဖော်ပြသည်။
    .
    ဖြည့်စွက်ချက်
    —————–
    The Voice အင်တာဗျူးတွင် လူမျိုးခြား တရားသူကြီးများ၊ ဥပဒေအရာရှိတွေအစား အငြိမ်းစားတရားသူကြီးများ၊ အငြိမ်းစားဥပဒေအရာရှိများ ဟူ၍ ပြင်ဆင်ဖတ်ရှုကြပါရန် ဖုန်းဖြင့်အင်တာဗျူးခြင်းဖြစ်သဖြင့် နားကြားလွဲခြင်းသာဖြစ်ပါသည်။
    (ဦးခင်မောင်ချို၏ FB စာမျက်နှာ ရေးသားချက်မှ)
  • မောင်သော်က (ခ) ဗိုလ်မှူးဘသော် ကျဆုံးတာ (၂၅)နှစ်ပြည့်ပြီ
    မောင်သော်က (ခ) ဗိုလ်မှူးဘသော် ကျဆုံးတာ (၂၅)နှစ်ပြည့်ပြီ
    ဇွန် ၁၁ ၊ ၂၀၁၆
    M-Media
    သီဟ
    mg taw ka
    ရေတပ်ဗိုလ်မှူးဟောင်း တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်၊ သရော်စာအရေးကောင်းသူ စာရေးဆရာတဦးလည်းဖြစ်တဲ့ မောင်သော်က (အမည်ရင်း ဦးဘသော်)  ၁၉၈၉ အောက်တိုဘာတွင် တပ်မတော်အတွင်း ပုန်ကန်မှုဖြစ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပြီး ၁၉၉၁ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းအတွင်း၌ ကျဆုံးခဲ့ခြင်းဖြစ်ပါတယ်။
    .
    ဆရာမောင်သော်က ကျဆုံးခဲ့သည့်မှာ ယနေ့ ဇွန်လ ၁၁ ရက်နေမှာ ၂၅ နှစ် ပြည့်ပြီဖြစ်ပါတယ်။  ဆရာမောင်သော်က ဂုဏ်ပြုသောအား ဖြင့် ဆရာမောင်သော်က အကြောင်းပိုစ်များကို  M-Media စာဖတ်ပရိတ်သက်အား ပြန်လည်မိတ်ဆက်တင်ပြလိုက်ပါတယ်။
    .
    စာရေးဆရာ ကဗျာ ဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ – ၁၉၉၁)
    http://www.m-mediagroup.com/news/4826
    .
    ရှိစေချင်တဲ့ ကျွန်တော့် ဦးလေး
    http://www.m-mediagroup.com/news/3576
    .
    မောင်သော်ကကိုထောင် အနှစ်(၂၀) ကျစေခဲ့တဲ့ တပ်မတော်ရေသို့ ပေးစာ (၁)စောင်
    http://www.m-mediagroup.com/news/5690
    .
    မောင်သော်က(ခေါ်)ဗိုလ်မှူးဘသော် ကျဆုံးခြင်း ၂၂ နှစ်မြောက် အထိမ်းအမှတ်
    http://www.m-mediagroup.com/news/15224
    .
    “ မောင်သော်က ပြောတဲ့ လွတ်လပ်ရေးနေ့ အကြောင်း”
    http://www.m-mediagroup.com/news/22457
    .
    “မောင်သော်က တမ်းချင်း” (ကဗျာ)
    http://www.m-mediagroup.com/news/28626
    .
    DVB – မောင်သော်က အမှတ်တရ ရုပ်သံမှတ်တမ်း (၂၀၁၆)
    https://youtu.be/WA5t42ULIIk
    .
    DVB – မောင်သော်က ၂၄ နှစ်ရုပ်သံ (၂၀၁၅)
    https://youtu.be/YVLer2eZ_O0
    .
    DVB – မောင်သော်က(ခ) ဗိုလ်မှုးဘသော် (၂၀၁၃)
    https://youtu.be/b9VhnKHhBSs
  • “တက္ကသိုလ် ဝင်တန်းအောင်တဲ့နေ့ ကျနော် အပျော်ဆုံးနေ့”
    “တက္ကသိုလ် ဝင်တန်းအောင်တဲ့နေ့ ကျနော် အပျော်ဆုံးနေ့”
    ဇွန် ၁၀ ၊ ၂၀၁၆
    M-Media
    ဆောင်းပါးရှင်-ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်)
    1699829c
    Image-Internet
    ၂၀၁၆ ခု ဇွန်လ ၁ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများအားလုံး တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့သည်။ လက်ရှိအရပ်သားအစိုးရသန့်သန့်လက်ထက် တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းပညာရေးကို အခမဲ့ပညာရေးစနစ် အနေဖြင့် အကောင်အ ထည်ဖော် ဆောင်ရွက်ခဲ့သည်။ ကျောင်းသားမိဘများဆီမှလည်း မည်သည့် အလှူငွေကိုမျှ ကောက်ခံခြင်း မရှိသည်ကို သမိုင်းမော်ကွန်းထိုးနိုင်လောက်အောင် ရန်ကုန်တိုင်း ၄၅ မြို့နယ်ရှိ အခြေခံပညာကျောင်းများ တွင် ကျောင်းအပ်နှံခဲ့ကြသော မိဘများဆီမှ သိခဲ့ရသည်။
    ထူးခြားအံ့ဩဖွယ်ရာတစ်ရပ်အနေဖြင့် ဇွန်လ ၈ ရက်နေ့ထုတ်နိုင်ငံပိုင်ကြေးမုံသတင်းစာထဲတွင် “၂၀၁၆ ခုနစ် မတ်လတွင်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ဇွန်လ (၁၁)ရက်နေ့ (စနေနေ့) နံနက် ၆ နာရီ တွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန စာစစ်ဦးစီးဌာန မှသိရသည်။ အဆိုပါအောင်စာရင်းကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာစာစစ်ဌာနများနှင့် ပညာရေးမှူးရုံးတွင် ကပ်ထားကြေညာပေးမည်ဖြစ်သည်။ ယမန်နှစ် ၂၀၁၅ခုနှစ် တက္ကသိုလ်
    မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ရလာဒ်များသည် ဖြေဆိုသူ ကျောင်းသားကျောင်းသူများနှင့်မိဘ၊ ဆရာသမားများအတွက် စိတ်လှုပ်ရှားဖွယ်ရာ၊ ရင်ခုန်ဖွယ်ရာအကောင်းဆုံးဖြစ်ပါသည်။
    ၂၀၁၄-၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းရလာဒ်ကို ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထူးဆန်းသည်မှာ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းသည် ပြည်နယ်နှင့်တိုင်းအလိုက် မတူညီကြချေ။ မြို့နယ်တစ်ခုနှင့်တစ်ခုလည်း အောင်ချက်ရာခိုင်နှုန်း မတူညီကြချေ။ မြို့နယ်တစ်ခုတည်းရှိ ကျောင်းတစ်ကျောင်းနှင့်အောင်ချက် ရာခိုင်နှုန်းသည်လည်း တူညီမှုမရှိသည်ကို တွေ့ရပြန်သည်။
    ပမာပြရလျှင် ၂၀၁၄-၂၀၁၅ခု ပညာသင်နှစ်တွင် မန္တလေးတိုင်းဒေသကြီးရှိ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းသည် ၃၈ ဒသမ ၅၆ ရာခိုင်နှုန်းရှိခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိ အောင်ချက်ရာခိုင်နှုန်းထက် သာလွန်သွားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးရှိ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းသည် ၅၁ ဒသမ ၇၈ ရာခိုင်နှုန်းရှိခဲ့ပြီး၊ မြန်မာ တစ်နိုင်ငံလုံးတွင် အောင်ချက် အကောင်းဆုံးစာရင်း ၀င်သွားခဲ့ပါသည်။ ခြုံကြည့်လျှင် ၂၀၁၄-၂၀၁၅ ခုပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး၏ တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းသည် ၃၆ ရာခိုင်နှုန်းရှိခဲ့သည်။ ထို့ကြောင့် ယခုနှစ် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၆၀ ရာခိုင်နှုန်းသည် ပိုမိုတိုးတက်လာသည်ကိုတွေ့ရ ပြန်သည်။
    မြန်မာနိုင်ငံတွင် ပညာရေးဆိုင်ရာ ၀န်ဆောင်မှုအများဆုံး၊ အကောင်းဆုံး ရန်ကုန်တိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်းသည် အဆင့်တစ်နေရာတွင် မချိတ်နိုင်သော်လည်းပဲ၊ တက္ကသိုလ်ဝင်တန်း ဘာသာစုံဂုဏ်ထူးရှင် များစွာပေါ်ထွန်းရာ၊ မြန်မာ တစ်နိုင်ငံလုံး ရမှတ်အများဆုံး ကျောင်းသားကျောင်းသူများ ပေါ်ထွန်းရာ၊ မွေးထုတ်ရာ၊ ဘူမိနက်သန် နေရာမှန်တစ်ခုအနေဖြင့် တည်ရှိ ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိခဲ့ပြီဖြစ်သည်။
    ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့ကြသူများ၏ တက္ကသိုလ်ဝင်ခွင့် ကို Entrance Exam (၀င်ခွင့်စာမေးပွဲ) ဖြေဆိုခြင်းဖြင့် ရွေးချယ်သတ်မှတ်မည်လား၊ ဒါမှမဟုတ် ရှေးယခင် နှစ်များအတိုင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ရမှတ်ဖြင့် သတ်မှတ်မည်လား ဆိုသည်ကို တက္ကသိုလ်ပေါင်းစုံမှ ပါမောက္ခချုပ်များက စုပေါင်းဆွေးနွေးကြပြီး နိုင်ငံသူ၊ နိုင်ငံသားများ သိအောင် အမြန်ဆုံးတရားဝင်ထုတ်ပြန် ကြေညာသင့်ပါသည်။
    “ပညာရေးစနစ်တစ်ခုပြောင်းလဲတိုင်း၊ ကျောင်းသားမိဘများကို တစ်နှစ်ခန့်၊ ကြိုတင်အသိပေးသင့်ကြောင်း”တက္ကသိုလ်ပေါင်းစုံ ပါမောက္ခချုပ်များ စုံညီဆွေးနွေးပွဲ၌ တက်ရောက်ခဲ့သူ၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာအောင်သူက ၂၀၁၅ ခု မေလ ၂၃ ရက်၊ အဆင့်မြင့်ပညာရေးကဏ္ဍဆွေးနွေးပွဲ၌ ပြောဆို ခဲ့ဖူးသည်။
    မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ရမှတ်သည် အလွန်အရေးကြီးလှသည်။ သက်ဆိုင်ရာ တက္ကသိုလ်များ၏နောက်ဆုံး ၀င်ခွင့်ဖြတ်မှတ်(ကန့်သတ်မှတ်) ထက်၊ တစ်မှတ်လိုနေလျှင်လည်း၊ ထို တက္ကသိုလ်ကို ကျောခိုင်းရသည်။ ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ရေကြောင်း တက္ကသိုလ်၊ စသည် တို့၏ ကျောင်းသား၊ ကျောင်းသူတို့၏ ၀င်ခွင့်အမှတ်များတွင်၊ ကျောင်းသူ၏ ၀င်ခွင့်အမှတ်က ပိုများနေခြင်း သည်လည်း၊ မြန်မာ့ပညာရေး ကဏ္ဍတွင် ချိန်ခွင်လျှာပျက်ပြီး၊ ညီမျှခြင်း သင်္ကေတ ပျောက်နေခြင်းပင်ဖြစ်
    သည်။
    အမှန်တကယ်တော့၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ရလာဒ်များသည် စာဖြေသူများ၏ ကံ၊ ဥာဏ်၊ ၀ီရိယ တစ်ဦးချင်းစီ၏ မှတ်တမ်းများကို၊ ထုတ်ပြန်ကြေညာခြင်းသာ ဖြစ်သည်။
    နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ခြင်းနှင့် ဆုတ်ယုတ်ခြင်းသည် ထိုနိုင်ငံ၏ ပညာရေးအဆင့်အတန်း အားပေးမှု့ပေါ် တွင်များစွာ မူတည်နေပါသည်။ သက်ဆိုင်ရာ အစိုးရများ၏ (၁) ပညာရေးအပေါ် စီမံခန့်ခွဲမှုစနစ် အားကောင်းခြင်း (၂) နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကြေး အများစုကို၊ ပညာရေးပိုင်းတွင် ထိထိရောက်ရောက်သုံး စွဲခြင်း၊ (၃) ပညာရေးတွင် လာဘ်ပေး၊ လာဘ်ယူမှုများ၊ အဂတိ လိုက်စားမှု၊ အကျင့်ပျက်ခြစားမှုများ ကင်းစင်ခြင်း စသည်တို့သည် ပညာရေး အဆင့်အတန်းကောင်း၊ ပုံရိပ်ကောင်းများ ဖြစ်ပါသည်။
    မည်သို့ပင်ဆိုစေ၊ စာရေးသူတို့ တက္ကသိုလ်ဝင်တန်း ကျောင်းသားဘ၀က၊ ပြောလေ့ရှိခဲ့သော စကားတစ် ခွန်းမှာ “၁၀ တန်းအောင်တဲ့နေ့ အပျော်ဆုံးနေ့” ကား ဇွန်လ (၁၁) ရက်နေ့တွင် ရောက်ရှိလာတော့မည် ဖြစ်သည်။
    စာမေးပွဲအောင်သူများ ပျော်ကြမည်။ မိဘ၊ ဆရာများလည်း ပျော်ရွှင်ကြမည်။ မျှော်မှန်းထားသည့် ဂုဏ်ထူး များ၊ ရသူများအတိုင်းမသိ၊ ၀မ်းသာပီတိ ဖြစ်ကြလိမ့်မည်။ အောင်မြင်သူများ အနာဂတ် ပညာရေးခရီးကို ဆက်လက်ချီတက်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရမည်။
    ကံမကောင်း၊ အကြောင်းမလှ၍ စာမေးပွဲကျရှုံးခဲ့သူများ ၀မ်းနည်းပူဆွေး၍၊ စိတ်ဓာတ်ကျ၍၊ ပညာရေးကို ကျောမခိုင်းသင့်ကြပါ။ စာမေးပွဲကျရှုံးခြင်းသည် မိမိဘ၀တွင် တဒင်္ဂဆုံးရှုံးခြင်းသာ ဖြစ်သည်။ လောကတွင် “မမှားသောရှေ့နေ၊ မသေသော၊ ဆေးသမား” ဟူ၍ လုံးဝမရှိပါ။ “ပျက်အစဉ်၊ ပြင်ခဏ” ဖြစ်သည်။ စာမေး ပွဲ ကျရှုံးရခြင်း၏ အကြောင်းရင်းဇစ်မြစ်ကို မိမိအနေဖြင့် ရှာဖွေမည်။ မိမိ၏ လေ့လာအားထုတ်မှုနှင့် ပတ် သက်၍ အားနည်းချက်များကို ဆန်းစစ်မည်။ သင်ခန်းစာ ယူမည်။ ထို့နောက်မိမိဘ၀အတွက် အကောင်း
    ဆုံး မိတ်ဆွေစစ်များဖြစ်သည့် ဇွဲ၊ လုံ့လ၊ ၀ီရိယ တို့ကို အစွမ်းကုန် အသုံးချမည် ဆိုပါက အနာဂတ် ပညာ ရေး ခရီးတွင် အောင်မြင်မှု သရဖူကို အမှန်တကယ် ဆွတ်ခူးနိုင်မည်ဖြစ်ပါကြောင်း အကြံပြုတိုက်တွန်းလိုက် ပါသည်။
    ဂျက်ဖရီတင်အုန်း( R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်)